16th SEP 2023 - Evening Daily News by Radio NUG



၂၀၂၃ စက်တင်ဘာလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဩစတေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော် တာဝန်ရှိသူများ၊ Senator များ၊ ပါလီမန်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ

📌 ၂။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတဟောင်း ဂျော့ဘုရှ် စင်တာက ကျင်းပတဲ့မြောက်ကိုရီးယားလူ့အခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ NUGလူ့အခွင့်ရေးရာဒုဝန်ကြီးတက်ရောက်

📌 ၃။ အကြမ်းဖက်စစ်ကောင်စီကို ဖက်တွယ်ထားမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ပျက်စီးမယ်လို့ အလုပ်သမားဒုတိယဝန်ကြီး သတိပေး

📌 ၄။ တော်လှန်ရေး တစုံလုံးကိုကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ အဖက်ဖက်မှာ ရနေပြီလို့ဆို

📌 ၅။ တော်လှန်ရေးမှာ မပါဝင်သူ အားလုံးဟာ တိုင်းပြည်ဖျက်တဲ့ စစ်အုပ်စုနှင့်အတူတူဘဲလို့ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား

📌 ၆။ အီတလီနိုင်ငံ မီလန်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပေးပါရန် အီတလီရောက် မြန်မာများမှ ဆန္ဒဖော်ထုတ်သွားမည်

📌 ၇။ ရေဦးပကဖရဲ့ ဖီးနစ်တပ်ခွဲက ဒီပဲယင်းမှာ စကစတပ်ဖွဲ့ကိုတိုက်ခိုက်၍ လက်နက်အချို့သိမ်းယူနိူင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဩစတေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော် တာဝန်ရှိသူများ၊ Senator များ၊ ပါလီမန်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ဝန်ကြီးဒေါက်တာဇော်ဝေစိုးတို့ တွေ့ဆုံ


စက်တင်ဘာ၁၆


ဩစတေးလျနိုင်ငံသို့ ရောက်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာဇော်ဝေစိုးသည် ဩစတေးလျနိုင်ငံ၊ ပြည်ထောင်စုလွှတ်တော်ရှိ Australian Greens Party နိုင်ငံခြားရေးပြောရေးဆိုခွင့်ရှိသူ Senator Jordan Steele-John နှင့် စက်တင်ဘာ၄ရက်နေ့တွင်လည်းကောင်း၊ လစ်ဘရယ်ပါတီ၏ Shadow Foreign Affairs Minister ဖြစ်သူ Senator Simon Birmingham နှင့် ၆နေ့တွင် လည်းကောင်း၊ Shadow Assistant Education Minister ဖြစ်သူ the Hon Nola Marino MP နှင့် ၇ရက်နေ့တွင်လည်းကောင်း တွေ့ဆုံခဲ့ပါတယ်။


ထိုသို့တွေ့ဆုံရာတွင် NUG ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့က ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်းကို အသိပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းများအတွက် ဩစတေးလျနိုင်ငံ အနေဖြင့် ကူညီထောက်ပံ့ပေးနိုင်မည့် ကဏ္ဍများအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ပါတယ်။


ထို့အပြင် ဩစတေးလျနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGO) များ၏ ဦးဆောင်အဖွဲ့အစည်းဖြစ်သည့် Australian Council for International Development (ACFID) CEO Mr. Marc Purcell နှင့်အဖွဲ့အား ၅ရက်နေ့တွင် ACFID ရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပြီး ဩစတေးလျ INGO များအနေဖြင့် မြန်မာလူထုအတွက် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်။ 


အထက်ပါ တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမျိုးသားညီညွတ်ရေးအစိုးရ၏ ဩစတေးလျနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာထွန်းအောင်ရွှေလည်း တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတဟောင်း ဂျော့ဘုရှ် စင်တာက ကျင်းပတဲ့မြောက်ကိုရီးယားလူ့အခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲ NUGလူ့အခွင့်ရေးရာဒုဝန်ကြီးတက်ရောက်


စက်တင်ဘာ၁၆ရက်


အမေရိကန်ပြည်ထောင်စုမှာ သမ္မတဟောင်း ဂျော့ဘုရှ်စင်တာမှကျင်းပတဲ့ မြောက်ကိုရီးယားလူ့အခွင့်အရေးအလုပ်ရုံဆွေးနွေးပွဲသို့  NUGလူ့အခွင့်ရေးရာဒုဝန်ကြီး ဦးအောင်ကျော်မိုးတက်ရောက်ခဲ့ကြောင်းကို စက်တက်ဘာ၁၆ရက်မှာ NUGလူ့အခွင့်ရေးရာဒုဝန်ကြီး ဦးအောင်ကျော်မိုးက ၄င်းတက်ရောက်ဆွေးနွေးတဲ့အကြောင်းကိုအသိပေးဆိုထားပါတယ်။


စက်တင်ဘာ၁၈ရက်နေ့မှာလည်း အမေရိကန်လွှတ်တော်မှာကျင်းပမယ့် Congressional Briefing တစ်ရပ်ကို  အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဘာသာရေးလွတ်လပ် ခွင့်ဆိုင်ရာ ကော်မစ်ရှင်နာနှင့် အတူ လူ့အခွင့်ရေးဒုဝန်ကြီးမှ တက်ရောက်မိန်းခွန်းပြောမှာဖြစ်ပါတယ်။


လက်ရှိမှာ လူ့အခွင့်ရေးဝန်ကြီးဌာနဟာ အကြမ်းဖက်စစ်ကောင်စီကိုနိူင်ငံတကာခုံရုံးများတွင်တရားစွဲဆိုနိူင်ရန်အတွက် အချက်အလက်များစုဆောင်း၍မှတ်တမ်းများပြုစုခြင်း၊နိူင်ငံတကာနဲ့သက်ဆိုင်ရာတာဝန်ရှိသူတို့ထံ အချက်အလက်များပေးပို့ခြင်းတို့ကိုလုပ်ဆောင်လျက်ရှိပါတယ်။


========================


📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီကို ဖက်တွယ်ထားမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ပျက်စီးမယ်လို့ အလုပ်သမားဒုတိယဝန်ကြီး သတိပေး


စက်တင်ဘာ၁၆ရက်


စက်တင်ဘာ၁၅ရက်မှာ NUGအလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီမှ အခုလိုပြောကြားထားပါတယ်။


"အကြမ်းဖက် စစ်ကောင်စီဟာ ဘက်ပေါင်းစုံကနေ ရှုံးနိမ့်မှုတွေရင်ဆိုင်နေရပြီ။ ပြည်သူလူထုရဲ့ နွေဦးတော်လှန်ရေးကတော့ ဘက်ပေါင်းစုံကနေ အောင်ပွဲတွေရနေပါတယ်။ စစ်ရေးစစ်မျက်နှာအပြင်၊ ဘဏ္ဍာရေးစစ်မျက်နှာမှာပါ တစတစ ရှုံးနိမ့်လာတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ရပ်တည်ရေးအတွက် ဘဏ္ဍာငွေလိုအပ်ချက်ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံခြားငွေ လိုအပ်ချက်တွေ ကြီးကြီးမားမား လိုအပ်နေပါတယ်။ ဒီလိုအပ်ချက််ကို ဖြည့်တင်းဖို့အတွက် ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မိသားစုဆီ ပြန်လွှဲငွေကနေ ရယူဖို့အထိ သွေးရူးသွေးတန်း လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အေဂျင်စီတွေအနေနဲ့လည်း မိမိတို့ကိုယ်ကျိုးစီးပွားကိုပဲကြည့်ပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာထဲက ဖြတ်တောက်တာမျိုး မလုပ်ဖို့ အထူးလိုအပ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ပြိုလဲ ပျက်ဆီးနေတဲ့ စစ်အုပ်စုကို ကြောက်နေစရာမလိုဘဲ တိုးတက်အောင်မြင်နေတဲ့ လူထုတော်လှန်ရေးကိုပဲ အလေးအမြတ်ပြု တန်ဖိုးထားရမှာဖြစ်တယ်လို့ဆိုပါတယ်။


"အကြမ်းဖက်စစ်ကောင်စီကို ဖက်တွယ်ထားမယ်ဆိုရင် အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ပျက်စီးမှာဖြစ်ပြီး တော်လှန်ရေးဘက် ပူးပေါင်းရင်တော့ ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်သစ်ကြီးမှာ ပြည်သူရဲ့ ချီးမြောက်တန်ဖိုးထားတာ ခံစားရမှာပါ"လို့ အလုပ်သမားဒုဝန်ကြီးဦးကျော်နီကဆိုထားပါတယ်။


========================


📌📌 ၄။ တော်လှန်ရေး တစုံလုံးကိုကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ အဖက်ဖက်မှာ ရနေပြီလို့ဆို


စက်တင်ဘာ၁၆ရက်


တော်လှန်ရေး တစုံလုံးကိုကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ အဖက်ဖက်မှာ ရနေပြီလို့စက်တင်ဘာ၁၅ရက်မှာ သြစတြေးလျနိူင်ငံNUG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေမှ ပြောကြားပါတယ်။


"တော်လှန်ရေး တစုံလုံးကိုကြည့်ရင် သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေ အဖက်ဖက်မှာ ရနေပြီဆိုတာ အထင်အရှားပါ။ မင်းအောင်လှိုင်တိုဇာတ်တူသား စားနေကြပြီ ဟုတ်လား။ မဟုတ်လား။ အချိန်ကုန်ခံ နားယောင်မနေကြပါနဲ့။လွန်ခဲ့တဲ့ ၂နှစ်ခွဲမှာ တော်လှန်ရေးအတွက် ကိုယ်ဘာလုပ်ခဲ့သလည်း ပြန်တွေး.. ပြီးတော့ အားစိုက်လိုက်ပါ"လို့ဆိုထားပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ်တွင် PDFရဲဘော်များသိန်းနှင့်ချီအင်အားရှိပြီ ဖြစ်ကာ မွမ်းမံသင်တန်းများဖွင့်လှစ်ခြင်းနဲ့မောင်းပြန်သေနတ်များကို တပ်ဆင်ပေးလျက်ရှိပါတယ်။


========================


📌📌 ၅။ တော်လှန်ရေးမှာ မပါဝင်သူ အားလုံးဟာ တိုင်းပြည်ဖျက်တဲ့ စစ်အုပ်စုနှင့်အတူတူဘဲလို့ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြောကြား


စက်တင်ဘာ၁၆ရက်


တော်လှန်ရေးမှာ မပါဝင်သူ အားလုံးဟာ တိုင်းပြည်ဖျက်တဲ့ စစ်အုပ်စုနှင့်အတူတူပဲလို့ စက်တင်ဘာ ၁၆ ရက် လူမှုကွန်ရက်မှာ မအူပင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် CRPH ပြည်သူ့ရေးရာကော်မတီ ယအတွင်းရေးမှူး ဒေါ်အိအိပြုံးမှ ဆိုထားပါတယ်။ 


"မတရား အာဏာသိမ်း လိုက်ချိန်  တိုင်းပြည်ရဲ့ စီးပွားရေး အပါအဝင် အုပ်ချုပ်ရေး ပါ မတည်ဆောက်နိုင်ခဲ့တာ။နိုင်ငံတကာ ဆက်ဆံရေး ဆိုတာ ပိုဝေးတာပေါ့။ဒါကို မသိချင်ယောင်ဆောင်ပြီး တော်လှန်ရေးမှာ မပါဝင်သူ အားလုံးဟာ တိုင်းပြည်ဖျက်တဲ့ စစ်အုပ်စု နဲ့ အတူတူ ဘဲ ဆိုတာ သိထားဖို့ လိုမယ်။ဒါကြောင့် အချောင်နေ နိုင်ငံသားတွေ အဖြစ်မခံကြနဲ့ " လို့ဆိုပါတယ်။


လက်ရှိမှာ ဧရာဝတီတိုင်းဒေသကြီးဟာ စကစကို လက်နက်ကိုင်ခုခံတော်လှန်မှုနဲ့လူထုသပိတ်ဆင်နွှဲမှုအနည်းဆုံးတိုင်းဒေသကြီးတစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၆။ အီတလီနိုင်ငံ မီလန်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပေးပါရန် အီတလီရောက် မြန်မာများမှ ဆန္ဒဖော်ထုတ်သွားမည်


စက်တင်ဘာ၁၆ရက်


အီတလီနိုင်ငံ မီလန်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပေးပါရန် အီတလီရောက် မြန်မာများမှ ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်းစက်တင်ဘာ၁၆ရက်မှာ မြန်မာကွန်မြူနတီ အီတလီမှ အသိပေးဆိုပါတယ်။


"၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့၊ တနင်္ဂနွေနေ့၊ အီတလီနိုင်ငံ မီလန်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိပေးပါရန် အီတလီရောက် မြန်မာများမှ လူထုထောက်ခံဆန္ဒဖော်ထုတ်သွားမှာဖြစ်တယ်"လို့ဆိုပါတယ်။


တနင်္ဂနွေနေ့၊ မနက် ၁၀ နာရီအချိန်၊ အီတလီနိုင်ငံ မီလန်မြို့ Duomo ဘုရားကျောင်းကြီးအနီးရှိ Piazza dei Mercanti ရင်ပြင်တွင် နွေဦးတော်လှန်ရေးကာလ ပြည်သူများနှင့်အတူ မားမားမတ်မတ်ရပ်တည်ကာ မတရားစစ်အာဏာသိမ်းမှုကို ရဲရင့်တော်လှန်ခဲ့သော သံအမတ်ကြီးသည်သာ မြန်မာပြည်သူများကို ကိုယ်စားပြုကြောင်း ထောက်ခံတောင်းဆိုသွားမှာဖြစ်ပါတယ်။


ရပ်နီးရပ်ဝေးမှ အီတလီရောက်မြန်မာများ၊ မြန်မာနိုင်ငံ ဒီမိုကရေစီနှင့် လွတ်လပ်ခွင့်အတွက် အစဥ်အားပေးပံ့ပိုးပေးနေကြသည့် ညီအစ်ကိုမောင်နှမများအားလုံး တက်ရောက်ပါဝင်ပေးကြပါရန် ဖိတ်ခေါ်တိုက်တွန်းထားပါတယ်။


========================


📌📌 ၇။ ရေဦးပကဖရဲ့ ဖီးနစ်တပ်ခွဲက ဒီပဲယင်းမှာ စကစတပ်ဖွဲ့ကိုတိုက်ခိုက်၍ လက်နက်အချို့သိမ်းယူနိူင်ခဲ့


စက်တင်ဘာ ၁၆ ရက်


စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ စစ်ရေးသတင်းကို ရေဦးပကဖမှ အခုလိုအသိပေးဆိုထားပါတယ်။


"မနက်‌စောစော ရေဦးပကဖတပ်ရဲ့ ဖီးနစ်တပ်ခွဲက ဒီပဲယင်းမှာ မုန့်ဟင်းခါးသွားစားတာ စကစတပ်ဘက်ကသုံးဦးသေဆုံးခဲ့ပြီး အပြန်လက်ဆောင်အဖြစ် MA1 အမျိုးအစား ()လက် ရရှိခဲ့သော်လည်းတစ်လက်က မူးဘောင်ကျသွားလို့ ပြန်ဆယ်ယူရန် အချိန်မရလို့ မရခဲ့ဘူး"လို့ဆိုထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်များဟာ ရေဦးနယ်၊ ဒီပဲယင်းနယ်တို့ကို မကြာခဏစစ်ကြောင်းထိုးဝင်ရောက်လေ့ရှိပြီး ကာကွယ်ရေးတပ်များကလည်း ကြားဖြတ်တိုက်ခိုက်မှုတို့ရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment