၂၀၂၃ နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှု အဖွဲ့များ တွေ့ဆုံဆွေးနွေး
📌 ၂။ NUG ကိုယ်စားလှယ်အဖွဲ့ ကနေဒါ ခရီးစဉ်အတွင်း ကနေဒါရောက် မြန်မာတိုင်းရင်းသားများနဲ့ တွေ့ဆုံ
📌 ၃။ ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ၁၄ ဦး သေဆုံး၊ ၂၀ ကျော်လက်နက်ချ
📌 ၄။ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးအဖွဲ့များတိုက်ခိုက်သိမ်းပိုက်ပြီး လမ်းကြောင်းအားလုံးပိတ်ထားကြောင်း CDF Hualngoram ထုတ်ပြန်
📌 ၅။ ကျောက်တော်မြို့နယ်ရှိ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်
📌 ၆။ ၁၀၂၇ စစ်ဆင်ရေးအခြေအနေနှင့်ရလဒ်များကိုစောင့်ကြည့်နေသော တော်လှန်ရေးအဖွဲ့အစည်းများအားလုံး အမြန်ဆုံး တိုက်ပွဲဝင်ကြရန် ညီနောင် ၃ ဖွဲ့ တိုက်တွန်း
📌 ၇။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် NUG ကျန်းမာရေး ဝန်ကြီးဌာနရဲ့ NUGPay အကောင့်နဲ့ SDB အကောင့်များမှ ထည့်ဝင်လှုဒါန်းနိုင်
📌 ၈။ ခင်ဦးမြို့နယ်တွင် “ဒို့များညီက ချမ်းသာရ” ကွန်ကရစ်တံတားဖွင့်လှစ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှု အဖွဲ့များ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာ ၁၄။
အမျိုးသားညီညွတ်ရေး အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန နှင့် မြို့နယ် သယံဇာတ စီမံအုပ်ချုပ်မှု အဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို နိုဝင်ဘာလ ၁၂ ရက်နေ့ နေ့လယ် ၃ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးကို ခရိုင် (၆) ခရိုင်၊ မြို့နယ် (၇) မြို့နယ်တို့မှ ခရိုင်သယံဇာတ တာဝန်ခံများ၊ သယံဇာတ စီမံအုပ်ချုပ်မှု မြို့နယ်အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီးတက်ရောက်လာကြသူများမှ သိရှိလိုတာများကို မေးမြန်းခဲ့ကြပြီး မြေပြင်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ပွင့်လင်းမြင်သာစွာ တင်ပြဆွေးနွေး ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ရှင်းလင်းခဲ့ကြပါတယ်။
ဆက်လက်ပြီး ကြားကာလ သယံဇာတ စီမံအုပ်ချုပ်မှု လုပ်ငန်းများကို အသေးစိတ် ရှင်းလင်း ပြောကြားကာ စုပေါင်းဝိုင်းဝန်း ဆွေးနွေးအဖြေရှာ ခဲ့ကြပါတယ်။
အစည်းအဝေးကို ညနေ ၅ နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပြီးနောက် ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ NUG ကိုယ်စားလှယ်အဖွဲ့ ကနေဒါ ခရီးစဉ်အတွင်း ကနေဒါရောက် မြန်မာတိုင်းရင်းသားများနဲ့ တွေ့ဆုံ
နိုဝင်ဘာ ၁၄။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်အဖွဲ့ရဲ့ ကနေဒါ ခရီးစဉ်အတွင်း ကနေဒါရောက် မြန်မာတိုင်းရင်းသားများ ရိုဟင်ဂျာ၊ ချင်း၊ ကရင်၊ ကချင်၊ ရခိုင် အစရှိတဲ့ လူမှုအသိုင်း အဝိုင်းများ ကနေဒါ မိတ်ဆွေများနဲ့ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ်အဖွဲ့တွင် လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတ၏ အကြံပေးနှင့် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့ ပါဝင်ပါတယ်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့ အနေနဲ့ အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၁၁ ရက်နေ့အတွင်း ကနေဒါနိုင်ငံရဲ့ မြို့တော် Ottawa အပါအဝင် မြို့ ၆ မြို့တွင် အဆိုပါ တွေ့ဆုံပွဲများကို တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
========================
📌📌 ၃။ ချောင်းနှစ်ခွတိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ ၁၄ ဦး သေဆုံး၊ ၂၀ ကျော်လက်နက်ချ
နိုဝင်ဘာ ၁၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၁၄ ဦး သေဆုံးပြီး ၂၃ ဦး လက်နက်ချခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုညပိုင်းမှာထုတ် ပြန်ပါတယ်။
ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာ နယ်မြေရဲစခန်းနဲ့ ချောင်းနှစ်ခွ အတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာ ၁၀ ရက်က စပြီး လေးရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ ပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ တပ်မ ၂၂ လက်အောက်ခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ အင်အား ငါးဆယ်လောက်နဲ့ ချောင်းနှစ်ခွဘက်ကို စစ်ကြောင်းထိုး လာတာဖြစ်ပြီး အဲ့ဒီအထဲက ၂၃ ဦး လက်နက်ချခဲ့တာလို့ ဖော်ပြထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ အရာရှိတဦး အပါအဝင် ၁၄ ဦး သေဆုံးကာ နောက်ထပ် အရာရှိတဦး အပါအဝင် ငါးဦးကို အရှင်ဖမ်းမိထားပြီး ရှစ်ဦး ပျောက်ဆုံးနေ တယ်လို့ ဆိုပါတယ်။
လက်ရှိ ချောင်းနှစ်ခွကျေးရွာ တလျှောက်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ်မှုတွေလည်း မရှိတော့ဘူးလို့ မြေပြင်သတင်းရင်း မြစ်တွေဆီကသိရပါတယ်။
အာဏာသိမ်းပြီးနောက် ချောင်းနှစ်ခွနယ်မြေ ရဲစခန်းနဲ့ ချောင်းနှစ်ခွ အတ္ထရံတံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက လေးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ကြဖူးပြီး အခုတကြိမ်တိုက်ပွဲမှာတော့ စခန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၄။ ရိဒ်ခေါဒါရ်မြို့ကို ချင်းတော်လှန်ရေးအဖွဲ့များတိုက်ခိုက်သိမ်းပိုက်ပြီး လမ်းကြောင်းအားလုံးပိတ်ထားကြောင်း CDF Hualngoram ထုတ်ပြန်
ချင်းပြည်နယ် ဖလမ်းမြို့နယ် ရိဒ်ခေါဒါရ်မြို့ ကို ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ပြီး အမှတ် ၁ လမ်းနဲ့ အမှတ် ၂ လမ်းကိုဆက်သွယ်ထားတဲ့လမ်းကြောင်းအားလုံးကို အချိန်အတိုင်းအတာ တခုအထိ ပိတ်ထားမယ်လို့ CDF Hualngoram (ဟွာလ်ငို) က နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ထုတ်ပြန်လိုက် ပါတယ်။
ရိဒ်ခေါဒါရ်မြို့ကို ကလေး-ဖလမ်း-ရိဒ်ခေါဒါရ် ဆိုတဲ့အမှတ် ၁ လမ်းနဲ့ ကလေး-တီးတိန်-ရိဒ် အမှတ် ၂ လမ်းကို အသုံးပြုသွားလာလို့ရတာပြီး အမှတ် ၁ လမ်းနဲ့ အမှတ် ၂လမ်းကို ဆက်သွယ်ထားတဲ့လမ်းအားလုံးကို ပိတ်ထားပြီး အခြေအနေတည်ငြိမ်မှ ပြန်ဖွင့်မှာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Chin World က လည်း အသိပေးထားပါတယ်။
ရိဒ်ခေါဒါရ်မြို့ဟာ မြန်မာ-အန္ဒိယနယ်စပ်မှာရှိတဲ့ မြို့နယ်ခွဲတခုဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့က ရိဒ်ခေါဒါရ်မြို့ အမှတ် ၁ ရပ်ကွက်က တောင်ကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းနဲ့ အမှတ် ၂ ရပ်ကွက် တီယိုချောင်း တောင်ကုန်းပေါ်က စစ်ကောင်စီစခန်းကို ချင်းတော်လှန်ရေးအဖွဲ့တွေဖြစ်တဲ့ CNA/CNF၊ CDF Hualngoram (ဟွာလ်ငို) နဲ့ CDF-ထန်တလန်တို့က တိုက်ခိုက်သိမ်းယူခဲ့တယ်လို့သိရပါတယ်။
ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပထမဆုံးမြို့သိမ်းတိုက်ပွဲအနေနဲ့ သိမ်းပိုက်နိုင်ခဲ့တဲ့ မြန်မာ-အန္ဒိယနယ်စပ်က ရိဒ်ခေါဒါရ်မြို့အဝင်ဆိုင်းဘုတ်အပေါ်မှာ ချင်းအမျိုးသားအလံတော်ကို နိုဝင်ဘာလ ၁၄ ရက်နေ့မှာ လွှင့်ထူထားပြီဖြစ်ပါတယ်။
========================
📌📌 ၅။ ကျောက်တော်မြို့နယ်ရှိ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ရခိုင့်တပ်တော် AA သိမ်းပိုက်နိုင်ခဲ့ပြီလို့ MNDAA ရဲ့ ကိုးကန့်သတင်းဌာနက နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ဖော်ပြ လိုက်ပါတယ်။
ရခိုင်နယ်မြေသတင်းအချက်တွေအရ စစ်ကောင်စီ၏ ရသေ့တောင် ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို နိုဝင်ဘာလ ၁၄ ရက် မနက် ၇ နာရီမှာ ရခိုင့်တပ်တော် AA က သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းကို ၂ ရက်ကြာတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။
ရခိုင့်တပ်တော် AA အနေနဲ့ ရခိုင်ပြည်နယ်အတွင်းဖော်ဆောင်နေတဲ့တိုက်ပွဲတွေအတွင်း ကျောက်တော် မြို့ နယ်မှာရှိတဲ့ အပေါက်ဝကျေးရွာရဲစခန်းကိုလည်း နိုဝင်ဘာလ ၁၃ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေပြန်ဖြစ်လာတဲ့အတွက် စစ်တွေ မြို့မှာရှိတဲ့ စစ်ကောင်စီရုံးချုပ်လို့ခေါ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ရဲတပ်ဖွဲ့ဝင် အများအပြား လုံခြုံရေးယူထားပြီး မြို့ပေါ်လမ်းကြီးတွေမှာ သံချပ်ကာကားတွေနဲ့လှည့်လည်နေတယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Western News က ဖော်ပြထားပါတယ်။
ဒါအပြင် စစ်တွေမြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ည ၉ နာရီနောက်ပိုင်း အပြင်မထွက်ရဟူသော ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
တဖက်မှာလည်း ရခိုင့်တပ်တော် AA ပါဝင်နေတဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ စစ်ဘက် ရဲဘက်က တပ်ဖွဲ့ဝင်တွေ နီးစပ်ရာခန်းတွေမှာ အမြန်ဆုံး လက်နက်ချအညံ့ခံကြဖို့တိုက်တွန်းထားတာရှိပါတယ်။
========================
📌📌 ၆။ ၁၀၂၇ စစ်ဆင်ရေးအခြေအနေနှင့်ရလဒ်များကိုစောင့်ကြည့်နေသော တော်လှန်ရေးအဖွဲ့အစည်းများအားလုံး အမြန်ဆုံး တိုက်ပွဲဝင်ကြရန် ညီနောင် ၃ ဖွဲ့ တိုက်တွန်း
၁၀၂၇ စစ်ဆင်ရေးအခြေအနေနှင့်ရလဒ်များကိုစောင့်ကြည့်နေသော တော်လှန်ရေးအဖွဲ့အစည်းများအနေနဲ့ လက်ရှိအချိန်ဟာ အချိန်သင့် အခွင့်အခါသင့်သောကာလတဲ့ဖြစ်တဲ့အတွက် မိမိတို့စစ်ဆင်ရေးနဲ့အတူ အမြန်ဆုံး ဟန်ချက်ညီ တိုက်ပွဲဝင်ကြဖို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က အလေးအနက် တိုက်တွန်း လိုက်ပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ မဟာဗျူဟာမြောက် ဟန်ချက်ညီတိုက်ပွဲတွေ အခုချိန်မှာဖော်ဆောင်မယ်ဆိုရင် မိမိတို့အားလုံး မျှော်မှန်းထားတဲ့ စစ်ရေး၊နိုင်ငံရေး ရည်မှန်းချက်တွေနဲ့အတူ တနိုင်ငံလုံးကပြည်သူလူထုတရပ် လုံးရဲ့မျှော်လင့်ချက်တွေ အမြန်ဆုံးအကောင်အထည်ပေါ်လာပြီး စစ်အာဏာရှင်စနစ်လည်း ဧကန်မုချကျရှုံး မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။
၁ဝ၂၇ စစ်ဆင်ရေးကို အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၄ နာရီခန့်အချိန်မှာ ရှမ်းမြောက်ဒေသက ကိုးကန့် အထူးဒေသ-၁ ချင်းရွှေဟောကနေစတင်ခဲ့တာပါ။
လက်ရှိမှာ ကချင်ပြည်၊ကရင်နီပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်အပါအဝင် အခြားနေရာတွေမှာ စစ်ဆင်ရေးဓာတ်ကူးခဲ့ပြီလည်းဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ဆင်ရေးထဲမပါရသေးတဲ့ အခြားသောတော်လှန်ရေးအဖွဲ့များအနေနဲ့ မိမိတို့စစ်ရေးနဲ့အတူ ဟန်ချက်ညီ လိုက်လျောညီထွေစွာ အမြန်ဆုံး ဆက်စပ်ပါဝင်ကြဖို့လိုအပ်နေတာကြောင့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
========================
📌📌 ၇။ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် NUG ကျန်းမာရေး ဝန်ကြီးဌာနရဲ့ NUGPay အကောင့်နဲ့ SDB အကောင့်များမှ ထည့်ဝင်လှုဒါန်းနိုင်
နိုဝင်ဘာ ၁၄။
ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ NUGPay အကောင့်နဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် SDB အကောင့်များမှ ထည့်ဝင်လှုဒါန်း နိုင်ကြောင်း နိုဝင်ဘာလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ထိခိုက်ဒါဏ်ရာရ တော်လှန်ရေး ရဲဘော်များနှင့် နာမကျန်းသော စစ်ဘေးသင့် ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန်နှင့် ရှေ့တန်း ဆေးရုံ/ဆေးခန်းများမှာ တာဝန်ထမ်းဆောင် နေတဲ့ သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေ ပေးအပ်နိုင်ရန် ပြည်တွင်းပြည်ပမှ ပြည်သူများ အနေနဲ့ ထည့်ဝင်လှူဒါန်းပေးကြဖို့ ကျန်းမာရေး ဝန်ကြီးဌာနမှ အသိပေးနှိုးဆော် ထားပါတယ်။
========================
📌📌 ၈။ ခင်ဦးမြို့နယ်တွင် “ဒို့များညီက ချမ်းသာရ” ကွန်ကရစ်တံတားဖွင့်လှစ်
နိုဝင်ဘာ ၁၄။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဦးစီးဆောင်ရွက်မှုဖြင့် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ချောင်းကူးတံတား တစ်စင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ဖွင့်လစ်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးကာလအတွင်း အမျိုးသားညီညွတ်ရေး အစိုးရမှ အကောင် အထည် ဖော်ဆောင်ခဲ့တဲ့ ဒေသဖွံဖြိုးရေး လုပ်ငန်းများထဲမှ တစ်ခုဖြစ်တဲ့ အရှည်ပေ ၄၀ နှင့် အကျယ် ၁၅ ပေရှိ အဆိုပါ ကွန်ကရစ် ချောင်းကူးတံတားကို “တို့များညီက ချမ်းသာရ” တံတားအဖြစ် အမည်ပေး ဖွင့်လစ်ခဲ့တာ ဖြစ်ပါတယ်။
တံတားဖွင့်ပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံနဲ့ ရေးရာအဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်များမှ ပြည်သူလူထုနဲ့အတူ တက်ရောက်အားပေး ခဲ့ကြပါတယ်။
အဆိုပါ တံတားကို အမျိုးသားညီညွတ်ရေး အစိုးရမှ ဒေသဖွံဖြိုးရေး ရန်ပုံငွေ နဲ့ ပြည်သူလူထုမှ ထည့်ဝင်ငွေ အပါအဝင် စုစုပေါင်း မြန်မာငွေ (၂၈၅) သိန်း ကုန်ကျခံ တည်ဆောက်ခဲ့တာ ဖြစ်တယ်လို့ တံတားဖြစ်မြောက်ရေး ကော်မတီထံမှ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment