20th SEP 2023 - Evening Daily News by Radio NUG


၂၀၂၃ စက်တင်ဘာလ ၂၀ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် Perth (WA) မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲမှရရှိခဲ့သောအလှူငွေ A$10,000.00 ကို  ကျန်းမာရေး နှင့် ပညာရေးဌာန ၂ခုကို တစ်ဝက်စီခွဲဝေလှူဒါန်းပေးမည်

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၃။ တရားဥပဒေစိုးမိုးရေးကော်မတီများ မကြာမီပေါ်ပေါက်လာတော့မယ်လို့ တရားရေးဝန်ကြီးအသိပေး

📌 ၄။ အမေရိကန်လွှတ်တော်အမတ်Ilhan Abdullahi Omar နဲ့ NUGလူ့အခွင့်ရေးဒုဝန်ကြီးတို့တွေ့ဆုံ

📌 ၅။ ဘာတပ်မှ မရှိဘဲ စခဲ့တဲ့ NUGအစိုးရဟာ  ပီဒီအက်ဖ် တပ်ပေါင်း ၃၀၀ ကျော်နဲ့ နိုင်ငံတွင်းမှာ အင်အားအကြီးဆုံး တပ်ရှိတဲ့အဖွဲ့၊တော်လှန်ရေး‌ကို ပဲ့ ကိုင်နေတဲ့ အစုအဝေးဖြစ်လာနေပြီလို့ ဦးမော်ထွန်းအောင်ပြောကြား

📌 ၆။ကြားကာလဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီတွင် တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်လက်မှတ်များ နှင့် Good Standing Certificate များ လျှောက်ထားနိုင်ပြီ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး နှင့် Perth (WA) မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲမှရရှိခဲ့သောအလှူငွေ A$10,000.00 ကို  ကျန်းမာရေး နှင့် ပညာရေးဌာန ၂ခုကို တစ်ဝက်စီခွဲဝေလှူဒါန်းပေးမည်


စက်တင်ဘာ၂၀ရက်


"အမျိူးသားညီညွတ်ရေးအစိုးရ (NUG) ကျန်းမာရေး နှင့် ပညာရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့် Perth (WA) မြန်မာမိသားစုများ တွေ့ဆုံဆွေးနွေးပွဲမှနေပြီး ရရှိခဲ့သောအလှူငွေ A$10,000.00 ကို ကျန်းမာရေးနှင့် ပညာရေး ဌာန ၂ခုကို တစ်ဝက်စီခွဲဝေလှူဒါန်းပေးမည်အကြောင်း စက်တင်ဘာ၂၀ရက်မှာ CRPH/NUG Support Group (WA)ကအသိပေးဆိုထားပါတယ်။


CRPH/NUG Support Group (WA) မှနေပြီး အလှူငွေထည့်ဝင်သူအားလုံး နှင့် ပန်းချီကားများကိုလေလံဆွဲပြီး အလှူထည့်ဝင်သူများ၊ ပါဝင်လုပ်ကိုင်ပေးကြသောလုပ်အားပေးသူများအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါကြောင်းအသိပေးဆိုထားပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ် ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


စက်တင်ဘာ၂၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို စက်တင်ဘာ၁၉ရက်က ကျင်းပခဲ့ပါတယ်။


အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့ အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှအဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ထို့နောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး‌၊မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ပါတယ်။


တွေ့ဆုံပွဲသို့  ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ  အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ တရားဥပဒေစိုးမိုးရေးကော်မတီများ မကြာမီပေါ်ပေါက်လာတော့မယ်လို့ တရားရေးဝန်ကြီးအသိပေး


စက်တင်ဘာ၂၀ရက်


တရား ဥပဒေစိုးမိုးရေးကော်မတီများ မကြာမီပေါ်ပေါက်လာတော့မယ်လို့ စက်တင်ဘာလအတွင်းကျင်းပတဲ့ မြို့နယ်ဥပဒေတာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးမှာ တရားရေးဝန်ကြီး ဦးသိန်းဦးမှ အခုလို ဆိုလိုက်ပါတယ်။


"မြို့နယ်များတွင် တရားဥပဒေစိုးမိုးရေးကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် တရား ဥပဒေစိုးမိုးရေးကော်မတီများ မကြာမီပေါ်ပေါက်လာတော့မည်ဖြစ်ကြောင်း၊ တရားဥပဒေ စိုးမိုးရေးလမ်းကြောင်းပေါ်သို့သွားရာတွင်လူခင်တော့မူပြင်၊ လူမုန်းတော့မူသုံးဆိုသော စကားအတိုင်း မဖြစ်စေရန် တော်လှန်ရေး၏ အခက်အခဲများကို တတ်နိုင်သမျှကျော်လွှားသွား ကြရန်လိုအပ်သောကြောင့် တရားစီရင်ရေးမဏ္ဍိုင်တွင်ပါဝင်နေသော တစ်ဦးတစ်ယောက်ချင်း စီတိုင်း အရည်အချင်းပြည့်ဝနေရန်လိုအပ်ကြောင်း"ဝန်ကြီးကပြောကြားခဲ့ပါတယ်။


ထို့နောက်အစည်းအဝေးဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဥ်များအား တရားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးမှ အတည်ပြုပေးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၄။ အမေရိကန်လွှတ်တော်အမတ်Ilhan Abdullahi Omar နဲ့ NUGလူ့အခွင့်ရေးဒုဝန်ကြီးတို့တွေ့ဆုံ


စက်တင်ဘာ၂၀ရက်


အမေရိကန်လွှတ်တော်အမတ်Ilhan Abdullahi Omar နှင့် NUGလူ့အခွင့်ရေးရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးတို့သည်စက်တင်ဘာ၂၀ ရက်မှာ တွေ့ဆုံခဲ့တယ်လို့ အသိပေးဖော်ပြထားပါတယ်။


"အမေရိကန်လွှတ်တော်အမတ်Ilhan Abdullahi Omar နဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီအရေးဆက်လက်ကူညီပေးရေး၊ ရိုဟင််ဂျာရေးနှင့် လူနည်းစုများများအရေး  လူ့အခွင့်ရေးနှင့် လူသားချင်းစာနာမှုပေးရေးကိစ္စများဆွေးနွေးခဲ့ကြပါတယ်"လို့ဆိုပါတယ်။


Chin Association of Maryland က ဦးဆောင်ပြုလုပ်တဲ့  အမေရိကန်လွှတ်တော် Congressional Briefing မှာ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးက စက်တင်ဘာ၁၈ရက်နေ့ကမိန့်ခွန်းပြောကြားခဲ့ပါတယ်။


အဆိုပါအမေရိကန်လွှတ်တော် Congressional Briefing မှာဒုဝန်ကြီးကမြန်မာစစ်တပ်ကို အရေးယူမှုတွေ အမြန်ဆုံးစတင်လုပ်ဆောင်ပေးဖို့တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။


========================


📌📌 ၅။ ဘာတပ်မှ မရှိဘဲ စခဲ့တဲ့ NUGအစိုးရဟာ  ပီဒီအက်ဖ် တပ်ပေါင်း ၃၀၀ ကျော်နဲ့ နိုင်ငံတွင်းမှာ အင်အားအကြီးဆုံး တပ်ရှိတဲ့အဖွဲ့၊တော်လှန်ရေး‌ကို ပဲ့ ကိုင်နေတဲ့ အစုအဝေးဖြစ်လာနေပြီလို့ ဦးမော်ထွန်းအောင်ပြောကြား


စက်တင်ဘာ၂၀ရက်


စက်တင်ဘာလအတွင်း ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်မှ  အခုလိုသုံးသပ်ပြောကြားထားပါတယ်။


"ပြည်ပမှာပဲ ပြောင်းတာ မဟုတ်ပါဘူး၊ ဘာတပ်မှ မရှိပဲ စခဲ့ တဲ့ အန်ယူဂျီဟာ လက်ရှိမှာ ပီဒီအက်ဖ် တပ်ပေါင်း ၃၀၀ ကျော်နဲ့ နိုင်ငံတွင်းမှာ အင်အားအကြီးဆုံး တပ်ရှိတဲ့ အဖွဲ့၊ တော်လှန်ရေး ကို ပဲ့ ကိုင်နေတဲ့ အစုအဝေး ဖြစ်လာနေပါပြီ။ဆိုတော့ Hard Power and Soft Power အစပ်အဆက်အရ၊ စီအိုစီ သာ အကောင်အထည်ပေါ်လာရင် တော်လှန်ရေးမှာ NUG နဲ့ ဆက်စပ် အဖွဲ့အစည်းတွေရဲ့    အင်အားပြ မှု  ( power projection)  က တော်လှန်ရေးနဲ့ နိုင်ငံရေးမှာ သက်ရောက်လာမှာပါ။ဆိုတော့ မဟာမိတ် ဆက်ဆံ ရေးမှာ ပိုမို နားလည်မှု အားကောင်းအောင်တည်ဆောက်မှ ဒီ အင်အားကြီးထွားလာမှု ကို ခြိမ်းခြောက်မှု အနေနဲ့ မမြင်ပဲ၊ တော်လှန်ရေး အောင်ဖို့ အင်အား တခု အနေနဲ့ အသုံးချ ပြီး အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များဆင်နွှဲဖို့ အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။


လက်ရှိမှာ ပြည်သူ့ခုခံတွန်းလှန်စစ် နှစ်နှစ်တာကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးသောင်း ကျော်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ကြားကာလဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီတွင် တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်လက်မှတ်များ နှင့် Good Standing Certificate များ လျှောက်ထားနိုင်ပြီ


စက်တင်ဘာ၂၀ရက်


ကြားကာလဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီတွင် တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်လက်မှတ်များ နှင့် Good Standing Certificate များ လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ စက်တင်ဘာလအတွင်း ကြားကာလဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီမှ အသိပေးကြေညာထားပါတယ်။


ကြားကာလဖက်ဒရယ် တိရစ္ဆာန်ဆေးပညာကောင်စီသည် တော်လှန်ရေးကာလအတွင်း ပြည်သူ့ဘက်တော်သား တိရစ္ဆာန်ဆေးကုဆရာဝန်များအတွက် တိရစ္ဆာန်ဆေးကုဆရာဝန်မှတ်ပုံတင်လက်မှတ်များ နှင့် Good Standing Certificate များကို စတင်ထုတ်ပေးနေပြီဖြစ်ရာ ပြည်သူ့ဘက်တော်သား CDM/ပြင်ပ တိရစ္ဆာန်ဆေးကုဆရာဝန်များ အနေဖြင့် သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေးများ ပေးဆောင်၍ လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ဆိုပါတယ်။


လျှောက်ထားသူများအနေနဲ့ သတ်မှတ်ဝန်ဆောင်ခကို ပေးဆောင်ရမည်ဖြစ်ပြီးဝန်ဆောင်ခပေးဆောင်ရာတွင် NUG pay တစ်မျိုးတည်းကိုသာ လက်ခံမှာဖြစ်ပါတယ်။


သို့ဖြစ်၍ ကြားကာလဖက်ဒရယ်တိရစ္ဆာန်ဆေးပညာကောင်စီ၏ Email နှင့် Pag Messengerများသို့ဆက်သွယ်နိူင်ကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment