25th OCT 2023 - Evening Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၅ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ KIO ခေါင်းဆောင်ကြီးများဦးဆောင်ကာ တိုင်းရင်းသားအင်းအားစုများနှင့်လက်တွဲဆောင်ရွက်နေတဲ့အတွက် မကြာမီ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို ရောက်ရှိမည်ဟု NUG ထုတ်ပြန်

📌 ၂။ ပြည်သူအချင်းချင်း ဖေးမကူညီခြင်းဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ရေး မြှင့်တင်ပေးကြရန် ဝန်ကြီးချုပ် တိုက်တွန်း

📌 ၃။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရေဒီယို(NUG) အဖွဲ့တို့ တွေ့ဆုံဆွေးနွေး

📌 ၄။ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု သက်သေများ သံတမန်များထံ ပေးပို့ထားဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြား

📌 ၅။ မံစီမြို့ အင်ခန်းကောင်စခန်းကို KIA က ထိုးစစ်ဆင် တိုက်ခိုက်

📌 ၆။ သိန္နီမြို့နယ်မှာ စစ်တပ်ကပစ်ခတ်သောလက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကိုယ်ဝန်ပျက်ကျ၊ ပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ KIO ခေါင်းဆောင်ကြီးများဦးဆောင်ကာ တိုင်းရင်းသားအင်းအားစုများနှင့်လက်တွဲဆောင်ရွက်နေတဲ့အတွက် မကြာမီ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု နိုင်ငံတော်သစ်ကို ရောက်ရှိမည်ဟု NUG ထုတ်ပြန်


ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ(KIO)မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင် ကာ အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေသည့်အတွက် မကြာမီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတော်သစ်သို ရောက်ရှိနိုင်တော့မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်လိုက်ပါတယ်။


ယနေ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာကျရောက်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ -KIO ဖွဲစည်းတည်ထောင်ခြင်း ၆၃ နှစ် ပြည့် အခမ်းအနားသို့ပေးပိုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့သဝဏ်လွှာမှာ ဖော်ပြထားတာပါ။

ယခုပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့-KIO မှ ကချင်အမျိုးသား ခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများအပါအဝင် အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစု များနှင့် လက်တွဲဆောင်ရွက်နေသည့်အတွက် မကြာမီအနာဂတ်ကာလများတွင် ကချင်အမျိုးသားတို့ လိုလားတောင့်တ နေကြသည့် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အပြည့်အဝ အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်ပါကြောင်းနှင့် လွတ်မြောက်ရေး ကြိုးပမ်းမှုအတွင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြသည့် ကချင်တိုင်းရင်းသားများအားလုံးအတွက် ဦးညွှတ်အလေးပြုပါကြောင်း လည်း ဖော်ပြထားတာပါတယ်။


ကချင်လွတ်လပ်ရေးအဖွဲ့ KIO အနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်အပြတ်ချေမှုန်းပြီး ပင်လုံကတိဝတ်ကိုအခြေခံတဲ့ ဖက်ဒရယ်နိုင်ငံတော်တည်ဆောက်နိုင်ရေး စစ်ကောင်စီကိုတော်လှန်နေတဲ့ အဖွဲအစည်းများအားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေတယ်လို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကလည်း ယနေ့ကျရောက်တဲ့ KIO တည်ထောင်ခြင်း ၆၃ နှစ်မြောက်နေ့မှာပြောကြားထားပါတယ်။


========================


📌📌 ၂။ ပြည်သူအချင်းချင်း ဖေးမကူညီခြင်းဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ရေး မြှင့်တင်ပေးကြရန် ဝန်ကြီးချုပ် တိုက်တွန်း


အကြမ်းဖက်စစ်ကောင်စီရဲ့ရက်စက်ယုတ်မာမှုတွေကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေကြရတဲ့ပြည်သူများအနေနဲ့ အချင်းချင်း ဖေးမကူညီခြင်းဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ရေး မြှင့်တင် ပေးကြရန် ဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။

ပြည်သူတွေဟာ အကြမ်းဖက် စစ်အုပ်စုရဲ့ မတရား ဖိနှိပ် အုပ်ချုပ်မှုဒဏ်ကို အလူးအလဲ ခံနေကြရတဲ့ အပြင် လူမှုစီးပွားရေး ခက်ခဲကြပ်တည်းမှုဒဏ်ကိုပါ အကြီးအကျယ်ခံနေကြရပါတယ်။ အချို့နေရာမှာ မြွေပူရာကင်းမှောင့်ဆိုသလို သဘာဝဘေးဒဏ်ရဲ့ ထုထောင်းမှုဒဏ်ကိုပါ ခံနေကြရပါတယ်။ အထွေထွေ ခက်ခဲကျပ်တည်းမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေများစွာရှိနေပါတယ်။

ဒီလို ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခက်ခဲလျက်ရှိကြတဲ့ ပြည်သူတွေကို ကူညီစောင့် ရှောက်မယ့်သူဟာ ပြည်သူမှတပါးအခြားမရှိနိုင်ပါ။ ဒီစစ်ခွေးတွေရဲ့လူမဆန်တဲ့ လုပ်ရပ်တွေကြောင့် အရာရာတိုင်းမှာ ခက်ခဲစွာ ရုန်းကန်နေကြရတာ၊ လုံခြုံလွတ်လပ်မှု မရှိကြတာကို နားလည်ပါတယ်။ ဒါပေမယ့် တစ်စုံတစ်ရာ အဆင်ပြေတဲ့သူတွေက အဆင်မပြေတဲ့သူတွေကို စာနာမျှဝေပေးကြပါ။ ထောက်ပံ့ကူညီပေးကြပါ။ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်ဆိုင်ရာ အားပေးခြင်းတို့ကိုလည်း ပြုလုပ်ပေးကြပါ။ ပြည်သူမှ ပြည်သူချင်း နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်းတို့ဖြင့် ပြည်သူလူထုရဲ့ ကြံ့ကြံ့ခံ ရပ်တည်နိုင်ရေးကို မြင့်တင်ပေးကြပါလို့ တိုက်တွန်းထားပါတယ်။


ဖက်ဆစ်တပ်ရဲ့ ဖိနှိပ်ရက်စက် ဖြိုခွင်းမှုတွေကြားကနေ နွေဦးတော်လှန်ရေးမှာ ပြည်သူလူထုတရပ်လုံး ကြံ့ကြံ့ခံတိုက်ပွဲဝင်နေကြတာဟာ အောက်တိုဘာလ ၂၉ ရက် (သီတင်းကျွတ်လပြည်နေ့) ဆိုရင် ရက်ပေါင်း (၁၀၀၀) တိတိ ပြည့်မှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ် မန်းဝန်းခိုင်သန်းက တိုက်တွန်းပြောကြား လိုက်လည်လည်း ဖြစ်ပါတယ်။ 


ပြည်သူတွေရဲ့ ပါဝင်မှု၊ ပေးဆပ်မှု၊ ကူညီဝန်းရံမှုနှင့် စိတ်ခွန်အားတွေသာမရှိရင် ဒီအချိန်ထိ ကြံ့ကြံ့ခံ ရပ်တည်ဖို့မလွယ်ကူနိုင်သလို ရှေ့ဆက်ရမယ့် မျှော်လင့်ချက်လည်းရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီလို တော်လှန်ရက် (၁၀၀၀) အထိ ကြံ့ကြံ့ခံနိုင်ဖို့ ပြည်သူတွေဟာ အသက်၊ သွေး၊ ချွေး၊ အိုးအိမ်စည်းစိမ်တွေ နဲ့ ဘဝပေါင်းများစွာကိုစတေးပြီး အရင်းအနှီး ကြီးကြီးမားမား ပေးဆပ်နေကြတဲ့အပေါ် လေးလေးနက် နက် ဦးညွှတ်ဂုဏ်ပြုရပါတယ်။ အကြိမ်ကြိမ် အခါခါလည်း ဂါရဝပြုလိုက်ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။


========================


📌📌 ၃။ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရေဒီယို(NUG) အဖွဲ့တို့ တွေ့ဆုံဆွေးနွေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်သည် ရေဒီယို(NUG)  အသံလွှင့်အစီအစဉ် များတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများနှင့် တွေ့ဆုံပွဲကို Zoom Meeting မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အောက်တိုဘာလ ၂၃ ရက်နေ့မှာ ကျင်းပပြုလုပ်သော အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဝန်ကြီးနှင့်တကွ ရေဒီယို(NUG) မှ တာဝန်ခံခေါင်းဆောင်များ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ အတွင်းဝန်များ၊ ရေဒီယို(NUG) အသံလွှင့်အစီအစဉ်များတွင် နေ့စဉ်တာဝန် ထမ်းဆောင်လျက်ရှိသည့် CDMer ဝန်ထမ်းများ၊ အနုပညာရှင်အတတ်ပညာရှင် Volunteerများ အသီးသီးတက်ရောက်ပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ ရေဒီယို (NUG) သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစလို့ စစ်အုပ်စုရဲ့ သတင်းအမှောင်ချခံရခြင်းနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်မှာ စတင်ဖွဲ့စည်းပေါ် ပေါက်လာတာဖြစ်ပါတယ်။ ရေဒီယို(NUG) မှာ အစီစဉ်ကဏ္ဍပေါင်းစုံပါဝင်ပြီး အခုကဲ့သို့ ပြည်ထောင်စုဝန်ကြီးနှင့် မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးဖြစ်သည်မှာ တော်လှန်ရေး နှစ်နှစ်ကျော် ကာလတွင်း တတိယကြိမ်မြောက်ဖြစ်တယ်လို့ သိရပါတယ်။


တွေ့ဆုံပွဲတွင် ဝန်ကြီးကပြောကြားသည်မှာအစီအစဉ်ပေါင်းစုံအတွက် ကဏ္ဍအလိုက်တာဝန်အသီးသီးကို နေ့စဉ်တာဝန်ကျေကြသော ဝန်ထမ်းများနဲ့ ယခုလိုတွေ့ဆုံခွင့်ရသည်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ မိမိအနေဖြင့်လည်း အခြားသော ဆက်သွယ်ရေးတာဝန်များတွင် အချိန်ပေး၍ တာဝန်များကို ထမ်းဆောင်လျက်ရှိသည့်အတွက် ယခုလို ရေဒီယိုဝိုင်းတော်သားများနဲ့ ကြာကြာမှတခါတွေ့နိုင်ခြင်းဖြစ်ကြောင်း၊ အခုလို မျက်နှာစုံညီတွေ့ဆုံရသည်မှာ နွေးထွေးပျော်ရွှင်မှုကိုခံစားရပြီး နောက်များမကြာမီ သုံးလေးလအတွင်း နောက်ထပ်တကြိမ်ထပ်မံတွေ့ဆုံလိုကြောင်းထည့်သွင်းပြောကြားပါတယ်။ ရေဒီယို(NUG) အဖွဲ့သူအဖွဲ့သားများအားလုံးကလည်း ဝန်ကြီးနှင့်အခုလိုတွေ့ဆုံခွင့်ရသည့်အပေါ် ဂုဏ်ယူဝမ်းမြောက်ရှိလျက် အသီးသီးမိတ်ဆက်စကားပြောကြားကြပါတယ် ထို့သို့ပြောကြားပြီးနောက် ဝန်ကြီးကရေဒီယို(NUG) အနေနဲ့  ခေတ်နဲ့လျော်ညီစွာ တိုးတက်မှုများ ပြုပြင်ပြောင်းလဲသင့်သည်များကို ဝိုင်းဝန်းကြံဆကြရင်း အစီအစဉ်ကောင်းများ ထပ်မံတိုးချဲ့ခြင်းလုပ်ငန်းများ လိုအပ်ပါတယ် ထိုသို့ ရှေ့ဆက်နိုင်ရန်အတွက် ဆွေးနွေးလိုသည်များကို ပွင့်လင်းစွာ ဆွေးနွေးဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ ရေဒီယို(NUG) အဖွဲ့မှ ဝန်ထမ်းများကလည်း ပြန်လည်ဆွေးနွေးရာတွင်မိမိတို့ရေဒီယိုအနေဖြင့် ရေဒီယိုလေလှိုင်းပေါ်မှ အသံလွှင့်ခြင်းအပြင်  အများစုသတင်းစောင့်ကြည့်မှုများပြားသည့် facbook , youtube  စသော ပလက်ဖောင်းများတွင် ခေတ်မီသော အပြင်အဆင် တင်ဆက်မှုများဖြင့် ပရိသတ်ထံ တင်ပြရန်လိုမည်ဖြစ်ကြောင်းဆွေးနွေးသွားပါတယ်။ ဝန်ကြီးကဆွေးနွေးပြီးနောက်မှာ ရေဒီယို(NUG)  တာဝန်ခံများကလည်း ပြုပြင်ပြောင်းလဲသင့်သည်များကို အမြန်ဆုံးပြုလုပ်နိုင်ရန် အသေးစိတ်တွေ့ဆုံဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်ဖြစ်ကြောင်း ဖြေကြားသွားပါတယ်။


ထို့နောက် ဝန်ကြီးက နိဂုံးချုပ်စကားပြောကြားရာမှာ တွေ့ဆုံဆွေးနွေးပွဲကို မကြာမကြာ တွေ့ဆုံလိုစိတ်ရှိပြီး ထပ်မံတွေ့ဆုံနိုင်အောင်လည်း ကြိုးစားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့မြေပြင်အဖွဲ့များနဲ့ တိုက်ရိုက်ဆွေးနွေးရသည်မှာ လုပ်ငန်းပိုင်းဆိုင်ရာ ပိုပြီးထိရောက်မှုရှိသည်ဟု ထင်မြင်ပြီး အစီအစဉ်များ ပိုမိုအောင်မြင့်ဖို့အရေး အထောက်အပံ့ကောင်းဖြစ်သည်ဟု ယုံကြည်မိပါကြောင်း ပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ပါတယ်ခင်ဗျာ။


========================


📌📌 ၄။ မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု သက်သေများ သံတမန်များထံ ပေးပို့ထားဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ပြောကြား


အောက်တိုဘာ ၂၅။


ကလေးငယ်များ အပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦး သေဆုံးခဲ့ပြီး ၅၇ ဦးထက်မနည်း ဒဏ်ရာရခဲ့သည့် မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှု သက်သေများကို သံတမန်များထံ ပေးပို့ထားတယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားလိုက်ပါတယ်။


မုန်လိုင်ခက် စစ်ရှောင်စခန်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး ဓာတ်ပုံအထောက်အထားများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီ ဦးဆောင်သည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) နှင့် တရုတ် အထူး- ကိုယ်စားလှယ် အပါအဝင် သံတမန်အချို့အား ယခု ရက်ပိုင်းအတွင်း တင်ပြပေးပို့ခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ ပြောကြားချက် သတင်းကို RFA မှာ ဖော်ပြထားပါတယ်။


အဓိကတော့ ဒီပေါက်ကွဲမှု ဗုံးကျတဲ့နေရာပေါ့။ အဲဒီမှာ စစ်ရေးဆိုင်ရာ ဘာမှမရှိဘူးဆိုတာ ကို အဓိကပြတဲ့ အနေအထားပါဟု ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က RFA သတင်းဌာနကို ပြောထားပါတယ်။


ထို့အပြင် ပေါက်ကွဲမှုအပြီး နောက်တနေ့ နံနက်တွင် စစ်ကောင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ သူများကို ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ကြောင်း KIA က ကြားဖြတ် ဖမ်းယူရရှိတဲ့ သတင်းများအရ သိခဲ့ရပြီး အဲ့ဒီ အချက်ကိုလည်း နိုင်ငံတကာ သံတမန်များကို အသိပေးခဲ့ တယ်လို့ ဆိုပါတယ်။


ကြားဖြတ်ဖမ်းယူ ရရှိသည့် သတင်းဖြစ်သောကြောင့် ခိုင်မာတဲ့ သက်သေတစ်ခုအဖြစ် ပြောဆိုရင် ခက်ခဲသော်လည်း တပ်တွင်း ဖရဲသီးများမှ ပေးပို့တဲ့ အချက်အလက်များနဲ့ ကိုက်ညီမှု ရှိတာကို တွေ့ရတယ်လို့ KIO က ပြောပါတယ်။


အဆိုပါ မုန်လိုင်ခက် စစ်ရှောင်စခန်းကို ထိမှန်အောင် ပစ်ခတ်ခဲ့သည့် ဘွမ်ရယ်တောင် အမြောက်တပ်ဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်က အောက်တိုဘာ ၁၀ ရက် တွင် ဆုငွေ ကျပ်သိန်း ၃၀ ပေးအပ်ခဲ့တာကို ဖရဲသီးထံမှတဆင့် ကချင်စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပေါက်ကွဲမှုဖြစ်ပြီး ရက်ပိုင်းအတွင်း သတင်းပေးပို့ခဲ့တယ်လို့ People’s Spring ကလည်း ဆိုထားပါတယ်။


========================


📌📌 ၅။ မံစီမြို့ အင်ခန်းကောင်စခန်းကို KIA က ထိုးစစ်ဆင် တိုက်ခိုက်


အောက်တိုဘာ ၂၅။


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောကြားခဲ့ပါတယ်။


အောက်တိုဘာ ၂၄ ရက်နေ့ မနက်ပိုင်းမှ စတင်ပြီး ဗန်းမော်ခရိုင် မံစီမြို့နယ်ရှိ စစ်ကောင်စီရဲ့ အင်ခန်းကောင်စခန်းကို KIA က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


အဲဒီ မံစီဘက်က ဖြစ်တဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့တော့ ကျနော်တို့ အဆက်အသွယ်မရဘူး။ ဖုန်းလိုင်းလည်း မရှိဘူး။ တိုက်ပွဲဖြစ်တယ် ဆိုတာကတော့ အတည်ပြု ပြောလို့ရပါတယ်။ ဒါပေမဲ့ မြေပြင်က အခြေအနေတွေကိုတော့ အခုထက်ထိ ကျနော်တို့ ဘာမှ သတင်းမရသေးပါဘူး။ စုံစမ်းနေဆဲပဲ ဖြစ်ပါတယ်ဟု ဗိုလ်မှူးကြီးနော်ဘူက အောက်တိုဘာ ၂၄ ရက်နေ့ ညပိုင်းမှာ ပြောကြားခဲ့တာပါ။


ကချင်ဒေသတွင်း သတင်းဌာန အချို့ကတော့ မံစီ အင်ခန်းကောင်စခန်းကို KIA က သိမ်းပိုက် လိုက်ပြီလို့ ဖော်ပြနေကြတာတွေ ရှိပါတယ်။


KIA အနေဖြင့် အောက်တိုဘာ ၁၈ရက်မှစ၍ စစ်ကောင်စီတပ်၏ တပ်စခန်းသိမ်း တိုက်ပွဲများကို ဆင်နွှဲလျက်ရှိပြီး မိုးမောက် အောင်ဂျာ စစ်ကောင်စီစခန်းကို အောက်တိုဘာ ၂၀ ရက် တွင်လည်းကောင်း၊ မူဆယ်မြို့နယ် မုံးကိုးဒေသ ဝိန်းလားတောင်တပ်စခန်းကို အောက်တိုဘာ ၁၉ ရက် နဲ့ ရွှေကူမြို့နယ် ငဘတ်ကြီးစခန်းကို အောက်တိုဘာ ၁၈ ရက်တို့မှာ တိုက်ခိုက်သိမ်းပိုက် ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။


တပ်စခန်းသိမ်း တိုက်ပွဲများအနက် ဗျူဟာမြောက် အောင်ဂျာစခန်း သိမ်းပိုက်နိုင်ခြင်းကြောင့် နမ့်ဆန်ယန်ဒေသ တစ်ခုလုံး လွတ်မြောက်သွားပြီလို့ ပြောလို့ရကြောင်း နဲ့  စစ်ကောင်စီအနေဖြင့် အဆိုပါ တပ်စခန်းကို ပြန်ရရန် မလွယ်ကူတော့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။


လက်ရှိတွင် မြစ်ကြီးနား - ဗန်းမော် ကားလမ်းတလျှောက် စစ်ကောင်စီတပ်စခန်း ခု ကျန်ရှိ နေသေးပေမယ့် လူအင်အား သိပ်မရှိတော့ဘူးလို့ အဆိုပါ သတင်းရင်းမြစ်ရဲ့ ပြောကြားချက် အရ သိရပါတယ်။


========================


📌📌 ၆။ သိန္နီမြို့နယ်မှာ စစ်တပ်ကပစ်ခတ်သောလက်နက်ကြီးကျည်ထိမှန်မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး ကိုယ်ဝန်ပျက်ကျ၊ ပြည်သူ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရ 


ရှမ်းပြည်နယ်မှာရှိတဲ့ သိန္နီမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ကပစ်ခတ်ခဲ့သောလက်နက်ကြီး ကျည်စထိမှန်မှုကြောင့် အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတဦး ကိုယ်ဝန်ပျက်ကျခဲ့ပြီး ဒေသခံတထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရ တယ်လို့ ရှမ်း လူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ပါတယ်။ 

သိန္နီမြို့နယ်မှာ အောက်တိုဘာလ ရက်နေ အောက်တိုဘာလ ၁ဝ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီနှင့် ကချင် လွတ်မြောက်ရေးတပ်မတော် KIA အကြမ်းဖက်စစ်ကောင်စီနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ကြား နေ့စဉ် တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အောက်တိုဘာလ ရက်နေ့ နံနက် ၁ဝ နာရီ ၄၅ မနစ်ခန့်က ကွန်ကောက်ကျေးရွာမှာ အကြမ်းဖက်စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ခဲ့တာမှာ အကြမ်းဖက်စစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ကောင်းချို ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးရဲ့ နောက်ကျောကို လက်နက်ကြီးစထိမှန်ခဲ့တယ်လို့ သိရပါတယ်။

လက်နက်ကြီးစထိမှန်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို လာရှိုးဆေးရုံပို့ဆောင်ပြီးဆေးကုသမှုခူံယရာမှာ လက်နက်ကြီးကျည်စကို ဖယ်ထုတ်နိုင်ခဲ့ပေမယ့် သူလွယ်ထားရတဲ့ ကလေးငယ်သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကွန်ကောက်ကျေးရွာဘုန်းကြီးကျောင်းနဲ့ ရွာမြောက်ဘက်မှာရှိတဲ့ ဘုရားကုန်မှာ လက်ရှိအချိန်အထိ တပ်စွဲထားဆဲဖြစ်တယ်လို့လည်း သိရပါတယ်။    

တိုက်ပွဲဖြစ်ရာဒေသဟာ သိန္နီမြို့နဲ့ ချင်းရွှေဟော်ကိုဆက်သွယ်ထားတဲ့ မြန်မာ-တရုတ် အဓိကကုန်သွယ်ရေး စင်္ကြန်လမ်းမကြီးတခုဖြစ်တယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment