14th NOV 2023 - Morning Daily News by Radio NUG


၂၀၂၃ နိုဝင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

📌 ၃။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ဒီပါဝလီပွဲတော်သို့ NUG, CRPH ကိုယ်စားလှယ်များတက်ရောက်

📌 ၄။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်  ခြံအမှတ် (၅၄) အရှေ့မှ အလံနဲ့ ဆိုင်းပုဒ်များ ဖြုတ်ချခံရ

📌 ၅။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်ရှိသဖြင့် ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ကြရန် KNDF ဥက္ကဋ္ဌ ခွန်ဘီထူး သတိပေး

📌 ၆။ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအလင်းဝင်ရန် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အသိပေး

📌 ၇။ ကွမ်လုံမြို့သိမ်းတိုက်ပွဲတွင် KNDF ရဲဘော်ကျဆုံးခဲ့

📌 ၈။ ကျောက်တော် အပေါက်ဝရဲစခန်းကို AA သိမ်းပိုက်၊ စခန်းမှူး ထွက်ပြေးလွတ်မြောက်နေ

📌 ၉။ ငါတို့လုံချည်အောင်ပွဲ လှုပ်ရှားမှု မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ တပြိုင်တည်းပြုလုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


နိုဝင်ဘာလ ၁၃။

အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၅/၂၀၂၃) ကို နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လယ် နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ကာ (၄၄/၂၀၂၃) မှ ရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်၍ ဖြေကြားခဲ့ပြီးနောက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်း ဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိလိုတဲ့ အချက်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ () နိုင်သုဝဏ္ဏမှ ဦးဆောင်ကာ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို ညနေ နာရီ အချိန်မှာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပ


နိုဝင်ဘာလ  ၁၃။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနနဲ့ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၂/၂၀၂၃) ကို နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် ၁၀ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 


အစည်းအဝေးတွင် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တွဲဖက်အမြဲတမ်း အတွင်းဝန်မှ  (၂၁/၂၀၂၃) မှ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေများနဲ့ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေတဲ့ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း‌ခဲ့ပါတယ်။


ဆက်လက်ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်‌ရေး အဖွဲ့ဝင်များက မူဝါဒ၊ လမ်းညွှန်ချက်များ၊ မြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများကို မေးမြန်းဆွေးနွေးရာ ဝန်ကြီးဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။


အစည်းအဝေးကို ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ တွဲဖက်အမြဲတမ်းအတွင်းဝန်၊ ပြည်သူ့အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန၊ အထူးစုံစမ်း‌ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းတို့မှ မြို့နယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပြီး ၁၂ နာရီ ၃၀ မိနစ်မှာ အစည်းအဝေးကို အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။


========================


📌📌 ၃။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ ဒီပါဝလီပွဲတော်သို့ NUG, CRPH ကိုယ်စားလှယ်များတက်ရောက်


နိုဝင်ဘာလ ၁၃။

နိုဝင်ဘာလ (၁၂) ရက်နေ့က ကျရောက်ခဲ့တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော ဒီပါဝလီပွဲတော်ကို မြန်မာပြည်ဖွား ဟိန္ဒူဘာသာဝင်များက အမေရိကန်နိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့ပြီး NUG, CRPH မှ တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ဒီပါဝလီပွဲတော်ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ခဲ့ပါတယ်။


အဆိုပါပွဲ အခမ်းအနားတွင်နွေဦးတော်လှန်ရေးတွင် ဘာသာပေါင်းစုံနှင့် လူနည်းစုများ၏ ပါဝင်မှု အခန်းကဏ္ဍသည် အရေးကြီးသည့် အတွက် ဆက်လက်ပူးပေါင်း ပါဝင်ဖို့ တိုက်တွန်းလိုကြောင်း၊ ဖက်ဒရယ်ဒီမိုကရေစီ ဖော်ဆောင်ရာတွင်လည်း လူနည်းစု၏ တန်းတူအခွင့်အရေး ရရှိရေး အတွက် အမျိုးသားညီညွတ်ရေး အစိုးရအနေနှင့် ဆောင်ရွက်နေပါကြောင်းလူ့အခွင့်ရေးဆိုင်ရာ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက  နှုတ်ခွန်းဆက်စကားအဖြစ် ထည့်သွင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၄။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်  ခြံအမှတ် (၅၄) အရှေ့မှ အလံနဲ့ ဆိုင်းပုဒ်များ ဖြုတ်ချခံရ


နိုဝင်ဘာလ ၁၃။

ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်းပေါ်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ် ခြံအမှတ် (၅၄) ရှေ့တွင် ချိတ်ဆွဲထားတဲ့ NLD ပါတီအလံနှင့် ဆိုင်းပုဒ်များ ဖြုတ်ချခံခဲ့ရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။


နိုဝင်ဘာလ ၁၂ ရက်နေ့ ၁၀ နာရီခွဲလောက်မှာ စစ်ကောင်စီလက်အောက်ခံ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦး‌ဆောင်တဲ့အဖွဲ့က အကြောင်းကြားမှု တစ်စုံတစ်ရာမရှိဘဲ နေအိမ်ခြံဝင်း တံခါးမကြီး ဘေးနှစ်ဖက်မှာ တပ်ဆင်ထားတဲ့ ဆိုင်းဘုတ်တွေကို လာရောက်ဖြုတ်ချသွားတယ်လို့ အဆိုပါ နီးစပ်သူက ပြောပါတယ်။


ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည် အမည်ပေါက် ပိုင်ဆိုင်တဲ့ အဆိုပါ နေအိမ်နှင့် ခြံအကွက်ကို သားကြီးဖြစ်သူ ဦးအောင်ဆန်းဦးနဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ တစ်ယောက်တစ်ဝက် ပိုင်ဆိုင်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုတရားလွှတ်တော် ရုံးချုပ်က ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လက ဆုံးဖြတ်ထားပါတယ်။ 


အမျိုးသားညီညွတ်ရေး အစိုးရ (NUG) က အဆိုပါ ခြံအမှတ် (၅၄) ကို အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ် အဖြစ် သတ်မှတ်ထားပြီး မည်သူမှ ပိုင်ဆိုင်ခြင်း၊ ပိုင်ဆိုင်ရန် ကြိုးစားခြင်း၊ ရောင်းချခြင်း၊ ဖျက်ဆီးခြင်းနှင့် အခြားနည်းလမ်း အသုံးပြုခြင်းကို တင်းကြပ်စွာ တားမြစ်ကြောင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ ရက်နေ့က ထုတ်ပြန် ကြေညာထားပါတယ်။


စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းကြောင်း ကြေညာပြီးနောက် အခုလို ပါတီအလံနဲ့ ဆိုင်းပုဒ်တွေကို ဖြုတ်ချဖို့ စစ်တပ်အာဏာပိုင်တွေဘက်က ဖိအားပေးနေတာတွေ ရှိတယ်လို့ ပါတီနဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။


အဆိုပါ ခြံအမှတ် ၅၄ ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျစဉ်က နေထိုင်ခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီးမွန်း၊ အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမား နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် အပါအဝင် ကမ္ဘာ့ခေါင်းဆောင်များ လာရောက်ခဲ့ဖူးကာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် အရေးပါတဲ့ သမိုင်းဝင်နေရာတစ်ခု ဖြစ်ပါတယ်။


========================


📌📌 ၅။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဆင်နွှဲရန်ရှိသဖြင့် ပြည်သူများ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ကြရန် KNDF ဥက္ကဋ္ဌ ခွန်ဘီထူး သတိပေး


နိုဝင်ဘာလ ၁၃။ 

ကရင်နီပြည်နယ်ရဲ့ မြို့တော် လွိုင်ကော်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ရှိတာကြောင့် မိဘပြည်သူတွေအနေနဲ့ ဘေးလွတ်ရာတွေမှာ ယာယီရွှေ့ပြောင်းနေထိုင်ကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက ပြောကြားလိုက်ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်ဘီထူးက နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ပြည်သူများထံသို့ သတင်းစကားပြောကြားခဲ့တာပါ။

အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်ဆီးနစ်နာမှုများနိုင်တယ်ဆိုတာသိထားပေမယ့် အာဏာရှင်စနစ် အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ 

လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများ ဆင်နွှဲတိုက်ခိုက်နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တည်ဆောက်ရေး ဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်လို့ ခွန်ဘီထူးက ပြောပါတယ်။ 

ဒါ့ကြောင့် ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း ခွန်ဘီထူးက တောင်းဆိုထားတာပါ။ 

ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည် အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်ဆိုပြီး KNDF ဥက္ကဋ္ဌက ပြည်သူလူထုကို သတင်းစကားပါးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီလက်အောက်က တပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့တွေထံမှာ လက်နက်ချ အလင်းဝင်ကြဖို့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု KNDF နိုဝင်ဘာလ ၁၃ ရက်နေ့မှာပဲ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအလင်းဝင်ရန် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အသိပေး


နိုဝင်ဘာလ ၁၃။

အကြမ်းဖက်စစ်ကောင်စီလက်အောက်က တပ်ဖွဲ့ဝင်တွေအနေနဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေထံမှာ လက်နက်ချ အလင်းဝင်ကြဖို့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစု အသိပေးထုတ်ပြန်လိုက်ပါတယ်။

စစ်သုံ့ပန်း၏မိသားစုဝင်များနှင့် ကျန်ရှိနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသိရှိစေရန် အသိပေးထုတ်ပြန်ရာမှာ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးအဆင့်ရှိ စစ်ဗိုလ်နဲ့အခြားအဆင့်တယောက်ရဲ့ ရုပ်သံနဲ့တကွထုတ်ပြန်လိုက်တာပါ။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုအနေနဲ့ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံပန်း ဥပဒေနဲ့ အညီ ထိန်းသိမ်းထားတယ်ဆိုတဲ့အကြောင်းလည်း KNDF က အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေအနေနဲ့ လက်နက်ချ ပူးပေါင်းပါဝင်လာမယ်ဆိုရင် စစ်သုံ့ပန်းမူဝါဒအတိုင်း အပြည့်အဝခံစားရမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပူးပေါင်းပါဝင်ခြင်းမရှိဘဲ ဆက်လက်ခုခံနေမယ်ဆိုရင် ပြင်းထန်တဲ့အရေးယူမှုတွေ ဆောင်ရွက်သွားမယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးက သတိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ကွမ်လုံမြို့သိမ်းတိုက်ပွဲတွင် KNDF ရဲဘော်ကျဆုံးခဲ့


နိုဝင်ဘာလ ၁၃။

ရှမ်းမြောက်ဒေသ ကွမ်လုံမြို့သိမ်းတိုက်ပွဲမှာ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ် ၆ဝ၆ တပ်ရင်းက ရဲဘော် ၃ဦးကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေးထုတ်ပြန်ပါ တယ်။

ညီနောင်မဟာမိတ် ဖွဲ့ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA) တအာင်းတပ် (PSLF/TNLA) နဲ့ ရခိုင်တပ်တော် (ULA/AA) တို့ဦးဆောင်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ ၁ဝ၂၇ စစ်ဆင်ရေးရဲ အစိတ်အပိုင်း တခုဖြစ်တဲ့ ကွမ်လုံမြို့အား အပြီးသတ်သိမ်းယူနိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ KNDF ရဲ့ မြောက်ပိုင်းစစ်ဒေသအခြေ စိုက် အမှတ် ၆ဝ၆ တပ်ရင်းကလည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေတာပါ။ 

ကွမ်လုံမြို့သိမ်းတိုက်ပွဲများအတွင်း မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ် ၆ဝ၆ တပ်ရင်းက မဟာမိတ်တပ် တွေနဲ့အတူ စစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ရာမှာ တပ်စုမှူးဗေဒါ၊ တပ်စိတ်မှူး မာနွေးလယ် နဲ့ တပ်ကြပ်ကြီး စတီဗင်ဒီဇိုင်းတို့ တိုင်းပြည်နဲ့လူမျိုးအတွက် မြင့်မြတ်စွာကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ရဲဘော်တွေကို လေးနက်စွာအလေးပြုရင်း အမျိုးသားအာဇာနည်သူရဲတွေအဖြစ် KNDF က သမိုင်းမှတ်တမ်းတင်သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေနဲ့ ညီနောင်မဟာမိတ် ဖွဲ့ရဲ့ ၁ဝ၂၇ စစ်ဆင်ရေးမှာ နေ့စဉ်တိုက်ပွဲဝင်နေပြီး စစ်ရေးရည်မှန်းချက်တွေပြီးမြောက်တဲ့အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမယ် လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ကျောက်တော် အပေါက်ဝရဲစခန်းကို AA သိမ်းပိုက်၊ စခန်းမှူး ထွက်ပြေးလွတ်မြောက်နေ


နိုဝင်ဘာလ ၁၃။

ကျောက်တော်မြို့နယ်မှာရှိတဲ့ အပေါက်ဝနယ်မြေရဲစခန်းကို ရခိုင့်တပ်တော် AA က နိုဝင်ဘာလ ၁၃ ရက် နေ့မနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့ပေမယ့် စခန်းမှူး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသတွင်း သတင်း ရင်းမြစ်တွေဆီကနေ သိရပါတယ်။  

ရခိုင့်တပ်တော် AA က လက်နက်ချအညံ့ခံဖို့ အကြောင်းကြားပြီးတဲ့နောက် အပေါက်ဝနယ်မြေရဲစခန်းမှာ ရှိတဲ့ တပ်ဖွဲ့ဝင်အားလုံး အလင်းဝင်လာခဲ့တာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရခိုင်ဒေသသတင်းတွေကိုဖော်ပြနေတဲ့ Western News က ဖော်ပြထားပါတယ်။

အပေါက်ဝနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်အားလုံးကို ရခိုင့်တပ်တော် AA ကခေါ်ယူသွားပြီး လက်နက်ခဲယမ်းတွေနဲ့ ယူနီဖောင်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။

အပေါက်ဝနယ်မြေရဲစခန်းက တပ်ဖွဲ့ဝင် လက်နက်ချအလင်းဝင်လိုက်တာကြောင့် အပေါက်ဝကျေးရွာမှာ တိုက်ပွဲဖြစ်ခဲ့ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ်ရှိနေပြီး သွားလာလှုပ်ရှားတွေကလည်း ပုံမှန်အတိုင်းပဲရှိနေတယ်လို့လည်း သိရပါတယ်။ 

ရသေ့တောင်နဲ့မင်းပြားမြို့နယ်မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ မနက် နာရီကစပြီး စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော် AA တို့ကြားတိုက်ပွဲတွေဖြစ်ခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်စခန်းနဲ့ ဒုံးပိုက်နယ်ခြားစောင့်စခန်း ကို AA က တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဒေသခံတွေက ပြောဆိုနေတာလည်းရှိပါတယ်။ 

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်လာတာနဲ့အတူ အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်အတွင်း ရေလမ်း ကုန်းလမ်းအားလုံးကို ပိတ်ထားလိုက်တဲ့အတွက် ခရီးသွားပြည်သူတွေအခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။


========================


📌📌 ၉။ ငါတို့လုံချည်အောင်ပွဲ လှုပ်ရှားမှု မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့မှာ တပြိုင်တည်းပြုလုပ်


နိုဝင်ဘာလ ၁၃။

ငါတို့လုံချည်အောင်ပွဲ လှုပ်ရှားမှုကို မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့ မှာ တပြိုင်တည်းပြုလုပ်ခဲ့တယ်လို့ Yangon Revolution Force- YRF က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ၁၃ ရက်နေ့က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအချို့ဖြစ်တဲ့ ဪစတြေးလျ၊ ယူကရိန်း၊ နယူးယောက်ခ့် နဲ့ ချက်သမ္မတနိုင်ငံတွေမှာ တပြိုင်တည်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

မနှစ်ကဒီလိုနေ့မျိုးမှာလည်း လုံခြုံရေးတင်းကြပ်ထားတဲ့ကြားကနေ ရန်ကုန်မြို့မှာ YRF ဆိုတဲ့ တော်လှန်ရေးအင်အားစု က ငါတို့လုံချည်အောင်ပွဲ လှုပ်ရှားမှုတခု လုပ်ဆောင်ခဲ့တာရှိပါတယ်။

တော်လှန်ရေးဟာ အရှိန်ဟုန်ပြင်းပြင်းနဲ့ ဆက်လက်ချီတက်နေတဲ့ကာလဖြစ်ပြီး ပန်းတိုင်ဟာ မဝေးတဲ့တနေရာမှာ ရှိနေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့လည်း ရရာနည်းလမ်းပေါင်းစုံနဲ့ အားဖြည့်ပါဝင်တွန်းလှန်ကြဖို့ YRF က တိုက်တွန်းထားပါတယ်။

မကြာခင်မှာလဲ အားလုံးပါဝင်နိုင်တဲ့ငါတို့လုံချည် ငါတို့အောင်ပွဲနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတခုကို ပြုလုပ်သွားဖို့ ရှိတယ်လို့ Yangon Revolution Force- YRF က အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment