၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်ဇင်မာအောင်နဲ့ Japanese Trade Union Confederation (JTUC-RENGO) ဥက္ကဋ္ဌ ဖြစ်သူ Ms.Tomoko Yoshino တို့ တွေ့ဆုံ
📌 ၂။ Professor Sean Turnell ရဲ့ စာအုပ်မိတ်ဆက်ပွဲကို လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်ဗဟန်းထန် တက်ရောက်
📌 ၃။ ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံး အိချွန်း လူထုအကျိုးဆောင်ဆုရရှိ
📌 ၄။ အကောက်ခွန်ဝန်ထမ်းများကို လက်နက်ထုတ်ပေးပြီး စစ်တပ်အရံအင်အားအဖြစ်အသုံးပြုရန် စစ်ကောင်စီ စီစဉ်
📌 ၅။ မတ္တရာမြို့နယ်က စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ
📌 ၆။ ဟားခါးမြို့တွင် မြို့သိမ်းအကြို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး
📌 ၇။ လက်နက်ချအညံ့ခံရန်သတိပေးထားမှုကိုလက်မခံသောကြောင့် မူဆယ် ၁ဝ၅ စခန်းကို တိုက်ခိုက်နေဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်ဇင်မာအောင်နဲ့ Japanese Trade Union Confederation (JTUC-RENGO) ဥက္ကဋ္ဌ ဖြစ်သူ Ms.Tomoko Yoshino တို့ တွေ့ဆုံ
နိုဝင်ဘာလ ၂၈။
အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ ဂျပန်နိုင်ငံက အင်အားကြီး အလုပ်သမားသမဂ္ဂ တစ်ခုဖြစ်တဲ့ Japanese Trade Union Confederation (JTUC-RENGO) မှ ဥက္ကဋ္ဌဖြစ်သူ Ms.Tomoko Yoshino တို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဂျပန်နိုင်ငံ NUG ကိုယ်စားလှယ်ရုံး က သတင်းထုတ်ပြန်ထားပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကိုယ်စားလှယ်ရုံး အဖွဲ့ဝင်များနဲ့အတူ နိုဝင်ဘာလ ၂၇ ရက်နေ့ တနင်္လာနေ့ ညနေပိုင်းက JTUC-RENGO ရုံးချုပ်တွင် သွားရောက်တွေ့ဆုံခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံအရေး၊ တိုင်းရင်းသားဒေသဆိုင်ရာနှင့် ဒုက္ခသည်အရေးကိစ္စများ၊ လက်ရှိအလုပ်သမားအရေးနဲ့ နှစ်နိုင်ငံ အနာဂတ် အလုပ်သမား အရေးများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွဲဆောင်ရွက်ကာ အလုပ်သမားရေးရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားရန် သဘောတူညီ ခဲ့ကြတယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ Professor Sean Turnell ရဲ့ စာအုပ်မိတ်ဆက်ပွဲကို လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်ဗဟန်းထန် တက်ရောက်
နိုဝင်ဘာ ၂၈။
အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းခံရတဲ့ ရက်ပေါင်း ၆၅၀ အတွေ့အကြုံကို Professor Sean Turnell က စာအုပ်အဖြစ် ပြန်လည်ရေးသား ထုတ်ဝေထားတဲ့ " An Unlikely Prisoner” စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားကို လူ့အခွင့်အရေး ဒုဝန်ကြီး ခွန်ဗဟန်းထန် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင် နိုဝင်ဘာလ ၂၆ ရက် နေ့က ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
အခမ်းအနားတွင် လူ့အခွင့်အရေး ဒုဝန်ကြီးက “Professor Sean Turnell အနေဖြင့် မြန်မာနိုင်ငံနှင့် မြန်မာပြည်သူများအပေါ် အကျိုးပြုမှုများစွာ ပြုခဲ့ရုံသာမက ပြည်သူများနှင့် တသားတည်း ရပ်တည်ပေးခဲ့သည့် မြန်မာနိုင်ငံအတွက် မိတ်ဆွေစစ် မိတ်ဆွေကောင်းတဦး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အကျိုးအတွက် အသက်ကိုပင် စွန့်လွှတ်မတတ် အနစ်နာခံပေးခဲ့တဲ့အတွက် များစွာကျေးဇူးတင်ရှိပြီး အကြိမ်ကြိမ်အခါခါ လေးစားဦးညွတ်မိပါကြောင်း၊ မြန်မာနိုင်ငံအပေါ် တိုးတက်မှုနှင့် အခွင့်အလမ်းများစွာကို ဖော်ဆောင်ပေးခဲ့သည့် မိတ်ဆွေနှင့်အတူ ငြိမ်းချမ်းရေး၊ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုရှိမည့် ဖက်ဒရယ်ပြည်ထောင်စု အသစ်ကို ဆက်လက်လက်တွဲ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။
Professor Sean Turnell က သူ့ရဲ့ စာအုပ်ရောင်းချရ ငွေများကိုလည်း မြန်မာနိုင်ငံအတွင်းက စစ်ဘေးရှောင် ပြည်သူများအပါအဝင် လိုအပ်သောနေရာများသို့ လှူဒါန်းသွားမယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ ကိုရီးယားနိုင်ငံ NUG ကိုယ်စားလှယ်ရုံး အိချွန်း လူထုအကျိုးဆောင်ဆုရရှိ
နိုဝင်ဘာ ၂၈။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံး အနေနဲ့ ကိုးရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းက ချီးမြှင့်တဲ့ လူထုအကျိုးဆောင်ဆုကို လက်ခံရရှိ ခဲ့တယ်လို့ သိရပါတယ်။
ဆိုးလ်၊ အိချွန်းယဉ်ကျေးမှုဖောင်ဒေးရှင်းက ပျော်ရွှင်စရာ လူမှုအသိုက်အဝန်းအား တည်ဆောက်ရန် လူထုနှင့်အတူ တသားတည်း တက်ကြွစွာ ဆောင်ရွက်နေကြသော လူထုအကျိုးဆောင် အဖွဲ့အစည်းများကို ရွေးချယ်ပြီး နှစ်စဉ် ဆုချီးမြှင့်လေ့ ရှိတယ်လို့ သိရပါတယ်။
ယခုနှစ် (၂၀၂၃ ခုနှစ်) အတွက် ဒုတိယအကြိမ်မြောက် လူထုအကျိုးဆောင်ဆုရှင်များကို ရွေးချယ်ရာမှာ ယခင် နှစ်များကဲ့သို့ ကိုရီးယားလူမှုအဖွဲ့အစည်းများကိုသာ ရွေးချယ်ခြင်းမဟုတ်ပဲ ထူးခြားစွာနဲ့ မြန်မာ့ဒီမိုကရေစီ ရေးအတွက် တက်ကြွစွာ လှုပ်ရှားဆောင်ရွက်နေတဲ့ မြန်မာအဖွဲ့အစည်း NUG ကိုးရီးယား ကိုယ်စားလှယ်ရုံးကို ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လူထုအကျိုးဆောင်ဆု ချီးမြင့်ခြင်းကို ဒီဇင်ဘာလ ၉ ရက်၊ စနေနေ့၊ ကိုးရီးယား စံတော်ချိန် ညနေ ၄ နာရီ ၃၀ မိနစ်မှာ ဆိုးလ်၊ အိချွန်း ယဉ်ကျေးမှု ဖောင်ဒေးရှင်းတွင် ပြုလုပ်သွားမှာဖြစ်ပြီး ဆုကြေးငွေ အဖြစ် ကိုရီးယားငွေ ဝမ်သိန်း (၃၀) ရရှိမှာ ဖြစ်ပါတယ်။
========================
📌📌 ၄။ အကောက်ခွန်ဝန်ထမ်းများကို လက်နက်ထုတ်ပေးပြီး စစ်တပ်အရံအင်အားအဖြစ်အသုံးပြုရန် စစ်ကောင်စီ စီစဉ်
အကြမ်းဖက်စစ်ကောင်စီဟာ စစ်သားအင်အားပြုန်တီးလာတာကြောင့် အကောက်ခွန်ဝန်ထမ်းတွေကို လက်နက် ထုတ်ပေးထားပြီး စစ်တပ်အရံအင်အားအဖြစ် အသုံးပြုဖို့စီစဉ်နေတယ်လို့ The Fifth Column က အသိပေး ထုတ်ပြန်လိုက်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ အကြမ်းဖက်စစ်ကောင်စီက အကောက်ခွန်အရာရှိတွေကို လက်နက်တွေထုတ်ပေး ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်နက်ရရှိထားတဲ့ဝန်ထမ်းတွေ ကြောက်လန့်နေတာကြောင့် စစ်ကောင်စီကထုတ်ပေးထားတဲ့ လက်နက်တွေ ကို အသုံးမပြုရဲဘဲ သိမ်းဆည်းထားကြတယ်လို့လည်း သိရှိရပါတယ်။
ဒါဟာ အကြမ်းဖက်စစ်ခေါင်ဆောင် မင်းအောင်လှိုင်အနေနဲ့ Non CDM တွေဖြစ်တဲ့ အရပ်သားဝန်ထမ်းတွေကို လက်နက်တပ်ဆင်ပေးပြီး စစ်တပ်အရံအင်အားအဖြစ်အသုံးပြုဖို့ ကြိုးစားလာတာဖြစ်နိုင်တယ်လို့ စစ်ရေး လေ့လာနေသူတွေက မှတ်ချက်ပြုပါတယ်။
အရပ်သားဝန်ထမ်းတွေအနေနဲ့ စစ်တပ်ကထုတ်ပေးတဲ့လက်နက်တွေ ကိုင်ဆောင်ထားခြင်းဟာ အလွန်အန္တရာယ် များတဲ့အပြင် စစ်ဆင်ရေးဆောင်ရွက်နေကြတဲ့ တော်လှန်ရေးအဖွဲ့ တွေရဲ့ ပစ်မှတ်ဖြတ်လာနိုင်တယ်လို့ The Fifth Column က အသိပေးထားပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီရဲ့ အသုံးချခြင်းမခံရအောင် နီးစပ်ရာတော်လှန်ရေးအဖွဲ့တွေထံ လက်နက်တွေအပ်နှံပြီး အလင်းဝင်ကြဖို့ The Fifth Column က တိုက်တွန်းထားပါတယ်။
စစ်တပ်ကထုတ်ပြန်ထားတဲ့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေအရ လက်နက်ကိုင်ဆောင်ထားသူတွေဟာ အရံအင်အားအဖြစ်ရှိနေပြီး စစ်မှုထမ်းရမယ်လို့ သိရှိရပါတယ်။
========================
📌📌 ၅။ မတ္တရာမြို့နယ်က စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိ
နိုဝင်ဘာ ၂၈။၊
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းကုန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန် ထားပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခန့်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ ပူးပေါင်းပြီး အဆိုပါ စခန်းကုန်းကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ထိုနေ့မနက် ၁၀ နာရီ ခွဲလောက်မှာ စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦး အရှင်ဖမ်းဆီးရမိခဲ့ကာ အလောင်း ၁၅ လောင်း သိမ်းဆည်းရမိခဲ့တဲ့အပြင် လက်နက်မျိုးစုံ ၁၃ လက်နဲ့ ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ဟားခါးမြို့တွင် မြို့သိမ်းအကြို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံး
ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့မှာ မြို့သိမ်းအကြိုတိုက်ပွဲအနေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရရရှိသွားတယ်လို့ CDF- Hakha က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၆ ရက်ကစပြီး မြို့သိမ်းတိုက်ပွဲ ပထမအဆင့် အကြိုအနေနဲ့ ဟားခါးမြို့ပေါ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်အထိ ၂ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးထက် မနည်းသေဆုံးသွားတယ်လို့ သိရပါတယ်။
အခုလိုတိုက်ခိုက်ခဲ့တာဟာ ၁၀၂၇ စစ်ဆင်ရေးကအစပြုခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲတွေကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ တိုက်ခိုက်ခဲ့ တာလို့လည်း သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး တလပြည့်တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တနိုင်ငံလုံး အတိုင်းအတာ နဲ့ တော်လှန်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်ကြဖို့ တိုက်တွန်းချက်ကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ CDF- Hakha က မြို့ပေါ်တိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတယ်လို့လည်း အသိပေးထားပါတယ်။
CDF- Hakha အနေနဲ့ နိုင်ငံရေးရည်မှန်းချက်တူညီတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့အတူ ဟန်ချက်ညီတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ်အဖြစ်အသုံးချခံနေရတဲ့ စစ်သားများနဲ့ရဲတပ်ဖွဲ့ဝင်တွေ လက်နက်ချ အလင်းဝင်ကြဖို့ CDF- Hakha ကာကွယ်ရေးဌာနက အသိပေးထားပါတယ်။
========================
📌📌 ၇။ လက်နက်ချအညံ့ခံရန်သတိပေးထားမှုကိုလက်မခံသောကြောင့် မူဆယ် ၁ဝ၅ စခန်းကို တိုက်ခိုက်နေဟု ညီနောင် ၃ ဖွဲ့ထုတ်ပြန်
၂၄ နာရီအတွင်း လက်နက်ချအညံ့ခံဖို့ ကြိုတင်အသိပေးပြောကြားထားပေမယ့် လက်မခံတာကြောင့် မူဆယ်မြို့ အနီးမှာ ရှိတဲ့ ၁ဝ၅ မိုင် စစ်ဗျူဟာစခန်းကို ထိုးစစ်ဆင်တိုက်နေတယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောပါတယ်။
မနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့ကစပြီး မူဆယ် ၁ဝ၅ စစ်ဗျူဟာစခန်းကို ညီနောင်မဟာမိတ်တပ်တွေ တိုက်ခိုက်နေတာနဲ့ ပတ်သက်လို့ အခုလိုပြောလိုက်တာဖြစ်ပါတယ်။
၁ဝ၅ စစ်ကောင်စီစခန်းကိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ဂျက်တိုက်လေယာဉ်တွေအသုံးပြုပြီး အကြိမ်ကြိမ် လာရောက်ပစ်ခတ်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် မူဆယ်စျေးအပါအဝင် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်အနီးက အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုတွေရှိခဲ့သလို အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိတယ်လို့သိရပါတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့အနေနဲ့ လက်နက်ချအညံ့ခံဖို့ ကြိုပြောထားပေမယ့် အညံ့မခံတဲ့ စစ်ကောင်စီစခန်းတွေ၊ ပြည်သူ လူထုကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စစ်စခန်းတွေကို တခုပြီးတခု ဆက်လက်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။
အောက်တိုဘာလ ၂၇ ရက်နေ့ကစတင်လိုက်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ တလပြည့်မြောက်ခဲ့ပြီး ဒီနေ့ဆိုရင် ၃၃ ရက်မြောက် နေ့ကို ရောက်ရှိလာခဲ့ပြီး သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဆင်နွှဲနေတယ်လို့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က အသိပေးထုတ်ပြန်ထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းစစ်သွေးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment