၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ရခိုင်ဒေသစစ်မျက်နှာတွင် စစ်ဆင်ရေးကာလ ၁ဝ ရက်အတွင်း စခန်းပေါင်း ၄ဝ ကျော် သိမ်းပိုက်နိုင်ခဲ့ဟု AA ထုတ်ပြန်
📌 ၂။ ငါန်းဇွန်တွင် စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်မှု ၂ဦးသေဆုံး၊ နတ်ကြီးရွာတွင် တပ်စွဲနေသော စစ်ကောင်စီအဖွဲ့ စခန်းစွန့်ခွာ
📌 ၃။ လောက်ကိုင်နယ်စပ်မျဉ်းရှိ စခန်းအပါအဝင် စစ်ကောင်စီစခန်း ၂ ခုကို MNDAA သိမ်းပိုက်နိုင်
📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သောလက်နက်ကြီးကျည်များကြောင့် ကိုရင်ကြီးတပါး ဒဏ်ရာရရှိကာ ကား ၃ စီးနှင့် ဘုန်းကြီးကျောင်းပျက်စီး
📌 ၅။ သန်လျင်ရေတပ်သင်္ဘောကျင်းမှာ တပ်ကြပ်ကြီးတဦး မြိတ်ခရိုင်တပ်ရင်း ၁ ထံ အလင်းဝင်
📌 ၆။ ဘုတလင် မြို့နယ်တွင် PDF ရဲဘော်များကို Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်ငယ် သင်တန်း ပို့ချ
📌 ၇။ ”အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့" ကမ်ပိန်း ပြုလုပ်
📌 ၈။ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ Freedom Tattoo Burma ကမ်ပိန်း အစီအစဉ် ထိုင်းအာဏာပိုင်တွေ တားမြစ်ခဲ့လို့ အပြည့်အဝ မကျင်းပနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ရခိုင်ဒေသစစ်မျက်နှာတွင် စစ်ဆင်ရေးကာလ ၁ဝ ရက်အတွင်း စခန်းပေါင်း ၄ဝ ကျော် သိမ်းပိုက်နိုင်ခဲ့ဟု AA ထုတ်ပြန်
နိုဝင်ဘာလ ၂၂ ရက်။
၁ဝ၂၇ စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ်ပါဝင်နေတဲ့ ရခိုင်ဒေသစစ်မျက်နှာမှာ စစ်ဆင်ရေးကာလ ၁ဝ ရက်အတွင်း စခန်းပေါင်း ၄ဝ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ပါတယ်။
ရခိုင်ဒေသစစ်မျက်နှာမှာ ၁ဝ၂၇ စစ်ဆင်ရေးအစိတ်အပိုင်းအဖြစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကစတင်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်မှာ စစ်ဆင်ရေးကာလ ၁ဝ ရက် ပြည့်မြောက်ခဲ့တာပါ။
စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ရသေ့တောင်မြိုနယ် ဒုံးပိုက်နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် က သိမ်းပိုက်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယနေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၇ နာရီခွဲခန့်အချိန်မှာ ချိန်ခါလီနယ်ခြားစောင့် တပ်စခန်းကို အပြီးသတ်သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ပလက်ဝမြိုနယ်အတွင်းမှာရှိပြီး စစ်ကောင်စီက အခိုင်အမာအထိုင်ချနေရာယူထားတဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုးဘူး ဗျူဟာကို နိုဝင်ဘာလ ၁၄ ရက်နေ့ကစပြီး ယနေ့အချိန်အထိ ရခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာ အခုဆိုရင် ၉ ရက်မြောက်နေ့ကို ရောက်ရှိလာခဲ့ပြီး တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ အသိပေးထားပါတယ်။
ဒီဗျူဟာ ၂ ခုအတွက် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကနေ လက်နက်ခဲယမ်းတွေချပေးနေတာမှာ စစ်တပ် ထောက်ပို့ပစ္စည်းတွေထဲကအချို့ကို ရခိုင့်တပ်တော်က သိမ်းဆည်းရရှိခဲ့တာတွေလည်းရှိတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်ကစပြီး ထိုးစစ်ဆင်ခဲ့တဲ့ မောင်တောအခြေစိုက် ဒုံးညို နယ်ခြားစောင့် တပ်စခန်းကို နိုဝင်ဘာ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်မှာ ရခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ထားခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ ထုတ်ပြန်ခဲ့တဲ့အတိုင်း ရခိုင့်တပ်တော်က နိုဝင်ဘာလ ၁၈ ရက်နေ့မှာလည်း ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီရဲ့ ခထီးလှတပ်စခန်းကို နံနက် ၈ နာရီ ၁၄ မိနစ်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၈ နာရီခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့ကြောင့် တိုက်ပွဲကာလ ၁ဝ ရက်အတွင်း ရခိုင့်တပ်တော်က စစ်ကောင်စီစခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး စွန့်ခွာသွားတဲ့ စခန်းတွေနဲ့ဆိုရင် စခန်းပေါင်း ၄ဝ ကျော်ကို သိမ်းပိုက်နိုင်ခဲ့တာလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အသိပေးထားပါတယ်။
ဒါအပြင် စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ပေါက်တောမြို့နယ်က မြို့သူမြို့သား တစ်ရာကျော်ကိုလည်း နိုဝင်ဘာလ ၂၁ ရက်နေ့မှာ ကယ်ထုတ်နိုင်ခဲ့ပြီး ကျန်နေသေးတဲ့သူတွေကို ထပ်မံကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။
ပြည်သူကို ရည်ရွယ်ချက်ရှိရှိ အနိုင်ကျင့် ခြိမ်းခြောက်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုတွေ လက်ရဲဇက်ရဲကျူးလွန်နေတဲ့ စစ်ကောင်စီတပ်စခန်းများနဲ့ လက်နက်ချအညံ့မခံသူတွေကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ရခိုင့်တပ်တော် AA က အသိပေးထားပါတယ်။
========================
📌📌 ၂။ ငါန်းဇွန်တွင် စစ်ကောင်စီတပ်ဖွဲ့ကိုမိုင်းဆွဲတိုက်ခိုက်မှု ၂ဦးသေဆုံး၊ နတ်ကြီးရွာတွင် တပ်စွဲနေသော စစ်ကောင်စီအဖွဲ့ စခန်းစွန့်ခွာ
နိုဝင်ဘာလ ၂၂ ရက်။
မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် လက်ပံသာကျေးရွာသို့ ဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးအင်အားစု များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးသွားတယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ပံသာကျေးရွာသို့ ထော်လာဂျီဖြင့် ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးဆောင်ကာ တော်လှန်ရေးအင်အားစုများက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အလားတူ ငါန်းဇွန်မြို့နယ် နတ်ကြီးရွာ အလယ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ရေဇင်းရွာသို့ ပြောင်းရွေ့သွားတဲ့အတွက် ၎င်းတို့တပ်စွဲသွားတဲ့နေရာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေး လုပ်ခဲ့တယ်လို့ သိရပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မှတ်ပုံတင် ၃ ခု၊ လက်ထိပ် ၁ စုံ၊ ဖုန်းမှန်ကွဲ ၂ လုံး၊ စစ်ယူနီဖောင်း ၈ စုံ သိမ်းဆည်းရရှိခဲ့တယ်လို့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းမှုကို ကို ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပကဖအဖွဲ့ဝင်တွေဖြစ်တဲ့ ရွှေဂျိုးဖြူ ပြောက်ကျားအဖွဲ့၊ 925 ပြောက်ကျားအဖွဲ့၊TGYR ပြောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပြောက်ကျား အဖွဲ့၊ ပြည်တော်ဝင် ပြောက်ကျားအဖွဲ့၊ လက်ရုံးပြောက်ကျားအဖွဲ့၊ ငန်းနက် ပြောက်ကျားအဖွဲ့၊ အားမာန်သစ် ပြောက်ကျားအဖွဲ့၊ ဖက်ဒရယ်ညီအကိုပြောက်ကျားအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
========================
📌📌 ၃။ လောက်ကိုင်နယ်စပ်မျဉ်းရှိ စခန်းအပါအဝင် စစ်ကောင်စီစခန်း ၂ ခုကို MNDAA သိမ်းပိုက်နိုင်
နိုဝင်ဘာလ ၂၂ရက်။
ကိုးကန့်ဒေသရှိ စစ်ကောင်စီ တပ်စခန်း နှစ်ခုကို နိုဝင်ဘာ ၂၂ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။
တုန်းရှမ်းဒေသ၊ လောက်ကိုင်မြို့ အရှေ့ဘက်ခြမ်း နယ်စပ်မျဉ်းနားမှာရှိတဲ့ ရင့်ရှိတောင်ကုန်းပေါ်က တပ်စခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် ရှင်းဝမ်ဒေသ၊ လောင်ကောင်းကျိုက်ရွာနဲ့ မန်ကန်ရွာကြားကို နယ်မြေရှင်းလင်းရေးလုပ်ချိန်မှာ စစ်ကောင်စီ ယာယီတပ်စခန်းတစ်ခုနဲ့ တိုးပြီး အဲ့ဒီစခန်းကိုပါ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စခန်းသိမ်း တိုက်ပွဲများအတွင်း စစ်ကောင်စီ ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ ခဲ့တယ်လို့ MNDAA ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှ ယနေ့အထိ စစ်ကောင်စီ တပ်စခန်း ၁၆၄ ခုကို သိမ်းပိုက်ထားနိုင်ပြီး ဖြစ်တယ်လို့ MNDAA က သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်ကောင်စီက ပစ်ခတ်သောလက်နက်ကြီးကျည်များကြောင့် ကိုရင်ကြီးတပါး ဒဏ်ရာရရှိကာ ကား ၃ စီးနှင့် ဘုန်းကြီးကျောင်းပျက်စီး
နိုဝင်ဘာလ ၂၂ ရက်။
မူဆယ်မြို့ ၁ဝ၅ မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ခန်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် တအာင်းပြည်နယ် တပ်မဟာ-၁ စစ်ဒေသမှာရှိတဲ့ အောက်နိမ့်ဟွယ်ကျေးရွာ ဇေယျမင်္ဂလာဘုန်းကြီးကျောင်းက ကိုရင်ကြီးတပါး ဒဏ်ရာရသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်အချိန်က ၁ဝ၅ မိုင်ရှိ စစ်ကောင်စီတပ်ခန်းကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာလို့ သိရပါတယ်။
ဒီလက်နက်ကြီးကျည်ကြောင့် ကိုရင်ကြီးတပါး ပေါင်နှစ်ဘက်စလုံး ကျည်စထိမှန်ခဲ့သလို ကား ၃စီး ပျက်စီးခဲ့တဲ့အပြင် ကျောင်းအဆောက်အအုံ ၃ လုံးလည်း ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ထို့အတူ နိုဝင်ဘာလ ၂၂ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာလည်း စစ်ကောင်စီရဲ့ စခန်းသစ်တပ်စခန်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် နမ့်ခမ်းမြို့နယ် မန်လုံကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ်တလုံး ပျက်စီးခဲ့ပါတယ်။
အလားတူ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီခွဲခန့်ကလည်း လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ စစ်ဘေးရှောင်ကားတစီးကို ထိမှန်ခဲ့တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ သန်လျင်ရေတပ်သင်္ဘောကျင်းမှာ တပ်ကြပ်ကြီးတဦး မြိတ်ခရိုင်တပ်ရင်း ၁ ထံ အလင်းဝင်
ရန်ကုန်မြို့အခြေစိုက် သန်လျင်ရေတပ်သင်္ဘောကျင်းဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတဦး ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက နိုဝင်ဘာ ၂၂ ရက်မှာ ထုတ်ပြန် ပါတယ်။
အလင်းဝင်လာတဲ့ ရေတပ်က တပ်ကြပ်ကြီး အောင်ကျော်မျိုးကို ပုလောမြို့နယ်အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက အရာရှိစစ်သည်တွေ နွေးထွေးစွာကြိုဆိုခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
တပ်ကြပ်ကြီး အောင်ကျော်မျိုးဟာ သန်လျင်အခြေစိုက် သီလဝါမှာရှိတဲ့ ရေတပ်သင်္ဘောကျင်းဌာနချုပ် လွန်းကျင်ဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်ကြောင်းနဲ့ ၎င်းကို အမျိုးသားညီညွတ်ရေးအစိုးရ အတိုင်ပင်ခံကောင်စီ NUCC ရဲ့ နိုင်ငံ ဝန်ထမ်း CDM မူဝါဒနဲ့အညီ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီလက်အောက်ခံတွေအနေနဲ့ နီးစပ်ရာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ထံ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့လည်း အကြံပြုထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေတပ်ဖွဲ့က စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မင်းအောင်လှိုင်၏ ခါးပိုက်ဆောင်တပ်ဖွဲ့ အဖြစ်မခံတော့ဘဲ အကြမ်းဖက်စစ်တပ်ကိုကျောခိုင်းပြီး ပြည်သူဘက် မျက်နှာမူဖို့လည်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထပ်မံတိုက်တွန်းထားပါတယ်။
========================
📌📌 ၆။ ဘုတလင် မြို့နယ်တွင် PDF ရဲဘော်များကို Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်ငယ် သင်တန်း ပို့ချ
နိုဝင်ဘာလ ၂၂ရက်။
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ရဲဘော် ၄၀ ကျော်ကို Shar Htoo Waw နည်းပညာသုံး မောင်းသူမဲ့ လေယာဉ်ငယ် သင်တန်း ပို့ချပေးခဲ့တယ်လို့ Chindwin Brothers (D.G.F တပ်ခွဲ) ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။
နိုဝင်ဘာလ အတွင်း PDF တပ်ဖွဲ့ (၁၇) မှ သင်တန်းသား ရဲဘော် ၄၂ ဦးကို ၁၀ ရက်ကြာ သင်တန်း ပို့ချပေးခဲ့တာ ဖြစ်တယ်လို့ ၎င်း ဒရုန်းအဖွဲ့မှ တာဝန်ရှိသူက ဆိုပါတယ်။
ဘုတလင်အပါအဝင် အခြားသော မြို့နယ်များရှိ စစ်ကောင်စီတပ် အထိုင်ချ စခန်းများကို နေ့စဉ်နဲ့အမျှ တိုက်ခိုက်နိုင်ရန် တော်လှန်ရေး အင်အားစုများ ပေါင်းစည်းပြီး တညီတညွတ်တည်း လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး သင်တန်းပို့ချတာ ဖြစ်တယ်လို့ Chindwin Brothersအဖွဲ့က အသိပေးထားပါတယ်။
သင်တန်းပို့ချနိုင်ရန် တော်လှန်ရေး UZ အဖွဲ့ နဲ့ ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၊ ဒေသခံ ရွာသူ၊ ရွာသားများက နေရာစီစဥ်ပေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၇။ ”အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့" ကမ်ပိန်း ပြုလုပ်
နိုဝင်ဘာလ ၂၂ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ လမ်းညွန် ဦးဆောင်မှုဖြင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် "အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွ ပါဝင်ပံ့ပိုးစို့" ခေါင်းစဉ်ဖြင့် ကမ်ပိန်းတစ်ရပ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ခင်ဦးမြို့နယ် ပကဖ အမှတ် (၁) တိုက်နယ်အတွင်းမှ ရဲဘော်များ၊ မြို့နယ် ပအဖ တာဝန်ခံ၊ လူသားစာနာ တာဝန်ခံ၊ ဘဏ္ဍရေး တာဝန်ခံ အခွန်တော်အရာရှိ တို့နဲ့အတူ ရပ်ကျေးအဖွဲ့ဝင်များနဲ့ ဒေသခံများ ပါဝင်လှုပ်ရှား ခဲ့ကြတယ်လို့ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
========================
📌📌 ၈။ မဲဆောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ Freedom Tattoo Burma ကမ်ပိန်း အစီအစဉ် ထိုင်းအာဏာပိုင်တွေ တားမြစ်ခဲ့လို့ အပြည့်အဝ မကျင်းပနိုင်ခဲ့
နိဝင်ဘာလ ၂၂ရက်။
ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ဒီကနေ့ နိုဝင်ဘာလ၂၂ရက်မှာ ကျင်းပပြုလုပ်တဲ့ Freedom Tattoo Burma ကမ်ပိန်း အစီအစဉ်ကို ထိုင်းအာဏာပိုင်တွေ တားမြစ်ခဲ့တာကြောင့် Wattana Resort မှာ ကျင်းပရန် စီစဉ်ထားတဲ့ ညနေပိုင်း အစီအစဉ်များကို ဖျက်သိမ်းခဲ့ရတယ်လို့ ပွဲစီစဉ်သူတွေထံက သိရပါတယ်။
အဆိုပါ “Freedom Tattoo Burma ကမ်ပိန်း” ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်(မ်)အဲရစ် ဦးဆောင်ပြုလုပ် နေတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ စစ်ဘေးရှောင် ပြည်သူ နှစ်သန်းကျော် အတွက် အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ ပေးနိုင်ဖို့နဲ့ မတရား ဖမ်းဆီးခံထားရတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။
“ နိုင်ငံရေးအကျဉ်းသားများနဲ့ ၎င်းတို့နဲ့ ပတ်သက်တဲ့ မိသားစုတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှု အခြေအနေတွေကို ကမ္ဘာနိုင်ငံ အသီးသီးမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာနိုင်ငံသားတွေပါ သိရှိဖို့ ရည်ရွယ်တယ်” လို့ ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူ ကိုဂျိမ်း မှ ပြောပြပါတယ်။
မဲဆောက်မြို့တွင် အဆိုပါ အခမ်းအနားကို ဒီကနေ့ မနက်ပိုင်းတွင် The Space စင်တာမှာ Tattoo ထိုးတဲ့ အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ညနေပိုင်း Wattana Resort မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဖျော်ဖြေရေးနဲ့ ဈေးရောင်းပွဲတော် အစီအစဉ်ကို ထိုင်းအာဏာပိုင်တွေက လာရောက်တားမြစ်ခဲ့တာကြောင့် ပွဲဖျက်လိုက်ရတယ်လို့ ပွဲဖြစ်မြောက်ရေး တာဝန်ရှိသူက ဆိုပါတယ်။
ဖျက်သိမ်းခဲ့ရတဲ့ အစီအစဉ်များထဲမှာ ကင်(မ်)အဲရစ်မှ တိုက်ရိုက် Live ဖြင့် နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ မြန်မာ့လက်ဝေ့ချန်ပီယံ ကိုတူးတူးရဲ့ ကိုယ်ရေးအထ္ထုပ္ပတ္တိ အကျဉ်း ဖတ်ကြားခြင်းနဲ့ ဘဝဖြတ်သန်းမှု ဗီဒီယိုဖိုင်အတိုအား ပြသခြင်း Tattoo အစီအစဥ်မှာ ပါဝင်ခဲ့ကြတဲ့ တက်တူးဆရာနှင့် တက်တူးထိုးသူများမှ၊ ရည်ရွယ်ချက်နှင့် ခံစားချက်များ ပြောကြားခြင်း၊ မှတ်တမ်းရုပ်ရှင် အတို ပြသခြင်း၊ ကဗျာရွတ်ဆိုခြင်းနဲ့ မြန်မာ့ဂီတ ဖျော်ဖြေပွဲများကို ကျင်းပရန် စီစဉ်ထားတယ်လို့ သိရပါတယ်။
“နေပြည်တော်ကနေပြီးတော့မှ ထိုင်းအာဏာပိုင်တွေကို ဆက်သွယ်ပြီး ဒီပွဲကို တားမြစ်ခိုင်းတဲ့ အနေအထားလို့ ကျွန်တော်တို့ သိရပါတယ်၊ ပွဲစီစဉ်ထားတဲ့ စတိတ်စင်ပေါ်က ဗီနိုင်းတွေကိုပါ သူတို့က ဖြုတ်ယူပြီး သိမ်းဆည်းသွားတဲ့အတွက် ပွဲရပ်လိုက်ရပါတယ်။” လို့ ကိုဂျိမ်းက ပြောပါတယ်။
လုံခြုံရေး အခြေအနေကြောင့် ဒုတိယပိုင်း အစီအစဉ်တွေကို လုံးဝ ဆောင်ရွက်လို့ မရတော့ဘဲ စိတ်မကောင်းစွာ ရပ်လိုက်ရပေမယ့် ပထမအစီအစဉ်ဖြစ်တဲ့ တက်တူးထိုးပွဲ ကိုတော့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ယခု တက်တူး ကမ်ပိန်းကို ထိုင်းနိုင်ငံ မဲဆောက်မြို့အပြင် ကိုးရီးယား၊ မလေးရှား၊ ဂျပန် အစရှိတဲ့ နိုင်ငံအသီးသီးမှာလည်း Event တွေ ပြုလုပ်ပြီး ဆောင်ရွက်နေကြတာတွေ ရှိပါတယ်။
အခမ်းအနား တက်ရောက်လာတဲ့ မည်သူမဆို ကမ်ပိန်းရဲ့ အဓိက ရုပ်ပုံဖြစ်တဲ့ နဂါးပုံ အပါအဝင် မိမိနှစ်သက်ရာ တော်လှန်ရေး တက်တူးတွေကို အချိန်အကန့်အသတ်ပေါ် မူတည်ပြီး တက်တူးပညာရှင် များက အခမဲ့ ထိုးပေးသွားမှာ ဖြစ်ပါတယ်။
နဂါးပုံ တက်တူးဟာ အကြမ်းဖက်စစ်တပ်က ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံ ‘တူးတူး (နဂါးမာန်)’ ကို မှတ်တမ်းတင် ဂုဏ်ပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ စီစဉ်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
စစ်တပ်အာဏာ သိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုမှာ ရှေ့တန်းက ပါဝင်ခဲ့တဲ့ ‘တူးတူး (နဂါးမာန်)’ ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် စစ်ကြောရေးမှာ နှိပ်စက်သတ်ဖြတ်ခဲ့ကာ သေဆုံးပြီး တစ်နှစ်ကြာမှ မိသားစုကို အသိပေးခဲ့တာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment