၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ "ကောက်ကျစ်တဲ့ စစ်မိစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ အငိုက် မမိဖို့အရေးကြီးတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၃။ ကောလင်းမြို့ကိုသိမ်းပိုက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သန်း ၉၅ဝ ကျော် သိမ်းဆည်းရရှိဟု NUG ထုတ်ပြန်
📌 ၄။ လွိုင်ကော်၊ မိုးဗြဲနှင့်ဖယ်ခုံမြို့နယ်တို့မှ စစ်ဘေးရှောင်လာသူ ၃ သောင်းခွဲကျော်ရှိနေပြီး အရေးပေါ်အကူအညီ များလိုအပ်နေ
📌 ၅။ လွိုင်ကော်တွင် စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးကို ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်ရာ မီးခိုးများအူပြီး ပျံသန်းထွက်ပြေးသွား
📌 ၆။ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၁၂၉ တပ်မှ တပ်ရင်းမှူးဦးဆောင်ကာ မိသားစုဝင်များ နှင့်အတူ တပ်ရင်းလိုက် ညီနောင် ၃ ဖွဲ့ထံ အလင်းဝင်
📌 ၇။ လွိုင်ကော်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နဲ့အတူ KNDF ထံ အလင်းဝင်
📌 ၈။ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာနေရယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်
📌 ၉။ မီဇိုရမ်ဘက်ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်
📌 ၁၀။ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်း စစ်ကောင်စီထံ မရောင်းဖို့ APEC ခေါင်းဆောင်တွေကို ပြည်ပရောက် မြန်မာတွေ ဆန္ဒပြတောင်းဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ "ကောက်ကျစ်တဲ့ စစ်မိစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ အငိုက် မမိဖို့အရေးကြီးတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဆို
နိုဝင်ဘာလ ၁၄ရက်။
"ကောက်ကျစ်တဲ့ စစ်မိစ္ဆာတွေနဲ့ ရင်ဆိုင်တဲ့အခါ အငိုက် မမိဖို့အရေးကြီးတယ်"လို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။
"ကောက်ကျစ်တဲ့ စစ်မိစ္ဆာကောင်တွေနဲ့ ရင်ဆိုင်တဲ့အခါ အငိုက် မမိဖို့အရေးကြီးတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်၊ ကရင်နီဒေသက မြို့များကို တစ်မြို့ပြီးတစ်မြို့စွန့်လွှတ်ခဲ့ရပြီး လေကြောင်းအသုံးပြုတိုက်ခိုက်ကာ အရပ်သားများကိုပစ်မှတ်ထားလျက်ရှိပါတယ်။
========================
📌📌 ၂။ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
နိုဝင်ဘာလ ၁၄ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၂/၂၀၂၃) ကို နိုဝင်ဘာလ ၁၄ ရက် နေ့လယ် ၁ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အတွင်းရေးမှူး အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်မှ အဖွင့်စကား ပြောကြားခဲ့ပါတယ်။
ထို့နောက် ဝန်ကြီးဌာနများမှ ဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများကို မှာကြားဆောင်ရွက်ခဲ့ပြီး မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာန တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ပေးခဲ့ပါတယ်။
အဆိုပါတွေ့ဆုံပွဲကို အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၃ နာရီ ၁၅ မိနစ် အချိန်မှာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၃။ ကောလင်းမြို့ကိုသိမ်းပိုက်ရာတွင် မြန်မာ့စီးပွားရေးဘဏ်မှ ကျပ်သန်း ၉၅ဝ ကျော် သိမ်းဆည်းရရှိဟု NUG ထုတ်ပြန်
နိုဝင်ဘာလ ၁၄ ရက်။
စစ်ကိုင်းတိုင်းမှာရှိတဲ့ ကောလင်းမြို့ကို သိမ်းပိုက်ခဲ့ရမှာ မြန်မာ့စီးပွားရေးဘဏ်ကနေ ကျပ်သန်း ၉၅ဝ ကျော် သိမ်းဆည်း ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကြားကာလဗဟိုဘဏ်က နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်း ကောလင်းမြို့ကို အမှတ်-၁ စစ်ဒေသ ကောလင်းခရိုင်ကွပ်ကဲမှုအစီအစဉ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေး အဖွဲ့များက နိုဝင်ဘာလ ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
အဲဒီငွေသားတွေကို ကောလင်းခရိုင်ပေါင်းစပ်ညှိနှိင်းရေးအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်း စီမံချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပြီး လက်ခံသိမ်းဆည်းထားရှိတယ်လို့ NUG ကြားကာလဗဟိုဘဏ်က အသိပေးထားပါတယ်။
ကောလင်းခရိုင် မြန်မာ့စီးပွားရေးဘဏ်က သိမ်းဆည်းရရှိခဲ့တဲ့ ငွေသားလက်ကျန်တွေကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး နိုင်ငံတော်ပိုင်ဘဏ္ဍာငွေများနှင့် ပြည်သူလူထု၏အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေဖို့ စနစ်တကျ စီမံခန့်ခွဲလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ လွိုင်ကော်၊ မိုးဗြဲနှင့်ဖယ်ခုံမြို့နယ်တို့မှ စစ်ဘေးရှောင်လာသူ ၃ သောင်းခွဲကျော်ရှိနေပြီး အရေးပေါ်အကူအညီ များလိုအပ်နေ
နိုဝင်ဘာလ ၁၄ ရက်။
ကရင်နီပြည် လွိုင်ကော်မြို့နဲ့အနီးတဝိုက်အပါအဝင် ဖယ်ခုံနဲ့ မိုးဗြဲဒေသက ဒေသခံပြည်သူ ၃သောင်းခွဲကျော် စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီတွေလိုအပ်နေတဲ့အတွက် ပူးပေါင်းပါဝင်ကူညီပေးကြဖို့ ကရင်နီ ကြားကာလ အုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်လိုက်ပါတယ်။
ယခုအခါမှာ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ဘေးကင်းလုံခြုံတဲ့နေရာတွေကို ပြောင်းရွှေ့ပေးတာ၊ စစ်ဘေးရှောင်ရမယ့်နေရာတွေ သတ်မှတ်ပြီး နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်တာ၊ လိုအပ်တဲ့ စားနပ်ရိက္ခာများ၊ အမိုးအကာနဲ့ဆေးဝါးများ စီမံထားရှိခြင်း၊ သတင်းအချက်အလက်များ မျှဝေခြင်း စတာတွေကို မိတ်ဖက်အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး အချိန်နဲ့တပြေးညီ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
ဒါပေမဲ့ လူသားချင်းစာနာထောက်ထားရေး အရေးပေါ်အကူညီတွေ လိုအပ်ချက် ကြီးမားနေဆဲဖြစ်တာကြောင့် ငွေကြေး အကူအညီအပါအဝင် လူသားချင်းစာနာမှု ထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီများ ဝိုင်းဝန်းကူညီပေးကြဖို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီက ပြည်တွင်း ပြည်ပအလှူရှင်တွေကို ဖိတ်ခေါ်ထားပါတယ်။
ကရင်နီပြည်မှာ နိုဝင်ဘာလ ၁၁ ရက်စပြီး စစ်အာဏာရှင် ချုပ်ငြိမ်းရေးလှုပ်ရှားမှု အစိတ်အပိုင်းတခုအဖြစ် ဖော်ဆောင်နေတဲ့ ၁၁.၁၁ စစ်ဆင်ရေးအရှိန်မြင့်လာတာနဲ့အမျှ စစ်ကောင်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေသေဆုံးနေရသလို ပြည်သူတို့ရဲ့ အိမ်တွေ ပျက်စီးဆုံးရှုံးမှု မြင့်တက်လာနေတာပါ။
လက်ရှိမှာ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေပေမယ့် ၎င်းတို့နေထိုင်ရေးနဲ့စားသောက်ရေးအတွက် အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ယက်ကလည်း အသိပေး ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ လွိုင်ကော်တွင် စစ်ကောင်စီ တိုက်လေယာဉ် တစ်စီးကို ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်ရာ မီးခိုးများအူပြီး ပျံသန်းထွက်ပြေးသွား
နိုဝင်ဘာ ၁၄။
ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ကို ဗုံးလာကျဲတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထပ်မံပစ်ခတ်နိုင်ခဲ့တယ်လို့ ကရင်နီသတင်းများ ဖော်ပြလေ့ရှိတဲ့ Karenni Entertainment Page က ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၁၄ ရက်နေ့ နေ့လည် ၁၁ နာရီခန့်မှာ ထုတ်ပြန်ထားတဲ့ ရုပ်သံမှတ်တမ်းအရ စစ်ကောင်စီ တိုက်လေယာဉ်မှာ မီးခိုးများ အူထွက်နေပြီး ပျံသန်းထွက်ပြေးသွားတာကို တွေ့ရပါတယ်။
မျက်မြင် မြို့ခံတွေရဲ့ အဆိုအရ အဲ့ဒီလေဟာဉ်ဟာ လွိုင်ကော်မြို့ကို နှစ်ကြိမ် ဗုံးကျဲပြီးနောက် ပစ်ခတ်မှုတွေကြား မီးခိုးတွေ အူထွက်ကာ မောင်းနှင်ထွက်ပြေးသွားတာ ဖြစ်တယ်လို့ သိရပါတယ်။
ကရင်နီ ပြည်နယ်အတွင်း ၁၁,၁၁ စစ်ဆင်ရေး စတင်တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်ရဲ့ တိုက်လေယာဉ်တစ်စီးကို KNDF-B01 နဲ့ KA တို့က ပွိုင့်ဖိုက်သေနတ်နဲ့ ပစ်ချနိုင်ခဲ့တယ်လို့ တရားဝင် အသိပေးထုတ်ပြန်ထားပါတယ်။
သို့သော် ယခုဖြစ်စဥ်နှင့် ပတ်သက်ပြီး စစ်ကောင်စီလေယာဥ် ထိမှန်ခြင်း၊ ပျက်ကျခြင်းကိုတော့ ကရင်နီတပ်ပေါင်းစု ဘက်က ယခုအချိန်ထိ အတည်ပြုပြောဆိုခြင်း မပြုသေးပါဘူး။
========================
📌📌 ၆။ လောက်ကိုင်ဒေသကွပ်ကဲမှုစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၁၂၉ တပ်မှ တပ်ရင်းမှူးဦးဆောင်ကာ မိသားစုဝင်များ နှင့်အတူ တပ်ရင်းလိုက် ညီနောင် ၃ ဖွဲ့ထံ အလင်းဝင်
နိုဝင်ဘာလ ၁၄ ရက်။
ကိုးကန့်အထူးဒေသ ၁ ရှီရှမ်းဒေသ မန်လော်ရွာအုပ်စု ရန်ခွမ့်ရွာမှာ အခြေချထားတဲ့ လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူးဦးဆောင်ကာ မိသားဝင်များနှင့်အတူ တပ်ရင်းလိုက် အလင်းဝင်လာတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
အမှတ် ၁၂၉ ခမရ တပ်ရင်းက တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်အနေနဲ့ စစ်ဘက် အရပ်ဘက် စုစုပေါင်း ၂၆၂ ဦးရဲ့ အသက်ကို ငဲ့ညှာထောက်ထားတဲ့အနေနဲ့ တပ်ရင်းတရင်းလုံးကို ဦးဆောင်ခေါ်ယူကာ ပြည်သူ့ရင်ခွင်ကို ခိုဝင်လာတာ ဖြစ်တယ်လို့ဆိုပါတယ်။
အခုလို တပ်ရင်းတရင်းလုံးကို ဦးဆောင်ခေါ်ယူလာနိုင်ခဲ့တဲ့ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင်ကို ညီနောင် ၃ ဖွဲ့က သာမက မြန်မာပြည်သူတရပ်လုံးကလည်း ရဲရင့်သောသူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုကြမှာ အမှန်ပင် ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်မှူးကျော်ရဲအောင်လို သူရဲကောင်းတွေ နောက်ထပ်ပေါ်ထွက်လာမယ်ဆိုတာကိုလည်း မိမိတို့ညီနောင် ၃ ဖွဲ့အနေနဲ့ အပြည့်အဝယုံကြည်တယ်လို့လည်း အသိပေးထားပါတယ်။
ပြည်သူ့ရင်ခွင်အတွင်းသို့ ဝင်ရောက်လာကြသူတဦးချင်းစီကို ကျပ် ၁၀ သိန်းနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တဦးချင်းစီကိုလည်း တဦးလျှင် ကျပ်တသိန်းကျစီ ချီးမြှင့်ပေးအပ်ခဲ့တဲ့အပြင် ကျန်းမာရေးချိုယွင်းသူတွေနဲ့ ကျန်းမာရေးမကောင်းသူတွေကို အခမဲ့ ကျန်းမာရေးဝန်ဆောင်မှုအဖြစ် စောင့်ရှောက်ပေးခဲ့ပြီး ၎င်းတို့သွားလိုရာနေရာတွေကို လုံခြုံစွာပို့ပေးထားခဲ့ပြီး ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီလက်အောက်ခံ မြန်မာ့တပ်မတော်သားများအတွက် အထူးတိုက်တွန်းနှိုးဆောင်ချက်အဖြစ် ညီနောင် မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၃၁ ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မြန်မာ့တပ်မတော်သားများသာမက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များပါ ညီနောင်မဟာမိတ် ၃ ဖွဲ့မှတဆင့်ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ထဲသို့ဝင်ရောက်လာကြသူ ၂၀၀ ကျော်အထိရှိခဲ့ပြီလို့ သိရပါတယ်။
========================
📌📌 ၇။ လွိုင်ကော်မြို့မရဲစခန်းက ရဲအရာရှိတစ်ဦး လက်နက်နဲ့အတူ KNDF ထံ အလင်းဝင်
နိုဝင်ဘာလ ၁၄။
လွိုင်ကော် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး လက်နက်နဲ့အတူ ပြည်သူ့ဘက်ကို အလင်းဝင်ရောက် လာတယ်လို့ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF တပ်ရင်း-၂ က ထုတ်ပြန်ထားပါတယ်။
အဆိုပါ အလင်းဝင်းရောက်ဖို့ ဆက်သွယ်လာတဲ့ ရဲတပ်ကြပ်နဲ့ သူ့ရဲ့မိသားစုကို ဘေးကင်းစွာ ခေါ်ထုတ်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာ လုံခြုံဘေးကင်းတဲ့ နေရာမှာ နေထိုင်စေပြီး ဖြစ်တယ်လို့ KNDF က ဆိုပါတယ်။
၎င်းရဲတပ်ကြပ်အနေဖြင့် G3 သေနတ်တစ်လက်နဲ့ ကျည်တချို့ကိုပါ ယူဆောင်လာပြီး အပ်နှံခဲ့တဲ့အတွက် KNDF က ငွေကျပ် သိန်း ၃၀ ပြန်လည်ချီးမြှင့် ပေးအပ်ခဲ့ပြီး မိသားစုဘဝ ရပ်တည်နိုင်ရန် အကူအညီ ပေးသွားမယ်လို့လည်း သိရပါတယ်။
အဲ့ဒီ ရဲအရာရှိက ၂၀၁၈ ခုနှစ်ထဲက စတင်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီအောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်ချင်စိတ် မရှိတော့ပေမယ့် မထွက်ခွာနိုင်ခဲ့တာကြောင့် ကြိတ်မှိတ် နေထိုင်ခဲ့ရတာကြာပြီလို့ သူ့ရဲ့ ဇနီးဖြစ်သူက ပြောပါတယ်။
စစ်ကောင်စီ အမိန့်အောက်က ထွက်ခွာဖို့ရှိတဲ့ တပ်မတော်သားနဲ့ ရဲတွေကို ကြိုးစားခေါ်ထုတ်သွားမှာဖြစ်ပြီး စစ်ကောင်စီအောက်က အမြန်ရုံးထွက်ကာ နိုင်ငံအတွက် အကြီးမားဆုံးနဲ့ အကောင်းဆုံး စွန့်စားမှုကို ပြုလုပ်ကြဖို့ KNDF က တိုက်တွန်းထားပါတယ်။
========================
📌📌 ၈။ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာနေရယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်
နိုဝင်ဘာလ ၁၄ ရက်။
ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာနေရယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ကအတည်ပြုထားပါတယ်။
" နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၆) နာရီ ခန့်မှ စတင်၍ ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီ၏ အခိုင်အမာနေရာယူထားသော “တရွန်အိုင်ဗျူဟာ"နှင့် "နှုံးဘူးဗျူဟာ” အထိုင်ချ ဗျူဟာတပ်စခန်း နှစ်ခုအား ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။
ရန်သူစကစသည် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် ကြံ့ကြံ့ခံခုခံနေသော်လည်း ရက္ခိုင့်တပ်တော်၊ တပ်ဖွဲ့ဝင်များမှ ဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့ဆိုပါတယ်။
နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ရက္ခိုင်ဒေသ၌ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့ သည် ရသေ့တောင်၊ မောင်တောနှင့် မင်းပြားမြို့နယ်ရှိ နေရာ (၅) ခု တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းအား ၄င်းနေ့ရက်၌ပင် သိမ်းပိုက်ရရှိခဲ့ပြီး ချိန်ခါလီနယ်ခြားစောင့်တပ်စခန်းအား ယနေ့ နိုဝင်ဘာလ (၁၄) ရက်၊ နံနက် (၇) နာရီခွဲတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ရခိုင့်တပ်တော်AAက ယနေ့သတင်းထုတ်ပြန်ပါတယ်။
========================
📌📌 ၉။ မီဇိုရမ်ဘက်ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်
နိုဝင်ဘာလ ၁၄ ရက်။
မြန်မာ- အိန္ဒိယက နယ်စပ်မြို့တခုဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲမှာ မီဇိုရမ်ဘက်ထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အိန္ဒိယစစ်တပ်က ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်တယ်လို့ ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ The Chin Journal က ရုပ်သံမှတ်တမ်းနဲ့တကွ ဖော်ပြလိုက်ပါတယ်။
မြန်မာ- အိန္ဒိယ နယ်စပ်မြို့တခုဖြစ်တဲ့ ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲအတွင်း အိန္ဒိယဘက် ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီ တပ်သား ၄၃ ဦးကို နိုဝင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်မှာ အိန္ဒိယစစ်ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့ကဖြစ်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၉ ဦး အိန္ဒိယဘက်ခြမ်းကိုထွက်ပြေးသွားခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး အိန္ဒိယဘက်ကို ထပ်မံ ထွက်ပြေးလာတယ်လို့ မီဇိုရမ်သတင်းဌာနတွေက ဖော်ပြထားတယ်လို့ဆိုပါတယ်။
The Chin Journal ကဖော်ပြထားတဲ့ ရုပ်သံမှတ်တမ်းအရ အိန္ဒိယစစ်ဘက်ယာဉ် ၂စီးနဲ့ခေါ်ထုတ်သွားခဲ့တာဖြစ်ပြီး ရဟတ်ယာဉ်တစင်းပေါ်တင်ဆောင်ပြီး ပျံသန်းသွားတာကိုတွေ့ရပါတယ်။
ရိဒ်ခေါဒါရ်မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ၇ ဦးလက်နက်ချခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ မြန်မာ- အိန္ဒိယနယ်စပ်က ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး နယ်စပ်တံတားပေါ်မှာ ချင်းအမျိုးသားအလံကို လွှင့်ထူထားပြီဖြစ်ပါတယ်။
========================
📌📌 ၁၀။ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်း စစ်ကောင်စီထံ မရောင်းဖို့ APEC ခေါင်းဆောင်တွေကို ပြည်ပရောက် မြန်မာတွေ ဆန္ဒပြတောင်းဆို
နိုဝင်ဘာလ ၁၄။
အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို မြို့မှာ ကျင်းပမယ့် APEC အစည်းအဝေး တက်ရောက်လာတဲ့ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်တွေကို စစ်ကောင်စီထံ လေယာဉ်ဆီနဲ့ လက်နက်ခဲယမ်း မရောင်းချဖို့ ပြည်ပရောက် မြန်မာတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အမေရိကန်၊ ရုရှားနဲ့ တရုတ်တို့ အပါအဝင် အဖွဲ့ဝင် ၂၁ နိုင်ငံပါဝင်တဲ့ အာရှ −ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ကော်ပိုရေးရှင်း (APEC) ထိပ်သီးခေါင်းဆောင်အစည်းအဝေးကို နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၇ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။
APEC အဖွဲ့ဝင်နိုင်ငံတွေထဲမှာ စစ်ကောင်စီကို လက်နက်ရောင်းချနေတဲ့ တရုတ် နဲ့ ရုရှားတို့ ပါဝင်နေပြီး ညီလာခံကျင်းပရာ အနီးမှာ ပြည်ပရောက် မြန်မာတွေစုစည်းကာ နိုဝင်ဘာလ ၁၃ ရက်က ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
မြန်မာနဲ့ အိမ်နီးချင်း အိန္ဒိယ၊ ထိုင်း တို့အပြင် အာဆီယံဒေသတွင်း စင်ကာပူ တို့လည်း APEC အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်တာကြောင့် အဲဒီနိုင်ငံတွေကိုလည်း စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ သတင်းစကား တပါတည်းပါးတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ဆိုပါတယ်။
မြန်မာနည်းတူ APEC ခေါင်းဆောင်တွေကို သဘာဝပတ်ဝန်းကျင်အရေး၊ အစ္စရေး − ပါလက်စတိုင်း အရေးနဲ့ပတ်သက်ပြီး ထောင်နဲ့ချီတဲ့သူတွေ စုဝေးဆန္ဒပြတာတွေလည်း ရှိနေပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment