၂၀၂၃ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ကြံစည်အားထုတ်မှုများသည် အကြမ်းဖက်မှုများသို့သာ ဦးတည်စေမှာဖြစ်တယ်လို့ “ပရာ့ဂ်ပန်ကြား ချက်”မှာ NUGဖော်ပြ
📌 ၂။ CRMH ၊ မကွေးတိုင်းလွှတ်တော်(၃)ရပ် ၊ ညှိနှိုင်းရေးမှုးများနှင့် မကွေးတိုင်းအတွင်းရှိ ကျန်းမာရေး CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး
📌 ၃။ သတင်းမီဒီယာသမားများအား ဖိနှိပ်ခြင်းနဲ့သတင်းသမားများအား စစ်တပ်မှ ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်မှ နိုင်ငံတကာ ငွေကြေးကွန်ယက် တိုးချဲ့နိုင်ဖို့ currency အသစ် ၆ မျိုးကို စတင် မိတ်ဆက်
📌 ၅။ သံဖြူဇရပ်မှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေထံ လာရောက်ခိုလှုံ၍ ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့
📌 ၆။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီး စစ်ဆေးရေးဂိတ်နဲ့ ဝမ်ပေါင်ရွာနဲ့ ကျုံလားရွာကြားတစ်နေရာမှာ စကစတပ်များနှင့် ကာကွယ်ရေးပူးပေါင်းတပ်များပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားရာ စကစဘက် မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် အကြမ်းဖက် စစ်သား ၂၇ ဦး သေဆုံးခဲ့
📌 ၇။ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ”ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ကြံစည်အားထုတ်မှုများသည် အကြမ်းဖက်မှုများသို့သာ ဦးတည်စေမှာဖြစ်တယ်လို့ “ပရာ့ဂ်ပန်ကြား ချက်”မှာ NUGဖော်ပြ
အောက်တိုဘာ၂၀ရက်
အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ကြံစည်အားထုတ်မှုများသည် အကြမ်းဖက်မှုများသို့သာ ဦးတည်စေမှာဖြစ်တယ်လို့ “ပရာ့ဂ်ပန်ကြား ချက်”မှာ NUGဖော်ပြပါတယ်။
အောက်တိုဘာလအတွင်း ပရာ့ဂ်မြို့ခရီးစဉ်အတွင်း ချက်သမ္မတနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Jan Lipavský နှင့် တွေ့ဆုံခဲ့ပြီး ဝန်ကြီးဒေါ်ဇင်မာအောင်မှ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ များနှင့် ဥရောပသမဂ္ဂသို့ “ပရာ့ဂ်ပန်ကြားချက်” ကိုပေးအပ်ခဲ့ပါတယ်။
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပသမဂ္ဂသို့ ပန်ကြားသည့် “ပရာ့ဂ်ပန်ကြား ချက်”တွင် မြန်မာနိုင်ငံမှာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပရမည့်အချိန်လည်း မဟုတ်ကြောင်းဖော်ပြထားပါတယ်။
ကျွန်ုပ်တို့၏ ခေါင်းဆောင်များသည် လွတ်လပ်၍ တရားမျှတမှုရှိသည်ဟု လွတ်လပ်စွာ သတ်မှတ်ခံထားရသည့် အထွေထွေရွေးကောက်ပွဲမှ ၎င်းတို့ထံ အပ်နှင်းထားသည့် ဒီမိုကရေစီလုပ်ပိုင်ခွင့်ကို ဆက်လက် ကျင့်သုံးသွားမှာ ဖြစ်ပါတယ်လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်တွင် ရွေးကောက်ပွဲကျင်းပရန် အခွင့်အာဏာ မရှိဘဲ ယင်းအချက်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့အပါအဝင် နိုင်ငံ၏မဲဆန္ဒရှင် ၈၀ ရာခိုင်နှုန်းကျော်ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီ (၄၀) ကို ဖျက်သိမ်းရန် အကြမ်းဖက်စစ်တပ်၏ ကြိုးပမ်းမှုတွင် ထင်ရှားတယ်လို့ဆိုထားပါတယ်။
ထို့ကြောင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များနှင့် နွေဦးတော်လှန်ရေးအင်အားစုများ အနေဖြင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရှိ မိတ်ဖက်များထံ တောင်းဆိုရာမှာ အကြမ်းဖက်စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲများ ကျင်းပရန် ကြံစည်အားထုတ်မှုများသည် အကြမ်းဖက်မှုများသို့သာ ဦးတည်စေပြီး၊ ဒေသတွင်း တည်ငြိမ်မှုအပေါ် ခြိမ်းခြောက်နိုင်သည်ကို သတိပြုကြရန်နှင့် လက်မခံကြရန်တို့ပါဝင်ပါတယ်။
========================
📌📌 ၂။ CRMH ၊ မကွေးတိုင်းလွှတ်တော်(၃)ရပ် ၊ ညှိနှိုင်းရေးမှုးများနှင့် မကွေးတိုင်းအတွင်းရှိ ကျန်းမာရေး CDM သူရဲကောင်းများ တွေ့ဆုံဆွေးနွေး
အောက်တိုဘာ ၂၀ရက်
အောက်တိုဘာလ (၂၀) ရက်တွင် မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRMH) ၊ မကွေးတိုင်းလွှတ်တော်(၃)ရပ် ၊ ညှိနှိုင်းရေးမှုးများနှင့် မကွေးတိုင်းအတွင်းရှိ ကျန်းမာရေးCDMသူရဲကောင်းများ ဗီဒီယိုကွန်ဖရင့်မှတဆင့်တွေ့ဆုံကာ ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးပွဲတွင် CRMH ဥက္ကဋ္ဌ ၊ ညှိနှိုင်းရေးမှုးများနှင့် CRMH အတွင်းရေးမှုးတို့က မကွေးတိုင်းလွှတ်တော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဥပဒေပြုရေးကိစ္စရပ်များ ၊ ဖက်ဒရယ်ယူနစ်ရေးရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး မကွေးတိုင်းအတွင်းရှိ ကျန်းမာရေး CDM သူရဲကောင်းများက မရှင်းလင်းသည့်အချက်များ ၊ ဖက်ဒရယ်ရေးရာကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်များအား ချမှတ်နိုင်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲကို ညနေ (၃:၂၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ သတင်းမီဒီယာသမားများအား ဖိနှိပ်ခြင်းနဲ့သတင်းသမားများအား စစ်တပ်မှ ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား
အောက်တိုဘာ၂၀ရက်
(၇၈) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ စတုတ္ထကော်မတီ၏ သတင်းအချက်အလက်နှင့် ပြန်ကြားရေးဆိုင်ရာဆွေးနွေးမှု၊ ဘာသာရပ်အစီအစဉ် (၅၈)တွင် သတင်းမီဒီယာသမားများအား ဖိနှိပ်ခြင်းနဲ့သတင်းသမားများအား စစ်တပ်မှ ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ အောက်တိုဘာ၁၉ရက်မှာ ပြောပါတယ်။
"ဆင်ဆာများချမှတ်ခြင်းနှင့် သတင်းဌာနများ ပိတ်သိမ်းခြင်း၊ တရားမဝင်အာဏာသိမ်း စစ်တပ်မှ တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ပြီး အွန်လိုင်းပလက်ဖောင်းများ အပါအဝင် သတင်းမီဒီယာများ၏ မှတ်ပုံတင်များကို ရုတ်သိမ်းခြင်းများ ပြုလုပ်ကြောင်း၊ ပြီးခဲ့သည့် လပေါင်း (၃၃) လ အတွင်း သတင်းဌာန (၁၃) ခု ရုတ်သိမ်းခံခဲ့ရကြောင်း၊ သတင်းမီဒီယာသမားများအား ဖိနှိပ်ခြင်း၊ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် မြေပြင် အခြေအနေမှန်များအား ထုတ်ဖော်သည့် သတင်းသမားများအား စစ်တပ်မှ ခြိမ်းခြောက်ဖမ်းဆီးခဲ့ကြောင်း"သံအမတ်ကြီးကပြောပါတယ်။
စစ်တပ်မှ ပြည်သူများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ကျူးလွန်မှုများကို ဖုံးကွယ်ရန် ကြိုးပမ်းမှုတွင် လွတ်လပ်သည့် သတင်းမီဒီယာဌာနများ ပစ်မှတ်ထားခံနေရကာအာဏာသိမ်းမှုဖြစ်ပွားပြီးနောက် သတင်းသမား (၁၅၆) ဦးဖမ်းဆီးခံခဲ့ရပြီး အချို့သတင်းသမားများအား သတ်ဖြတ်ခဲ့ ကြောင်း သံအမတ်ကြီးကဆိုပါတယ်။
========================
📌📌 ၄။ နွေဦးဖွံဖြိုးရေးဘဏ်မှ နိုင်ငံတကာ ငွေကြေးကွန်ယက် တိုးချဲ့နိုင်ဖို့ currency အသစ် ၆ မျိုးကို စတင် မိတ်ဆက်
အောက်တိုဘာ၂၀ရက်
အောက်တိုဘာ၂၀ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်မှ နိုင်ငံတကာ ငွေကြေးကွန်ယက် တိုးချဲ့နိုင်ဖို့ currency အသစ် ၆ မျိုးကို စတင်မိတ်ဆက်လိုက်ပါတယ်။
"မြန်မာနိုင်ငံရဲ့ ငွေကြေးစနစ် အစုံလင်ဆုံးဘဏ်ဆိုတဲ့ အတိုင်း ပြည်ပရောက် တော်လှန်ပြည်သူတို့ တောင်းဆိုမှုနဲ့ အတူ နိုင်ငံတကာ ငွေကြေးကွန်ယက် တိုးချဲ့နိုင်ဖို့ currency အသစ် ၆ မျိုးကို စတင် မိတ်ဆက် အကောင်အထည်ဖော်နေပြီပဲ ဖြစ်ပါတယ်။ နွေဦးဘဏ် ဝန်ဆောင်မှုစနစ်ထဲမှာ အသစ်ထပ်တိုးလာတဲ့ ငွေကြေးအမျိုးအစားတွေက Australian Dollar (AUD), Malaysian Ringgit (MYR), British Pound (GBP), Euro (EUR), Japan Yen (JPY), Korean Won (KRW) တို့ပဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
မကြာခင်မှာ currency အသစ်များနဲ့ စာရင်းသေအပ်ငွေ ဝန်ဆောင်မှု ပေးနိုင်ဖို့လည်း ကြိုးစားတိုးချဲ့သွားမှာပဲ ဖြစ်တယ်လို့ဆိုပါတယ်။
၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှ စပြီး နွေဦးဘဏ် ရဲ့ UAT Soft Launch (Private Beta) စမ်းသပ်ကာလကို စမ်းသပ်အသုံးပြုသူ အကန့်အသတ်ဖြင့် စတင်လည်ပတ်ခဲ့ရာယခုတွင် ရက်ပေါင်း (၈၀) ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
အဆိုပါ စမ်းသပ်ကာလ အတွင်း အသုံးပြုသူများနှင့် RMs များ၏ အကြံပေး ကူညီဝန်းရံမှုများကြောင့် ပြင်ဆင်မွမ်းမံမှုများနှင့် အဆင့်မြှင့်တင်မှုများကို စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ခဲ့ကာ ထိုမှတဆင့် တက်ပြီး လူတိုင်း သုံးနိုင်သည့် အခြေအနေ Full Launch အား စတင်တော့မှာလည်းဖြစ်ပါတယ်။
========================
📌📌 ၅။ သံဖြူဇရပ်မှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေထံ လာရောက်ခိုလှုံ၍ ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့
အောက်တိုဘာ ၂၀ ရက်
သံဖြူဇရပ်မှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေထံ လာရောက်ခိုလှုံ၍ ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ အောက်တိုဘာ၂၀ရက်မှာ ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း J.O.Cကအသိပေးဆိုပါတယ်။
"မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ CDM ပြုလုပ်ပြီး တောင်ညိုစစ်ကြောင်းကို ဆက်သွယ်ခိုလှုံခဲ့တယ်"လို့ဆိုပါတယ်။
ဖြစ်စဉ်မှာ သံဖြူဇရပ် မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ နယ်ထိန်း တပ်ကြပ် ထွန်းထွန်းလင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ရက်နေ့က Glock .38 mm ၁ လက်၊ .38 ကျည် ၅ တောင့်၊ ကျည်ကာ ၁ ခု၊ လက်ပစ်ဗုံး ၁လုံး၊ icon ၁ လုံး၊ ရဲဦးထုပ် ၁လုံး၊ ဓါး ၁ ချောင်း၊ ဖုန်း ၂ လုံး၊ လက်ထိပ် ၁ခုတို့နဲ့ KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တွေထံ လာရောက်ခိုလှုံခဲ့တာဖြစ်ပါတယ်။
နယ်ထိန်းထွန်းထွန်းလင်းဟာ ရဲတပ်ဖွဲ့အတွင်း အထက်အောက်ဖိနှိပ်တဲ့ဒဏ်ကို မခံနိုင်ခြင်းနဲ့ ပြည်သူတွေအပေါ် အနိုင်ကျင့်နှိပ်စက်တာကို မခံနိုင်တာကြောင့် အခုလို CDM ပြုလုပ် ခိုလှုံခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အခုလို လက်နက်နဲ့အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM ရဲတပ်ကြပ် ထွန်းထွန်းလင်းကို ဘတ်ငွေ ၂၀၀၀၀ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးတံတားကြီး စစ်ဆေးရေးဂိတ်နဲ့ ဝမ်ပေါင်ရွာနဲ့ ကျုံလားရွာကြားတစ်နေရာမှာ စကစတပ်များနှင့် ကာကွယ်ရေးပူးပေါင်းတပ်များပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားရာ စကစဘက် မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် အကြမ်းဖက် စစ်သား ၂၇ ဦး သေဆုံးခဲ့
အောက်တိုဘာ၂၀ရက်
အောက်တိုဘာ၂၀ ရက် မနက် ၇ နာရီမှာ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ MSRF တပ်ဖွဲ့နဲ့ ABSDF တပ်ရင်း ၁ တို့ ပူးပေါင်း ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အကြမ်းဖက် စစ်ကောင်စီ ရေးတံတားကြီး စစ်ဆေးရေးဂိတ်မှာ နေရာယူထားတဲ့ အကြမ်းဖက် စစ်သား အင်အား ၁၀၀ ဝန်းကျင်ကို တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြန်လည် ဆုတ်ခွာလာတဲ့အခါမှာ ရေးမြို့နယ်၊ ဝမ်ပေါင်ရွာနဲ့ ကျုံလားရွာကြားတစ်နေရာအရောက် အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၀၆ မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် အင်အား ၃၀ ဝန်းကျင်က ခြုံခိုတိုက်ခိုက်ခဲ့လို့ တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ခလရ ၁၀၆ မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် အကြမ်းဖက် စစ်သား ၂၇ ဦး သေဆုံးခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတုန်းမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၁ နဲ့ စကခ ၁၉ တပ်များအတွင်းကို ၈၁ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီတပ်ရင်းတပ်ဖွဲ့ဝန်းထဲမှာလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ဆီကနေ သေနတ်မျိုးစုံ စုစုပေါင်း (၁၃) လက်၊ ခဲယမ်း အများအပြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။
သိမ်းဆည်းရမိတဲ့ လက်နက်များမှာ MA10/RPG - (၁) လက်၊ MA 3- (၂)လက်၊ MA1- (၄) လက်၊ MA4- (၁) လက်၊ MA2- (၂) လက်၊ ၆၀ မမ စိန်ပြောင်းအတို (၁) လက်၊ ၄၀ မမဗုံးသီး (၂၄) လုံး၊ RPG ဗုံးသီး -(၅) တောင့်၊ RPG ပို့ယမ်း (၄) တောင့်၊ အီနာဂါဗုံးသီး (၁၉)တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ နင်းမိုင်း (၄) လုံး၊ 5.56 box (၃၄)ခု၊ စက်လက် box (၁) ခု၊ ပစ္စတို (၂) လက်၊ အတိုကျည် box -(၃) ခု၊ 9 mm ကျည် (၁၈) တောင့်၊ 5.56 ကျည် (၁၃၆၇) တောင့်၊AK ကျည် (၁) တောင့်၊ လက်ကိုင်ဖုန်း (၇) လုံး၊ ဆက်သွယ်ရေးစက် icon (၂) ခု၊ Icon two way Radio (၃) လုံး တို့ ဖြစ်ပါတယ်။
========================
📌📌 ၇။ “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက် ”ဘန်နာကိုင်စွဲကာ လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှား
အောက်တိုဘာလ ၂၀ ရက်
အောက်တိုဘာ၂၀ရက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)က ဦးဆောင်ပြီး လောင်းလုံးမြို့နယ်ထဲမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
လှုပ်ရှားမှုမှာ အကြမ်းဖက်စစ်တပ်ပိုင် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်း(၈)မျိုးကို ပြည်သူလူထုတရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြဖို့ လှုံ့ဆော်တဲ့အနေနဲ့ ‘ဖက်ဆစ်ဝင်ငွေ ဖြတ်တောက်၊ ပြည်သူ့ဘဏ္ဍာ တည်ဆောက်’ဆိုတဲ့ ဘန်နာနဲ့ လှုပ်ရှားခဲ့ကြပါတယ်။
‘ဘဏ္ဍာရေးစစ်မျက်’ လှုပ်ရှားမှုရဲ့ ဒုတိယခြေလှမ်းအနေနဲ့ ရွေးချယ်ထားတဲ့ စစ်တပ်ပိုင် ကုန်ပစ္စည်းတချို့နဲ့ ဝန်ဆောင်မှုလုပ်ငန်း(၈)မျိုးကတော့-
၁။ အောင်ဘာလေ ထီ
၂။ နန်းမြိုင် တံဆိပ် ကော်ဖီမျိုးစုံ
၃။ ရွှေဖီဦး တံဆိပ် အသင့်ဖျော် လက်ဘက်ရည်၊ လီမွန်တီး
၄။ ရွှေမန်းသူ အမြန်ကားလိုင်း
၅။ ရွှေမြိုင်သူ အမြန်ကားလိုင်း
၆။ ပုသိမ်သူ အမြန်ကားလိုင်း
၇။ သန်မြန်သူ အမြန်ကားလိုင်း
၈။ ရှမ်းမလေး အမြန်ကားလိုင်းတို့ပဲ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment