13th SEP 2023 - Morning Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာနားလည်သဘောပေါက်ထားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ ဥရောပ ပါလီမန် ဒုတိယဥက္ကဌ Heidi Hautala နဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေး

📌 ၄။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး တင်ပြ

📌 ၅။ ပြင်သစ်သမ္မတ Emmanuel Macronရဲ့ ဒါကာခရီးစဥ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရိုငွေ တစ်သန်းကို ကူညီခဲ့

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၇။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း  ပြည်သူ့ဝန်ထမ်းသူရဲကောင်း (CDMer) (၁၆၂၄) ဦးအား အရေးပေါ် ကူညီထောက်ပံ့နိုင်ခဲ့

📌 ၈။ မြိုင်မြို့မှ ထွက်ခွာလာသော အင်အား၁၇၀မှ၂၀၀ ကြား ပါရှိသော စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်များက စုပေါင်းတိုက်ခိုက်

📌 ၉။ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်ပြီး မဟာဖိုဝါဒနဲ့ အမျိုးသမီး‌တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာနားလည်သဘောပေါက်ထားဖို့ လိုအပ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


စက်တင်ဘာ၁၂ရက်

စက်တင်ဘာ (၁၂) ရက်မှာ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၃၁ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေဟာ လူထုရဲ့ နိုင်ငံရေးအမူအကျင့်ကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ လူ့အဖွဲ့အစည်းထဲမှာ တွေ့ရလေ့ရှိတဲ့ နိုင်ငံရေးဓလေ့နဲ့ တော်လှန်ရေးအတွေးအခေါ် သဘာဝတွေကို သေချာ နားလည်သဘောပေါက်ထားဖို့ လိုပါတယ်။ တော်လှန်ရေးလှိုင်းဟာ အမြဲတမ်း တက်နေတာတော့ မဟုတ်ပါဘူး။ တက်လိုက် ကျလိုက်၊ မြင့်လိုက် နိမ့်လိုက် ဖြစ်တတ်တာ သဘာဝဖြစ်ပါတယ်။ နိုင်ငံရေး သဘော သဘာဝကလည်း အချိန်နဲ့အမျှ တိမ်းညွှတ်ချက်တွေ အပြောင်းအလဲဖြစ်တတ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ခေါင်းဆောင်တွေရဲ့ အားနည်းချက်ကြောင့် လူထုကို အထိနာစေတဲ့ အမှားအယွင်းတွေ မရှိအောင် အထူး သတိထားရမယ်လို့လည်း ယာယီသမ္မတက ထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


စက်တင်ဘာ၁၂ရက်

စကစရဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အစိုးရအစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။


"ပြီးခဲ့တဲ့ စက်တင်ဘာ ရက်နေ့တုန်းကလည်း အကြမ်းဖက် စစ်ခေါင်းဆောင်က လာမယ့် ၂၀၂၄ မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ သန်းခေါင်စာရင်းကောက်ယူပြီး မဲစာရင်း လုပ်ငန်းစဉ်တွေ ပြီးဆုံးရင် ရွေးကောက်ပွဲ လုပ်မယ် ပြောခဲ့ပါတယ်။ ရွေးကောက်ပွဲဟာ သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေတာကြောင့် မဖြစ်မနေ ကြိုးစားပြီး အားထုတ်လာမယ့် အနေအထားမျိုး တွေ့ရတာမို့ မိမိတို့ကလည်း ဒီအတုအယောင် ရွေးကောက်ပွဲ ဖြစ်မလာနိုင်အောင် ဘက်ပေါင်းစုံက ဝိုင်းဝန်းစဉ်းစားထားကြဖို့ လိုအပ်သလို နိုင်ငံတကာကိုလည်း ဒီရွေးကောက်ပွဲဟာ အာဏာလု အကြမ်းဖက်စစ်ကောင်စီအနေနဲ့ လုပ်ခွင့်ကို မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်ဆိုတဲ့ အကြောင်းတွေ တိတိကျကျ ပြောပြထားနိုင်ဖို့ လိုအပ်ပါတယ်လို့ ဝန်ကြီးချုပ်ကပြောကြားပါတယ်။


ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ သံတမန်တွေဆီကို တော်လှန်ရေးရဲ့ အခြေအနေမှန်၊ တော်လှန်ရေးအင်အားစုတွေရဲ့ စီမံဆောင်ရွက် နေမှုတွေ၊ အမျိုးသားညီညွတ်ရေးအစိုးရဲ့ ခြေလှမ်းတွေကို မှန်မှန်ကန်ကန် သတင်းစကားပါးနိုင်ဖို့ ကိစ္စကလည်း အရေးကြီးတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ ဥရောပ ပါလီမန် ဒုတိယဥက္ကဌ Heidi Hautala နဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာ၁၂ရက်

ဥရောပ ပါလီမန် ဒုတိယဥက္ကဌHeidi Hautala နဲ့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်တို့ စက်တင်ဘာ၁၂ရက်မှာ တွေ့ဆုံမှုအား  NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လူမှုကွန်ရက်မှာအသိပေးထားပါတယ်။


EU ပါလီမန်ဒုတိယဥက္ကဠ Heidi Hautala နှင့် အရေးကြီးသော စကားပြောဆိုမှုများရှိခဲ့ပါတယ်။ အီးယူပါလီမန်၏ မြန်မာနိုင်ငံပြည်သူများအပေါ် ဆက်လက်ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း ထပ်လောင်းပြောကြားခဲ့တယ်"လို့ဆိုပါတယ်။


ဒါ့အပြင်နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာ့အသိုက်အဝန်း အထူးသဖြင့် EU နှင့် ASEAN တို့သည် မြန်မာကို ကူညီပေးနိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ၄။ လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား အစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး တင်ပြ


စက်တင်ဘာ၁၂ရက်

လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က စက်တင်ဘာ၁၂ရက်မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၃၁ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ တင်ပြခဲ့တယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မဟာဗျူဟာမြောက် ပေါင်းစပ် ပုံဖော် ဆင်နွှဲနိုင်ရေးစီမံချက်ရဲ့ action plan အား တင်ပြတာ အထွေထွေလူထုအုံကြွမှုပေါင်းစပ်ညှိနှိုင်းရေး ဗဟိုအဖွဲ့ ဖွဲစည်းကြောင်းတင်ပြတာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဆိုင်ရာ ကြေညာချက်ထုတ်ပြန်မှုနဲ့ ဗဟိုအဖွဲ့ ဖွဲ့စည်းရန် ကိစ္စတင်ပြတာ၊ မြဝတီဘဏ်၊ အင်းဝဘဏ် ဒါရိုက်တာအဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာတာ စစ်ကောင်စီဗဟိုဘဏ်အဖွဲ့ကို အကြမ်းဖက်သမားများအဖြစ် ကြေညာတာ၊ နယ်စပ်ဖြတ်ကျော် အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပုံနဲ့ လုပ်ငန်းစဉ် တင်ပြတာတွေ ပြုလုပ်ခဲ့ပါတယ်။ 


လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက NUCC မှာ အတည်ပြုပြီး ဖြစ်တဲ့ လူသားချင်းစာနာအကူအညီပေးခြင်းဆိုင်ရာ မူဝါဒကို တင်ပြတာနဲ့ စက်တင်ဘာလမှာ ပြုလုပ်မယ့် အားလုံးအကျုံးဝင်တဲ့ လူသားချင်းစာနာကူညီမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲကိစ္စတင်ပြဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ ပြင်သစ်သမ္မတ Emmanuel Macronရဲ့ ဒါကာခရီးစဥ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရိုငွေ တစ်သန်းကို ကူညီခဲ့


စက်တင်ဘာ၁၂ရက်

ပြင်သစ်သမ္မတ Emmanuel Macronရဲ့ ဒါကာခရီးစဥ်အတွင်းမှာ ရိုဟင်ဂျာဒုက္ခသည်များအတွက် ယူရိုငွေ တစ်သန်းကို ကူညီခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၂ရက်မှာ NUGလူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ၄င်းသတင်းကိုအသိပေးပြောကြားထားပါတယ်။


"ပြင်သစ်သမ္မတ President Emmanuel Macronရဲ့ ဒါကာခရီးစဥ်အတွင်းမှာ ပြင်သစ်နိုင်ငံအနေနဲ့ ICJ တရားရုံးမှာ မြန်မာနိုင်ငံအပေါ် ဂန်ဘီယာနိုင်ငံက genocide အမှုနဲ့ တရားစွဲဆွဲထားတဲ့အပေါ် ထောက်ခံသွားမယ့်အကြောင်းနဲ့  လုံခြုံရေးကောင်စီမှာလည်း ဆက်လက်ကြိုးပမ်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်များအတွက်ယူရိုငွေ တစ်သန်းကို ကူညီသွားပါတယ်"လို့ဆိုပါတယ်။


နိုင်ငံတကာတရားရုံးတွေကတဆင့် တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ပြင်သစ်အစိုးရရဲ့ ကြိုးပမ်းမှုကို ကြိုဆိုတယ်လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


"တချိန်တည်းမှာလည်း စစ်ရာဇဝတ်သားတွေကို ပြင်သစ်နိုင်ငံတွင်းတရားရုံးမှာ universal Juriadiction လုပ်ထုံးလုပ်နည်းကို အသုံးချပြီး တရားစွဲဆောင်နိုင်အောင် ကြိုးပမ်းပေးဖို့ ဆက်လက်တောင်းဆိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကျင်းပ


စက်တင်ဘာလ ၁၂ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ နှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲအမှတ်စဉ် (၃၆/၂၀၂၃)အား စက်တင်ဘာ၁၂ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထဲရေးနှင့်လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနအမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်၍ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန်နှင့် ပြည်သူ့ ရဲတပ်ဖွဲ့ရဲချုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ပြည်သူ့လုံခြုံရေးအဖွဲ့ခေါင်းဆောင်များမှ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ သိရှိလိုသည့်အချက်များ၊ မြေပြင်အခြေအနေအခက်အခဲများအားတင်ပြ ဆွေးနွေးခဲ့ရာ အမြဲတမ်း အတွင်းဝန်၊ တွဲဖက်အတွင်းဝန်တို့မှ ဆွေးနွေးတင်ပြချက်များကို ရှင်းလင်းပြောကြားခြင်းနှင့် လိုအပ်ချက်များအား ညှိနှိုင်း ဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။


အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အတွင်းဝန်၊ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ရဲတပ်ဖွဲ့ရဲချုပ်နှင့် အရာရှိကြီးများနှင့် စစ်ကိုင်း/မကွေးပြည်သူ့လုံခြုံရေးအဖွဲ့မှ ခေါင်းဆောင်များ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၇။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း  ပြည်သူ့ဝန်ထမ်းသူရဲကောင်း (CDMer) (၁၆၂၄) ဦးအား အရေးပေါ် ကူညီထောက်ပံ့နိုင်ခဲ့


စက်တင်ဘာ၁၂ရက်

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း  ပြည်သူ့ဝန်ထမ်းသူရဲကောင်း (CDMer) (၁၆၂၄) ဦးအား အရေးပေါ် ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက စက်တင်ဘာ၁၂ရက်မှာ အသိပေးဆိုပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် အကြမ်းဖက်စစ်တပ်၏ ဥပဒေမဲ့အာဏာသိမ်းမှုကို အကြမ်းမဖက်အာဏာဖီဆန်လှုပ်ရှားမှုဖြင့် ဆန့်ကျင်ခဲ့ကြသည့် CDM ပြည်သူ့ဝန်ထမ်းများနှင့် နွေဦးတော်လှန်ရေးတွင် ကျဆုံးခဲ့ရသော CDM သူရဲကောင်းများ၏ ကျန်ရှိသောမိသားစုများအား ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မတရားသဖြင့် ဖမ်းဆီးခံကြရသော ပြည်သူများအား ဥပဒေအရ အကူအညီပေးနိုင်ရေးနှင့် အခြေခံလိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်းများကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်လို့ဆိုပါတယ်။


ပြည်သူ့ရေးရာကော်မတီသည် ကူညီထောက်ပံ့မှုအနေဖြင့် ပြည်သူ့ဝန်ထမ်း CDM သူရဲကောင်းများ၏ မီးဖွားစရိတ်၊ အရေးပေါ်ဆေးကုသစရိတ်နှင့် အိမ်ခန်းနေရာရွှေ့ပြောင်းရခြင်း၊ CDM ဝန်ထမ်းကိုသာ မှီခိုနေရ၍ စားဝတ်နေရေး ကြပ်တည်းနေခြင်း၊ နေအိမ်မီးရှို့ခံရခြင်းများအတွက် အရေးပေါ်ထောက်ပံ့မှုများကို ပြုလုပ်လျက်ရှိတယ်လို့ဆိုပါတယ်။ 


သို့သော် မီးဖွားစရိတ်နှင့် အရေးပေါ်ဆေးကုသစရိတ်များကို ပထမဦးစားပေးအဖြစ် ထောက်ပံ့ပေးလျက်ရှိပြီး ကော်မတီအနေဖြင့် ပံ့ပိုးကူညီရန် ဘဏ္ဍာငွေအခက်အခဲရှိခဲ့ပါက သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ချိတ်ဆက်၍ ထောက်ပံ့မှုများရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။


၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ကျန်းမာရေး၊ မီးဖွား၊ စားဝတ်နေရေး၊ နေအိမ်ရွှေ့ပြောင်း၊ နေအိမ်မီးရှို့ခံ၊ ဖမ်းဆီးခံနှင့် ကွယ်လွန် စသည့် ကဏ္ဍအလိုက် ကူညီပံ့ပိုးမှုများကို CDM ဝန်ထမ်းပေါင်း (၁၆၂၄) ဦးအား ကူညီထောက်ပံ့နိုင်ခဲ့ပါတယ်။


ကော်မတီသည် နိုင်ငံတကာမှ လှူဒါန်းငွေများ၊ Ahlushin Application နှင့် Spring Legends YouTube Channel တို့၏ ကြော်ငြာများမှ ရရှိသည့် ဝင်ငွေများဖြင့် အမှန်တကယ် လိုအပ်လျက်ရှိသည့် CDMer များ၏ အရေးပေါ်ကိစ္စရပ်များအား ကူညီပံ့ပိုးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်း လင့်ခ်များမှတစ်ဆင့် Ahlushin App အား Installed ပြုလုပ်ကာ ကလစ်ခြင်းနှင့် Spring Legends YouTube Channel မှ ဗီဒီယိုများအား ကြည့်ရှုပေးခြင်းဖြင့် CDMer သူရဲကောင်းများအတွက် ပါဝင်ကူညီနိုင်တယ်လို့သိရပါတယ်။


========================


📌📌 ၈။ မြိုင်မြို့မှ ထွက်ခွာလာသော အင်အား၁၇၀မှ၂၀၀ ကြား ပါရှိသော စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်များက စုပေါင်းတိုက်ခိုက်


စက်တင်ဘာ၁၂ရက်

မြိုင်မြို့မှ ထွက်ခွာလာသော အင်အား၁၇၀မှ၂၀၀ ကြား ပါရှိသော စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်များက စုပေါင်းတိုက်ခိုက်ခဲ့တယ်လို့ စစ်ရေးသတင်းကို မြိုင်ပကဖက စက်တင်ဘာ၁၂ရက်မှာ အတည်ပြုဆိုပါတယ်။


စက်တင်ဘာ၁၀ရက်နေ့တွင် မြိုင်မြို့မှ ထွက်ခွာလာသော အင်အား (၁၇၀-၂၀၀) ကြားပါရှိသော စစ်ကြောင်းသည် သင်းပေါင်းကန်ကျေးရွာသို့ နံနက် () နာရီခွဲ () နာရီအကြား ရောက်ရှိခဲ့ပါတယ်။ အဆိုပါ စစ်ကြောင်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ကျေးရွာတပ်ပေါင်းစုအဖွဲ့၊ မြိုင်မြို့နယ် အရှေ့ပိုင်းဇုန် အဖွဲ့များမှ စုပေါင်းကာ လက်နက်ကြီးများ၊ Drone များဖြင့် တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထို့ပြင် မြိုင်မြိုနယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Drone တပ်ဖွဲ့ဖြစ်သော Myaing U.A.V Fighter အဖွဲ့၊ ကျေးရွာ Local တပ်ပေါင်းစုအဖွဲ့၊ မြိုင် ပကဖ တပ်ရင်း () တပ်ခွဲ () ပကဖ တိုက်နယ်-၄၊ တပ်ရင်း () အဖွဲ့တို့ စုပေါင်းပြီး နေ့လယ် () နာရီ နှင့် () နာရီခွဲအကြားတွင် မောင်းသူမဲ့လေယာဉ်ငယ်များဖြင့် အီနာဂါ အဖူး (၂၀) ချကာ ဝေဟင်တိုက်ပွဲ ဆင်နွဲခဲ့ပါတယ်။


အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာ၁၂ရက် တွင် ဖမ်းမိထားသော ဓားစာခံတစ်ဦးအား ပေပင်တိုက် တောတိုက် အနီးတွင် သတ်ဖြတ်ခဲ့ပြီး ကံယာကောင်းကျေးရွာသို့ ရောက်ရှိနေတယ်လို့သိရပါတယ်။


========================


📌📌 ၉။ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်ပြီး မဟာဖိုဝါဒနဲ့ အမျိုးသမီး‌တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့


စက်တင်ဘာ၁၂ရက်

"စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲမှာ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှ ဦးဆောင်ပြီး မဟာဖိုဝါဒနဲ့ အမျိုးသမီး‌တွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် အကြမ်းဖက်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ လူထုသပိတ်လှုပ်ရှားမှု လုပ်ဆောင်ခဲ့တယ်လို့ စက်တင်ဘာ၁၂ရက်မှာ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကအသိပေးဆိုပါတယ်။


နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုကိုမုဒိမ်းကောင်တွေနဲ့ ဖိုဝါဒ၊ ဖုတ်င်္ဂြိုဟ်ပြာချ အဆုံးသတ်ကြဆိုတဲ့ ဘန်နာနဲ့ လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပြီးဒေသခံအမျိုးသမီးအများအပြား ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။


အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ လိင်အကြမ်းဖက်ခံရတာတွေဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ကျူးလွန်တာရှိသလို တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့မှ ကျူးလွန်နေတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့်တွေ့လာရပါတယ်။


အမျိုးသမီးတွေအပေါ် အခုလိုလူမဆန်စွာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်အကြမ်းဖက်နေတဲ့အပေါ် နှင်း‌ဆီရောင်အမျိုးသမီးထုအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချသွားမှာဖြစ်ပြီး ကျူးလွန်သူတွေ ထိရောက်တဲ့ အပြစ်ပေးအရေးယူမှုတွေ လုပ်ဆောင်‌ပေးကြဖို့လည်း တာဝန်ရှိတဲ့ NUG အစိုးရကို အလေးအနက် တိုက်တွန်းလိုတယ်လို့ နှင်းဆီရောင်အမျိုးသမီးသမဂ္ဂ(ထားဝယ်)ကလည်းဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment