၂၀၂၃ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မူဆယ် ကျင်စံကျော် နယ်စပ်ဂိတ်အား MNDAA သိမ်းပိုက်
📌 ၂။ ဗမာလူမျိုးများအပါအဝင် ပြည်သူတရပ်လုံး၏ထောက်ခံမှုကို အပြည့်အဝရရှိထားဟု MNDAA ပြော
📌 ၃။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်သား ၁၅ ဦးထပ်မံလက်နက်ချအလင်းဝင်
📌 ၄။ ရိဒ်ခေါဒါရ်မြို့ ၊ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် တွင် "WELCOME TO CHINLAND" ဆိုင်းဘုတ် တပ်ဆင်
📌 ၅။ မြောင်မြို့နယ်နှင့် မောလိုက်မြို့နယ်တို့မှ စစ်ရှောင်ပြည်သူများနဲ့ မသန်စွမ်းပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံမှုများ ပေးအပ်
📌 ၆။ လားရှိုးရှိ မိုင်းကျက်စခန်းကို TNLA သိမ်းပိုက်ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မူဆယ် ကျင်စံကျော် နယ်စပ်ဂိတ်အား MNDAA သိမ်းပိုက်
နိုဝင်ဘာ ၂၆။
မြန်မာ-တရုတ် နယ်စပ်က မူဆယ် ကျင်စံကျော် နယ်စပ်ဂိတ်ကို ကိုးကန့်တပ် MNDAA က သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကိုးကန့်မီဒီယာ (The KoKang) က ဖော်ပြထားပါတယ်။
အဲ့ဒီ နယ်စပ်ဂိတ် စခန်းကို နိုဝင်ဘာ ၂၅ ရက် မနက် ၁၀ နာရီ လောက်မှာ MNDAA နဲ့ မုံးကိုခရိုင် လုံခြုံရေးတပ်ဖွဲ့တို့ ပူးပေါင်းသိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ချင်းရွှေဟော ၊ မုံးကိုးမုဒ်ဦး ၊ ပန်ဆိုင်းနဲ့ ကျင်စံကျော် စတဲ့ နယ်စပ်ဂိတ် ၄ ခုကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ပါတယ်။
ထို့အပြင် ကိုးကန့် တုန်းရှမ်းဒေသ ၊ ပါကျောက်ရွှေ ၊ လွမ်းလောက် လင်တောင်ကုန်း ၊ ဆိုင်တာအိုင် တောင်ကုန်း ၊ ဟုန်ရှင်းဒေသ ပေထန်နဲ့ မူပန်(သိန္နီ) ခရိုင် နန်ဆလပ် စတဲ့နေရာတွေက စစ်ကောင်စီ တပ်စခန်းတွေကို နိုဝင်ဘာလ ၂၄ ရက်မှာ MNDAA နဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက် နိုင်တယ်လို့ ဖော်ပြထားပါတယ်။
လက်ရှိအချိန်အထိ စစ်ကောင်စီရဲ့ တပ်စခန်း အကြီးအသေး စုစုပေါင်း ၁၇၂ ခုကို သိမ်းပိုက် ထားနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
========================
📌📌 ၂။ ဗမာလူမျိုးများအပါအဝင် ပြည်သူတရပ်လုံး၏ထောက်ခံမှုကို အပြည့်အဝရရှိထားဟု MNDAA ပြော
စစ်အာစာရှင်စနစ်တိုက်ဖြတ်ရေးလုပ်ငန်းတွင် ဗမာလူမျိုးများအပါအဝင် ပြည်သူတရပ်လုံး၏ထောက်ခံမှုကို အပြည့်အဝ ရရှိထားတယ်လို့ ကိုးကန့်တပ် MNDAA က နိုဝင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့က General Strike Coordination Body (GSCB)၊ CDM Medical Network ၊ Medical Family Mandalay ၊ Yangon Medical Network ၊Chindwin Medical and Humanitarian Network စတဲ့ မြန်မာ့ ချစ်ကြည်ရေးအဖွဲ့အစည်း ၅ ခုက MNDAA ထံ ကျပ်သိန်း ၅ထောင် လာရောက်လှူဒါန်းထောက်ပံ့ခဲ့တာနဲ့တ်သက်လို့ MNDAA က အခုလို ထုတ်ပြန်လိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ဗမာလူမျိုးများအပါအဝင် ပြည်ထောင်စုတဝန်းလုံးရှိ ပြည်သူလူထုအများစုရဲ့ အားပေးထောက်ခံမှုကို ပြသရာရောက်တယ်လို့လည်း MNDAA က အသိပေးထားပါတယ်။
ကျပ်သိန်း ၅ထောင် လှူဒါန်းခဲ့တဲ့ အဖွဲ့ ၅ ခုဟာ ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်မှုတွေကို တောက်လျှောက်ဂရုပြုလာပြီး MNDAA က တိုက်ပွဲဖော်ဆောင်ရာမှာ အောင်မြင်မှုများနဲ့ တော်လှန်ရေးလမ်းစဉ်မှာ လူသားချင်းစာနာထောက်ထားမှု စိတ်ဓာတ်ရှိတဲ့လုပ်ရပ်တွေကို အားကျမိကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါအပြင် အဖွဲအစည်းအသီးသီးက တာဝန်ခံတွေက MNDAA ရဲ့ ကြိုးစားအားထုတ်မှု၊ အသက်ပေးစွန့်သော သတ္တိနဲ့ တိုက်ရဲ ခိုက်ရဲစိတ်ဓာတ်ရှိခြင်းတို့က ပြည်ထောင်စုမြန်မာနိုင်ငံ လွတ်မြောက်ရေးလုပ်ငန်းစဉ်ကို အားကြိုးမာန်တက် လုပ်ဆောင်ပေး နိုင်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။
မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း ၅ ခုက ချင်းရွှေဟော်မြို့အထိ လာရောက်လှုဒါန်းတဲ့ကျပ်သိန်း ၅ထောင်ကို MNDAA ရဲ့ နိုင်ငံရေးဌာနမှူး ဗိုလ်မှူးချုပ် ဦးကျင်ရှင် က MNDAA ကိုယ်စား လက်ခံရယူခဲ့ပါတယ်။
ဗိုလ်မှူးချုပ် ဦးကျင်ရှင်က “မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း ၅ ဖွဲ့ရဲ့ နွေးထွေးဂရုပြုမှုနဲ့ အားပေးထောက်ခံမှုများကို ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ အရာရှိ၊ရဲဘော်များထံသတင်းပို့ပြီး တော်လှန်ရေးစိတ်ဓာတ် တက်ကြွမှုများကိုနိုထစေပြီး ဖယ်ဒရယ်လူ့အဖွဲ့အစည်းရှိအလွှာပေါင်းစုံကပြသပေးတဲ့ ချစ်ခြင်းမေတ္တာကို ဘယ်တော့မှလက်မလျှော့ဘူး။ ဘုံရည်မှန်း ချက်ကိုဖော်ဆောင်ဖို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ရပ်တန့်သွားခြင်းမရှိဘဲ ဟန်ချက်ညီစစ်ဆင်ရေးတွေကို တရက်ပြီးတရက် ဆင်နွှဲနေတာမှာ ထိုက်သင့်တဲ့အောင်မြင်မှုတွေလည်း ရရှိထားတယ်လို့ဆိုပါတယ်။ဒီအောင်မြင်မှုတွေနဲ့အတူ မိမိတို့ရည်မှန်းထားတဲ့ စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်ပန်းတိုင်ရောက်ရှိစေဖို့ စစ်ရေးအရှိန်ကို ထပ်မံမြှင့်တင်သွားမှာဖြစ်တယ်လို့ MNDAA က အသိပေးထားပါတယ်။
စစ်ဆင်ရေးတတာကာလအတွင်း ကိုးကန့်အထူးဒေသ-၁ ဟာ ကိုးကန့်လူမျိုးတို့ လက်ထဲရောက်ရှိဖို့ လက်တလှမ်းအလိုကို ရောက်ရှိနေပြီး ကိုးကန့်လူမျိုးတို့ရဲ့ အိမ်ပြန်တိုက်ပွဲဖြစ်လာမယ့် "လောက်ကိုင်မြိုသိမ်း" တိုက်ပွဲလည်း မကြာမီလာတော့မှာ ဖြစ်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကလည်း အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ လွိုင်ကော်မြို့သိမ်းတိုက်ပွဲတွင် စစ်သား ၁၅ ဦးထပ်မံလက်နက်ချအလင်းဝင်
နိုဝင်ဘာ ၂၆။
ကရင်နီ တပ်ပေါင်းစုရဲ့ လွိုင်ကော်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး ထပ်မံ လက်နက်ချ အလင်းဝင်လာကြောင်း KNDF က ထုတ်ပြန်ထားပါတယ်။
၁၁,၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေး အင်အားစုရဲ့ တိုက်ခိုက်မှုကြောင့် နိုဝင်ဘာ ၂၅ ရက်နေ့က စစ်ကောင်တပ်သား (၁၅) ဦး လက်နက်ချ အလင်းဝင်လာခြင်းဖြစ်တယ်လို့ KNDF က ဆိုပါတယ်။
လွိုင်ကော်မြို့အတွင်း ကျန်ရှိနေသေးတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း အမြန်ဆုံး လက်နက်ချ ဘက်ပြောင်း အလင်းဝင်ကြဖို့ KNDF က အထူးတိုက်တွန်း အသိပေးထားပါတယ်။
ကရင်နီ တပ်ပေါင်းစုရဲ့ ၁၁,၁၁ စစ်ဆင်ရေး လွိုင်ကော် တက္ကသိုလ် တိုက်ပွဲအတွင်း နိုဝင်ဘာ ၁၄ ရက်က စစ်ကောင်စီ ခြေမြန်တပ်ရင်း (ခမရ-၆) မှ တပ်ခွဲမှူး ကောင်းမြတ်ကို အပါအဝင် စစ်သား ၃၂ ဦး လက်နက်ချခဲ့ ပါသေးတယ်။
========================
📌📌 ၄။ ရိဒ်ခေါဒါရ်မြို့ ၊ အိန္ဒိယ-မြန်မာနယ်စပ်ဂိတ် တွင် "WELCOME TO CHINLAND" ဆိုင်းဘုတ် တပ်ဆင်
နိုဝင်ဘာ ၂၆။
ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်ထားတဲ့ ရိဒ်ခေါဒါရ်မြို့ အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်တွင် "REPUBLIC OF THE UNION OF MYANMAR" ဟူသော ဆိုင်းဘုတ်ကို ဖြုတ်ကာ "WELCOME TO CHINLAND" ဆိုင်းဘုတ် ပြောင်းလဲတပ်ဆင်လိုက်တယ်လို့ သိရပါတယ်။
ရိဒ်ခေါဒါရ်မြို့၊ တီအိုချောင်းနားရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုတို့ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့က ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မြို့ကိုပါ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မြို့သိမ်းပြီး နောက်နေ့တွင် ချင်းအမျိုးသားအလံကို စိုက်ထူခဲ့ပြီး လုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများ၊ မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် ရိဒ်ခေါဒါရ် ဒေသခံများကိုယ်တိုင် ဖော်ဆောင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးနှင့်အတူ ချင်းအမျိုးသားတပ်ဦး (CNF/CNA)နှင့် Hualngo People Organization(HPO) တို့ပူးတွဲကာ ပြည့်သူ့ အုပ်ချုပ်ရေး လုပ်ငန်းများ စတင်ဖော်ဆောင်ပြီ ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်နေ့မှာ သတင်း ထုတ်ပြန်ထားပါတယ်။
ထို့သို့ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်ပြီးနောက် နိုဝင်ဘာလ ၂၅ ရက်နေ့မှာ နယ်စပ်ကုန်သွယ် တံတားပေါ်က ဆိုင်းဘုတ်မှာ "WELCOME TO CHINLAND" လို့ ပြောင်းလဲ တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
========================
📌📌 ၅။ မြောင်မြို့နယ်နှင့် မောလိုက်မြို့နယ်တို့မှ စစ်ရှောင်ပြည်သူများနဲ့ မသန်စွမ်းပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံမှုများ ပေးအပ်
နိုဝင်ဘာ ၂၆။
စစ်ကိုင်းတိုင်း မြောင်နှင့် မောလိုက် မြို့နယ်နှစ်ခုတွင် သက်ဆိုင်ရာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး တာဝန်ခံနှင့် အဖွဲ့မှ စစ်ရှောင်ပြည်သူများနဲ့ မသန်စွမ်းပြည်သူများကို စားနပ်ရိက္ခာ ထောက်ပံမှုများ သွားရောက် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျေးရွာ (၅) ရွာမှ မသန်စွမ်းပြည်သူ (၂၁၀) ဦးအတွက် အဖွဲ့တစ်ခုမှ တတိယအကြိမ် ထောက်ပံသော အလှူငွေ စုစုပေါင်း (၁၈,၉၀၀,၀၀၀) ကျပ်နှင့် ကျေးရွာတစ်ခုရှိ ရက်ရှည် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ၊ တစ်ကိုယ်ရည်သုံး ပစ္စည်းများ ဝယ်ယူနိုင်ရန် အိမ်ထောင်စုတစ်စုလျှင် (၄၇,၀၀၀) ကျပ်ဖြင့် အိမ်ထောင်စု ၄၀ အတွက် စုစုပေါင်း (၁,၈၈၀,၀၀၀) ကျပ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က သွားရောက်ပေးအပ် ဆောင်ရွက်ခဲ့ပါတယ်။
ထို့အတူ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူ (၅၀၀) အတွက် မြို့နယ် ပအဖ၊ လူသားစာနာ တာဝန်ခံနှင့် အဖွဲ့မှ အလှူရှင် အဖွဲ့တစ်ခုနှင့် ပူးပေါင်းပြီး နိုဝင်ဘာလ ၂၄ ရက်က စားနပ်ရိက္ခာများကို ထောက်ပံပေးအပ် ခဲ့ပါတယ်။
========================
📌📌 ၆။ လားရှိုးရှိ မိုင်းကျက်စခန်းကို TNLA သိမ်းပိုက်ရရှိ
နိုဝင်ဘာ ၂၆။
တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ မိုင်းကျက် တပ်စခန်းကို ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ အောက်တိုဘာ ၂၇ ရက်က စတင်တိုက်ခိုက်ခဲ့ရာ ၂၈ ရက်အကြာ နိုဝင်ဘာလ ၂၄ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန် လိုက်ပါတယ်။
အဆိုပါ စခန်းဟာ စစ်ကောင်စီရဲ့ မဆုတ်တမ်း ခံစစ်စခန်းဖြစ်ပြီး လေကြောင်းပစ်ကူ တိုက်ခိုက်မှု အကြိမ် ၁၄၀ နီးပါး ပြုလုပ်ခဲ့တဲ့ ကြားက သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ TNLA က ဆိုပါတယ်။
မိုင်းကျက်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီက Jet Fighter ဖြင့် (၉၅) ကြိမ်၊ Y8/Y12 လေယာဥ်ဖြင့် (၁၂) ကြိမ်၊ Mi35 ဖြင့် (၁၅) ကြိမ်၊ Mi17 ဖြင့် (၁၅) ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုမျာ အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တပ်စခန်း အတွင်းမှ စစ်ကောင်စီရဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၇၈) လက်၊ ကျည်များစွာ၊ ရန်သူအလောင်း မြုပ်နှံ့ထားသည့်နေရာ (၅၀) ကျော် နှင့် စစ်သုံးဆောင်ပစ္စည်းများစွာ ရှင်းလင်းသိမ်းဆည်း ရမိခဲ့တယ်လို့ အသိပေးထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment