၂၀၂၃ စက်တင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ နည်းလမ်းဟောင်းတွေကို ကြိုတင်ခန့်မှန်း ကာကွယ်နိုင်တာနဲ့ ကြိုတင် ပြင်ဆင်နိုင်တာကလည်း တော်လှန်ရေး အမြန်အောင်မြင်စေမယ့်အချက်ပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော
📌 ၂။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချပြီး ကိုးလအတွင်းမှာ အကြမ်းဖက်စစ်တပ်က လူပေါင်း၁၀၀၀ ကျော်သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့
သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
📌 ၃။ တော်လှန်ရေးကာလတလျှောက် ဖြတ်သန်းနေရတဲ့ အချိန်မှာ အခွင့်ထူးခံနဲ့ မိန်းမောမနေမိကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ သဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဍဆို
📌 ၄။ လန်ဒန်မြို့ ယူကေ ပါလီမန်နဲ့ ယူကေ ဝန်ကြီးချုပ်ရုံး အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေး ဆန္ဒပြ
📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် တိုင်း/ပြည်နယ် အလုပ်အမှုဆောင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
📌 ၆။ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ Jet Fighter တစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ ကျောင်းတိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦးလည်းသေဆုံး
📌 ၇။ ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်များကြောင့် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ
📌 ၈။ မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့
📌 ၉။ ဒီပဲယင်းမြို့အဝင်အနောက်ဘက် ကသစ်အိမ်ဂိတ်မှ စကစတပ်များကို တိုက်ခိုက်ရာ(၄)ဦးသေဆုံးပြီးလက်နက်(၄)လက်သိမ်းဆည်းရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ နည်းလမ်းဟောင်းတွေကို ကြိုတင်ခန့်မှန်း ကာကွယ်နိုင်တာနဲ့ ကြိုတင် ပြင်ဆင်နိုင်တာကလည်း တော်လှန်ရေး အမြန်အောင်မြင်စေမယ့်အချက်ပဲ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြော
စက်တင်ဘာ၁၆ရက်
စက်တင်ဘာ၁၆ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ပြည်သူများသို့ သတင်းစကားပါးဆိုရာမှာ အခုလိုပြောပါတယ်။
"ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ရဲ့ အားသာချက်တွေထဲက တစ်ခုက နည်းပညာပိုင်း တိုးတက်မှုတွေကို ကောင်းကောင်း အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။ နည်းပညာဟာ ယခင့်ယခင် တော်လှန်ရေးတွေတုန်းက မစဉ်းစားနိုင်ခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ တော်လှန်ရေးကို ကောင်းကောင်းအကျိုးပြုနိုင်တာ တွေ့ရပါတယ်။ နောက်တစ်ခုကတော့ ဖြတ်သန်းခဲ့တဲ့ တော်လှန်ရေးအဆက်ဆက်က လိုအပ်ချက်တွေကို သင်ခန်းစာယူနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်စက်ယုတ်မာတဲ့ နည်းလမ်းဟောင်းတွေကိုလည်း ကောင်းကောင်း သိရှိနေကြပြီမို့ ရန်သူလှမ်းမယ့် ခြေလှမ်းတွေကို ကြိုတင်ခန့်မှန်း ကာကွယ်နိုင်တာ၊ ကြိုတင် ပြင်ဆင်နိုင်တာကလည်း တော်လှန်ရေး အမြန်အောင်မြင်စေမယ့် အချက်ပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေနဲ့ အချိန်အခါက အသာစီးရနေတဲ့ အချိန်မှာ အရေးကြီးတာကတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံး စုစုစည်းစည်းနဲ့ ပန်းတိုင်ကို ချီတက်နိုင်ကြဖို့ပါပဲ"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ တော်လှန်ရေးအင်အားစုများရဲ့ ဒရုန်းနှင့်တိုက်ခိုက်မှုကိုအလူးအလဲခံနေရချိန်ဖြစ်ပါတယ်။
========================
📌📌 ၂။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချပြီး ကိုးလအတွင်းမှာ အကြမ်းဖက်စစ်တပ်က လူပေါင်း၁၀၀၀ ကျော်သတ်ဖြတ်ခဲ့ပြီးဖြစ်တယ်လို့
သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား
စက်တင်ဘာ၁၆ရက်
ငါတို့သံအမတ် ငါတို့အသံ နွေဦးတော်လှန်ရေးစကားဝိုင်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောပါတယ်။
"လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ချပြီး ကိုးလအတွင်းမှာ ပြန်ကြည့်လိုက်ရင် ၂၀၂၂ ဒီဇင်ဘာ၂၁ရက်ကချတယ်။ အဲဒီအချိန်မှာ AAPPရဲ့ အချက်အလက်တွေအရ အကြမ်းဖက်စစ်တပ်က လူတွေကိုသတ်ဖြတ်လို့ သေဆုံးမှုအရေအတွက်၂၆၀၀ ကျော်လောက်ရှိတယ်။ အခုဆိုရင်၄၀၀၀ ကျော်လောက်ရှိတယ်။ ပြန်ကြည့်လိုက်ရင် ၉လအတွင်းမှာ လူပေါင်း၁၀၀၀ ကျော်သတ်ဖြတ်ခဲ့ပြီးပြီ။ လူတွေအသက်က အရမ်းတန်ဖိုးရှိပါတယ်။ အဲဒီတန်ဖိုးရှိတဲ့အသက်တွေကို ဘယ်လိုကာကွယ်ပေးမလဲဆိုတဲ့ဟာက ကျွန်တော်တို့သက်ဆိုင်ရာ နိုင်ငံကတာဝန်ရှိသလို သက်ဆိုင်ရာနိုင်ငံက မဆောင်ရွက်နိုင်ရင် နိုင်ငံတကာကဆောင်ရွက်ဖို့လိုတယ်ဆိုတဲ့အချက်တွေကို ကျွန်တော်တို့လည်း ဒီဘက်တွေမှာ အမြဲတမ်းပြောတာရှိတယ်"လို့ဆိုပါတယ်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ ကူလသမဂ္ဂလုံခြုံရေးကောင်စီဟာ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။
ဆုံးဖြတ်ချက်ထဲမှာ အကြမ်းဖက်တိုက်ခိုက်တာတွေရပ်တန့်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ လွတ်လပ်စွာပေးခွင့်ပြုဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
========================
📌📌 ၃။ တော်လှန်ရေးကာလတလျှောက် ဖြတ်သန်းနေရတဲ့ အချိန်မှာ အခွင့်ထူးခံနဲ့ မိန်းမောမနေမိကြဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ သဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဍဆို
စက်တင်ဘာ၁၆ရက်
တော်လှန်ရေးကာလတလျှောက် ဖြတ်သန်းနေရတဲ့ အချိန်မှာ အခွင့်ထူးခံနဲ့ မိန်းမောမနေမိကြဖို့ စက်တင်ဘာ၁၆ရက်နေ့တွင် ကျင်းပခဲ့သည့် ၂၈ ကြိမ်မြောက် MSFC ပုံမှန်အစည်းအဝေးတွင် မွန်ပြည်ဖက်ဒရယ်ကောင်စီ သဘာပတိအဖွဲ့ဝင် နိုင်သုဝဏ္ဍမှ သဘာပတိ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းဆိုပါတယ်။
"ကျွန်တော်တို့တွေအနေနဲ့ တော်လှန်ရေးကာလတလျှောက် ဖြတ်သန်းနေရတဲ့ အချိန်မှာ အခွင့်ထူးခံနဲ့ မိန်းမောမနေမိကြဖို့ အထူးလိုအပ်ပါတယ်။ ကျနော်တို့ ဖွဲ့စည်းထားတဲ့ MSFC ဟာ မွန်တို့ရဲ့ ရပိုင်ခွင့် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့စတဲ့ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့အညီ အခြားတိုင်းရင်းသားများနည်းတူ လွတ်လပ်မှုကို လိုချင်ရင်တော့ ခရီးကြမ်းကို ကိုယ်တိုင်နှင်ရမှာ ဖြစ်ပါတယ်။ အခြားညီအကို တိုင်းရင်းသားနည်းတူ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်မှုကို ပြုနိုင်မှ အောင်မြင်တဲ့ အသီးအပွင့်ကို ရယူနိုင်မှာ ဖြစ်ပါတယ်။ တုံ့ဆိုင်းနေကြမယ် ဆိုရင်တော့ ကျွန်တော်တို့ နောက်ကျကျန်နေခဲ့မှာ ဖြစ်ပါတယ်။ သွားလေသူ ကျွန်တော်တို့ ခေါင်းဆောင်ကြီးတွေရဲ့ ဩဝါဒ စကားအတိုင်း တက် မကျိုး အောင် အတူတကွ အားစိုက် လုပ်ဆောင်သွားဖို့ တိုက်တွန်းလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမွန်ပြည်နယ်အတွင်း စစ်ကောင်စီနှင့်အပစ်ရပ်ထားသော အဖွဲ့အစည်းတချို့လည်းရှိနေပါတယ်။
========================
📌📌 ၄။ လန်ဒန်မြို့ ယူကေ ပါလီမန်နဲ့ ယူကေ ဝန်ကြီးချုပ်ရုံး အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေး ဆန္ဒပြ
စက်တင်ဘာ ၁၆ ရက်
လန်ဒန်မြို့ ယူကေ ပါလီမန်နဲ့ ယူကေ ဝန်ကြီးချုပ်ရုံး အမှတ် ၁၀ ဒေါင်းနင်းလမ်းမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်အသိအမှတ်ပြုရေး ဆန္ဒပြခဲ့ကြပါတယ်။
စက်တင်ဘာ၁၆ရက်မှာ ဗြိတိန်နိုင်ငံရောက် မြန်မာအင်အားစုများက စုပေါင်းတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို NUG ယူကေ ကိုယ်စားလှယ်တွေ ဖြစ်ကြတဲ့ ဦးမောင်မောင်အောင်နဲ့ ဒေါက်တာ သက်ကိုကို တို့ပါ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
အလားတူ နိုင်ငံတကာတွင်လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိရေးတောင်းဆိုဆန္ဒပြလျက်ရှိပါတယ်။
========================
📌📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် တိုင်း/ပြည်နယ် အလုပ်အမှုဆောင်များလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
စက်တင်ဘာ(၁၆)ရက်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီနှင့် တိုင်း/ပြည်နယ် အလုပ်အမှုဆောင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (36/2023)ကို စက်တင်ဘာ၁၆ရက်မှာ Zoom ဖြင့်ကျင်းပခဲ့ပါတယ်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဗဟိုအလုပ်ကော်မတီဝင်များ ၊ ဗဟိုကော်မတီဝင်များ၊ တိုင်း/ပြည်နယ်အလုပ်အမှုဆောင်များတက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ Jet Fighter တစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ ကျောင်းတိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦးလည်းသေဆုံး
စက်တင်ဘာ၁၆ရက်
စက်တင်ဘာ၁၆ရက်မှာ အင်းတော် IR Teamက အသိပေးဆိုထားပါတယ်။
"စစ်ကိုင်းတိုင်း အထက်ပိုင်း အင်းတော်မြို့နယ် ခရမ်းစပ်ကုန်းရွာအား စက်တင်ဘာ၁၅ရက် ည၈နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီမှ Jet Fighter တစ်စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါတယ်။ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကျောင်းတိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူပြီး ကပ္ပိယတစ်ဦးလည်း ကွယ်လွန်သွားကာ ဇရပ်ဆောင်နှင့် ကျောင်းမကြီးလည်း ပျက်စီးသွားကြောင်း သိရပါတယ်"လို့ဆိုပါတယ်။
လေယာဉ်ဖြင့် ဗုံးကျဲပြီးနောက် အင်းတော်စစ်တပ်ကုန်းမှ လက်နက်ကြီးဖြင့် ထပ်မံပစ်ခဲ့ကာ ထိုပစ်ခတ်မှုကြောင့်လည်း ပြည်သူတစ်ဦး၏ နေအိမ်တစ်လုံးနှင့် ဆိုင်ကယ်များ ထိခိုက်ပျက်ဆီးခဲ့ကြောင်း သိရပါတယ်။
========================
📌📌 ၇။ ဝင်းရေးမြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်းဖက်စစ်ကောင်စီတပ်များကြောင့် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရ
စက်တင်ဘာလ (၁၆) ရက်
ဝင်းရေး မြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များကြောင့် ဒေသခံ ပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူ−ဗဟိုက စက်တင်ဘာ၁၆ရက်မှာ အသိပေးဆိုပါတယ်။
ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ (၆)၊ ဝင်းရေး မြို့နယ်၊ တံခွန်တိုင်ရဲစခန်းသို့ အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးဝင်ရောက်လာသော ကျိုက်ထို တပ်မ (၄၄) လက်အောက်ခံ ခလရ-၂၊ အမတ-၃၁၈ (အဘစ်အမြှောက်တပ်)၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ BGF တပ်ရင်း (၁၀၂၁) နှင့် BGF တပ်နယ် (၃) စုစုပေါင်း အင်အား (၁၀၀) ခန့်ရှိ ရန်သူတပ်ဖွဲ့များအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်ရင်း (၁၆) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ တို့မှ ခုခံကာကွယ်ရင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘလ ၁၄ ရက်၊ နံနက် (၈း၀၀) အချိန်ခန့်မှစတင်၍ နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ထိုထိတွေ့ပစ်ခတ်မှုတွင် ရန်သူမှ လေကြောင်းပစ်ကူဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် မော်လမြိုင် ရတခ မှ Mi-35P Attack Helicopter တစ်စင်းသည် နံနက် (၉း၁၂) မိနစ်တွင် ၎င်းလေတပ်မှ စတင်ထွက်ခွာ၍ နံနက် (၉း၄၀) မိနစ် ဝန်းကျင်ခန့်၌ ထိုထိတွေ့ပစ်ခတ်မှုဖြစ်ပွားရာ နေရာတစ်ဝိုက်သို့ ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် (၁) ဦးမှာ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ရပြီး ကျေးရွာစာသင်ကျောင်း နှင့် ပြည်သူပိုင်အိုးအိမ်များ ထိမှန်ပျက်စီးခဲ့ရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုဖြင့် သော်လည်းကောင်း၊ အဘစ် အမြှောက်တပ်မှ ၁၂၂ မမ လက်နက်ကြီးများအဖြင့် သော်လည်းကောင်း ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူပိုင်အိုးအိမ်များ ထပ်မံပျက်စီးမှုများ ရှိခဲ့ပါတယ်။
ထို့နောက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံတပ် BGF တပ်နယ် (၃) မှလည်း အင်အား (၁၀၀) ခန့်ဖြင့် ၂၀၂၃ ခုနှစ်၊ ၉ လ၊ ၁၅ ရက်နေ့တွင် ထပ်မံ၍ အင်အားဖြည့်တင်းလာသည့်အတွက် KNLA - တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ရေးတင်းမာလျှက် ရှိနေတယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ်စက်တင်ဘာ၁၄ ရက်နေ့ စာရင်းပြုစုချက်အရ ဒေသခံပြည်သူ (၁၅,၀၀၀) ကျော် စစ်ဘေးတိမ်းရှောင်နေရတယ်လို့ဆိုပါတယ်။
လက်ရှိ စစ်ဘေးရှောင်နေရသော ဒေသခံပြည်သူများမှာ မိုးအဆက် မပြတ်ရွာသွန်းမှုနှင့် တောင်ကျရေများ ပြင်းထန်စွာ စီးဆင်းမှုများကြောင့် နေရာထိုင်ခင်းအတွက် အမိုး အကာများ လုံလောက်မှု မရှိသည့်အပြင် စစ်ဘေးရှောင်ရန် စခန်းများ သီးသန့်မရှိသည့်အတွက် အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရပါတယ်။
========================
📌📌 ၈။ မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့
စက်တင်ဘာ၁၆ရက်
မိုးလုံးမှိုင်းစစ်ဆင်ရေးအဖြစ် မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ မိုးကုတ်အခြေပြုတပ်ရင်းများကစက်တင်ဘာ၁၆ရက်မှာ အတည်ပြုဆိုထားပါတယ်။
မိုးလုံးမှိုင်းစစ်ဆင်ရေးကို မိုးကုတ်အခြေပြုတပ်ရင်းများဖြစ်သည့် ၁၂၂၁၊ ၁၂၂၃ တို့ TNLA နှင့်တွဲဖက် စစ်ဆင်ရေးဆောင်ရွက်လျှက်ရှိရာ စက်တင်ဘာ၁၅ ရက်နေ့တွင် မိုးကုတ်အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။ လေကြောင်းစစ်ဆင်ရေးအဖြစ် ၃ကြိမ်တိုင် လာရောက် ဗုံးကျဲခဲ့ပါတယ်"လို့ဆိုပါတယ်။
စကစဘက်မှ အကျအရှုံးနှင့် ဒဏ်ရာရသူအများအပြားရှိခဲ့တယ်လို့ဆိုပါတယ်။
တအာင်းတပ်မတော် - TNLA နှင့် စစ်ကောင်စီတပ်အကြား နေ့စဉ်တိုက်ပွဲပြင်းထန်နေပြီး ဇူလိုင်လ ၂၃ ရက်နေ့မှ စက်တင်ဘာလအထိ တိုက်ပွဲစုစုပေါင်း အကြိမ်(၄၀) ဖြစ်ပွားခဲ့ပါတယ်။
========================
📌📌 ၉။ ဒီပဲယင်းမြို့အဝင်အနောက်ဘက် ကသစ်အိမ်ဂိတ်မှ စကစတပ်များကို တိုက်ခိုက်ရာ(၄)ဦးသေဆုံးပြီးလက်နက်(၄)လက်သိမ်းဆည်းရရှိ
စက်တင်ဘာ၁၆ရက်
ဒီပဲယင်းမြို့အဝင်အနောက်ဘက် ကသစ်အိမ်ဂိတ်မှ စကစတပ်များကို တိုက်ခိုက်ရာ(၄)ဦးသေဆုံးပြီး လက်နက်(၄)လက် သိမ်းဆည်းရရှိခဲ့တယ်လို့ စက်တင်ဘာ၁၆ရက်မှာ အဖြူရောင်D.P.Y(ပကဖ)ကအသိပေးဆိုပါတယ်။
"စက်တင်ဘာလ(၁၄)ရက်နေ့တွင် ဒီပဲယင်းမြို့အဝင်အနောက်ဘက် ကသစ်အိမ်ဂိတ်မှ စကစတပ်ဖွဲ့ဝင်(၅ )ဦး ည ၁၂နာရီ မိနစ်၄၀အချိန်တွင် ဂိတ် ကနေ မြို့အဝင်စ စိန်ပန်းပင်တံတားဘက်ကင်းပတ်ထွက်လာစဉ် ကင်းပုန်းဝတ်ပြီး စောင့်ကြိုတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။
စကစဘက်ကလေးဦးပွဲချင်းပြီးနေရာတွင်သေဆုံးသွားခဲ့ပြီး တစ်ဦးမှာ ချောင်းအတွင်းသို့ထွက်ပြေးခုန်ချသွားခဲ့တယ်လို့သိရပါတယ်။
စကစဘက်မှMA 1 တစ်လက် / G3 တစ်လက် / ကာဘိုင်တစ်လက် / M79 ၄၀မမတစ်လက် / ၄၀မမဗုံးသီး ၄လုံး တို့သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ဆင်ရေးကို အဖြူရောင်D.P.Y(ပကဖ)/ ရန်ကြီးအောင် (LPDF)/ ညောင်ဉီးခရိုင်တပ်ရင်း(၅)/ပုဂံပြည်ဘီလူးတပ်/ဖတ်ဒရယ်စစ်ကြောင်း (၁) တို့မှပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
#RadioNUGLocalNews
#SpringRevolution
No comments:
Post a Comment