၂၀၂၃ နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်အမှာစကားပြောကြားမည်
📌 ၂။ လိုင်လဲန်းပီမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်
📌 ၃။ ခင်ဦးမြို့နယ်၌ (၁၂၈)ရွာမြောက်သော ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၃၁)ရွာမြောက်သော ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရာသို့ လူဦးရေ ၃၀၀ ကျော်တက်ရောက်
📌 ၄။ စကစရဲ့ ရဲတပ်သားတစ်ဦး Southern YSO PDF အဖွဲ့ထံ လက်နက်အပ် အလင်းဝင်ရောက်လာ၍ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့
📌 ၅။ လားရှိုးမြို့နယ် စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA ၀င်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့
📌 ၆။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်အသုံးပြုကာ ပေါင်(၅၀၀)ဖြင့် ဗုံးကြဲတိုက်ခိုက
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်အမှာစကားပြောကြားမည်
အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်အမှာစကားပြောကြားမယ်လို့သတင်းရရှိပါတယ်။
နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်မှာကျင်းပမှာဖြစ်ပြီးတော့သတင်းမီဒီယာများကတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးစီးကျင်းပသည့် အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး ၁၆ ရက်တာ လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားအစီအစဉ်အား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် နိုင်ငံတော်ယာယီသမ္မတကြီး ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့၏ အဖွင့်မိန့်ခွန်းပြောကြားမှုနှင့်အတူ စတင်မှာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ မြန်မာနိူင်ငံတွင်ဖြစ်နေပေါ်နေသောတိုက်ပွဲများကြားအမျိုးသမီးများကို အကြမ်းဖက်စစ်တပ် တပ်ဖွဲ့ဝင်များက အကြမ်းဖက်နှိပ်စက်သတ်ဖြတ်မှုများကျူးလွန်နေဆဲ ဖြစ်ပါတယ်။
========================
📌📌 ၂။ လိုင်လဲန်းပီမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ ၂၄ ၊ ၂၀၂၃
ချင်းပြည်နယ် ၊ မတူပီမြို့နယ်အတွင်းက လိုင်လဲန်းပီမြို့ကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF တို့ ပူးပေါင်းပြီး ဒီနေ့မှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လိုင်လဲန်းပီ စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက နိုဝင်ဘာ ၁၉ ရက်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၆ ရက် အကြာမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
အကြမ်းဖက်စစ်တပ်စခန်းကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ CNA၊ CDF-Mara၊ CDF -Matupi၊ CDF-Lautu နဲ့ CDF -Zophei တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက် က လေကြောင်းအကူနဲ့ တုန့်ပြန်တိုက်ခိုက်ခဲ့တယ်လို့ The Chin Journal က ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လိုင်လဲန်းပီမြို့မှာ အပြစ်မဲ့ ပြည်သူ လေဦး သေဆုံးခဲ့ရသလို ဘုရားကျောင်းနဲ့ ကျောင်းဆောင် အပါအဝင် လူနေအိမ် ၁၀ လုံးထက်မနည်း ထိခိုက်ပျက် စီးခဲ့ရပါတယ်။
လိုင်လဲန်းပီမြို့ကို သိမ်းပိုက်ရရှိမှုက ချင်းပူးပေါင်းတပ်တွေအတွက် ဒုတိယမြောက် သိမ်းပိုက်ရရှိတဲ့ မြို့လည်း ဖြစ်လာခဲ့ပါတယ်။
လိုင်လဲန်းပီမြို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာရဲ့ မြို့ဖြစ်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် မှာ လေယာဉ်ကွင်းတည်ဆောက်ထားတဲ့ မြို့တစ်ခုလည်းဖြစ်ပါတယ်။
========================
📌📌 ၃။ ခင်ဦးမြို့နယ်၌ (၁၂၈)ရွာမြောက်သော ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၃၁)ရွာမြောက်သော ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရာသို့ လူဦးရေ ၃၀၀ ကျော်တက်ရောက်
နိုဝင်ဘာ လ ၂၄ ရက်
ခင်ဦးမြို့နယ်၌ (၁၂၈)ရွာမြောက်သော ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၃၁)ရွာမြောက်သော ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းကို စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နေ့လည် ၂ နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ၊လမ်းညွှန်ချက်များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။
ထိုသို့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ (၁၂၈)ရွာမြောက်သော ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် (၁၃၁)ရွာမြောက်သော ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ကိုပြည်သူလူထု၏ အများဆန္ဒနှင့်အညီ အဆိုပြု၊ ထောက်ခံ၊ အတည်ပြု၍ အောင်မြင်စွာဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
အဆိုပါ ဖွဲ့စည်းမှုသို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးတာဝန်ခံနှင့် ဒုတာဝန်ခံ၊ ပြည်သူ့ရင်ခွင်၊ မြို့နယ်တရားရေး ဥက္ကဋ္ဌနှင့်အဖွဲ့၊ မြို့နယ်လူသားစာနာတာဝန်ခံ၊ မြိုနယ်အခွန်တော်အရာရှိ၊ မြို့နယ်ဘဏ္ဍာရေးတာဝန်ခံနှင့် ဘဏ္ဍာရတွဲဘက်တာဝန်ခံ၊ မြို့နယ်ပြည်သူ့ဆက်ဆံရေးတာဝန်ခံ၊ မြို့နယ်ဆက်သွယ်ရေးတာဝန်ခံ၊ မြို့နယ်မွေး/ကုတာဝန်ခံ၊ မြို့နယ်ပညာရေးတာဝန်ခံ၊ မြို့နယ်သတင်းပြန်/ကြားတာဝန်ခံ၊ မြို့နယ်အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံ၊ ပြည်သူ့လုံခြုံရေးအရှေ့ခြမ်းတာဝန်ခံ၊ မြို့နယ်ရုံးအဖွဲ့မှူး၊ ထောက်ပို့တာဝန်ခံ၊ တိုက်နယ် ခေါင်းဆောင်/ ဒုခေါင်းဆောင်နှင့်အဖွဲ့များနှင့်အတူပြည်သူအင်အား (၃၅၀)တက်ရောက်ခဲ့ကြပြီး ညနေ (၅)နာရီအချိန်တွင်ရပ်နားခဲ့ပါတယ်။
========================
📌📌 ၄။ စကစရဲ့ ရဲတပ်သားတစ်ဦး Southern YSO PDF အဖွဲ့ထံ လက်နက်အပ် အလင်းဝင်ရောက်လာ၍ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့
နိူဝင်ဘာ၂၄ရက်
စကစရဲ့ ရဲတပ်သားတစ်ဦး Southern YSO PDF အဖွဲ့ထံ လက်နက်အပ် အလင်းဝင်ရောက်လာ၍ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့တယ်လို့ နိုဝင်ဘာ၂၄ရက်မှာ Southern YSO PDF အဖွဲ့ကတရားဝင်အသိပေးဆိုပါတယ်။
"ပခုက္ကူမြို့မ ရဲစခန်းတွင် တာဝန်ကျထမ်းဆောင်နေသော ရဲတပ်သား တစ်ဦးသည်၄င်း ကိုင်ဆောင်သော G3သေနတ်တစ်လတ်၊ကျည်ဘောက် ၄ခု၊ကျည် ၁၂၇ တောင့်၊လက်ထိပ် ၁ ခု တို့ဖြင့် လက်နက်အပ် အလင်းဝင်ရောက်လာပါတယ်။ Southern YSO PDF မှ နွေးထွေးစွာကြိုဆိုပြီးဂုဏ်ပြုဆုငွေ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့ပါတယ်"လို့ဆိုပါတယ်။
ရဲတပ်သားနေထိုင်လိုသော အရပ်သို့ ဘေးကင်းလုံခြုံစွာ ပို့ဆောင်ပေးထားပြီးဖြစ်ကာအလင်းဝင်ရောက်လာသော ရဲတပ်သား၏
စကစ လက်အောက်တွင် တာဝန်မထမ်းဆောင်နိူင်ခြင်းမှာ"ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း "ကိုမနှစ်မြို့ခြင်းကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။
========================
📌📌 ၅။ လားရှိုးမြို့နယ် စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA ၀င်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့
နိူဝင်ဘာ၂၄ရက်
လားရှိုးမြို့နယ် စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို တအာင်းတပ်မတော် PSLF/TNLA ၀င်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တာ်လို့ နိုဝင်ဘာ၂၄ရက်မှာ စစ်ရေးသတင်းကို TNLAကအတည်ပြုဆိုပါတယ်။
"တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ် စစ်ကောင်စီမိုင်းကျက် တပ်စခန်းကို အောက်တိုဘာ ၂၇ ရက်နေ့မှ တအာင်းတပ်မတော် PSLF/TNLA က စတင်တိုက်ခိုက်ခဲ့ပြီး နို၀င်ဘာ ၂၃ရက်နေ့ ည (၁၂:၀၅) နာရီ အချိန်တွင် ၀င်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
လားရှိုးမြို့နယ် စစ်ကောင်စီ မိုင်းကျက်တပ်စခန်းအား နိူဝင်ဘာ၂၃ရက်နံနက် (၆း၀၀)နာရီ အချိန်တွင် တအာင်းတပ်မတော် PSLF/TNLA မှ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားရာ မိုင်းကျက်တွင် Y12လေယာဥ်ဖြင့် (၂)ကြိမ် ဗုံးကြဲချခြင်းနှင့် Jet Fighter ဖြင့် (၅)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၆။ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်အသုံးပြုကာ ပေါင်(၅၀၀)ဖြင့် ဗုံးကြဲတိုက်ခိုက်
နိုဝင်ဘာ ၂၄ ရက်
တအာင်းပြည်နယ် တပ်မဟာ(၁)စစ်ဒေသ၊ မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင်နိုဝင်ဘာလ ၂၃ ရက် ညသန်းခေါင် (၁၂း၄၀)အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံးတစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAကအတည်ပြုဆိုပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် စယ်လန့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် တစ်လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။
အလားတူ ယမန်နေ့ည (၁၂း၀၀)နာအချိန်တွင် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့နယ် သာယာကုန်းရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တလုံး မီးလောင်ပျက်စီးခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးနှင့် မီးလောင်ဗုံးအသုံးပြု ပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် (၂၀၀) နီးပါ ထိခိုက်၊ မီးလောင်ပျက်စီးခဲ့ရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment