၂၀၂၃ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်မှူးအပါအဝင် ၄ဝ ကျော်သေဆုံးဟု NUG ထုတ်ပြန်
📌 ၂။ ကောလင်းမြို့အတွင်းရှိ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ အမြန်ဆုံး လာရောက်ဆက်သွယ်ကြဖို့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ထုတ်ပြန်
📌 ၃။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆင်ရေး ပထမအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ညီနောင်သုံးဖွဲ့ အသိပေး
📌 ၄။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ လူထုတိုက်ပွဲဆင်နွှဲတော့မယ်လို့ KNU ပြောကြား
📌 ၅။ ကိုးကန့်တွင် အရပ်သား ၂ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုသတ်ဖြတ်ခဲ့သည့် စစ်တပ်အကြွင်းအကျန်အဖွဲ့ကို ပစ်ခတ်ရှင်းလင်း
📌 ၆။ လိုင်ဇာရှိ ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု ၉ နှစ်ပြည့်
📌 ၇။ ရန်ကုန်မြို့မှာ PDF အလံလွှင့်ထူပြီး စစ်ကောင်စီ တပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ စာသားချိတ်ဆွဲ တိုက်တွန်း
📌 ၈။ ရှမ်းတောင်တွင် စစ်ကောင်စီကကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်များကို အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စု ပြင်းထန်စွာကန့်ကွက်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရေတာရှည်တိုက်ပွဲတွင် စစ်ကောင်စီဗိုလ်မှူးအပါအဝင် ၄ဝ ကျော်သေဆုံးဟု NUG ထုတ်ပြန်
ပဲခူးတိုင်း တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်းဖြစ်ခဲ့တဲ့ ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး အပါအဝင် ၄ဝ ကျော်သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာအနောက်ဘက် အင်တိုင်းတောနဲ့ကျေးရွာစာသင်ကျောင်း၊ ဘုန်းကြီး ကျောင်းဝန်ကျင်အနီးမှာ ၄ ရက်ခန့် တပ်ဖျောက်နေတဲ့ အင်အား ၁၅ဝ ခန့်ရှိ စစ်ကောင်စီပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပုဝါနီစစ်ကြောင်း၊ ကီကူးစစ်ကြောင်း၊ နပတ ရိုးမစစ်ကြောင်း၊ ၃၅၀၁ တပ်ရင်းက တပ်ခွဲ ၃ နှင့် တပ်ခွဲ ၄ ၊သံတောင်မြောက်ပိုင်း အထူးဒေသစစ်ကြောင်းတို့က နိုဝင်ဘာလ ၁၆ ရက်က စပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ် ခမရ -၁၉ မှ ဗိုလ်မှူးတှီုးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဝ ကျော် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
မနက် ၅ နာရီ ၄၅ မိနစ်ကနေ ညနေ ၄ နာရီခွဲဝန်ကျင်အထိဖြစ်ခဲ့တဲ့တိုက်ပွဲမှာ သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို ၃ ဘီးယာဉ်နဲ့တင်ပြီး စစ်တောင်းမြစ်ကိုဖြတ်ကူးရာမှာ လှေနဲ့ ၉ ခေါက်သယ်ထုတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ ရန်သူ စစ်တပ်ဘက်က လက်နက်ကြီးပစ်ကူနဲ့လေကြောင်းပစ်ကူတွေ တနေကုန်အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်ဘက်က ရဲဘော် ၃ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်စွန့်လှူခဲ့ရပြီး ၈ ဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ရေုံးချုပ်က အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ ကောလင်းမြို့အတွင်းရှိ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ အမြန်ဆုံး လာရောက်ဆက်သွယ်ကြဖို့ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ ထုတ်ပြန်
နိုဝင်ဘာ ၁၉။
ကောလင်းခရိုင်၊ ကောလင်းမြို့အတွင်း ဖွင့်လှစ်ထားတဲ့ ပုဂ္ဂလိက ဘဏ်များမှ တာဝန်ရှိသူများ အမြန်ဆုံး လာရောက်ဆက်သွယ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ နိုဝင်ဘာလ ၁၈ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့က ကောလင်းခရိုင်အတွင်းရှိ ပြည်သူလူထုကို ငွေကြေးဝန်ဆောင်မှု ပေးနေတဲ့ ပုဂ္ဂလိကဘဏ်များကို လုံခြုံရေးစောင့်ရှောက်မှု ပေးနိုင်ရန်နဲ့ အများပြည်သူပိုင်ဆိုင်မှုများ နစ်နာဆုံးရှုံးမှု မရှိစေရန်အတွက် NUG ကြားကာလ ဗဟိုဘဏ်ရဲ့ ကြေညာချက်(၁/၂၀၂၃) နဲ့အညီ ဘဏ်အတွင်း ဝင်ရောက်စစ်ဆေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ထို့ကြောင့် ပုဂ္ဂလိက ဘဏ်အသီးသီးမှ တာဝန်ရှိသူများ အနေနဲ့ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ကို အမြန်ဆုံး လာရောက်ဆက်သွယ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ အသိပေးထားပါတယ်။
ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ရဲ့ အသိပေး အကြောင်းကြားချက်ကို လိုက်နာမှု မရှိပါက NUG ကြားကာလဗဟိုဘဏ်ရဲ့ ကြေညာချက်အမှတ် (၁/၂၀၂၃) ပါ ညွှန်ကြားချက်များအတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။
ကောလင်းမြို့ကို အမှတ်(၁) စစ်ဒေသ ခရိုင်ကွပ်ကဲမှု အစီအစဉ်ဖြင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တော်လှန်ရေးအဖွဲ့များက နိုဝင်ဘာ ၆ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယခုအခါ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် အရေးပေါ်အုပ်ချုပ်ရေးဆိုင်ရာ ခရိုင်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ ကောင်းစွာထိန်းချုပ်ထားနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကာ ပြည်သူအချို့လည်း ပြန်လည်အခြေချ နေထိုင်နေကြပြီ ဖြစ်ပါတယ်။
========================
📌📌 ၃။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆင်ရေး ပထမအဆင့် အကောင်အထည်ဖော် ဆောင်ရွက်နေတယ်လို့ ညီနောင်သုံးဖွဲ့ အသိပေး
နိုဝင်ဘာ ၁၉။
စစ်ကောင်စီကို အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့က ‘Nationwide Operation’ အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဆင်ရေး ပထမအဆင့် အကောင်အထည် ဖော်နေတယ်လို့ နိုဝင်ဘာလ ၁၇ ရက်နေ့က အသိပေးထားပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့က “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက် တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကိုးကန့်၊ တအာင်းနဲ့ ရခိုင်အပါအဝင် စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ချင်းနဲ့ ကယား ပြည်နယ်တို့က စစ်ကောင်စီ တပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေတာဟာ တစ်နိုင်ငံလုံး စစ်ဆင်ရေး ပထမအဆင့်ဖြစ်တယ်လို့ ဆိုထားတာပါ။
ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ စစ်ရေးရည်မှန်းချက်တွေကို မဟာမိတ် အင်အားစုတွေနဲ့ ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်နေပြီး စစ်ဆင်ရေး ပစ်မှတ်တွေကို အပြီးသတ် သိမ်းပိုက်နိုင်ရေးနဲ့ မိမိတို့ဌာနေမှာ ပြန်လည်အခြေချနိုင်ဖို့ ဦးစားပေး ဆောင်ရွက်နေတယ်လို့ အသိပေး ထားပါတယ်။
ဒါ့အပြင် စစ်ဆင်ရေးနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေ အပါအဝင် စစ်ကောင်စီယန္တရား ဖြိုလဲလိုက်တဲ့ မြို့တွေမှာ အုပ်ချုပ်ရေးနဲ့ သက်ဆိုင်တဲ့ နေရာတွေကို ညီနောင်မဟာမိတ်သုံးဖွဲ့က နေရာယူပြီး ပြည်သူ လူထုလုံခြုံရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
မြေပြင်စစ်ပွဲတွေမှာ ရှုံးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုနေပြီး နိုင်ငံတကာ စစ်ဥပဒေ ချိုးဖောက်ကာ စစ်ရာဇဝတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတယ် လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထားပါတယ်။
========================
📌📌 ၄။ ပြည်သူတစ်ရပ်လုံးပါဝင်တဲ့ လူထုတိုက်ပွဲဆင်နွှဲတော့မယ်လို့ KNU ပြောကြား
နိုဝင်ဘာ ၁၈။
လက်ရှိ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်ပြီး KNU ရဲ့ ရပ်တည်ချက် သဘောထားနဲ့ ပတ်သက်ပြီး နိုဝင်ဘာ ၁၇ ရက်နေ့က ပြည်သူလူထုထံ အသိပေး ထုတ်ပြန်ပြောကြားစဉ်မှာ စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးနဲ့ သံတမန်ရေး တိုက်ပွဲတွေ၊ စီးပွားရေး ပိတ်ဆို့မှုတွေအပါအဝင် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်းပါဝင်တဲ့ လူထုတိုက်ပွဲ ဖော်ဆောင်တော့မယ်လို့ KNU ပြော ရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုခဲ့ပါတယ်။
"ဒီထက်ပိုပြီးတော့လည်း လာမယ့် မဝေးတော့တဲ့ အနာဂတ်ကာလမှာ ပိုမိုပြင်းထန်လာတဲ့ လှိုင်းလုံးဂယက်ကြီးတွေနဲ့ ဆက်ကာဆက်ကာ ဒီအကြမ်းဖက်စစ်ကောင်စီကို ရိုက်ခတ်တော့မှာ ဖြစ်ပါတယ်နော်။ ဒီလိုရိုက်ခတ်တဲ့ အခါမှာ မျက်နှာစာ အသီးသီးမှာရှိတဲ့ နိုင်ငံရေးတိုက်ပွဲတွေ မျက်နှာစာ အသီးသီးမှာရှိတဲ့ သံတမန်ရေးတိုက်ပွဲတွေ၊ နောက်ပြီးတော့ စီးပွားရေးပိတ်ဆို့မှုတွေ၊ နောက်ပြီးတော့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်တဲ့ လူထုတိုက်ပွဲတွေကိုလည်း ကျွန်တော်တို့ ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်" လို့ ပဒိုစောတောနီးက ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလ အထိ KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲပေါင်း ၁၁,၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံး ဒဏ်ရာရရှိသူ စုစုပေါင်း ၁၈,၀၀၀ ကျော်ရှိခဲ့တယ်လို့ KNU က အသိပေးထားပါတယ်။
ဒါ့အပြင် လတ်တလော ဖြစ်ပေါ်နေတဲ့ ရှမ်းမြောက်ဒေသက တိုက်ပွဲတွေမှာ မဟာမိညီနောင် ၃ ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် အခက်အခဲအကြပ်အတည်းပေါင်းစုံနဲ့ ကြုံနေရပြီး ဂနာမငြိမ် ဖြစ်နေတဲ့ စစ်ကောင်စီဟာ စစ်ကူကို ဘယ်လိုမှ မပို့ဆောင်နိုင်တော့သလို တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားတဲ့ အရေအတွက်ကိုလည်း ပြန်ပြီး မဖြည့်ဆည်းနိုင်တော့ဘူးလို့ ပဒိုစောတောနီးက ဆိုပါတယ်။
အဖက်ဖက်က ရှုံးနိမ့်လာတဲ့ စစ်ကောင်စီဟာ လုပ်ရိုးလုပ်စဉ်အတိုင်း မတရား ဖမ်းဆီးထားတဲ့ နိုင်ငံခေါင်းဆောင် တစ်ဦးဦးကို လွတ်ပေးပြီး ပြည်သူလူထုကို ဝေဝါးစေနိုင်တဲ့ ဆွေးနွေးမှုမျိုးနဲ့ အပေးအယူ လုပ်ဆောင်တာ၊ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင် နေရာကို အခြားလူ တစ်ဦးဦးနဲ့ အစားထိုးပြတဲ့ ဟန်ပြလုပ်ဆောင်တာ စတဲ့ အပြောင်းအလဲတွေကို လုပ်ဆောင်လာနိုင်တယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။
========================
📌📌 ၅။ ကိုးကန့်တွင် အရပ်သား ၂ ဦးကို လူသားဒိုင်းအဖြစ်အသုံးပြုသတ်ဖြတ်ခဲ့သည့် စစ်တပ်အကြွင်းအကျန်အဖွဲ့ကို ပစ်ခတ်ရှင်းလင်း
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ခရိုင် ဟုန်ရှင်းဒေသလုံခြုံရေးတပ်ဖွဲ့က ရှင့်ထန်အုပ်စုမှာ နယ်မြေရှင်းလင်းရေးနဲ့စစ်ကောင်စီ အကြွင်းအကျန်အဖွဲ့ကို ရှင်းလင်းသုတ်သင်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာမှာ ရှင့်ထန်အုပ်စု စစ်ဆေးရေးဂိတ်အနီး စစ်ကောင်စီအကြွင်းအကျန် ၅ ဦးက အရပ်သားပြည်သူ ၂ ဦးကို ဖမ်းဆီးချုပ်နှောင်ကာ လူသားဒိုင်းအဖြစ် အသုံးပြုထားတာတွေ့ရတယ်လို့ MNDAA သတင်းဌာန The KoKang က နိုဝင်ဘာ ၁၈ မှာ ထုတ်ပြန်ပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဝိုင်းဝန်းပတ်ဆို့ဖမ်းဆီးခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အရပ်သား ပြည်သူ ၂ ဦးကို ပစ်သတ်ခဲ့တဲ့အတွက် တဦးသေဆုံးပြီး တဦးဒဏ်ရာရရှိခဲ့တာကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးစလုံးကို ပစ်ခတ်ရှင်းလင်းခဲ့ရတာဖြစ်တယ်လို့ MNDAA က အသိပေးထားပါတယ်။
သေဆုံးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ထံကနေ ပစ္စတိုတလက်၊ ကျည်ဘောက်တခု၊ ကျည် ၁၆တောင့်၊ လက်ကိုင် ဖုန်း ၃ လုံး၊ တရုတ်ငွေ ယွမ် ၁၁၆ဝ၊ မြန်မာငွေ ကျပ် ၄သိန်း ၇သောင်း ၅ ထောင်နဲ့ ဂဏန်းပေါင်းစက်တလုံး သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သူဟာ ရှင့်ထန်အုပ်စု ရှန့်ကုတ်ရွာ ရိထန်မှာ နေထိုင်သူဖြစ်ပြီး ဒဏ်ရာရရှိခဲ့သူက ရှန့်ကုတ်ရွာ တာဖင်ကြည်မှာနေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသားဖြစ်ကာ ၎င်းကို ဟန်အိုင် လွတ်မြောက်ရေးဒေသပို့ပြီး ဆေးကုပေးနေတယ်လို့ MNDAA က အသိပေးထားပါတယ်။
MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေဟာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကိုးကန့် ဟုန်ရှင်းဒေသမှာ စစ်ကောင်စီလက်အောက်ခံ အကြွင်းအကျန်တွေကို သုတ်သင်ရှင်းလင်းနိုင်ခဲ့တဲ့အပြင် ရှီရှန်းဒေသ မန်လော်အုပ်စု ချင့်ချိုင်ထန်ရွာလမ်းခွဲမှာရှိတဲ့ စစ်တပ် နံပါတ်-၂ စခန်းကိုပါ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကိုးကန့် MNDAA အဖွဲ့ ချုံကန်းရပ်ကွက်ပတ်လည်ကို ရှင်းလင်းရေးလုပ်ခဲ့တာမှာလည်း စစ်ကောင်စီအကြွင်းအကျန် အဖွဲ့ရဲ့ ကျည်ဆန် အတောင့် ၃ထောင်၊ သေနတ်ပစ်ဗုံး ၄ လုံး၊ လက်ပစ်ဗုံး ၁ဝ လုံးနဲ့ကျည်ကာဦးထုပ် ၉ လုံး သိမ်းဆည်းရရှိခဲ့ တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ လိုင်ဇာရှိ ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု ၉ နှစ်ပြည့်
ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် ဗိုလ်လောင်းသင်တန်းကျောင်း ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းသင်တန်းသား ၂၃ ဦး သေဆုံးခဲ့ရမှု ဟာ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ၉ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
KIA ဌာနချုပ်ရှိ ဗိုလ်လောင်းသင်တန်းကျောင်းကို အကြမ်းဖက်စစ်တပ်က ၂ဝ၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရခိုင့်တပ်မတော် AA က ဗိုလ်လောင်းသင်တန်းသား ၈ ဦး၊ တအာင်းတပ်မတော် PSLF/TNLA က ၁၁ ဦး၊ ချင်းအမျိုးသားကာကွယ်ရေးတပ် CNF က ၂ ဦးနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ၂ ဦး စုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
လွန်ခဲ့သော ၉ နှစ်က စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ရခိုင့်တပ်မတော် AA က ဗိုလ်လောင်းသင်တန်းသား ၈ ဦးအပါအဝင် ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ရတဲ့ဖြစ်ရပ်ကို မည်သည့်အခါမျှ မေ့ပျောက်မှာမဟုတ်ဘူးလို့ AA က အသိပေး ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ရန်ကုန်မြို့မှာ PDF အလံလွှင့်ထူပြီး စစ်ကောင်စီ တပ်သားတွေ ပြည်သူနဲ့ ပူးပေါင်းဖို့ စာသားချိတ်ဆွဲ တိုက်တွန်း
နိုဝင်ဘာ ၁၉။
ရန်ကုန်မြို့ ပန်းဆိုးတန်း ခုံးကျော်တံတားမှာ ဒီကနေ့ (နိုဝင်ဘာ ၁၉ ရက်) မနက်အစောပိုင်းက "အဘအတွက် အသေခံမလား၊ ပြည်သူ့ထံအလင်းဝင်မလား မင်းတို့ရွေး" ဆိုတဲ့ စာသားကို ချိတ်ဆွဲခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) အလံတော်ကိုလည်း လွှင့်ထူထားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီအနေနဲ့ ရှမ်းမြောက်ပိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်း အပါအဝင် နိုင်ငံတဝှမ်း စခန်းသိမ်း၊ မြို့သိမ်း တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အပြင် မြို့ရှစ်မြို့ထက်မနည်း အသိမ်းခံထားရသလို ရာနဲ့ချီတဲ့ စခန်းတွေကို အကျအဆုံးများစွာနဲ့ လက်လွှတ်ဆုံးရှုံး နေရပါတယ်။
အခုလို အခြေအနေမှာ ပြည်သူ့ဘက်ကို စစ်ကောင်စီ တပ်သားတွေအနေနဲ့ လက်နက်ချခြင်း၊ အလင်းဝင်ခြင်း၊ ကြိုတင်ချိတ်ဆက် ခိုလှုံခြင်းတွေနဲ့ အချိန်မီ ပြည်သူ့ဘက်ကို ပူးပေါင်းရပ်တည်ကြဖို့ ပြည်သူလူထုနဲ့ သပိတ်အင်အားစုတွေက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
ထို့အပြင် ဆက်လက်မြင့်တက် ရိုက်ခတ်လာမယ့် တော်လှန်ရေး လှိုင်းလုံးတွေ၊ တော်လှန်ရေး လှုပ်ရှားမှုတွေကို ပြည်သူလူထု တရပ်လုံး အသင့်ပြင်ဆင် နားစွင့်ထားကြဖို့နဲ့ ပြိုကျယိုင်နဲ့ နေပြီဖြစ်တဲ့ စစ်ကောင်စီကို အဆုံးတိုင် ဖြိုချနိုင်ဖို့ ဘက်ပေါင်းစုံမှ တိုက်ပွဲဝင်ကြဖို့ ကိုလည်း သပိတ်အင်အားစုတွေက ထပ်မံတိုက်တွန်းထားပါတယ်။
========================
📌📌 ၈။ ရှမ်းတောင်တွင် စစ်ကောင်စီကကျင်းပမည့် တန်ဆောင်တိုင်ပွဲတော်များကို အောင်ပန်းမြို့ပြ ပြောက်ကျားတပ်စု ပြင်းထန်စွာကန့်ကွက်
တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ နေ့စဥ်ရက်ဆက် တိုက်ပွဲတွေပြင်းထန်နေချိန် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ကလောမြိုတို့မှာ တန်ဆောင်တိုင်ပွဲများကျင်းပကြမယ့်အပေါ် အောင်ပန်း မြို့ပြပြောက်ကျားတပ်စုက ပြင်းထန်စွာကန့်ကွက်ကြောင်း နိုဝင်ဘာ၁၈ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်အာဏာကို မတရားလုယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီကို တနိုင်ငံလုံးနဲ့ အနီးစပ်ဆုံးပြည်နယ် ကယား (ကရင်နီ) ပြည်နယ်က ပြည်သူ့သားကောင်းတွေက အသက်သွေးချွေးများရင်းနှီးပြီး တွန်းလှန်တိုက်ခိုက် နေချိန် ရှမ်းပြည်နယ်မှာ ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေတာဟာ အော့နှလုံးနာစရာကောင်းတယ်လို့လည်း အသိပေးထားပါတယ်။
ဒါကြောင့် ပြည်သူလူထုအနေနဲ့ ယခုကာလမှာ ဒုက္ခဆင်းရဲခံနေကြရတဲ့ တိုင်းရင်းသားညီအစ်ကိုများအတွက် စာနာတဲ့အနေနဲ့ မိမိတို့စိတ်ဆန္ဒများကိုသည်းခံပြီး အာဏာသိမ်းစစ်ကောင်စီကပြုလုပ်တဲ့ ပျော်ပွဲ၊ရွှင်ပွဲတွေကို သွားရောက်လည်ပတ်ခြင်းမပြုကြဖို့ အောင်ပန်းမြိုပြ ပြောက်ကျားတပ်စုက မေတ္တာရပ်ခံလိုက်တာပါ။
စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်တပ်တွေနဲ့တိုက်ပွဲများဖြစ်ပွားနေပေမယ့် ရှမ်းပြည်နယ်တောင်ပိုင်းမှာ အေးချမ်းနေသယောင် တန်ဆောင်တိုင်ပွဲတော်ကျင်းပရန် ကြိုးစားနေတာဖြစ်ပါ တယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment