၂၀၂၃ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာများရောင်းချငွေအားလုံး တော်လှန်ရေးရဲ့အရေးကြီးဆုံးနေရာမှာ အသုံးပြုမယ်
📌 ၂။ ဖက်ဆစ် စစ်တပ်ဟာ အရှုံးကို ဝန်မခံချင်ဘဲ ဖြစ်နေတယ်လို့ ဦးမင်းကိုနိုင်ဆို
📌 ၃။ ကန့်ဘလူနယ်ရှိ ကျောင်းသားကျောင်းသူများကို PDF နှင့်တော်လှန်ရေးအင်အားစုက ကျန်းမာရေးစောင့်ရှောက်မှုပေး
📌 ၄။ ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း (၄၀) ကျော်ကို စွန့်ခွာသွားသော စခန်းများ အား ရက္ခိုင့်တပ်တော်မှ ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့အသိပေး၊တိမ်ညိုရဲစခန်းကိုလည်း စကစတပ်ဖွဲ့ဝင်များစွန့်ခွာ
📌 ၅။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ကို AA တိုက်ခိုက်မှု ၅ ဦးသေဆုံး
📌 ၆။ လွိုင်ကော်တက္ကသိုလ်၌တပ်စွဲနေသော စစ်ကောင်စီတပ်များကိုတိုက်ခိုက်မှု တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၁ဝ ကျော်သေဆုံးကာ ၃၂ ဦး လက်နက်ချအညံ့ခံ
📌 ၇။ ကိုးကန့်ရှိ စစ်ကောင်စီ စခန်း ၃ ခုကို MNDAA ထပ်မံသိမ်းပိုက် ရရှိ
📌 ၈။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီ တပ်သား ၂ ဦး CDM ပြုလုပ်ပြီး လာရောက်ပူးပေါင်း
📌 ၉။ ထီးချိုင့်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး ထပ်မံသေဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာများရောင်းချငွေအားလုံး တော်လှန်ရေးရဲ့အရေးကြီးဆုံးနေရာမှာ အသုံးပြုမယ်
နိုဝင်ဘာလ ၁၅ရက်။
နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာများရောင်းချငွေအားလုံး တော်လှန်ရေးရဲ့အရေးကြီးဆုံးနေရာမှာ အသုံးပြုမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။
နွေဦးဖွံ့ဖြိုးရေးဘဏ် အစုရှယ်ယာများ အကြိုရောင်းချခြင်းအစီအစဥ် ရှင်းလင်းပွဲအခမ်းအနားမှာ စီမံကိန်းနှင့်ဘဏ္ဍာရေး ရင်းနှီးမြုပ်နှံ့မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောပါတယ်။
"ဒီရှယ်ယာတွေရောင်းချပေးပြီး ရှယ်ယာရောင်းချရငွေတွေကို ဘယ်မှာသုံးမလဲဆိုတာ ပြည်သူလူထုက သိချင်လိမ့်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဒီကနေ့ရောင်းချရတဲ့ ရှယ်ယာ၁၀ ရာခိုင်နှုန်း ရောင်းချရတဲ့ ဘဏ္ဍာရန်ပုံငွေတွေအားလုံးသည် ဒီကနေ့တော်လှန်ရေးမှာ အရေးပေါ်လိုနေတဲ့ အရေးကြီးဆုံးဆိုတဲ့ကိစ္စရပ်တွေမှာ ကျွန်တော်တို့အပြည့်အဝအသုံးပြုသွားမှာ ဖြစ်ပါတယ်။ကျွန်တော်တို့ တော်လှန်ရေးအစိုးရအနေနဲ့အခြားသုံးစရာလည်းမရှိပါဘူး"လို့ဆိုပါတယ်။
နွေဦးဖွံဖြိုးရေးဘဏ်သည် အမျိုးသားညီညွတ်ရေးအစိုးရမှ ၁၀၀ ရာခိုင်နှုန်းပိုင်ဆိုင်သောဘဏ်ဖြစ်သော်လည်း ယခု၁၀ရာခိုင်နှုန်းအား ပြည်သူလူထုထံရှယ်ယာများရောင်းချပေးသွားမှာဖြစ်ပြီး နောက်ပိုင်းတွင် အစိုးရက ၅၁ ရာခိုင်နှုန်းသာပိုင်ဆိုင်မှုထားရှိမှာဖြစ်ပါတယ်။
နွေဦးဘဏ်ရှယ်ယာ တခု (SDB Token) = USD $0.001 အနည်းဆုံး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏ = USD $10 ဒေါ်လာသတ်မှတ်ကာ စာရင်းပေး ဝယ်ယူနိုင်မယ့် အချိန်ကာလမှာ နိုဝင်ဘာ၁၇ရက်မှ၂၇အထိ ဖြစ်တယ်လို့သိရပါတယ်။
========================
📌📌 ၂။ ဖက်ဆစ် စစ်တပ်ဟာ အရှုံးကို ဝန်မခံချင်ဘဲ ဖြစ်နေတယ်လို့ ဦးမင်းကိုနိုင်ဆို
နိုဝင်ဘာလ ၁၅ရက်။
ဖက်ဆစ် စစ်တပ်ဟာ အရှုံးကို ဝန်မခံချင်ဘဲ ဖြစ်နေတယ်လို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးမင်းကိုနိုင်ကနိုဝင်ဘာ၁၅ရက်က ဆိုရှယ်မီဒီယာမှာ အသိပေးဆိုပါတယ်။
"ဒီတခါနွေဦးရဲ့ရွှေ့ကွက်ဟာ ချက်(စ်)ပွဲဆိုရင် လက်ဆွဲနှုတ်ဆက်ရမယ့်အကွက်ပဲ။ ချက်(စ်)လောကမှာ ရှုံးဖို့သေချာသူဟာ အရှက်ပြေ ဆက်ဆော့မနေဘူး။ ထရပ်ပြီး(ပြိုင်ဘက်ကို)လက်ဆွဲနှုတ်ဆက်လိုက်တာပဲ။ ဖက်ဆစ်ဂိုဏ်းချုပ်ကတော့ ကြာကြာထိုင်ချင်သူမို့ နယ်ရုပ်တွေပါဝါတွေတန်းစီအစားခံရတာ ငုတ်တုပ်ကြည့်ပြီး ဘုရင်ကြီး(မလွတ်တမ်း)အခွေခံရတဲ့အထိ(တောင်ရွှေ့ မြောက်ရွှေ့)အရှက်တကွဲထိုင်ထိုးချင်နေရဲ့"လို့ဆိုထားပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီဟာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇စစ်ဆင်ရေး၊ ကရင်နီပြည်တွင် ကလလတရဲ့ ၁၁၀၇ စစ်ဆင်ရေး၊ KNDFအပါအဝင် ကရင်နီတော်လှန်ရေးအင်အားစုများရဲ့ ၁၁၁၁ လေးလုံးစစ်ဆင်ရေးတို့ကို ရင်ဆိုင်နေရတဲ့အပြင် ရခိုင်ပြည်နယ်တွင်လည်း ရခိုင့်တော်AAရဲ့ စစ်မျက်နှာသစ်ကိုရင်ဆိုင်နေရပါတယ်။
========================
📌📌 ၃။ ကန့်ဘလူနယ်ရှိ ကျောင်းသားကျောင်းသူများကို PDF နှင့်တော်လှန်ရေးအင်အားစုက ကျန်းမာရေးစောင့်ရှောက်မှုပေး
နိုဝင်ဘာလ ၁၅ ရက်။
ကန့်ဘလူမြို့နယ်အတွင်းရှိတဲ့ ကျေးရွာတရွာမှ ကျောင်းသား၊ ကျောင်းသူတွေကို PDF ဆေးတပ်ဖွဲ့နဲ့အတူ ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေး လိုက်ပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့က လူဦးရေ ၂ထောင်ကျော် နေထိုင်တဲ့ကျေးရွာတရွာက ဒေသခံပြည်သူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေက တောင်းဆိုလာတာကြောင့် ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နဲ့အတူ ကျန်းမာရေး စောင့်ရှောက်မှုတွေပေးခဲ့တာလို့ သိရပါတယ်။
အိမ်ခြေ ၄ဝဝ ကျော်ရှိတဲ့ အဲဒီရွာက ကျောင်းသား၊ ကျောင်းသူတွေကို ဆေးတပ်ဖွဲ့မှ ဆရာဝန်တဦးက တကိုယ်ရေသန့်ရှင်းရေးနဲ့ပတ်သက်တဲ့ ကျောင်းကျန်းမာရေးပညာပေးဟောပြောမှုတွေလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ကန့်ဘလူခရိုင် PDF ဆေးတပ်ဖွဲ့နဲ့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) တို့ဟာ အခု နိုဝင်ဘာလထဲမှာပဲ ကန့်ဘလူခရိုင်ထဲက စစ်ဘေးရှောင်တွေနဲ့ ကျေးရွာဒေသခံပြည်သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ပါသေးတယ်။
========================
📌📌 ၄။ ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း (၄၀) ကျော်ကို စွန့်ခွာသွားသော စခန်းများ အား ရက္ခိုင့်တပ်တော်မှ ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့အသိပေး၊တိမ်ညိုရဲစခန်းကိုလည်း စကစတပ်ဖွဲ့ဝင်များစွန့်ခွာ
နိုဝင်ဘာလ ၁၅ရက်။
ရခိုင်ပြည်နယ်တွင် ရဲစခန်းပေါင်း (၄၀) ကျော်ကို စွန့်ခွာသွားသော စခန်းများအား ရက္ခိုင့်တပ်တော်မှ ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့အသိပေးဆိုပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို အကောင်အထည်ဖော်သော ညီနောင် (၃) ဖွဲ့ထဲမှ တစ်ဖွဲ့ဖြစ်သော ရက္ခိုင့်တပ်တော်၏ဒေသ ဖြစ်သည့် ရက္ခိုင်ဒေသ၌လည်း နိုဝင်ဘာလ (၁၃) ရက်နေ့၌ ဟန်ချက်ညီစစ်ဆင်ရေးကို ဆင်နွှဲပြီး စစ်ဆင်ရေး စတင်သော ၎င်းနေ့ရက် တစ်နေ့တည်း၌ပင် နေရာ(၅) ခု၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ နယ်ခြားစောင့် တပ်စခန်း (၂) ခုကို အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ဆိုပါတယ်။
ထို့အတူ ရဲစခန်းပေါင်း (၄၀) ကျော်ကို စွန့်ခွာသွားသော စခန်းများအားလည်း ရက္ခိုင့်တပ်တော်မှ ဝင်ရောက်နေရာယူထားပြီးဖြစ်တယ်လို့ဆိုပါတယ်။
ထို့အပြင် နိုဝင်ဘာ၁၄ရက်နေ့မှာ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းတွင် နေထိုင်ကြသော စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်စခန်းကို စွန့်ခွာသွားတယ်လို့ ဒေသ သတင်းအရင်းအမြစ်များထံကသိရပါတယ်။
လက်ရှိမှာ တိမ်ညိုရဲစခန်းကို AAရခိုင့်တပ်တော်က ရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့သိရပါတယ်။
ရက္ခိုင်နှင့် ပလက်ဝဒေသအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီသည် ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ကာ တန်ပြန်စစ်ဆင်ရေးကိုလုပ်ဆောင်လျက်ရှိပါတယ်။
========================
📌📌 ၅။ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးတဲ့စစ်ကောင်စီတပ်ဖွဲ့ကို AA တိုက်ခိုက်မှု ၅ ဦးသေဆုံး
နိုဝင်ဘာလ ၁၅ ရက်။
ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ရခိုင့်တပ်တော် AA က လိုက်လံတိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က နိုဝင်ဘာလ ၁၅ ရက်နေ့ညနေပိုင်းမှာ ထုတ်ပြန်ပါတယ်။
ရက္ခိုင့်တပ်တော်က လက်နက်ချအညံ့ခံဖို့ အသိပေးထားတာကို လက်မခံတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာလ ၁၅ ရက်နေ့ မနက် ၅ နာရီခွဲခန့်အချိန်မှာ ထွက်ပြေးသွားတာကြောင့် AA က လိုက်လံတိုက်ခိုက်ခဲ့တာပါ။
လက်နက်ချအညံ့မခံဘဲထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မောင်တောမြို့နယ် ကံပင်သာစည်ရွာ အရှေ့မြောက်ဘက်အထိ AA က လိုက်လံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးသွားသလို ဒဏ်ရာရသွားသူတွေလည်းရှိတယ်လို့ AA က အသိပေးထားပါတယ်။
AA က ဓာတ်ပုံမှတ်တမ်းနဲ့တကွဖော်ပြရာမှာ စစ်ကောင်စီတပ်သားတဦးကို သုံ့ပန်းအဖြစ်ဖမ်းဆီးနိုင်ခဲ့ပြီး သေနတ် ၇ လက်နဲ့အတူ ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့တာကိုလည်း ဖော်ပြထားတာတွေ့ရပါတယ်။
ဆက်လက်၍လည်း လက်နက်ချအညံ့မခံတဲ့သူတွေကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ AA က အသိပေး ထုတ်ပြန်ထားပါတယ်။
ရခိုင်တပ်တော် AA အနေနဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်အတွင်း စစ်ဆင်ရေးတွေလုပ်ဆောင်နေတာမှာ စစ်ကောင်စီတပ်စခန်းအချို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို AA ထံ လက်နက်ချအလင်းဝင်လာသူ ၃ဝ ကျော်ရှိနေပြီလို့ သိရပါတယ်။
========================
📌📌 ၆။ လွိုင်ကော်တက္ကသိုလ်၌တပ်စွဲနေသော စစ်ကောင်စီတပ်များကိုတိုက်ခိုက်မှု တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူး အပါအဝင် ၁၁ဝ ကျော်သေဆုံးကာ ၃၂ ဦး လက်နက်ချအညံ့ခံ
နိုဝင်ဘာလ ၁၅ ရက်။
လွိုင်ကော်တက္ကသိုလ်မှာတပ်စွဲထားတဲ့ တပ်မ ၆၆ လက်အောက်ခံ ခမရ-၄၂၅ နဲ့ ခမရ-၆ တပ်ရင်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ရာမှာ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ဝ ကျော်သေဆုံးကာ ၃၂ ဦး လက်နက်နဲ့တကွ အညံ့ခံခဲ့ကြတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က နိုဝင်ဘာလ ၁၅ ရက်နေ့မွန်းလွဲပိုင်းမှာ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
၁၁.၁၁ စစ်ဆင်ရေး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ KNDF စစ်ကြောင်း၏ တတိယနေ့နဲ့စတုတ္ထနေ့ စစ်ဆင်ရေးမှာ လွိုင်ကော်တက္ကသိုလ်ပရဝုဏ်အတွင်း တပ်စွဲထားတဲ့ တပ်မ-၆၆ လက်အောက်ခံ ခမရ-၄၂၅ နဲ့ ခမရ-၆ တပ်ရင်းတို့ကို အပြီးသတ်ချေမှုန်းတာမှာ နောက်ဆုံးလက်ကျန်တပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့တနေ့လုံး တိုက်ခိုက်ခဲ့တာမှာ လွိုင်ကော်တက္ကသိုလ်ဝင်းထဲမှာ တပ်စွဲနေတဲ့ ခမရ-၄၂၅ တပ်က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးအပါအဝင် တပ်ရင်းတရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ-၆ က စစ်တပ် အင်အား တဝက်နီးပါးကိုလည်း ချေမှုန်းနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နေ့မှာလည်း လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း ကျန်ရှိနေတဲ့ ခမရ-၆ က တပ်ဖွဲ့ဝင်တွေကို အပြီးသတ်ချေမှုန်းဖို့ မနက်ကတည်း စစ်ဆင်ရေးစခဲ့ပြီး ညနေပိုင်းမှာတော့ ကျန်ရှိနေတဲ့စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လက်နက်ချအညံ့ခံဖို့ အခွင့်အရေပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုအခွင့်အရေးပေးပြီးတဲ့နောက် တပ်ခွဲမှူး ကောင်းမြတ်ကို ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၂ ဦး လက်နက်ချအညံ့ခံခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ ၂ ရက်တာတိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း ၃၈ ဦးနဲ့အတူ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၁၂၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကိုတော့ KNDF ရဲ့ စစ်ဖက်ဆိုင်ရာဥပဒေနဲ့ သုံ့ပန်းဆိုင်ရာမူဝါဒများ အတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ အပြည့်အဝပေးကာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ KNDF ဗဟို သတင်းနဲ့ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ကိုးကန့်ရှိ စစ်ကောင်စီ စခန်း ၃ ခုကို MNDAA ထပ်မံသိမ်းပိုက် ရရှိ
နိုဝင်ဘာလ ၁၅ရက်။
‘၁၀၂၇ စစ်ဆင်ရေး’ ဆယ်ရက်မြောက်တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ကိုးကန့်ခရိုင်ရှိ စစ်ကောင်စီ တပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက် ရရှိခဲ့တယ်လို့ MNDAA ပြောရေးဆိုခွင့်ရှိသူ လီတျာဝင်း ပြောကြားချက်အရ သိရပါတယ်။
“ဒီနေ့ကတော့ စစ်ကောင်စီတပ်စခန်း ၃ခုကို ထပ်မံသိမ်းပိုက် ရရှိခဲ့တယ်။ နေရာကတော့ ကိုးကန့်ခရိုင် မြောက်ဘက်ပိုင်း မော်ထိုက်ဒေသပေါ့နော်။ အဲဒီအတွင်းမှာရှိတဲ့ တပ်စခန်း ၃ခုပါ” ဟု လီကျာဝင်းက ပြောပြပါတယ်။
အဆိုပါ တပ်စခန်း ၃ ခု အပါအဝင် နိုဝင်ဘာ ၁၅ ရက်နေ့အထိ စစ်ဆင်ရေး ရက် ၂၀ အတွင်း ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA) နှင့် ရက္ခိုင်တပ်တော် (AA) စတဲ့ မဟာမိတ်တပ်များ သိမ်းပိုက်ရရှိထားတဲ့ စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၃ ခုအထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်ပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းထုတ်ပြန်ချက်အရ မဟာမိတ် (၃) ဖွဲ့မှတဆင့် ပြည်သူ့ဘက်ကို လက်နက်ချ အလင်းဝင်လာတဲ့ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် ရှိနေပြီလို့ သိရပါတယ်။
ထို့အပြင် မြောက်ပိုင်းညီနောင် မဟာမိတ် (၃) ဖွဲ့အနေဖြင့် စစ်ဆင်ရေး ရက် ၂၀ အတွင်း မြို့ ၆ မြို့ကို သိမ်းပိုက်ထိန်းချုပ်ထား နိုင်ကြောင်း တရားဝင် ထုတ်ပြန်ထားပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အပါအဝင် အခြားသော တော်လှန်ရေး အင်အားစုများကလည်း စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကရင်နီ ပြည်နယ်တို့မှာ မြို့အချို့ကို သိမ်းပိုက်ထိန်းချုပ် ထားပါတယ်။
========================
📌📌 ၈။ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီ တပ်သား ၂ ဦး CDM ပြုလုပ်ပြီး လာရောက်ပူးပေါင်း
နိုဝင်ဘာလ ၁၅ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ (အမှတ် - ၁၀၀၉) အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF ထံတွင် စစ်ကောင်စီ တပ်သား ၂ ဦး CDM ပြုလုပ်ပြီး လာရောက်ပူးပေါင်းခဲ့တယ်လို့ နိုဝင်ဘာ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဆိုပါ တပ်သားနှစ်ဦးမှာ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အင်းတိုင် အမှတ် ၂ ဆက်သွယ်ရေး တပ်ရင်းက တပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
CDM ပြုလုပ်လာတဲ့ တပ်သား နှစ်ဦးလုံးက စစ်မှုထမ်းသက် ၆ နှစ်စီ ရှိပြီး ဖုန်းမှတဆင့် ဆက်သွယ်ချိတ်ဆက်ပြီး အောက်တိုဘာ ၇ ရက်နေ့က IPDF တပ်ရင်းထံ ရောက်ရှိလာတာ ဖြစ်ပါတယ်။
IPDF အနေနဲ့ အင်းလေးဒေသရှိ စစ်ကောင်စီ တပ်သားတွေ၊ PNO ပြည်သူ့စစ် တပ်သားတွေ၊ အင်းလေး ပျူစောထီး အဖွဲ့ဝင်တွေ အနေနဲ့ လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းရင် ထိုက်တန်တဲ့ ဆုကြေးငွေ ချီးမြှင့်မှာဖြစ်တယ်လို့ အသိပေးထားပြီး စစ်ကောင်စီလက်အောက်က ရုန်းထွက်ပြီး CDM ပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် CDM ပြုလုပ်ဖို့ အခက်အခဲ ရှိခဲ့ရင်လည်း တော်လှန်ရေးအတွက် အထောက်အကူ ဖြစ်စေမယ့် သတင်းတွေ ပေးပို့ဖို့ကိုလည်း IPDF က နှိုးဆော်ထားပါတယ်။
========================
📌📌 ၉။ ထီးချိုင့်တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၂ ဦး ထပ်မံသေဆုံး
နိုဝင်ဘာလ ၁၅ ရက်။
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၂ ဦး ထပ်မံသေဆုံးခဲ့ရတယ် NUG အမှတ် ၁ စစ်ဒေသက နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့က တံတားဦးကနေတက်လာတဲ့ ဂျက်တိုက်လေယာဉ်တစင်းက ထီးချိုင့်မြို့နယ်မှာ ရှိတဲ့ ကျေးရွာတွေကို ဗုံးကြဲပြီး စက်သေနတ်တွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အင်းတိန်ရွာက ၂ဦး၊ အလယ်တောရွာက ၁ဝ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေခံလိုက်ရတဲ့ရွာတွေက အလယ်တောရွာ၊ အင်းတိန်ရွာ၊ လေသာရွာနဲ့ ပိန္နဲကုန်းရွာတို့ ဖြစ်တယ်လို့သိရပါတယ်။
နိုဝင်ဘာလ ၁၃ ရက်နေ့တုန်းကလည်း ထီးချိုင့်မြို့နယ် ကိုးတဲကျေးရွာက စာသင်ကျောင်းနဲ့လူနေအိမ်တွေကို စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့ အသက် ၁ဝ နှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ် ၃ ဦး စုစုပေါင်း ၄ဦးသေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ မြတောင်ရဲစခန်းအနီးမှာရှိတဲ့ လူနေအိမ်တွေနဲ့ ထီးချိုင့်မြို့နယ် ကြက်သွန်ခင်းရွာ အမှတ် ၂ ရပ်ကွက်က လူနေအိမ်တွေကို မီးရှို့းဖျက်ဆီးခဲ့တာလည်းရှိပါတယ်။
စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့ စိစစ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေက ထီးချိုင့်မြို့ကိုသိမ်းပိုက်နိုင်ဖို့ နိုဝင်ဘာ ၈ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲကို စတင်ဖော်ဆောင်နေတာကြောင့် ယနေ့အထိ တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေဖြစ်နေစဉ်အတွင်းမှာ အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူ တွေနေထိုင်ရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ၂ ရက်အတွင်း အရပ်သားထိခိုက်သေဆုံးသူ ၁၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူအရေအတွက် ၁၂ ဦးအထိရှိလာပြီဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment