၂၀၂၃ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ ငြိမ်းချမ်း၍ သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ မနှေးအမြန် လှမ်းတက်နိုင်ကြပါစေကြောင်း ယာယီသမ္မတ ဆုမွန်ကောင်းတောင်းဆို
📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်လူမျိုး သူငယ်ချင်းဖြစ်သူ Mrs. Miyashita Natsuo တို့ တွေ့ဆုံ
📌 ၃။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းလာဖို့ အချိန်တန်ပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် တိုက်တွန်းပြော
📌 ၄။ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ စစ်ကောင်စီတပ်ဖွဲတွေကို အာမခံချက်သုံးချက်ဖြင့် NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ဖိတ်ခေါ်
📌 ၅။ ခင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မြို့နယ်၊ တိုက်နယ်၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုနဲ့ မျက်နှာစုံညီ တွေ့ဆုံပွဲ ကျင်းပပြုလုပ်
📌 ၆။ ဖလမ်းမြို့နယ်တွင် စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် ၁ဝ၅ နှစ်အရွယ် အဘွားအိုသေဆုံး
📌 ၇။ ချင်းပြည်နယ် မတူပီတွင် စစ်သား ၂ ဦးနှင့်ရဲတပ်ဖွဲ့ဝင်တဦး လက်နက်နှင်တကွ CDF ထံ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ငြိမ်းချမ်း၍ သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ မနှေးအမြန် လှမ်းတက်နိုင်ကြပါစေကြောင်း ယာယီသမ္မတ ဆုမွန်ကောင်းတောင်းဆို
နိုဝင်ဘာလ ၂၇ရက်။
တန်ဆောင်မုန်း လပြည့်နေ့မှာ ငြိမ်းချမ်းသာယာ ဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီ မနှေးအမြန် တက်လှမ်းနိုင်ကြပါစေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဆုမွန်ကောင်း တောင်းဆိုလိုက်ပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေမှာ ယာယီသမ္မတကြီးက ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှတဆင့် အခုလို ဆုမွန်ကောင်း တောင်းဆိုပေးလိုက်တာ ဖြစ်ပါတယ်။
"ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ် တခုဖြစ်သော တန်ဆောင်မုန်းလပြည့် အခါသမယတွင် ပြည်တွင်း၊ ပြည်ပ ဗုဒ္ဓဘာသာဝင် အပေါင်းတို့ ငြိမ်းအေးမှုအပေါင်းနှင့် ပြည့်စုံပြီး အားလုံး လိုလားတောင့်တသော ငြိမ်းချမ်း၍ သာယာဝပြောသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ်ဆီသို့ မနှေးအမြန် လှမ်းတက်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်"လို့ သမ္မတကြီးက ဆိုထားပါတယ်။
လက်ရှိမှာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီးတော့ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနဲ့အတူ ဖက်ဒရယ်ချာတာအတိုင်း အမျိုးသားညီညွတ်ရေးအစိုးရဟာ လျှောက်လှမ်းလျက် ရှိပါတယ်။
========================
📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်လူမျိုး သူငယ်ချင်းဖြစ်သူ Mrs. Miyashita Natsuo တို့ တွေ့ဆုံ
နိုဝင်ဘာလ ၂၇ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်လူမျိုး သူငယ်ချင်းဖြစ်သူ Mrs. Miyashita Natsuo တို့ အလွတ်သဘော တွေ့ဆုံခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်ကိုယ်စားလှယ်ရုံး က သတင်းထုတ်ပြန် ထားပါတယ်။
နိုဝင်ဘာလ ၂၃ ရက် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ အလွတ်သဘော တွေ့ဆုံခဲ့တာဖြစ်ပြီး မြန်မာ့အရေး စိတ်ဝင်စားသူ ဂျပန်လူမျိုးများ၊ သတင်းမီဒီယာများနဲ့ Talk Show အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
သူငယ်ချင်းဖြစ်သူ မီယာရှီတာ နာစုအိုစံ နဲ့ Oxford University မှာ ပညာသင်ကြားနေစဉ်က ခင်မင်ရင်းနှီးခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ထိန်းသိမ်းခံရစဉ် ကာလများမှာလည်း ၎င်းက ဂျပန်နိုင်ငံအတွင်း ဓါတ်ပုံပြပွဲများ ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ကြိုးစားခဲ့ပါတယ်။
၂၀၂၁ စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ဓါတ်ပုံပြပွဲများ၊ Online မှ ဆုတောင်းပွဲများကို ပြုလုပ်ကာ Higashi Honganji ဘုရားကျောင်းမှ အကြီးဆုံးဆရာတော် အိုးတာနီနှင့်အတူ ဂျပန် မိတ်ဆွေများ၊ မြန်မာ့နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူများနှင့် ပူးပေါင်းကာ မြန်မာ့ဒီမိုကရေစီ အရေးအတွက် ကူညီဆောင်ရွက်နေသူ ဖြစ်ပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းလာဖို့ အချိန်တန်ပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ် တိုက်တွန်းပြော
နိုဝင်ဘာလ ၂၇ရက်။
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင် အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းလာဖို့ အချိန်တန်ပြီလို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာ မှတဆင့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။
"ကိုယ့်အသက်နဲ့ ဂုဏ်သိက္ခာအတွက်၊ ကိုယ့်မိသားစုနဲ့ ကိုယ့်နိုင်ငံ အနာဂတ်အတွက်၊ ယတိပျက် ဆုံးဖြတ်ချိန်တန်ပြီ၊ ခင်ဗျားတို့အားလုံးကို အားလုံးက ကြိုဆိုနေကြပါတယ်။ ခင်ဗျားတို့အားလုံး ပြည်သူ့ဘက်ကို ကူးပြောင်းလာဖို့ အချိန်တန်ပြီ၊ ခင်းဗျားတို့ရဲ့ ဆုံးဖြတ်ချက်ဟာ ခင်းဗျားတို့အတွက်ရော ပြည်ထောင်စုကြီး တစ်ခုလုံးအတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ်" လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ရေးသားပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG အပါအဝင် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများကလည်း နိုဝင်ဘာလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲတွေကို အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ ပူးတွဲ တိုက်တွန်းနှိုးဆော်ချက် ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင်ခိုလှုံကြဖို့ စစ်ကောင်စီတပ်ဖွဲတွေကို အာမခံချက်သုံးချက်ဖြင့် NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ဖိတ်ခေါ်
နိုဝင်ဘာလ ၂၇ရက်။
စစ်ကောင်စီ လက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တွေကို အချိန်မနှောင်းခင် ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ အာမခံချက် သုံးချက်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုတွေက နိုဝင်ဘာလ ၂၇ ရက် ဒီကနေ့မှာ ထုတ်ပြန်ချက်နဲ့ ဖိတ်ခေါ်လိုက်ပါတယ်။
စစ်မြေပြင်မှာ ပြည်သူ့တော်လှန်ရေး အင်အားစုတွေထံ လက်နက်အပ်နှံပြီး ပြည်သူကိုသာ သစ္စာခံမယ့်အကြောင်း သဘောထား ဖော်ပြလာသူတွေကို ဖမ်းဆီးချုပ်နှောင်တာ၊ ညှင်းပန်း နှိပ်စက်တာ မပြုဘဲ မိသားစုထံ ပြန်လိုပါက ပြန်နိုင်အောင် စီစဉ်ပေးမယ်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် မိသားစုဝင်တွေ အတူပါလာရင်လဲ ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ လုံခြုံရေးကို တာဝန်ယူပြီး လူ့အဖွဲအစည်းအတွင်း ပြန်လည်အခြေချ နေထိုင်နိုင်ဖို လိုအပ်တဲ့ ထောက်ပံ့မှုတွေကို အစွမ်းကုန် ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ အချက်သုံးချက်ကို အာမခံထားတာပါ။
အဆိုပါ တိုက်တွန်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ပအိုဝ်းအမျိုးသားများ ဖယ်ဒရယ်ကောင်စီ (PNFC)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အပါအဝင် အဖွဲ့ခြောက်ဖွဲ့က ထုတ်ပြန်ထားတာပါ။
အာဏာသိမ်း စစ်ကောင်စီကို စွန့်ခွာပစ်ပယ်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာကြမယ့် သူတွေအတွက် အနာဂတ် ပြည်ထောင်စုသစ်ရဲ့ လူ့အဖွဲအစည်းမှာ ဂုဏ်သိက္ခာရှိစွာ ဆက်လက်ရှင်သန် ရပ်တည်နိုင်ရန် လွတ်ငြိမ်းချမ်းသာခွင့် မူဝါဒ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အချိန်အခါကောင်းလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
နွေဦးတော်လှန်ရေးကာလ သုံးနှစ်နီးပါးအတွင်း တနိုင်ငံလုံးမှာ ပြည်သူ့ရင်ခွင့်ခိုလှုလာတဲ့ စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် အဖွဲဝင်ပေါင်း ၁၄, ၀၀၀ ကျော်ရှိပြီး တော်လှန်ရေး အင်အားစုတွေရဲ့ အကူအညီနဲ့ ဘေးကင်းလုံခြုံရာမှာ ဂုဏ်သိက္ခာရှိစွာ ဘဝကိုဖြတ်သန်းနေတယ်လို့လည်းအသိပေးထားပါတယ်။
========================
📌📌 ၅။ ခင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မြို့နယ်၊ တိုက်နယ်၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြည်သူလူထုနဲ့ မျက်နှာစုံညီ တွေ့ဆုံပွဲ ကျင်းပပြုလုပ်
နိုဝင်ဘာလ၂၇ရက်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ မြို့နယ်၊ တိုက်နယ်၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၊ ရေးရာတာဝန်ခံများက ပြည်သူလူထုနဲ့ မျက်နှာစုံညီ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လယ် ၁ နာရီအချိန်မှာ ကျင်းပပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းနှင့် ကာကွယ်ရေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကျေးရွာရဲ့ အားသာချက်၊ အားနည်းချက်၊ မြေပြင်အခြေအနေများမှ အပြန်အလှန် ဆွေးနွေး မေးမြန်းလာမှုများကို သက်ဆိုင်ရာ တာဝန်ခံများက သက်ဆိုင်ရာ ဝန်ကြီးဌာနများရဲ့ မူဝါဒ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကျယ်တဝင့် ဆွေးနွေး ရှင်းလင်းခဲ့ကြပါတယ်။
အဆိုပါ မျက်နှာစုံညီတွေ့ဆုံပွဲကို မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ခေါင်းဆောင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ တာဝန်ခံနှင့် ဒုတာဝန်ခံ၊ တရားရေး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၂)ဦး၊ ပြည်သူ့ဆက်ဆံရေး တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ပြည်သူ့ရင်ခွင်တာဝန်ခံ၊ စိုက်ပျိုးရေးတာဝန်ခံ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံ၊ မြို့နယ် ရုံးအဖွဲ့မှူး၊ တိုက်နယ် ခေါင်းဆောင်၊ ဒုခေါင်းဆောင်နှင့် အဖွဲ့၊ ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့များ၊ ကျေးရွာနေ ပြည်သူများ စုစုပေါင်းအင်အား (၄၀၀) ခန့် တက်ရောက်ခဲ့ကြပြီး ညနေ ၅ နာရီ အချိန်မှာ အောင်မြင်စွာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ဖလမ်းမြို့နယ်တွင် စစ်တပ်ကပစ်လိုက်တဲ့လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် အသက် ၁ဝ၅ နှစ်အရွယ် အဘွားအိုသေဆုံး
နိုဝင်ဘာလ ၂၇ရက်။
ချင်းပြည်နယ် ဖလမ်းမြို့အခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် လူနေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁ဝ၅ နှစ်အရွယ်ရှိတဲ့ အဘွားအိုသေဆုံးခဲ့ပြီး အသက် ၆ဝ ကျော် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခန့်အချိန်မှာ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ တပ်က လက်နက်ကြီး ကျည်ဟာ ဖလမ်းမြို့နယ် စီဇာမွာကျေးရွာက လူနေအိမ်တလုံးပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
အဲဒီပေါက်ကွဲမှုကြောင့် စီဇာမွာကျေးရွာက အသက် ၁ဝ၅ နှစ်အရွယ်ရှိတဲ့အဘွား ရမ်းတလုံး (Ram Tlung) သေဆုံးခဲ့ရပြီး အသက် ၆၅ နှစ်အရွယ်ရှိ ဒေါ်ဇိုထွေး (Pi Zo Htwe) စိုးရိမ်ရတဲ့ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စီဇာမွာကျေးရွာဟာ ဖလမ်းမြို့နဲ့ ၂ မိုင်ခန့်သာကွာဝေးတဲ့ ဖလမ်း-ကလေးလမ်းပေါ်က ကျေးရွာတရွာဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေဖော်ပြနေတဲ့ Chin World က အသိပေးထားပါတယ်။
မနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဘက်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် မင်းတပ်မြို့ပေါ်က မြို့မ နှစ်ခြင်းဘုရားကျောင်းဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ချင်းပြည်နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေ အခုရက်ပိုင်း လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေရှိသလို လူနေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
========================
📌📌 ၇။ ချင်းပြည်နယ် မတူပီတွင် စစ်သား ၂ ဦးနှင့်ရဲတပ်ဖွဲ့ဝင်တဦး လက်နက်နှင်တကွ CDF ထံ အလင်းဝင်
နိုဝင်ဘာလ ၂၇ရက်။
ချင်းပြည်နယ် မတူပီခရိုင်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တဦး လက်နက်နဲ့တကွအလင်းဝင်လာ တာကြောင့် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့ CDF တပ်ရင်းတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
နိုဝင်ဘာ ၂၆ ရက်နေ့မှာ မတူပီမြို့မရဲစခန်းက ရဲတပ်သားတဦးဟာ လက်နက်ခဲယမ်းတွေယူလာပြီး မိသားစုလိုက် CDF Matupi တပ်ရင်း- ၂ ထံ အလင်းဝင်လာတာလို့ သိရပါတယ်။
မတူပီမြို့မရဲစခန်းက ရဲတပ်သား ကိုမိုးကန့်ဟာ G3 တလက်၊ ကျည်ဘောက် ၂ ခု၊ ကျည်အတောင့် တရာနဲ့အတူ အလင်းဝင်လာတာကြောင့် CDF Matupi တပ်ရင်း- ၂ က ကျပ်သိန်း ၆ဝ ချီးမြင့်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလင်းဝင်လာတဲ့ ကိုမိုးကန့်ဟာ ရဲလုပ်သက် ၇ နှစ်ရှိပြီး အသက် ၂၇ နှစ်အရွယ် အမျိုးသမီး၊ အသက် ၄ လသား အရွယ် ကလေးတဦးနဲ့အတူ အလင်းဝင်လာတာဖြစ်ပါတယ်။
အလားတူ မတူပီခရိုင် ရေဇွာမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးလည်း ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Zotung ထံ MA-1 သေနတ်တလက်၊ ကျည် ၃၈ဝ တောင့်၊ အီနာဂါဗုံးသီး ၅လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်းတလုံး၊ ကျည်ကာ ဦးထုပ်တလုံး၊ ကျည်ကာအင်္ကျီတထည်ယူဆောင်ပြီး အလင်းဝင်လာတယ်လို့ သိရပါတယ်။
လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဦးကို CDF-Zotung က ကျပ်သိန်း ၁ဝဝ ပေးအပ်ခဲ့ပြီး လုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာထားရှိတာကြောင့် ကျန်နေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ အမြန်ဆုံးအလင်းဝင်ကြဖို့ CDF-Zotung ကတိုက်တွန်းထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment