၂၀၂၃ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်တပ်က မြန်မာလူထုကြား တရုတ်ဆန့်ကျင်ရေးဇာတ်သွင်းနေမှုကို နိုင်ငံရေးသတိရှိရှိဖြင့် တုန့်ပြန်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း
📌 ၂။ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး
📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အိုဆာကာရှိ မြန်မာနိုင်ငံသားများ၊ မြန်မာအရေးကို ထောက်ခံတဲ့ ဂျပန်လူမျိုးများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ
📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
📌 ၅။ ဝက်လက်မြို့နယ် ရွှေပန်းကုံးရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်၊ စခန်းမှူးနှင့်ဒုရဲအုပ်အပါအဝင် ၁၆ ဦး ဖမ်းမိကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
📌 ၆။ ကလေးမြို့နယ်ရှိ ရန်ကြီးအောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက်မျိုးစံနှင့်ခဲယမ်းများအပြင် ကားနှင့်ဆိုင်ကယ်များ သိမ်းဆည်းရရှိ
📌 ၇။ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
📌 ၈။ ဂန့်ဂေါမြို့နယ်တွင် သံဃာ ၂ ပါးနဲ့ ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာ
📌 ၉။ မြန်မာစစ်ရှောင် ပြည်သူတွေအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို အရှေ့တောင်အာရှ လူငယ် ဂီတအနုပညာရှင်တွေ စုပေါင်းပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်တပ်က မြန်မာလူထုကြား တရုတ်ဆန့်ကျင်ရေးဇာတ်သွင်းနေမှုကို နိုင်ငံရေးသတိရှိရှိဖြင့် တုန့်ပြန်ကြရန် NUG ယာယီသမ္မတ တိုက်တွန်း
နိုဝင်ဘာလ ၂၈ ရက်။
အကြမ်းဖက်စစ်ကောင်စီက မြန်မာလူထုကြား တရုတ်ဆန့်ကျင်ရေးဇာတ်သွင်းနေမှုကို နိုင်ငံရေးသတိရှိရှိနဲ့ တုန့်ပြန်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
နိုဝင်ဘာလ ၂၈ က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးမှာ NUG ယာယီသမ္မတ က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ပြည်တွင်းမှာ လူမျိုးရေးသွေးခွဲပြီး ဘာသာရေးမှိုင်းတိုက်တာတွေကို လုပ်ဆောင်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေသလို အခုလည်း တရုတ်နဲ့ လူမျိုးရေးသွေးထိုးပြီး တရုတ်ဆန့်ကျင်ရေး ဖြစ်ပေါ်လာအောင် လုပ်ဆောင်နေတာထင်ရှားပါတယ်။ ဒါကို ကျွန်တော်တို့အားလုံး လူထုတစ်ရပ်လုံး ကျယ်ကျယ်ပြန့်ပြန့် သတိရှိဖို့ လိုပါတယ်လို့ ယာယီသမ္မတက ပြောပါတယ်။
စစ်ကောင်စီဟာ စစ်ရေးအရှုံးတွေနဲ့ တလှိုင်းပြီး တလှိုင်း အဖုံးဖိခံရပြီးနောက်ပိုင်း တရုတ်နဲ့ မြန်မာအကြား လူမျိုးရေး အမုန်းမီးပွားအောင် မှိုင်းတိုက်နေတာတွေကို တွေ့ရပါတယ်လို့ ၎င်းက ပြောပါတယ်။
စစ်အစိုးရအဆက်ဆက်ဟာ ပြည်မဒေသမှာလည်း ရိုးသားတဲ့ ဗမာတိုင်းရင်းသားလူထုကို ဗုဒ္ဓဘာသာကို အကြောင်းပြုပြီး သွေးထိုးလှုံ့ဆော်တာမျိုးတွေ ဟိုယခင်ကတည်းက လုပ်ဆောင်နေခဲ့ပါတယ်လို့လည်း ပြောပါတယ်။
နွေဦးတော်လှန်ရေးကာလတွင် ဗမာလူထုဟာ ဘာသာရေးနဲ့ သွေးထိုးလှုံ့ဆော်တာကို သိနားလည်ကြပြီဖြစ်လို့ စစ်ကောင်စီရဲ့ လုပ်ဇာတ်တွေ မအောင်မြင်ဘူးဆိုတာ ထင်ရှားပါတယ်လို့လည်း ဆက်လက် ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာ နွေဦးတော်လှန်ရေးတဆစ်ချိုး စစ်ရေးအောင်ပွဲအဆင့် တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပေမယ့် NUG အစိုးရနှင့် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေးအင်အားစုများကြား ဆက်လက်လုပ်ရမှာတွေရှိနေသေးကြောင်း၊ ထို့ကြောင့် ခုခံတော်လှန်စစ်အောင်ပွဲတွေကို စစ်ရေးထိုးစစ်အောင်ပွဲတွေအဖြစ် အသွင်ပြောင်းပြီး မိမိတို့ရဲ့ တော်လှန်ရေးကိုယ်ခံအားကို မြှင့်တင်ထားကြဖို့၊ ပန်းမဝင်ခင် တက်မထောင်ကြဖို့နဲ့ သိုဝှက်သင့်တဲ့ ကိစ္စတွေကို သိုသိုသိပ်သိပ် သတိရှိရှိလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားလိုက်ပါတယ်။
========================
📌📌 ၂။ NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ ဆွေးနွေး
နိုဝင်ဘာလ ၂၈ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ NUG ယာဘီသမ္မတ ဒူဝါလရှီးလနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်း (Igor Driesmans) တို့ Online မှတဆင့် ဆက်သွယ်ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေ အရပ်ရပ်၊ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ကိစ္စများ၊ EU ရဲ့ ကူညီပံ့ပိုးမှုများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။
ဆွေးနွေးမှုအပြီးတွင် မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် Igor Driesmans က “ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး ပြန်လည် တည်ဆောက်လိုသော ဆန္ဒရှိသည့် မြန်မာလူထုနှင့်အတူတကွ အခိုင်အမာ ရပ်တည်သွားမည်ဖြစ်ကြောင်း” X လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
နိုင်ငံတော် ယာဘီသမ္မတ ဒူဝါလရှီးလကလည်း သူ့ရဲ့ X လူမှုကွန်ယက် စာမျက်နှာပေါ်မှာ “မြန်မာလူထုနှင့် နွေဦးတော်လှန်ရေးအပေါ် အခိုင်အမာ အားပေးထောက်ခံသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အားလုံးပါဝင်မှုရှိသော ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး၊ တည်ငြိမ်မှု၊ တရားမျှတမှု နှင့် ရေရှည်ခိုင်မာသော ငြိမ်းချမ်းရေးတို့ကို လူမျိုးစု မဟာမိတ်များနှင့် အတူလက်တွဲ၍ ဖော်ဆောင် သွားရန် အဆင်သင့်ရှိနေပါကြောင်း” ရေးသားခဲ့ပါတယ်။
ယာယီသမ္မတကြီးနှင့် ဥရောပသမဂ္ဂ မြန်မာနိုင်ငံအထူးကိုယ်စားလှယ် အိုင်ဂေါ်ဒရစ်မန်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ (၉) ရက်နေ့ကလည်း တစ်နာရီခွဲခန့်အကြာ အွန်လိုင်းပလက်ဖောင်းမှ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
========================
📌📌 ၃။ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အိုဆာကာရှိ မြန်မာနိုင်ငံသားများ၊ မြန်မာအရေးကို ထောက်ခံတဲ့ ဂျပန်လူမျိုးများ နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ
နိုဝင်ဘာလ ၂၈ရက်။
အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ အိုဆာကာရှိ မြန်မာနိုင်ငံသားများ၊ မြန်မာအရေးကို ထောက်ခံတဲ့ ဂျပန်လူမျိုးများ ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့တယ်လို့ NUG ဂျပန်ကိုယ်စားလှယ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ တွေ့ဆုံမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကြောင်းအရာများ၊ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာတဲ့ သူများထံမှ မေးခွန်းများကို ဖြေကြားဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းအတွင်းက မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်
နိုဝင်ဘာလ ၂၈ရက်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၂၃/၂၀၂၃) ကို နိုဝင်ဘာလ ၂၈ ရက် နေ့လည် ၁ နာရီ အချိန်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
အစည်းအဝေးတွင် ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင် ပညာရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့် အမှာစကား ပြောကြားခဲ့ပါတယ်။
ထိုနောက် ဝန်ကြီးဌာနများမှ လုပ်ငန်းဆောင်ရွက်ချက်နှင့် ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွန်ချက်များ၊ လုပ်ငန်းဆောင်ရွက် -ချက်များ၊ မြေပြင်အခက်အခဲများနှင့် ပတ်သက်ပြီး သိရှိလိုတာများကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြား ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ ဦးဆောင်ကာ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အမြဲတမ်း အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၃ နာရီ ၃၀ မိနစ်တွင် ရပ်နားခဲ့ပါတယ်။
========================
📌📌 ၅။ ဝက်လက်မြို့နယ် ရွှေပန်းကုံးရဲစခန်းကိုတိုက်ခိုက်သိမ်းပိုက်၊ စခန်းမှူးနှင့်ဒုရဲအုပ်အပါအဝင် ၁၆ ဦး ဖမ်းမိကာ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိ
နိုဝင်ဘာလ ၂၈ရက်။
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စခန်းမှူးနဲ့ ဒုရဲအုပ်အပါအဝင် ၁၆ ဦး ဖမ်းမိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က ရွှေပန်းကုံးကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီး တရားဝင်သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ရွှေပန်းကုန်းကျေးရွာရဲစခန်းကို အမှတ်-၁ စစ်ဒေသ၊ အမှတ် ၂ ရွှေဘိုခရိုင်ကွပ်ကဲရေးရဲ့ ကွပ်ကဲမှုနဲ့ ရွှေဘိုခရိုင် အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၅ တပ်ရင်း၊ မန္တလေးခရိုင် အမှတ် ၄ တပ်ရင်းနဲ့ ဝက်လက်မြို့နယ် ပကဖ တို့က နံနက် ၂ နာရီ ၁၅ မိနစ်ကနေ ၃ နာရီ ၄ဝ မိနစ်အထိ အနီးကပ် ပစ်ခတ်တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး စခန်းမှူး နေအောင်ကျာ်နဲ့ ဒုရဲအုပ်အဆင့်ရှိသူ ၂ဦး အပါအဝင် ၁၆ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ထံကနေ လက်နက်မျိုးစုံ ၂၈ လက်၊ ကျည်မျိုးစုံ ၆၄ဝဝ ကျော်၊ ဗုံးမျိုးစုံ ၃၂ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ ကျည်ဘောက် ၃၈ ခုနှင့် ဆက်စပ်ပစ္စည်းများ၊ ဖုန်းမျိုးစုံ ၁၂ လုံး၊ ငွေသားကျပ် ၉သိန်းကျော်နဲ့ ဆိုင်ကယ် ၉ စီး သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။
အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တဦး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ရပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ ကလေးမြို့နယ်ရှိ ရန်ကြီးအောင်စခန်းကို တိုက်ခိုက်သိမ်းပိုက်၊ လက်နက်မျိုးစံနှင့်ခဲယမ်းများအပြင် ကားနှင့်ဆိုင်ကယ်များ သိမ်းဆည်းရရှိ
နိုဝင်ဘာလ ၂၈ ရက်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်ကြီးအောင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ခိုက်သိမးပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်း ရိက္ခာတွေအပါအဝင် ကားနဲ့ဆိုင်ကယ်တွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ရန်ကြီးအောင်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နိုဝင်ဘာလ ၂၁ ရက်နေ ၂၃ ရက်နေ့အထိ တိုက်ခိုက်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ၁၆ ဦးသေဆုံးပြီး ၁၇ဦး အရှင် ဖမ်းမိခဲ့တယ်လို့လည်း NUG ကာကွယ်ရေး ဝန်ကြီးဌာနက အသိပေးထားပါတယ်။
ရန်ကြီးအောင်စခန်းကို အမှတ်-၁ စစ်ဒေသ၊ ကလေးခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုနဲ့ ကလေးခရိုင် အမှတ် ၂ တပ်ရင်း ၊ အမှတ် ၄ တပ်ရင်း၊ အမှတ် ၅တပ်ရင်း၊ အမှတ် ၆ တပ်ရင်း၊ မြို့နယ် ပ.က.ဖ၊ ခရိုင်ဒရုန်းအဖွဲ့၊ SR-4၊ KKG၊ CNDF၊ RKDF စတဲ့ တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ထံကနေ လက်နက်မျိုးစုံ ၃၄ လက်၊ RPG တလက်နဲ့ ၈၁ မမ မော်တာတလက်၊ ကျည်မျိုးစုံ တသောင်း၄ထောင်ကျော်၊ ကျည်ဘောက် ၇၅ ခု၊ ရှေ့ထွက်မိုင်းများ၊ နင်းမိုင်းများ၊ လက်ပစ်ဗုံးနဲ့ အီနာဂါဗုံးသီးတွေ အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လက်နက်ခဲယမ်းတွေအပြင် ဆန် တင်း ၈ဝ၊ ရီတ်ချွေစက် တလုံး၊ ကား ၃ စီးနဲ့ဆိုင်ကယ် ၂ စီး ၊ ရွှေ တကျပ်ခွဲသားနဲ့ ဆေးပစ္စည်း ၃ ဖာ၊ မြက်ရိတ်စက်နဲ့ မော်တာ ၂ လုံးအပါအဝင် အခြားဆက်စပ်ပစ္စည်းတွေလည်း သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။
ရန်ကြီးအောင်စခန်းသိမ်းတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးဘက်က ရဲဘော်တဦး ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၇။ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာလ ၂၉ ရက်။
စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်မှာရှိတဲ့ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းမှာ ထုတ်ပြန် ပါတယ်။
ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက် ၆ နာရီကနေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာလ ၂၂ ရက်ညနေ ၆ နာရီမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားပါတယ်။
ရွှေပြည်အေးမြို့ဆိုတာဟာ စစ်အစိုးရလက်ထက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်က စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်သာအေးလက်ထက်မှာ တည်ထောင်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းတုန်းကလည်း ရွှေပြည်အေးမြို့က စစ်ကောင်စီ စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပေမယ့် အကြမ်းဖက်စစ်တပ်ဘက်က လေကြောင်းပစ်ကူရယူပြီး အင်အားအလုံး အရင်းနဲ့ တန်ပြန်တိုက်ခိုက်လာာတာကြောင့် စခန်းတွေကနေ ပြန်လည်ဆုတ်ခွာပေးခဲ့ရဖူးပါတယ်။
========================
📌📌 ၈။ ဂန့်ဂေါမြို့နယ်တွင် သံဃာ ၂ ပါးနဲ့ ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး စစ်ကောင်စီ တပ်သားတွေ စခန်းစွန့်ခွာ
နိုဝင်ဘာ ၂၈ရက်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန်ရွာရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သံဃာ ၂ ပါးနဲ့ ပြည်သူတချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုပြီး နိုဝင်ဘာလ ၂၇ ရက်နေ့က စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
အင်အား ၃၀ ခန့်ရှိ ကန်ရွာရဲစခန်းက စစ်အုပ်စုကို ဂန့်ဂေါ ခလရ ၅၀ စစ်ကြောင်းက လာရောက် ခေါ်ဆောင်သွားတာဖြစ်ပြီး ဆုတ်ခွာရာ လမ်းတစ်လျောက် သံဃာ ၂ ပါးနဲ့ ပြည်သူတချို့ကို ရှေ့နောက် ညှပ်ကာ ခေါ်ဆောင်သွားပြီး မြစ်သာမြစ် ကူးပြီးမှ ပြန်လွတ်ပေးခဲ့တယ်လို့ ဂန့်ဂေါခရိုင်အမှတ် ၁၂ တပ်ရင်း People's Defense Force- Gangaw ထံက သိရပါတယ်။
စစ်ကောင်စီတပ် ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာမှာ ဆုတ်ခွာသွားတဲ့ စစ်ကြောင်းက စွန့်ပစ်ခဲ့တဲ့ လမ်းမလျှောက်နိုင်တဲ့ ဒဏ်ရာရ ရဲတပ်ကြပ် တစ်ဦးကို လက်နက်မဲ့ ဖမ်းဆီးရမိခဲ့ပါတယ်။
ထို့အပြင် စစ်အုပ်စု စွန့်ခွာသွားတဲ့ ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့တွေက ဝင်ရောက်မီးရှို့ ဖျက်စီးနိုင်ခဲ့သလို ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလဆန်းပိုင်းကလည်း ဂန့်ဂေါမြို့နယ် တောင်ခင်ရန်းရဲစခန်းက စစ်အုပ်စု စခန်းစွန့်ခွာ ထွက်ပြေးသွားလို့ တောင်ခင်ရန်းရဲစခန်းကို PDF တွေဘက်က နယ်မြေရှင်လင်းရေး လုပ်ဆောင်ခဲ့ ပါသေးတယ်။
========================
📌📌 ၉။ မြန်မာစစ်ရှောင် ပြည်သူတွေအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို အရှေ့တောင်အာရှ လူငယ် ဂီတအနုပညာရှင်တွေ စုပေါင်းပြုလုပ်
နိုဝင်ဘာလ ၂၈ရက်၊
မြန်မာနိုင်က စစ်ဘေးရှောင် ပြည်သူတွေအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး ဂီတဖျော်ဖြေပွဲ တစ်ခုကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အရှေ့တောင်အာရှ လူငယ် ဂီတအနုပညာရှင်တွေ စုစည်းပြီး ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြတဲ့ အဆိုပါ MOB Party ဂီတဖျော်ဖြေပွဲမှာ ထိုင်း၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က လူငယ် အနုပညာရှင် တွေအပြင် မြန်မာလူငယ် ဟစ်ဟော့ပ် အဆိုရှင်တွေပါ ပါဝင်ဖျော်ဖြေ ခဲ့ပါတယ်။
MOB Party ကို ချင်းမိုင်မြို့ကို ရောက်ရှိနေတဲ့ နိုင်ငံတကာ ဂီတဝါသနာရှင်တွေ အပါအဝင် မြန်မာလူငယ်တွေလည်း ပါဝင်ဆင်နွဲခဲ့ကြတယ်လို့ သိရပြီး ဒီပွဲက ရလာတဲ့ အကျိုးအမြတ် အားလုံးကို မြန်မာနိုင်ငံက စစ်ဘေးရှောင်တွေအတွက် လှူဒါန်းသွားမယ်လို့ ပွဲစီစဉ်သူ တစ်ဦးဖြစ်တဲ့ NOEY က ပြောပါတယ်။
MOB Party မှာ ချင်းမိုင်ရောက် မြန်မာလူငယ် ဟစ်ဟော့ပ်အဆိုရှင် ဖြစ်တဲ့ TG လည်းပါဝင် ဖျော်ဖြေခဲ့ပြီး လက်ရှိ ဖြစ်ပျက်နေတဲ့ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာသားတွေ၊ ဟစ်ဟော့ပ် ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ စာသားတွေနဲ့ ဖျော်ဖြေပွဲမှာ သီဆိုခဲ့တယ်လို့ သိရပါတယ်။
MOB Party ဂီတဖျော်ဖြေပွဲတွေကို လာမယ့်နှစ်ထဲမှာလဲ အလားတူ ကျင်းပသွားဖို့ ရှိတယ်လို့ ပွဲစီစဉ်သူတွေ ဆီကနေ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment