၂၀၂၃ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကောင်စီအနေနဲ့ တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားချိနဲ့လာပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
📌 ၂။ မုံရွာအကျဉ်းထောင်အတွင်းမှာ ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၅၅) ယောက် အစာငတ်ခံသပိတ်တိုက်ပွဲ ဆင်နွှဲနေပြီး အကျဉ်းသားသုံးဦးမှာ မေ့မြောသတိလစ်တဲ့အထိ ကျန်းမာရေးဆိုးရွား
📌 ၃။ Federal Wings ဒရုန်းများ စစ်ကိုင်းနဲ့မကွေးကိုရောက်ရှိနေပြီးမကြာခင် တခြားနေရာတွေကိုလည်းရောက်ရှိတော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို
📌 ၄။ ကရင်နီပြည်ထဲကိုစကစတပ်ရင်း၃၈ရင်း စစ်ကြောင်းထိုးဝင်ရောက်သော်လည်းကရင်နီတပ်ပေါင်းစုများခုခံနိူင်မှုကြောင့် စကစတပ်များတပ်ဖွဲ့စည်းပုံပျက်ကာ အကျအဆုံးများစွာနဲ့ရင်ဆိုင်နေရ
📌 ၅။ မုံရွာ -မန္တလေး လမ်းပိုင်းအနီး ကင်းပုန်းထွက်ဝပ်တဲ့စကစတပ်များ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခံရ
📌 ၆။ Chin Defence Force -Kanpetlet ရဲ့ "ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း" ကျပ်သိန်းငါးထောင် Campaign အလှူငွေရရှိမှုအခြေအနေအားနည်းနေသေး
📌 ၇။ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ် မှာကျင်းပတဲ့ အမိမြန်မာပြည်အတွက်ရန်ပုံငွေ စျေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ သုံးသောင်းကျော်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကောင်စီအနေနဲ့ တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားချိနဲ့လာပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်အသိပေး
စက်တင်ဘာ၁၃ရက်
အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃၁ / ၂၀၂၃) တွင်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အခုလိုဆိုပါတယ်။
"လက်ရှိအခြေအနေမှာ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စစ်ရေးအရ အောင်ပွဲ တွေကတော့ အားရကျေနပ်စရာကောင်းတာကို တွေ့မြင်ရပြီး စစ်ကောင်စီအနေနဲ့ တပ်မတွေ ဖွဲ့စည်းပုံပျက်တဲ့အထိ အင်အားချိနဲ့လာတာကိုလည်း တွေ့ရပါတယ်။ One Year Plan မှာ ချမှတ်ခဲ့တဲ့ အစီအမံတွေအရ အဘက်ဘက်က ထိုးစစ်တွေ အကောင်အထည်ဖော်နေမှုတွေကြောင့် စစ်ကောင်စီ အနေနဲ့ စစ်ရေးမျက်နှာစာ၊ ဘဏ္ဍာရေးမျက်နှာစာ၊ အုပ်ချုပ်ရေးမျက်နှာစာနဲ့ နိုင်ငံခြားရေး မျက်နှာစာ ကဏ္ဍစုံကနေ ဖိအားတွေ ဖြစ်ပေါ်နေတာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဖိအားပေးနိုင်ရုံ အခြေအနေကနေ အဆုံးသတ်တိုက်ပွဲထိ တွန်းတွန်းတိုက်တိုက် ဆက်လက် လုပ်ဆောင်သွားကြရမှာ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။
ပြည်သူ့ခုခံတွန်းလှန်စစ် ၂ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲပေါင်း ၉၉၀၀ ကြိမ်ခန့် ဖြစ်ပွားပြီး စစ်သားအင်အား သုံးသောင်း ခန့်ကို ချေမှုန်းနိုင်ခဲ့ပါတယ်။
ဒါ့အပြင်ခုခံတွန်းလှန်စစ်ပထမနှစ်အတွင်း ရန်သူ့စခန်း၂၈ခုသာတိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့သော်လည်း ဒုတိယနှစ်တွင် ရန်သူ့စခန်းပေါင်း
၁၀၇ခုအထိ တိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့သည့်အတွက်တနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆ ကျော် ဆင်နွှဲနိူင်ခဲ့ပြီ ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ မုံရွာအကျဉ်းထောင်အတွင်းမှာ ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၅၅) ယောက် အစာငတ်ခံသပိတ်တိုက်ပွဲ ဆင်နွှဲနေပြီး အကျဉ်းသားသုံးဦးမှာ မေ့မြောသတိလစ်တဲ့အထိ ကျန်းမာရေးဆိုးရွား
စက်တင်ဘာ၁၃ရက်
"မုံရွာအကျဉ်းထောင်တွင်း ကိုဝေမိုးနိုင် အပါအဝင် နိုင်ငံရေး အကျဉ်းသား (၅၅) ယောက်ဟာ အစာငတ်ခံသပိတ်တိုက်ပွဲ ဆင်နွှဲနေကြပါတယ်။ထောင်အာဏာပိုင် ဝန်ထမ်းများရဲ့ အဘက်ဘက်က အနိုင်ကျင့်ဗိုလ်ကျမှု၊ အကြမ်းဖက်မှု၊ အကျဉ်းသား အခွင့်အရေး ဆုံးရှုံးနစ်နာမှုတွေကို ဆန့်ကျင်ကြောင်း ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ်။အကျဉ်းသားသုံးဦးကတော့ မေ့မြောသတိလစ်တဲ့အထိ ကျန်းမာရေးဆိုးနေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်ဆေးဝါးတွေက အစ သိမ်းဆည်းခံထားရပြီး ထောင်တွင်းဆေးခန်းကိုလည်း သုံးခွင့်မပြုပဲ ထားပါတယ်။စာထောင်ဝင်စာကိုလည်း ပိတ်ထားပါတယ်"လို့ စက်တင်ဘာ၁၃ရက် NUGလူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းမှ ၄င်းသတင်းကိုအသိပေးဆိုထားပါတယ်။
ဒါ့အပြင်အကျဉ်းသားတွေရဲ့တောင်းဆိုချက်ဖြစ်တဲ့ သိမ်းဆည်းခံပစ္စည်းတွေ ပြန်ရဖို့၊ ထောင်ဝင်စာ ပြန်လည်ရရှိဖို့၊ ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့ တောင်းဆိုချက်တွေကို တစ်ခုမှ မရရှိသေးဘူးလို့သိရပါတယ်။
========================
📌📌 ၃။ Federal Wings ဒရုန်းများ စစ်ကိုင်းနဲ့မကွေးကိုရောက်ရှိနေပြီးမကြာခင် တခြားနေရာတွေကိုလည်းရောက်ရှိတော့မယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးဆို
စက်တင်ဘာ၁၃ရက်
Federal Wings ဒရုန်းများ စစ်ကိုင်းနဲ့မကွေးကိုရောက်ရှိနေပြီးမကြာခင် တခြားနေရာတွေကိုလည်းရောက်ရှိတော့မယ်လို့ စက်တင်ဘာလအတွင်း ရန်ကုန်ခေတ်သစ်မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုမှာ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှပြောကြားထားပါတယ်။
"အခုဆိုလို့ရှိရင် ဒရုန်းနဲ့ သွားပြီဟေ့ဆိုတာနဲ့ တချို့စစ်သားတွေက လက်နက်ချပြီးတော့ ထွက်ပြေးလာတဲ့ စစ်သားတွေ အများကြီး ဖြစ်လာပြီ။ သူတိုရဲ့ ကတုတ်ကျင်းတွေထဲထိ တိတိကျကျ ချနိုင်တဲ့ အနေအထားရှိတယ်။ သူတို့ ဘယ်လိုပဲ ဒရုန်း gun တွေနဲ့ ပစ်ပစ် ဒရုန်း gun တွေနဲ့ ချိန်ချိန် ဘာမှ တားဆီးနိုင်တဲ့ အနေအထားမျိုး မရှိတော့ဘူး။ ဒါကြောင့်မိုလို့ Federal Wings ကို သူတို့ကိုယ်တိုင်က သိနေပါပြီ။Federal Wings ရောက်နေပြီဆိုရင် စစ်ကောင်စီဘက်က အဲဒီနေရာကို အုံနဲ့ ကျင်းနဲ့ ဝိုင်းပြီးတော့ စစ်ထိုးမှာကို စိုးရိမ်တယ်။ အဲဒီအတွက်ကြောင့် ဘယ်နေရာမှာလဲဆိုတာ လျှို့ဝှက်ထားသေးတယ်။ ခုနပြောသလိုပဲ စစ်ကိုင်းမှာ ရောက်နေပါပြီ Federal Wings တွေ၊ မကွေးနဲ့ နေရာတချို့မှာလည်း ရောက်နေပါပြီ။ တခြားနေရာတွေမှာလည်း မကြာခင်မှာ ရောက်ရှိတော့မယ်"လို့ဝန်ကြီးကဆိုပါတယ်။
Federal Wings ဒရုန်းတပ်ဖွဲ့ဟာ၂၀၂၃ ခုနှစ် ပထမ (၆) လတာအတွင်း ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁) ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ပြီး ဗုံးသီးအမျိုးအစားစုံ (၆၈၀) ခန့် အသုံးပြုခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀) ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒါဏ်ရာရရှိမှုအမြောက်အများရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရှိရပါတယ်။
ဒါ့အပြင် ၂၀၂၃ ခုနှစ် ပထမ (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
========================
📌📌 ၄။ ကရင်နီပြည်ထဲကိုစကစတပ်ရင်း၃၈ရင်း စစ်ကြောင်းထိုးဝင်ရောက်သော်လည်းကရင်နီတပ်ပေါင်းစုများခုခံနိူင်မှုကြောင့် စကစတပ်များတပ်ဖွဲ့စည်းပုံပျက်ကာ အကျအဆုံးများစွာနဲ့ရင်ဆိုင်နေရ
စက်တင်ဘာ၁၃ရက်
“ကရင်နီပြည်ရောက် မအလ တပ်မ ပျောက်” ကမ်ပိန်းမှာ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်မှ အခုလိုပြောကြားထားပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ ကရင်နီပြည်ထဲကိုတပ်မ၅၅၊တပ်မ၆၆နဲ့ စကစတပ်ရင်းတွေပေါင်းလိုက်လို့ရှိရင်၃၈ရင်းလောက်ပေါ့။ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ကရင်နီတပ်ပေါင်းစုတွေက ရဲရဲဝံ့ဝံ့နဲ့ပြန်လည်ခုခံနိူင်တာကြောင့်သူတို့ဟာတပ်ဖွဲ့စည်းပုံပျက်ပြီးတော့ အကျအဆုံးများစွာနဲ့ သူတို့ရင်ဆိုင်နေရတာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စ၊စ်ကောင်စီတပ်မှ တပ်ရင်းပေါင်း ၃၈ ရင်း ပါဝင်သော သာလွန်အင်အား တွေနဲ့ စစ်ဆင်ရေးများ ဆောက်ရွက်လျှက်ရှိနေသော်လည်း ကရင်နီပြည်ရဲ့ နယ်မြေ ၆၅% ကို တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားနိုင်ပြီဖြစ်ပါတယ်။
လက်ရှိမှာ စကစဟာစစ်ဇုန် မဟုတ် စစ်မဖြစ်ပွါးသောအများပြည်သူနေထိုင်နားခိုရာနေရာများကို ရည်ရွယ်ချက်ရှိရှိ လေယာဉ် နဲ့ တိုက်ခိုက်ကာ လက်နက်ကြီးများနဲ့ ပစ်ခတ်မှုတို့ကျူးလွန်လုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၅။ မုံရွာ -မန္တလေး လမ်းပိုင်းအနီး ကင်းပုန်းထွက်ဝပ်တဲ့စကစတပ်များ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခံရ
စက်တင်ဘာ၁၃ရက်
မုံရွာ -မန္တလေး လမ်းပိုင်းအနီး ကင်းပုန်းထွက်ဝပ်တဲ့စကစတပ်များ ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခံရတယ်လို့စက်တင်ဘာ၁၂ရက်စစ်ရေးသတင်းကို Myinmudefenceforceကအသိပေးဆိုပါတယ်။
"မြင်းမူမြို့နယ်ဝမ်းပြည့်ကျေးရွာတွင် ယာယီတပ်စွဲထားသော အကြမ်းဖက် စကစတပ်များသည် မုံရွာ-မန်းလေး လမ်းပိုင်းအနီး ကင်းပုန်းထွက်ဝပ်စဥ် ဒရုန်းဖြင့် ဗုံးသီး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှု့ကို Ghost Team Ranger Myinmu (GTR MMU)၊Acid Army Defence Force၊Myinmu Defence Force (MMDF)၊မြင်းခြံခရိုင် တပ်ရင်း (၆) နှင့် နယ်မြေခံတပ်ဖွဲ့များမှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
📌📌 ၆။ Chin Defence Force -Kanpetlet ရဲ့ "ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း" ကျပ်သိန်းငါးထောင် Campaign အလှူငွေရရှိမှုအခြေအနေအားနည်းနေသေး
စက်တင်ဘာ၁၃ရက်
စက်တင်ဘာလအတွင်း Chin Defence Force -Kanpetletမှ အခုလိုအသိပေးဆိုပါတယ်။
"၄၅ရက်သာ ပြုလုပ်မယ့် ကျွန်တော်တို့ Chin Defence Force -Kanpetlet ရဲ့ "ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း" ကျပ်သိန်းငါးထောင် Campaign ဟာ Day.12 ကိုရောက်ရှိလာခဲ့ပြီဖြစ်ဗေမယ့် အလှူငွေ ရရှိမှုအခြေနေကတော့ အရမ်းအားနည်းနေပါတယ်။
မိဘပြည်သူများအားလုံး မြင်တွေ့နိုင်အောင် နေ့စဉ်အလှူငွေရရှိမှုအခြေအနေကို တင်ပြလျက်ရှိပါတယ်။ပါဝင်အားဖြည့်ပေးသူအားလုံး ကိုအထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်အားဖြည့်ပေးကြဖို့ ထပ်မံမေတ္တာရပ် ခံပါရစေ"လို့ဆိုထားပါတယ်။
စစ်ကောင်စီ၏ အထိုင်စခန်းများကိုပါ ပြန်လည်သိမ်းပိုက်နိုင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ကြီးလက်နက်ငယ်များ၊ ကျည်ဆံများ ဖြည့်တင်းနိုင်ရေးအတွက် “ဝိတိုရိယ သူရဲကောင်း စုပေါင်းအားသစ်လောင်း” ခေါင်းစဥ်ဖြင့် ကျပ်သိန်း (၅,၀၀၀) Campaign ကို ၃၁.၈.၂၀၂၃ မှ ၁၅.၁၀.၂၀၂၃ အထိ (၄၅) ရက် ပြုလုပ်မှာ ဖြစ်ပါတယ်။
ယခုပြုလုပ်တဲ့ Campaign ဟာ CDF-Kanpetlet တပ်ဖွဲ့အတွက် အသက်သွေးကျောသဖွယ် အရေးကြီးနေတာကြောင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများနှင့် နိုင်ငံတဝှမ်းလုံးရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ အားလုံး အလေးထားပါဝင် အားဖြည့်ပေးကြရန် နှိုးဆော်ထားပါတယ်။
========================
📌📌 ၇။ အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိစ် မှာကျင်းပတဲ့ အမိမြန်မာပြည်အတွက်ရန်ပုံငွေ စျေးရောင်းပွဲတော်မှ အမေရိကန်ဒေါ်လာ သုံးသောင်းကျော်ရရှိ
စက်တင်ဘာ၁၃ရက်
စက်တင်ဘာ၁၃ရက်မှာ LA NUG Supportersမှ အခုလိုအသိပေးဆိုပါတယ်။
"ပွဲအကြို ပြင်ဆင်ချက်ပြုတ်ကြတဲ့နေ့နဲ့ ဈေးပွဲနေ့နှစ်ရက်လုံး ကိုးဆယ်ကျော်ခဲ့တဲ့ တောင်ပိုင်းကယ်လီဖိုးနီးယားရဲ့အပူဒဏ်ကိုမမှုပဲ ပြည်တွင်းကသွေးချင်းတွေ ကြုံနေရတဲ့ ဒုက္ခအပူတွေကို ကူငြိမ်းဖို့ ရောင်းသူ ဝယ်သူ လှူဒါန်းသူ စီစဉ်သူတွေ အားလုံးစေတနာနဲ့ စုပေါင်းကြိုးစားခဲ့ကြတဲ့ ပွဲရဲ့ရလဒ်ကတော့ ကုန်ကျစားရိတ်များနှုတ်ပြီး အလှူငွေ အမေရိကန်ဒေါ်လာ၃၀၄၅၅ဒေါ်လာရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။
ရန်ပုံငွေပွဲဖြစ်မြောက်ရန်အတွက် လုပ်အား အချိန် ငွေများပေးပြီး ပွဲဖြစ်မြောက်အောင် အဘက်ဘက်မှ ဝိုင်းဝန်းပါဝင်ကူညီပေးခဲ့ကြသူ တဦးတယောက်ချင်းစီတိုင်းကို လေးစားစွာ ကျေးဇူးတင် ဦးညွှတ်အပ်ပါတယ်လို့ဆိုထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment