၂၀၂၃ နိုဝင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ပြဿနာရပ်ဖြစ်လို့ အားလုံးမှာ တာဝန်ကိုယ်စီရှိကြတယ်လို့ ယာယီသမ္မတဆို
📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး
📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး
📌 ၄။ တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်ဆိုသူများအပါအဝင် မည်သူနှင့်မျှ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မျှ တွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်
📌 ၅။ နွေဦးဘဏ်ရဲ့ရှယ်ယာရောင်းချမှု 88.34% ထိ ရောင်းကုန်သွားခဲ့
📌 ၆။ Nationwide Operation ကို စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့အသိပေး
📌 ၇။ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ ဗုံး(၇၀) လုံးထက်မနည်း ကြဲချခဲ့
📌 ၈။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းပေါ်ရှိ ရန်သူ့ Station ကုန်းအား သိမ်းပိုက်ပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ
📌 ၉။ ရေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံဖြင့် YGF-ရေးပြောက်ကျားတပ်ထံသို့ လက်နက်အပ်ကာခိုလှုံလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ပြဿနာရပ်ဖြစ်လို့ အားလုံးမှာ တာဝန်ကိုယ်စီရှိကြတယ်လို့ ယာယီသမ္မတဆို
နိုဝင်ဘာလ၂၅ရက်။
အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ပြဿနာရပ်ဖြစ်လို့ အားလုံးမှာ တာဝန်ကိုယ်စီရှိကြတယ်လို့ နိုဝင်ဘာ၂၅ရက်မှာ ပြုလုပ်တဲ့ အမျိုးသမီးနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေး (၁၆)ရက်တာ လှုပ်ရှားမှုဖွင့်ပွဲတွင် နိုင်ငံတော် ယာယီသမ္မတကြီး ဒူဝါလရှီးမှ ပြောကြားခဲ့ပါတယ်။
"အမျိုးသမီးနဲ့မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုဟာ အမျိုးသမီးတွေနဲ့သာ ဆိုင်တဲ့ကိစ္စ၊ ပြဿနာမဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ရပ်လုံးနဲ့ဆိုင်တဲ့ ပြဿနာရပ်ဖြစ်လို့ အားလုံးမှာ တာဝန်ကိုယ်စီရှိကြပါတယ်။ ထို့ကြောင့် အကြမ်းဖက်မှုများကို တုံ့ပြန်ဆောင်ရွက်ကြတဲ့အခါ ကဏ္ဍအသီးသီး (ဌာနဆိုင်ရာအသီးသီး) အတူအကွပူးပေါင်းဆောင်ရွက်မှုသည် အင်မတန်အရေးကြီးပါတယ်"လို့ဆိုပါတယ်။
(၁၆) ရက်တာလှုပ်ရှားမှုဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအသီးသီးတွင် နှစ်စဥ် ကျင်းပကြတဲ့ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု ဖြစ်ပါတယ်။
၁၆ ရက်တာကာလသည် နိုဝင်ဘာလ (၂၅) ရက်မှ ဒီဇင်ဘာလ (၁၀) ရက်အထိဖြစ်ပြီး လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စတင်လှုံ့ဆော် ကျင်းပခဲ့ကြတာဖြစ်ပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာလ၂၅ရက်။
နိုဝင်ဘာလ၊ ၂၅ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့သည် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဒုတိယ ဥက္ကဋ္ဌတို့မှ နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဥ်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၏ နိုင်ငံရေးရှေ့လုပ်ငန်းစဉ်များကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များက ဖက်ဒရယ်ယူနစ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြပါတယ်။
အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများ၏ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေး
နိုဝင်ဘာလလ ၂၅ ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ဝန်ထမ်းများ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကျင်းပခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
" ဘဏ္ဍာရေး၊ စီမံကိန်းနဲ့ ရင်းနှီးမြှပ်နှံမှုဝန်ကြီးဌာနဟာဆိုရင် ကျွန်တော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရ မဖွဲ့စည်းခင် အချိန်မှာကတည်းက ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီအနေနဲ့ ဖွဲ့စည်းခဲ့တဲ့ ဝန်ကြီးဌာနတခုလည်း ဖြစ်ပါတယ်။ ဘဏ္ဍာရေးကဏ္ဍ၊ စီမံကိန်းကဏ္ဍတွေဟာ အာဏာရှင်တွေအတွက် အာဏာတည်မြဲရေးမှာ အင်မတန်အရေးပါတာဖြစ်တဲ့အတွက် ဌာနအနေနဲ့ တော်လှန်ရေးကာလ အစမှာကတည်းက လိုအပ်တဲ့ ညွှန်ကြားချက်တွေ ဥပဒေတွေနဲ့ ထုတ်ပြန်တားမြစ်နိုင်ဖို့ ဖွဲ့စည်းခဲ့ရတဲ့ အင်မတန် အရေးပါတဲ့ ဝန်ကြီးဌာနတခုလည်း ဖြစ်ပါတယ်။ အစိုးရဖွဲ့ပြီးတဲ့အခါမှာလည်း ဝန်ကြီးဌာနရဲ့ဆောင်ရွက်ချက်များဟာ တော်လှန်ရေးအရွေ့အတွက် အင်မတန် အားဖြစ်စေတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်ပါတယ် "လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ထို့နောက် စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်မှ ဝန်ကြီးဌာန၏ လုပ်ဆောင်ချက်များ ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဦးဆောင်ရှင်းလင်းတင်ပြခဲ့ပါတယ်။
ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်ဝန်ထမ်းများမှ သိရှိလိုသည်များ၊ တင်ပြလိုသည်များကို ဆွေးနွေးမေးမြန်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်မှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။
========================
📌📌 ၄။ တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်ဆိုသူများအပါအဝင် မည်သူနှင့်မျှ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မျှ တွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်
နိုဝင်ဘာလ၂၅ရက်။
တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်ဆိုသူများအပါအဝင် မည်သူနှင့်မျှ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မျှ တွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်လိုက်ပါတယ်။
အင်ဒိုနီးရှားအစိုးရ၏ ဦးဆောင်မှုဖြင့် အာဆီယံအထူးသံတမန်ရုံးက မြန်မာနိုင်ငံမှ သက်ဆိုင်သူ (Stakeholders) များနှင့် ထိတွေ့ဆက်ဆံမှုနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အပေါ် သဘောထားကြေညာချက်အား နိုဝင်ဘာလ ၂၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်တွင် အင်ဒိုနီးရှား အစိုးရ၏ ဦးဆောင်မှုဖြင့် အာဆီယံအထူးသံတမန်ရုံးက မြန်မာနိုင်ငံမှ သက်ဆိုင်သူ (Stakeholders) များနှင့် ထိတွေ့ဆက်ဆံဆွေးနွေးခဲ့မှုနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရတယ်လို့ဆိုထားပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက အာဆီယံ၏မြန်မာ့အရေး ကြားဝင်ဆောင်ရွက်နေမှုများအား ထောက်ခံတွန်းအားပေးနေသည့်အားလျော်စွာ အမျိုးသားညီညွတ်ရေးအစိုးရသည် နွေဦးတော်လှန်ရေးကြီး၏ ဖြစ်ပေါ်တိုးတက်နေမှုအခြေအနေများနှင့် မိမိတို့၏ရပ်တည်ချက် သဘော ထားများကို အာဆီယံအနေဖြင့် အချိန်နှင့်တပြေးညီ မှန်ကန်ရှင်းလင်းစွာ သိရှိနားလည်နိုင်စေရန်အတွက် အာဆီယံ၏ “ အဖွဲ့များအလိုက်သီးခြားစီတွေ့ဆုံမှု ” အစီအစဉ်များတွင် အာဆီယံနှင့်သာ သီးသန့်တွေ့ဆုံ၍ ဆွေးနွေးဆက်ဆံလျက် ရှိပါတယ်လို့ဖော်ပြထားပါတယ်။
တရားမဝင်အကြမ်းဖက်စစ်အုပ်စု၏ ကိုယ်စားလှယ်ဆိုသူများအပါအဝင် မည်သူနှင့်မျှ မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မျှ တွေ့ဆုံဆက်ဆံခြင်း (လုံးဝ) မရှိပါလို့ဆိုပါတယ်။
အာဆီယံအနေဖြင့် အာဆီယံအထူးသံတမန်ရုံးမှတဆင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရန် အစဉ်တစိုက်ကြိုးပမ်းဆောင်ရွက်မှုများကို အမျိုးသားညီညွတ်ရေး အစိုးရက နားလည်အသိအမှတ်ပြုပြီးအာဆီယံက တွေ့ဆုံဆွေးနွေးမှုကို တိုက်တွန်းလာသည့် အခါတိုင်း “ စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အာမခံချက်မရှိဘဲ၊ ပြည်သူ့သဘောထားကို အခြေမခံဘဲ၊ နွေဦးတော်လှန်ရေး အင်အားစုများ၊ မဟာမိတ်များ၏ သဘောထားဆန္ဒမပါဘဲ၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုအား အပြည့်အဝ ကျင့်သုံးနိုင်မည့် အခြေအနေအပေါ် အာမခံချက်မရှိဘဲ မည်သည့်ဆွေးနွေးမှုကိုမျှ ပြုလုပ်ရန် အလျဉ်းမရှိပါ ” ဟု အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရှင်းလင်းစွာ သဘောထားပေးလျက် ရှိပါတယ်လို့ဆိုပါတယ်။
သို့ပါ၍ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်တွင် ပါဝင်သော တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပနိုင်ခြေရှိမှုနှင့် ပတ်သက်သည့် ဖော်ပြချက်သည် အာဆီယံ အထူး သံတမန်ရုံး၏ ကောက်ချက်ချမှုသာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရနှင့် သက်ဆိုင်ခြင်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ကြေညာထားပါတယ်။
========================
📌📌 ၅။ နွေဦးဘဏ်ရဲ့ရှယ်ယာရောင်းချမှု 88.34% ထိ ရောင်းကုန်သွားခဲ့
နိုဝင်ဘာလ၂၅ရက်။
နွေဦးဘဏ်ရဲ့ရှယ်ယာရောင်းချမှု 88.34% ထိ ရောင်းကုန်သွားခဲ့ပြီလို့ နွေဦးဖွံဖြိုးရေးဘဏ်က နိုဝင်ဘာလ ၂၅ ရက်မှာ တရားဝင်အသိပေးကြေညာပါတယ်။
"Seed Round ICO - ရှယ်ယာတိုကင်ရောင်းချမှုဟာ ကမ္ဘာအနှံ့မှ အချစ်ဆုံးတို့ရဲ့ ကြိတ်ကြိတ်တိုး ခြိမ့်ခြိမ့်သဲ ဝယ်ယူစုဆောင်းမှုတို့ကြောင့် 88.34% ထိ ရောင်းကုန်သွားခဲ့ပါပြီ။ နိုဝင်ဘာ ၂၅ ၊၂၆ ၊၂၇ ရက်နေ့အတွင်း အချိန်လေးရှိတုန်း ဒေါ် လာ ၁.၁ သန်း ကျော်လောက်ပဲ ကျန်တော့လို့ ဘဏ်ရှယ်ယာရှင်ဖြစ်ဖို့ အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ထားလိုက်ပါ"လို့ဆိုထားပါတယ်။
ဒါ့အပြင် ရှယ်ယာရောင်းချမှုဟာ ဒေါ်လာ၉ သန်းဖိုးအထိ ရောင်းကုန်သွားတယ်လို့လည်း နွေဦးဖွံ့ဖြိုးရေးဘဏ်ဖော်ပြချက်အရ သိရှိရပါတယ်။
"နိုဝင်ဘာ ၁၇ မှ စပြီး ပြည်တွင်းပြည်ပမှ နွေဦးဘဏ် အစုရှယ်ယာများ ဝယ်ယူမှုဟာ ဒီကနေ့ နိုဝင်ဘာ ၂၅ မြန်မာစံတော်ချိန် ညနေ ၈ နာရီခွဲ မှာ အမေရိကန်ဒေါ်လာ ၉ သန်း အထိ ရောက်ခဲ့ပါပြီ။ ကျန်ရှိနေတဲ့ ရှယ်ယာတိုကင် ပမာဏ ကို အမိအရ ဝယ်ယူထားနိုင်ဖို့ခုပဲ အကောင့်ဖွင့်၊ RM တွေနဲ့ ချိတ်ဆက် ငွေသွင်းပြီး ဘဏ်ရှယ်ယာရှင် သူဌေးလောင်းတွေအဖြစ် ဂုဏ်ယူလိုက်ရအောင်"လို့ဆိုထားပါတယ်။
နွေဦးဘဏ်ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို နိုဝင်ဘာ ၁၇ရက်မှ ၂၇ရက်အထိ ရောင်းချပေးသွားမှာဖြစ်ပြီး (SDB Token) တခု USD $0.001 ဒေါ်လာဖြစ်ပြီးအနည်းဆုံး ရင်းနှီးမြှုပ်နှံရမယ့် ပမာဏ = USD $10ဒေါ်လာဖြစ်ပါတယ်။
========================
📌📌 ၆။ Nationwide Operation ကို စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့အသိပေး
နိုဝင်ဘာလ၂၅ရက်။
Nationwide Operation ကို စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီလို့ ညီနောင်မဟာမိတ်သုံးဖွဲ့အသိပေးဆိုထားပါတယ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် (၂၉) ရက်မြောက်နေ့သို့ ရောက်ရှိလာကာ မိမိတို့ စစ်ရေးလှုပ်ရှားရာဒေသများတွင် စစ်ရှိန်ဆက်လက်မြင့်တက်လျက်ရှိပြီး မိမိတို့သတ်မှတ်ထားသော စစ်ကောင်စီ၏ အရေးပါသောနေရာများ၊ မိမိတို့၏ စစ်ဆင်ရေးကို အနှောင့်အယှက်ပေးနေသောနေရာများ၊ ရန်သူ့လက်နက်ကြီးကုန်းများကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။
Nationwide Operation သည်လည်း မိမိတို့ စစ်ဆင်ရေး တစ်လပြည့်သည့် နိုဝင်ဘာလ (၂၇) ရက်နေ့တွင် နောက်တစ်ဆင့် တက်ရန် အသင့်ဖြစ်နေပြီဖြစ်တယ်လို့ဆိုထားပါတယ်။
စစ်ဆင်ရေးအောင်မြင်မှုများနှင့်အတူ ဟန်ချက်ညီစစ်ဆင်ရေးမှသည် Nationwide Operation တစ်နိုင်ငံလုံးမှ လူတိုင်း ပါဝင်သောစစ်ဆင်ရေးကြီး ဖြစ်ပေါ်လာမှသာလျှင် စစ်အာဏာရှင်စနစ် အမြစ်ပြတ်နိုင်မည်ဖြစ်သောကြောင့် ဤစစ်ဆင်ရေးကြီးထဲတွင် လူတိုင်း၊ တစ်ယောက်ချင်းစီတိုင်း ပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ၂၇ရက်နေ့တွင်စတင်ခဲ့ပြီး MNDAAရဲ့ထုတ်ပြန်ထားချက်အရ စကစရဲ့စခန်းပေါင်း၁၇၁ခု သိမ်းပိုက်ပြီးဖြစ်ပါတယ်။
========================
📌📌 ၇။ နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ ဗုံး(၇၀) လုံးထက်မနည်း ကြဲချခဲ့
နိုဝင်ဘာလ၂၅ရက်။
နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ ဗုံး(၇၀) လုံးထက်မနည်း ကြဲချခဲ့တယ်လို့ သတင်းရရှိပါတယ်။
နိုဝင်ဘာ ၂၅ရက်နေ့တွင် နမ့်ခမ်းမြို့နယ် စခန်းသစ်ကုန်းဘက်တွင် စစ်ကောင်စီတပ်မှ Y12 လေယာဥ်ဖြင့် (၂)ကြိမ် ဗုံး(၇၀) လုံးထက်မနည်း ကြဲချခဲ့ပြီး၊ ခဲယမ်းနှင့် ရိက္ခာများလည်း ချပေးခဲ့တယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ် လာရောက်ပစ်ကူပေး တိုက်ခိုက်ခဲ့တယ်လို့TNLAကဆိုပါတယ်။
အလားတူ တပ်မဟာ(၆)စစ်ဒေသ၊ လားရှိုးမြို့နယ် ဟိုဟက်ကျေးရွာဘက်တွင် ယနေ့ နေ့လည် (၁း၂၅)နာရီ အချိန်တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွားဖြစ်ပွားခဲ့ပါသေးတယ်။
========================
📌📌 ၈။ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး လမ်းပေါ်ရှိ ရန်သူ့ Station ကုန်းအား သိမ်းပိုက်ပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိ
နိုဝင်ဘာလ၂၅ရက်။
ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မုံရွာ-ယာကြီး- ကလေးဝလမ်း (ရန်သူ့ဆက်သွယ်ရေး ဗျူဟာလမ်း) ပေါ် စကစ (တပ်စိစစ်ဆဲ) အင်အား (၃၀) ခန့်အခြေပြုနေသည့် အရေးကြီး Station ကုန်းအား ယင်းမာပင်ခရိုင် တပ်ရင်း-၂ နှင့် ကနီမြို့နယ် ပကဖ တို့မှ အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ်၁စစ်ဒေသကအတည်ပြုပါတယ်။
ရန်သူ့စခန်းကုန်းအား နိုဝင်ဘာလ (၂၂) ရက်တွင် တစ်ကြိမ် ပစ်ခတ် တိုက်ခိုက် သိမ်းပိုက်ရာ အခွင့်မသာသဖြင့် ပြန်လည်ဆုတ်ခွာလာရပြီးနိုဝင်ဘာလ (၂၃) ရက်တွင် ထပ်မံ တိုက်ခိုက်ရာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။
၎င်းတိုက်ပွဲအတွင်း ရန်သူ့ဘက်မှ (၁) ဦး သေဆုံးပြီး (၁၁) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ကာကွယ်ရေးဘက်မှ ရဲဘော် (၃) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး ရန်သူ့လက်နက်ငယ် (၁) လက်၊ ကျည်မျိုးစုံ (၂၅၀၀) ကျော်၊ ဗုံးသီး (၁၀၇) လုံး၊ Equipment (၁) ခု၊ ကျည်အိမ် (၂) ခု၊ မိုင်း (၁၆) လုံး၊ အီနာဂါ (၄) လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။
========================
📌📌 ၉။ ရေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံဖြင့် YGF-ရေးပြောက်ကျားတပ်ထံသို့ လက်နက်အပ်ကာခိုလှုံလာ
နိုဝင်ဘာလ ၂၅ရက်
ရေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ရဲတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံဖြင့် YGF-ရေးပြောက်ကျားတပ်ထံသို့ လက်နက်အပ်ကာခိုလှုံလာတယ်လို့သတင်းရရှိပါတယ်။
နိုဝင်ဘာလ၂၅ရက်မှာ YGF-ရေးပြောက်ကျားတပ်ထံသို့ လက်နက်အပ်ပြီး CDM ပြုလုပ်လာတာလို့ဆိုပါတယ်။
"မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ရဲစခန်းမှ ကိုယ်ပိုင်အမှတ်- လ / ၁၅၅၀၀၅၊ ရဲတပ်ကြပ် မင်းနောင်သည် ၎င်းကိုင်ဆောင်သော G-3 လက်နက် (1)လက် ၊ကျည်ဘောက် (2)ဘောက်၊ ကျည် (100)တောင့်နှင့်အတူ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်ဖြင့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် YGF-ရေးပြောက်ကျားတပ်ထံသို့ လက်နက်အပ်ပြီး CDM ပြုလုပ်ကာ အလင်းဝင်ရောက်လာခဲ့ပါတယ်"လို့ဆိုပါတယ်။
အလင်းဝင်ရောက်လာသော ရဲတပ်ကြပ်က ၎င်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် တာဝန်မထမ်းဆောင်နိုင်တော့ကြောင်း၊ အဓိကအားဖြင့် အကြမ်းဖက်စစ်ကောင်စီက"ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်ခြင်း"ကိုမနှစ်မြို့ခြင်း၊"ပြည်သူများ၏အိုးအိမ်နှင့်စည်းစိမ်များကို မီးရှို့ဖျက်ဆီး၊ လုယက်ယူဆောင်၊ မတရားသိမ်းဆည်၊ ခိုးယူခြင်း"ကိုရွံရှာခြင်း၊ အာဏာရှင်တစ်စုနှင့်အာဏာရှင်စနစ်အတွက် ကျွန်သဖွယ် လုပ်ကိုင်ရခြင်းကိုမုန်းတီးခြင်း အမှား၊ အမှန်ကို ခွဲခြားသိမြင်၍ အမြင်မှန်ရကာ YGF-ရေးပြောက်ကျားတပ်ဆီသို့ ဝင်ရောက်ခိုလှုံခြင်းဖြစ်ကြောင်း ၎င်းကပြောဆိုပါတယ်။
ယခုကဲ့သို့ ပြည်သူ့ရင်ခွင်ထံသို့ ခွဲခြားသိစွာဖြင့် အချိန်မှီ ပြည်သူ့ရဲတစ်ယောက်အဖြစ် မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် ခိုလှုံလာသည့်အတွက် YGF-ရေးပြောက်ကျားတပ်မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် နွေးထွေးစွာ ကြိုဆိုအပ်ပါတယ်လို့ဆိုပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment