17th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်

📌 ၃။ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်ရုပ်သံမှတ်တမ်းတခု လွိုင်ကော် PDF ထုတ်ပြန်

📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ () ဦး ထိမှန် ဒါဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်

📌 ၅။ ကချင်ပြည်နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူများ တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်

📌 ၆။ တီးတိန်မြို့နယ်အတွင်း PDF-Zoland နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် လှည့်လည်တွေ့ဆုံ စည်းရုံးရေးဆင်းခဲ့

📌 ၇။ Civil Federal Movement (CFM) က ဘုတလင်မြို့နယ် နဲ့ ကနီမြို့နယ်မှာ ဖက်ဒရယ်သင်တန်းပို့ချ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


အောက်တိုဘာ ၁၇။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၁/၂၀၂၃) ကို အောက်တိုဘာ ၁၆ ရက်နေ့ နေ့လည် နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အထွေထွေ အတွင်းရေးမှူး-၁၊  ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင် အခက်အခဲများအပေါ် သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


ထိုနောက် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဂျာထွယ်ပန်မှ နိဂုံးချုပ်စကား ပြောကြားခဲ့ကာ အစည်းအဝေးကို ညနေ နာရီ အချိန်ခန့်တွင်‌ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အစည်းအဝေးသို့ ဒုတိယဝန်ကြီးများ၊ ဝန်ကြီးဌာနအသီးသီးမှ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန နဲ့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်


အောက်တိုဘာ ၁၇။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး (၂၀/၂၀၂၃) ကို ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၁၆ ရက်နေ့  မနက် ၁၀ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါ အစည်းအဝေးမှာ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးခူးထဲဘူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ တွဲဖက်အမြဲတမ်း အတွင်းဝန်မှ ညွှန်ကြား (၁၉/၂၀၂၃) ရဲ့ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်း‌ခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးခဲ့ရာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။


အစည်းအဝေးသို့ ဒုတိယဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ တွဲဖက်အမြဲတမ်း အတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး ၁၁ နာရီ ခွဲခန့် အချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီယာဉ်တန်းကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည့်ရုပ်သံမှတ်တမ်းတခု လွိုင်ကော် PDF ထုတ်ပြန်


ကရင်နီ (ကယား)ပြည်နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတခုကို လွိုင်ကော် PDF က ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်းမှာထုတ်ပြန်ခဲ့တဲ့ အဲဒီရုပ်သံမှတ်တမ်းမှာ စစ်ရေးဆောင်ရွက်ချက်တွေ ဆက်လက်လုပ်ဆောင်ဖို့ရှိနေတာကြောင့် နေရာအသေးစိတ်ကိုဖော်ပြထားတာမရှိပေမယ့်ကရင်နီပြည် တနေရာတွင် အင်အားတိုးချဲ့ စစ်ကြောင်းချီနေသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းအား drone ဖြင့် ဗုံးကြဲတိုက်ခိုက်သည့် မှတ်တမ်းဖြစ်သည်လို့ အသိပေးထားပါတယ်။

ဒါအပြင် စစ်ကောင်စီအဖွဲ့ရှိရာနေရာတည့်တည့်ကို ဗုံးသီးကျရောက်ခဲ့တာကြောင့် ထိခိုက်မှုတွေများခဲ့တယ်လို့ ဆိုပါတယ်။

ဒီရုပ်သံမှတ်တမ်းဟာ လွိုင်ကော် PDF နဲ့ Falcon Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမှတ်တမ်း ဖြစ်ပြီး လက်ရှိမှာ ဒရုန်းမစ်ရှင်တွေဆောင်ရွက်ဖို့ အလှူငွေရရှိမှုနည်းပါးလာတာကြောင့် ရှေ့ဆက်ပြီး မစ်ရှင်တွေ လုပ်နိုင်ဖို့ မိဘပြည်သူတွေအနေနဲ့ ကူညီလှူဒါန်းပေးဖို့ လွိုင်ကော် PDF က တိုက်တွန်းထားပါတယ်။


========================


📌📌 ၄။ အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ () ဦး ထိမှန် ဒါဏ်ရာရခဲ့တယ်လို့ KNU ထုတ်ပြန်


အောက်တိုဘာ ၁၆။


KNU - ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့တာကြောင့် တတန်ကူးကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ ဦးထွန်းအေး ထိမှန်ဒါဏ်ရာ ရရှိခဲ့တယ်လို့ KNU မှ သတင်းထုတ်ပြန်ထား ပါတယ်။


အောက်တိုဘာလ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၅ မိနစ်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက် လှိုင်ဝ အမြှောက်တပ် အမတ-၃၁၃  မှ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ရာ  ကျောက်စရစ်ကုန်းသို့ () လုံး၊ ဆင်ကုန်းသို့ () လုံး နှင့် တတန်ကူးကျေးရွာသို့ () လုံး ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် တတန်ကူးကျေးရွာမှ ဦးထွန်းအေးမှာ ညာဘက်ပေါင်ရင်း ကျည်စ ထိမှန် ဒဏ်ရာဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး ကျေးရွာများမှ အရပ်သား ပြည်သူ နေအိမ်များ ထိခိုက်ပျက်စီးကာ အိမ်မွေး တိရိစ္ဆာန် အချို့လည်း ကျည်စ ထိမှန် ဒဏ်ရာ ရခဲ့တယ်လို့ KNU က ဆိုပါတယ်။


ဒူးပလာယာ ခရိုင်အတွင်း ဝင်ရောက်လှုပ်ရှားနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်များက အရပ်သားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ နေအိမ်များအား ဝင်ရောက် မွှေနှောက် ဖျက်ဆီးပြီး ပစ္စည်းများယူဆောင်သွားခြင်း နဲ့ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ (သို့) ရမ်းသမ်းပစ်ခတ်ခြင်း တို့ကို နေ့စဥ်နဲ့အမျှ ကျူးလွန်လျှက် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။


 စစ်ကောင်စီတပ်က Geneva Convention နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု (War Crime) များကို နေ့စဥ်နဲ့အမျှ ကျူးလွန်လျှက် ရှိနေတယ်လို့လည်း KNU ရဲ့ သတင်း ထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။


========================


📌📌 ၅။ ကချင်ပြည်နယ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံ ပြည်သူများ တိမ်းရှောင်နေရပြီး အရေးပေါ် အကူအညီများလိုအပ်


အောက်တိုဘာ ၁၇။


ကချင်ပြည်နယ်ရှိ ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်း၊ ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခြင်းများ ဆက်တိုက် လုပ်ဆာင်နေတာကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်ပျက်စီးမှုများ ဖြစ်နေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ တစ်ပတ်ခန့် အတွင်းမှာတင် စစ်ကောင်စီတပ်က ကချင်ပြည်နယ် လိုင်ဇာအနီးရှိ မုန်လိုင်ခတ်ရွာနှင့် စစ်ရှောင်စခန်းကို ဗုံးကြဲတိုက်ခိုက်ခြင်း၊ မိုးမောက်မြို့နယ် လုံဂျွန်ယန်ရွာနှင့် ဒိန်ဂါယန်ရွာကို မီးရှို့ခြင်း၊ ဖားကန့်မြို့နယ် ကံဆီးဒေသကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။


ထို့အပြင် ဖားကန့်မြို့နယ် မအူပင်ရွာကိုလည်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်၍ နေအိမ် လုံးနှင့် ဘုရားကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီး ခဲ့ရတယ်လို့ Kachinwaves က ဖော်ပြထားပါတယ်။


မုန်လိုင်ခက်ရွာရှိ စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု အတွင်း ကလေးငယ်များ အပါအဝင် စစ်ရှောင်ပြည်သူ ၂၉ဦး သေဆုံးကာ ၅၇ ဦး ဒဏ်ရာရခဲ့ပြီး ဒေသခံ ပြည်သူများနဲ့ စစ်ရှောင်များရဲ့ နေအိမ် အများအပြား ပျက်စီးခဲ့ရပါတယ်။


မီးရှို့ခံခဲ့ရတဲ့ လုံဂျွန်ယန်ရွာနှင့် ဒိန်ဂါယန်ရွာများသည် ရွာငယ်များဖြစ်ပြီး ဒိန်ဂါယန်ရွာတွင် ဘုရားကျောင်းနှင့် စာသင်ကျောင်း အပါအဝင် နေအိမ် ၁၉ လုံး အနက် ၁၇ လုံး မီးရှို့ခံခဲ့ရပြီး လုံဂျွန်ယန်ရွာတွင် နေအိမ် ၂၀ ခန့်အနက် ၁၁ လုံး မီးရှို့ခံရတယ်လို့ ဒေသခံအချို့က ပြောပါတယ်။


ထိုသို့ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ဒိန်ဂါယန် တစ်ရွာလုံး ထွက်ပြေးတိမ်းရှောင် နေကြရပြီး ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်း များအပါအဝင် ဒေသခံ ရွာသူရွာသားများ ဒေါ့ဖုန်းယန် ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြရကာ အကူအညီများ လိုအပ်နေတယ် လို့ သိရပါတယ်။


ထို့အပြင် အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ဖားကန့် ကံဆီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ထိခိုက်မှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။


ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပြီး အရာရှိများအပါအဝင်သေဆုံးထိခိုက်မှုများခဲ့ပြီး စခန်းအချို့ အသိမ်းခံထားရကာ အထိနာနေသော စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ပိုမို ပြုလုပ်နေတာလည်း လည်းဖြစ်ပါတယ်။


========================


📌📌 ၆။ တီးတိန်မြို့နယ်အတွင်း PDF-Zoland နှင့် အုပ်ချုပ်ရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် လှည့်လည်တွေ့ဆုံ စည်းရုံးရေးဆင်းခဲ့


အောက်တိုဘာ ၁၇။


ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း ZFU/PDF Zoland ပအဖ နဲ့ ဌာနပေါင်းစုံမှ နယ်လှည့်ကွင်းဆင်း ခဲ့တယ်လို့ PDF Zoland က အောက်တိုဘာ ၁၅ ရက်နေ့ကသတင်းထုတ်ပြန် ထားပါတယ်။


အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ တီးတိန်မြို့နယ်ထဲက ပြည်သူတွေကို စည်းရုံးရေး ဆင်းခဲ့တာလို့ PDF Zoland တာဝန်ရှိသူက သတင်းဌာနတွေကို ဖြေကြားထားပါတယ်။


လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အခြေအနေနဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင်များရဲ့ လုပ်ဆောင်ချက်များကို ဒေသခံပြည်သူများအား ရှင်းလင်းဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ PDF-Zoland က ဆိုပါတယ်။


အောက်တိုဘာလ အစောပိုင်းကပဲ တီးတိန်မြို့အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ဒုတပ်ကြပ်အဆင့်ရှိသူ အပါအဝင် ရဲတပ်ဖွဲ့ဝင် ဦးကို PDF Zoland က ဖမ်းဆီးရမိ ထားပြီး ရဲနှင့်စစ်သား အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ မတိုင်ခင်မှာ CDM  ပူးပေါင်းပါဝင်ကြဖို့ PDF Zoland အဖွဲ့က ထုတ်ပြန်ထား ပါတယ်။


တီးတိန်မြို့နယ်မှာ မြို့ပေါ် ဧရိယာ ၄၀ ရာခိုင်နှုန်းနဲ့ မြို့ပြင် ဧရိယာ ၉၀ ရာခိုင်းနှုန်းထိကို ကာကွယ်ရေး တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။ 


ပြီးခဲ့တဲ့ စက်တင်ဘာလက ကန်ပက်လက်မြို့ အဝင်မှာ CDF (ကန်ပက်လက်) က ချင်းပြည်နယ် အလံနဲ့ ကာကွယ်ရေးတပ်ဖွဲ့ အလံလွှင့်ထူပြီး နယ်မြေစိုးမိုးထားနိုင်မှု အခြေအနေကို ထုတ်ပြခဲ့ပါတယ်။


========================


📌📌 ၇။ Civil Federal Movement (CFM) က ဘုတလင်မြို့နယ် နဲ့ ကနီမြို့နယ်မှာ ဖက်ဒရယ်သင်တန်းပို့ချ


အောက်တိုဘာ ၁၇။


Civil Federal Movement (CFM) က စစ်ကိုင်း ဖက်ဒရယ်ယူနစ် ဘုတလင်မြို့နယ် နဲ့ ကနီမြို့နယ်တွေရှိ ကျေးရွာအုပ်စု တစ်စုက ပြည်သူ ၁၀၀ ကျော်ကို ဖက်ဒရယ်သင်တန်းပို့ချခဲ့တယ်လို့ သိရပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်မှာ စစ်ရေးအခြေအနေအရ အကြမ်းဖက် စစ်ကောင်စီ မရှိတော့တဲ့ နယ်မြေများမှာ ဖက်ဒရယ်စနစ်အား ဘယ်လိုတည်ဆောက်ကြမလဲ လက်ရှိနွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးအခြေအနေက ဖက်ဒရယ်လမ်းကြောင်းဆီ ဦးတည်နေလား၊ ဦးတည်မှု မရှိဘူးလား၊ တော်လှန်ရေးရဲ့ နိုင်ငံရေးယန္တရားများက ဖက်ဒရယ်စနစ်အရ ဖွဲ့စည်းထားလား၊ မထားဘူးလား၊ ပြည်သူများရဲ့ ဖက်ဒရယ် ရည်မှန်းချက်များ အစရှိတဲ့ အကြောင်းအရာများကို ဆွေးနွေးတိုင်ပင်ရင်း ပြည်သူလူထုကို ဖက်ဒရယ်နိုင်ငံရေး စနစ်များအကြောင်း ရှင်းလင်းတင်ပြခဲ့တယ်လို့ဆိုပါတယ်။


ပြည်သူများအနေနဲ့ လူထုဖက်ဒရယ်လှုပ်ရှားမှု Civil Federal Movement (CFM) ကို CDM လှုပ်ရှားမှု ကဲ့သို့ တွင်ကျယ်စွာ လုပ်ဆောင်ရင်း ဖက်ဒရယ်စနစ်၊ ဖက်ဒရယ်နိုင်ငံသစ်အား အတူတကွ တည်ဆောက်ကြဖို့အတွက်လည်း တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့် မင်းစစ်‌ သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution 

Share:

No comments:

Post a Comment