27th OCT 2023 - Morning Daily News by Radio NUG


၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏  ဝန်ကြီးဌာန Websites များကို DDOS Attack ပြုလုပ်လာမှုများကို အချိန်မီ သိရှိကာကွယ်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်

📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၄။ အက်စတိုးနီးယားနိုင်ငံ တာလင်းမြို့ မှာ ကျင်းပတဲ့ Open Government Parternship  Summit မှာ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးမှ အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပါဝင်တက်ရောက်ခဲ့

📌 ၅။ စဥ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်တို့မှ အရပ်သားငါးဦးကို စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များက သတ်ဖြတ်သွားခဲ့

📌 ၆။ နောင်ချိုမြို့နယ် အုမ္မခါးအနီး စစ်ကောင်စီတပ်နှင့် TNLA PDFပူးပေါင်းတပ်များ တိုက်ပွဲ ပြင်းထန်

📌 ၇။ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့မနက် ကာကွယ်ရေးတပ်များတိုက်ခိုက်၍ လေးဦးသေဆုံးကာသေနတ်တစ်လက်သိမ်းဆည်းရမိ

📌 ၈။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA) မှ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စကစနှစ်ဦးသေဆုံး

📌 ၉။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဒါးပိန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအား တာဝေးပစ်ရှော့ဒုံးများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ်တက်ရောက်


အောက်တိုဘာလ  ၂၆  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၄၃/၂၀၂၃) ကို အောက်တိုဘာ၂၆ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၄၂/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၏  ဝန်ကြီးဌာန Websites များကို DDOS Attack ပြုလုပ်လာမှုများကို အချိန်မီ သိရှိကာကွယ်နိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်


အောက်တိုဘာလ ၂၆ ရက်။

NUG အစိုးရ၏  ဝန်ကြီးဌာန Websites များကို DDOS Attack ပြုလုပ်လာမှုများကို အချိန်မီ သိရှိကာကွယ်နိုင်ခဲ့တယ်လို့ အောက်တိုဘာ၂၆ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ  ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၏ ဝန်ကြီးဌာန Websites များကို ပြည်ပ () နိုင်ငံ ရုရှား၊ ယူကရိန်း၊ တရုတ်နိုင်ငံများမှ အခြေပြုကာ  DDOS Attack ပြုလုပ်ခဲ့ပါတယ်။  အဆိုပါ Cyber Attack များကို စတင် attack ပြုလုပ်ခံရသည်နှင့်တပြိုင်နက် ချက်ချင်းသိရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ  IT & Cyber Security Team မှ Alarm System ကိုကြိုတင် ပြုလုပ်ထားနှင့်ပြီး ဖြစ်ပါတယ်။ ထိုသို့ တင်ကြိုကာကွယ်မှုများကြောင့် ယခုကြုံတွေ့ခဲ့ရသော DDOS Attack ကိုလည်း လိုအပ်သော ကာကွယ်တားဆီးမှုများ လုပ်ဆောင်နိုင်ခဲ့ပါတယ်လို့ဆိုပါတယ်။


ယခုကဲ့သို့ တစ်လတစ်ကြိမ်နီးပါး DDOS Attack များကို ရင်ဆိုင်နေရသော်လည်း ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်ထားသောကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ၏ Websites များအပေါ် အကျိုးသက်ရောက်စေမှု (impact) တစုံတရာ မရှိခဲ့ဘူးလို့ဆိုပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ  ဆက်သွယ်ရေး  သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့  နည်းပညာပိုင်းဆိုင်ရာတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရန် အထူးအလေးပေးဆောင်ရွက်လျက်ရှိပြီး ယခုလတ်တလောအခြေအနေတွင် ရုရှား၊ တရုတ်နှင့် ယူကရိန်းနိုင်ငံတို့တွင်ရှိသော မြန်မာနိုင်ငံသားများအနေဖြင့် NUG Websites များကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိပါကြောင်းနှင့် ထို နိုင်ငံကို IT and Cyber Security ဌာနမှ ယာယီပိတ်ထားတယ်လို့ဖော်ပြပါတယ်။


ထို့အတူ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ သက်ဆိုင်ရာ Cyber security အဖွဲ့များအနေဖြင့်လည်း ယခုလို ဖက်ဆစ်စစ်တပ်၏ နည်းပညာ အကြမ်းဖက်မှုတွေကို သတိရှိကြပါရန် နှင့် အာဏာသိမ်းစစ်ကောင်စီဘက်တော်သား IT အဖွဲ့အစည်းများ၏  ငွေကြေးအမြောက်အများကုန်ကျခံ တိုက်ခိုက်နေမှုများကို သိသိချင်း  အမြန်ဆုံးဖော်ထုတ် သတင်းပေးခြင်းဖြင့် ကူညီပေးကြပါရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


အောက်တိုဘာ၂၆  ရက်

ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေး(/၂၀၂၃)ကို အောက်တိုဘာ၂၆ရက်မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူးအဖွဲ့ဝင်၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်ကိစ္စရပ်များ၊ လိုအပ်ချက်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးကြကာ ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပါတယ်။


အဆိုပါအစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့များမှ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ အက်စတိုးနီးယားနိုင်ငံ တာလင်းမြို့ မှာ ကျင်းပတဲ့ Open Government Parternship  Summit မှာ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးမှ အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပါဝင်တက်ရောက်ခဲ့


အောက်တိုဘာ၂၆

အက်စတိုးနီးယားနိုင်ငံ တာလင်းမြို့မှာ ကျင်းပတဲ့ Open Government Parternship  Summit မှာ လျှပ်စစ်နှင့်စွမ်းအင် ဒုဝန်ကြီးမှ အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပါဝင်တက်ရောက်ခဲ့ပါတယ်။


အောက်တိုဘာ၂၆ရက်မှာ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကပြောပါတယ်။


"စက်တင်ဘာ နဲ့ ရက်မှာ အက်စတိုးနီးယားနိုင်ငံ တာလင်းမြို့မှာ ကျင်းပတဲ့ Open Government Parternship  Summit မှာ National Unity Government of Myanmar Ministry of Electricity and Energyအမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုပါဝင်တက်ရောက်ခဲ့ ပါတယ်။ Open Government Partnerhsip ဟာ ကမ္ဘာတဝန်းက အစိုးရများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများက အဖွဲ့ ဝင် အဖြစ်ပါဝင်ပြီး အစိုးရအုပ်ချုပ်မှု စံနှုန်းများ ပွင့်လင်းမြင်သာ အဂတိကင်းရေးအတွက် ကမ္ဘာတဝှန်းက စံနမူနာကောင်းများကို အချင်းချင်း ပြန်လည် ဝေမျှကျတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


လက်ရှိမှာတော့ မြန်မာနိုင်ငံဟာအဖွဲ့ဝင်နိုင်ငံ မဖြစ်သေးပေမယ့်၊ ဒီမိုကရက်တစ်နိုင်ငံ အများစုရဲ့ ဥပမာတွေဟာ နိုင်ငံတည်ဆောက်ရေးအတွက် အသုံးဝင်တယ်လို့သိရပါတယ်။


"နွေဦးတော်လှန်ရေးမှာလည်း နည်းပညာကိုအသုံးပြုပြီး တော်လှန်ရေး ဘက်တော်သားများအနေနဲ့ရော၊အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ပါ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုများကို သာမန်စဥ်းစားပုံဘောင်ထဲကနေမဟုတ်ပဲ ဖောက်ထွက် လုပ်ဆောင်နေမှုများကိုလည်း ဆွေးနွေးတင်ပြဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် တော်လှန်ရေး ရံပုံငွေရှာဖွေမှုတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ တမူဆန်းသစ်တဲ့ အခွန်နဲ့ တော်လှန်ရေးရံပုံငွေစနစ်တွေ ကို စိတ်ဝင်တစားရှိတာကိုလည်းတွေ့ရပါတယ်"လို့ လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး ဦးမော်ထွန်းအောင်ကပြောပါတယ်။


========================


📌📌 ၅။ စဥ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်တို့မှ အရပ်သားငါးဦးကို စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များက သတ်ဖြတ်သွားခဲ့


အောက်တိုဘာ၂၆ရက်။

စဥ့်ကူးမြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှ အရပ်သားငါးဦးကို စစ်ကြောင်းထိုးဝင်ရောက်သော စကစတပ်များက သတ်ဖြတ်သွားခဲ့တယ်လို့အောက်တိုဘာ၂၆ရက်မှာ wetlet informational networkကအသိပေးဆိုထားပါတယ်။


"အောက်တိုဘာ၂၅ရက် မနက်ခင်းတွင် မန္တလေးဆိပ်ကမ်းမှ စကစများလိုက်ပါလာသည့် ဖလပ်သံခွန် ၁စီးနှင့် သံခွန် အသေး ၁စီး  အထက်သို့ တက်ခဲ့ပြီး မတ္တရာမြို့နယ် ငယ်တိုးရွာ အနောက်ဘက် ကျွန်းတွင် ကပ်၍ ငယ်တိုးရွာနှင့် သဖန်းဒေါင့်ရွာတို့ရှိ ပြည်သူပိုင်အိမ်များကို နေ့ခင်း ၁နာရီခွဲခန့်မှစ၍ မီးရှို့ ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။


အလားတူပင် စဉ့်ကူးမြို့နယ် ရွာသာယာပျုရွာမှ နောက်တွဲတွန်း သင်္ဘော ၁စီး အောက်ဘက်သို့ စုန်လာပြီး အောက်မှ ဆန်တက်လာသော မော်တော် ၁စီးဖြင့် ဆုံဆည်း၍ စဉ့်ကူးမြို့နယ် ကြက်တူရွေးရွာနှင့် သဲအင်းရွာတို့ကို လက်နက်ကြီး ၄ချက် ပစ်ခတ်၍ ရွာထဲသို့ စကစများ ဝင်ရောက်ရန် ကြိုးစားခဲ့ပြီး  ညနေ ၅နာရီခန့်တွင် ကြက်တူရွေးရွာထဲရှိ ပြည်သူပိုင် အိမ်များ ထပ်မံမီးရှို့ခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက်စဉ့်ကူးမြို့နယ် မီးရှို့ခံရသော ကြက်တူရွေးရွာနား စကစများမှ သတ်သွားသည့် ပြည်သူအလောင်း ၂လောင်းကို တွေ့ရှိရပြီး

အလားတူ မတ္တရာမြို့နယ် မီးရှို့ခံရသော သဖန်းဒေါင့်ရွာနှင့် ငယ်တိုးရွာကြားတွင်လဲ ပြည်သူ အလောင်း ၃လောင်းကို ထပ်မံတွေ့ရရှိရတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ နောင်ချိုမြို့နယ် အုမ္မခါးအနီး စစ်ကောင်စီတပ်နှင့် TNLA PDFပူးပေါင်းတပ်များ တိုက်ပွဲ ပြင်းထန်


အောက်တိုဘာ၂၆ရက်။

ရှမ်းပြည်နယ် နောင်ချိုမြို့နယ် အုမ္မခါးအနီး စစ်ကောင်စီတပ်နှင့် TNLAPDFပူးပေါင်းတပ်များ တိုက်ပွဲ ပြင်းထန်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။


အောက်တိုဘာ၂၆ရက် မနက်ပိုင်းမှ စတင်ကာနှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေပြီး ခရီးသွားများပိတ်မိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။


"အုမ်မခါး၊ သံလမ်းကူးအနီးပစ်ခတ်မှုဖြစ်ပွားနေပါတယ်။ ကားဆရာများ လမ်းကြောအခြေအနေ စုံစမ်းပြီးမှသွားကြပါ။ ပြည်ထောင်စုလမ်းမကြီးနဲ့ နီးပါတယ်"လို့ဒေသခံတစ်ဦးကအတည်ပြုဆိုထားပါတယ်။


ပစ်ခတ်မှုမှာ မနက်ပိုင်းတွင်တစ်ကြိမ်၊ မွန်းလွဲပိုင်းတွင်တစ်ကြိမ် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၇။ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယနေ့မနက် ကာကွယ်ရေးတပ်များတိုက်ခိုက်၍ လေးဦးသေဆုံးကာသေနတ်တစ်လက်သိမ်းဆည်းရမိ


အောက်တိုဘာ၂၆ရက်။

အောက်တိုဘာ၂၆ရက် မနက်ပိုင်းမှာ စစ်ဆင်ရေးဆောင်ရွက်ခဲ့တယ်လို့ ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းကဆိုပါတယ်။


"အောက်တိုဘာ၂၆ရက် ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးမှာ ပြည်သူများထံကပိုက်ဆံကောက်နေသော စကစများကို နံနက် ၆နာရီ၄၅မိနစ် အချိန်မှာ ဓားမဆိုင်းတပ်မတော်က တိုက်ခိုက်ပြီး စကစလေးဦးကျကာ တစ်ဦးဒဏ်ရာရပြီး လက်နက်တစ်လက်ရရှိလိုက်ပါတယ်"လို့ဆိုပါတယ်။


အဆိုပါစကစတပ်ဖွဲ့ဝင်များဟာ ချင်းတွင်းမြစ်ဆိပ်သို့ အရပ်သားများထံငွေကောက်ခံရန် ထွက်ခွာလာစဉ်ဓားမဆိုင်းတပ်မတော်မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး G3သေနတ်တစ်လက်နှင့်ကျည်ဆန်အချို့သိမ်းဆည်းရမိခဲ့ပါတယ်။


========================


📌📌 ၈။ မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA) မှ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စကစနှစ်ဦးသေဆုံး


အောက်တိုဘာ၂၆ရက်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ညနေ () နာရီအချိန်တွင် မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာ ကားလမ်းထိပ်ရှိ စစ်ကောင်စီဂိတ်စခန်းအား အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA) မှ အနီးကပ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်တွင် စစ်ကောင်စီ တပ်သား () ဦး ထိမှန်ကျဆုံးသွားခြင်းကို မျက်မြင် မြင်တွေ့ခဲ့ရပြီး ယခုအချိန်တွင် စစ်ကောင်စီ တပ်သား () ဦး ကျဆုံးသွားကြောင်းနှင့် အဆိုပါ ပစ်ခတ်ခံရသည့်ဂိတ်စခန်းဝန်းကျင်တွင် အင်အားဖြည့်တင်း ရှာဖွေနေကြောင်း ထပ်မံသတင်းရရှိတယ်လို့ဆိုပါတယ်။


စစ်ကောင်စီ တပ်ဘက်မှ ပြန်လည် ပစ်ခတ်ခြင်းခံခဲ့ရပြီး အဖိနှိပ်ခံပြည်သူ့တော်လှန်ရေးအင်အားစု (OPRF - PLA) တပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၉။ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဒါးပိန်ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းအား တာဝေးပစ်ရှော့ဒုံးများနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့


အောက်တိုဘာ၂၆ရက်။

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဒါးပိန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Little Hero(YGN)ကထုတ်ပြန်ပါတယ်။


တိုက်ခိုက်မှုသည် စစ်ကောင်စီ စခန်းအနီးသို့ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားများထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဖော်ပြပါတယ်။


ထုတ်ပြန်ချက်တွင် စစ်ရေးတိုက်ခိုက်မှုများကို အရှိန်မြှင့်လုပ်ဆောင်မည်ဖြစ်ပြီး ပြည်သူများအား စစ်ကောင်စီနှင့်နီးစပ်သည့်နေရာများအားရှောင်ရှားသွားလာကြရန်အသိပေးဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment