၂၀၂၃ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များအား Public Financial Management Training ဖွင့်လှစ်ပို့ချ
📌 ၂။ တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲနေကြောင်း KNU အတည်ပြု
📌 ၃။ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်ဖြင့် အရပ်သား ၆ ဦး ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းနှင့်အိမ်များပျက်စီး
📌 ၄။ လားရှိုးမြို့နယ်အတွင်း စစ်တပ်က ပေါင် ၅ဝဝ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ဦးသေဆုံးကာ အိမ် ၉ လုံး ပျက်စီး
📌 ၅။ ရွှေကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ KPDF တို့ မိနစ် ၄ဝ အတွင်း သိမ်းပိုက်နိုင်ခဲ့
📌 ၆။ တောင်ငူလေတပ်စခန်းကို ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်
📌 ၇။ ထန်တလန်မြို့နယ်မှာ ကိုယ်ပိုင်ကွန်ယက်ဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးတွေကို အင်တာနက်ပံ့ပိုး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကိုင်းတိုင်းရှိ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်များအား Public Financial Management Training ဖွင့်လှစ်ပို့ချ
ဒီဇင်ဘာလ ၃ရက်။
ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး စစ်ကိုင်းတိုင်းရှိ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ဝင်များအား Public Financial Management Training (၃/၂၀၂၃) ကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၃ ရက်နေ့ နေ့လယ် ၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့တဲ့ အဆိုပါသင်တန်းတွင် သင်တန်းဆရာ၊ ဆရာမများမှ ပြည်သူ့ဘဏ္ဍာရေး၊ ငွေစုဆောင်းရေးနဲ့ စီမံခန့်ခွဲရေး ကိစ္စရပ်များအပေါ် သင်ကြားပို့ချခဲ့ပါတယ်။
ထိုနောက် တက်ရောက်လာတဲ့ စစ်ကိုင်းတိုင်း၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များမှ သိရှိလိုတဲ့အချက်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ပြန်လည်ဖြေကြားခဲ့ပြီး နေ့လည် ၃ နာရီ အချိန်မှာ သင်တန်းကို ရပ်နားခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၂။ တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်တွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲနေကြောင်း KNU အတည်ပြု
ဒီဇင်ဘာလ ၃ရက်။
ကရင်အမျိုးသားအစည်းအရုံး - KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၉၉နဲ့ မုန်းမြို့မရဲစခန်းကို KNLA ပူးပေါင်းတပ်များ ဒီဇင်ဘာလ ၂ ရက်နေ့က စတင်တိုက်ခိုက်နေတယ်လို့ KNU ဗဟိုက အတည်ပြုပြောကြားခဲ့ပါတယ်။
အဆိုပါ စခန်းနှစ်ခုကို သိမ်းပိုက်လိုက်ပြီလို့ သတင်းများ တွက်ပေါ်နေပေမယ့် ညောင်လေးပင် ခရိုင်ဘက်မှ သတင်းမရရှိသေး၍ အတည်မပြုနိုင်သေးဘူးလို့ KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက ပြောကြောင်း Karen Information Center - KIC က ဖော်ပြထားပါတယ်။
ဒေသခံများရဲ့ ပြောကြားချက်အရ ဒီဇင်ဘာလ ၂ ရက်နေ့ညက တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကာ ခမရ - ၅၉၉ တပ်ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထားပြီး မြို့မရဲစခန်းကို သိမ်းပိုက်နိုင်ခြင်း ရှိမရှိ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
KNU တပ်မဟာ ၃ နယ်မြေဟာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုများ အများဆုံး ခံနေရတဲ့ ဒေသတစ်ခု ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း အရပ်သားများ နေထိုင်ရာ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ တစ်ကြော့ပြန် လုပ်ဆောင်လာနေချိန်မှာ ပူးပေါင်းတပ်များက ယခုလို စခန်းသိမ်းတိုက်ပွဲများ ဖော်ဆောင်လာတာ ဖြစ်ပါတယ်။
ယခုနှစ် ဇွန်လပိုင်းကလည်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းဒေသရှိ စစ်ကောင်စီ တပ်စခန်းများကို KNLA ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်ရှိအချိန်မှာ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေတာတွေ ရှိပါတယ်။
========================
📌📌 ၃။ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးများဖြင့်တိုက်ခိုက်ဖြင့် အရပ်သား ၆ ဦး ဒဏ်ရာရခဲ့ပြီး စာသင်ကျောင်းနှင့်အိမ်များပျက်စီး
ဒီဇင်ဘာလ ၃ရက်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရှိခဲ့ပြီး စာသင်ကျောင်းနဲ့ အိမ်တွေ ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၈ နာရီအချိန်က တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်အတွင်းမှာရှိတဲ့ ဆိတ်ဖူးခင် ကျေးရွာက အသက် ၁၄ နှစ်အရွယ်ကလေးတစ်ဦး စစ်တပ်ကထောင်ထားတဲ့ မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နေ့လည် ၁ နာရီဝန်းကျင်အချိန်မှာလည်း ဘန်လောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းပျက်စီးပြီး ရွာသာတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ည ၇ နာရီဝန်းကျင်အချိန်မှာလည်း အကြမ်းဖက်စစ်ကောင်စီရဲ့ ခလရ ၃ဝ၇ တပ်ကနေ ၁၂ဝ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ဖြူးမြို့နယ် ရွာသစ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅ဝ ကျော်အရွယ် အမျိုးသား ၂ဦး ဒဏ်ရာရခဲ့ပြီး အိမ်တစ်လုံးပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ထို့အတူ နိုဝင်ဘာလ ၃ဝ ရက်နေ့တုန်းကလည်း မုန်းမြို့နယ်အတွင်းမှာရှိတဲ့ ရေတွင်းကုန်းကျေးရွာကို လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့တာကြောင့် အိမ် ၂ လုံးပျက်စီးခဲ့ပြီး ခမရ ၅၉၉ တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လက်ပန်တန်းကျေးရွာက ဒေသခံ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ လားရှိုးမြို့နယ်အတွင်း စစ်တပ်က ပေါင် ၅ဝဝ ဗုံးတွေကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ဦးသေဆုံးကာ အိမ် ၉ လုံး ပျက်စီး
ဒီဇင်ဘာလ ၃ရက်။
တအာင်းပြည်နယ် တပ်မဟာ-၆ ဒေသ လားရှိုးမြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က ပေါင် ၅ဝဝ ဗုံး ၄ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ၂ ဦးသေဆုံးပြီး အိမ် ၉ လုံး ပျက်စီးခဲ့တယ်လို့ TNLA သတင်းနှင့် ပြန်ကြားရေးက ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လားရှိုးမြို့နယ် ပန်းသပြေအုပ်စု လုံတွေကျေးရွာကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ ၂ ရက်နေ့ ည ၉ နာရီ ဝန်းကျင် အချိန်မှာ ပေါင် ၅ဝဝ ဗုံးသီး ၄ လုံးကြဲချခဲ့တာလို့သိရပါတယ်။
အရပ်သားပြည်သူတွေကို ဦးတည်ပြီး တိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက် လုံတွေကျေးရွာက ဒေသခံအမျိုးသမီး ၂ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သလို အိမ် ၉ လုံး ဗုံးစထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာလ ၁ ရက်နေ့ည ၉ နာရီခွဲအချိန်မှာလည်း ဂျက်တိုက်လေယာဉ်အသုံးပြုပြီး နမ့်ခမ်းမြို့နယ် နောင်စန့်ရပ်ကွက်အတွင်းကို Cluster Bomb ဗုံးတွေနဲ့ လာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် တစ်ဦးသေဆုံးပြီး ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့လို အိမ် ၁၂ လုံးကျော်ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်နေတဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သား ပြည်သူတွေအပေါ် ပေါင် ၅ဝဝ ဗုံးအပြင် Cluster Bomb အမျိုးအစားကဲ့သို့သော လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတယ်လို့ TNLA သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ ရွှေကူမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ KPDF တို့ မိနစ် ၄ဝ အတွင်း သိမ်းပိုက်နိုင်ခဲ့
ဒီဇင်ဘာလ ၃ ရက်။
ကချင်ပြည်နယ် ရွှေကူမြို့နယ်က ရွှေငြိမ်းချက်ကျေးရွာအနီးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကို KIA နဲ့ KPDF တို့က မိနစ် ၄ဝ အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး သေနတ် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ မြို့လှ K-PDF က ဒီဇင်ဘာလ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KIA တပ်မဟာ-၈ လက်အောက်ခံ အမှတ် ၅ တပ်ရင်း၊ မြို့လှ K-PDF နဲ့ ဟိုပင် K-PDF တို့ပူးပေါင်းပြီး တပ်မ ၈၈ လက်အောက်ခံ ခလရ-၁ဝ တပ် အထိုင်ချနေတဲ့စခန်းကို ဒီဇင်ဘာလ ၁ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာနဲ့ပတ်သက်လို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
အဆိုပါစစ်ကောင်စီစခန်းကို နံနက် ၆ နာရီ ၅၇ မိနစ်မှာ စတင်တိုက်ခိုက်ခဲ့ရာ ၇ နာရီ ၃၆ မိနစ်မှာ အပြီးသတ်ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ကာ နံနက် ၈ နာရီ ၅ဝ မိနစ်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ ၄ စင်း လာရောက်ပစ်ကူပေးခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေ ထွက်ပြေးသွားကြတယ်လို့သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲကတော့ နာရီဝက်လောက်ပဲကြာလိုက်ပါတယ်။ မြို့လှK-PDF တပ်ရင်းဘက်က ပြည်သူ့ရဲဘော် ၃ဦး ဒဏ်ရာရတယ်။ မစိုးရိမ်ရအခြေနေလောက်ပါပဲလို့ မြို့လှ K-PDF က အသိပေးထားပါတယ်။
စခန်းကိုမီးရှို့ဖျက်ဆီးခဲ့ပြီး သေနက် ၈ လက်နဲ့ ခဲယမ်းတွေအပါအဝင် ရိက္ခာတွေလဲ အများအပြားသိမ်းဆည်းရရှိခဲ့တယ် လို့ သိရပါတယ်။
ဒီအကြမ်းဖက်စစ်ကောင်စီအဖွဲ့ကို ခလရ-၁၀ က ဗိုလ်မှူး ကိုကိုနိုင်ဦးစီးပြီး အင်အား ၃၀ ခန့်နဲ့ တပ်စွဲနေတာ တနှစ်ဝန်းကျင်ရှိနေပြီဖြစ်ကာ KIA အမှတ် -၅ တပ်ရင်း ဂါခင်ဘွန့်ခရိုင်အတွင်းမှာ အနှောက်အယှက်ဖြစ်နေတဲ့အတွက် စခန်းသိမ်းလိုက်ခြင်းဖြစ်ပါတယ်လို့ မြို့လှ K-PDF က ပြောပါတယ်။
ရွှေကူမြို့နယ်မှာ ယခုစခန်းအပါအဝင် စစ်ကောင်စီစခန်း ၃ ခုကို သိမ်းယူထားနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။
ပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်တဲ့ ခမရ-၃၈၇ တပ်အခြေစိုက်ရာ ပန်းခွန်ရံစခန်းကို ၃၂ ရက်ကြာတိုက်ခိုက်ခဲ့ပြီးမှာ သိမ်းပိုက်နိုင်ခဲ့ပြီး ခလရ -၇၇ တပ်စွဲထားရာ ကျောက်ကြီးရွာစခန်းကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ကျန်ရှိနေတဲ့ စစ်ကောင်စီစခန်းတွေကိုလည်း ထပ်မံသိမ်းပိုက်နိုင်ဖို့ အစီအစဉ်တွေရှိနေသေးတယ်လို့ မြို့လှ K-PDF က အသိပေးထုတ်ပြန်ထားပါတယ်။
========================
📌📌 ၆။ တောင်ငူလေတပ်စခန်းကို ဗုံးသီးနှစ်လုံး ကြဲချတိုက်ခိုက်
ဒီဇင်ဘာလ ၃ရက်။
ပဲခူးတိုင်း၊ တောင်ငူမြို့ အခြေစိုက် စစ်ကောင်စီရဲ့ လေတပ်စခန်းကို မောင်းသူမဲ့ ယာဥ်ငယ် အသုံးပြုကာ ဗုံးသီးနှစ်လုံး ကျဲချတိုက်ခိုက်ခဲ့တယ်လို့ ကျားသံလုံး စစ်ကြောင်း - သံတောင်မြောက်ပိုင်း အထူးဒေသမှ အသိပေးထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁ ရက် မနက် ၁၁ နာရီခန့်တွင် KNUတပ်မဟာ (၂)၊ သံတောင်မြောက်ပိုင်း အထူးဒေသ တပ်ရင်း၊ ကျားသံလုံး စစ်ကြောင်းနဲ့ ရှားထူးဝေါ Drone တပ်ဖွဲ့ Lethal Prop တို့ ပူးပေါင်းပြီး အဆိုပါ အထူးစစ်ဆင်ရေးကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
တောင်ငူလေတပ် လေယာဉ်ကွင်း အတွင်းရှိ လေယာဉ်များ ထားရှိသောရုံ Aircraft Hanger များရှိသော နေရာကို ဗုံးသီးနှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ပြီး ဗုံးသီးတစ်လုံးမှာ Aircraft Hanger အနီး လမ်းပေါ်ကို ကျခဲ့ကြောင်း ထုတ်ပြန်ထားတဲ့ ဗီဒီယိုမှတ်တမ်းအရ တွေ့ရပါတယ်။
တောင်ငူမြို့နယ်တွင် တော်လှန်ရေး အင်အားစုများက ခုခံစစ်မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီ တပ်စွဲထားတဲ့ မိုင်ဒါကွင်းမြောက်ဘက်၊ မင်းကြီးညိုလမ်း အရှေ့ဘက်ရှိ ခပေါင်းခန်းမကို မြို့ပြအထူးပြောက်ကျားတပ်ဖွဲ့က ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်က အနီးကပ် မိုင်းဆွဲတိုက်ခိုက် ခဲ့ပါသေးတယ်။
========================
📌📌 ၇။ ထန်တလန်မြို့နယ်မှာ ကိုယ်ပိုင်ကွန်ယက်ဖြင့် ပြည်သူ့အုပ်ချုပ်ရေးရုံးတွေကို အင်တာနက်ပံ့ပိုး
ဒီဇင်ဘာလ ၃ရက်။
ချင်းပြည်နယ် ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်မှာရှိတဲ့ နည်းပညာအထောက်အကူပြုဌာနက ပြည်သူ့အုပ်ချုပ်ရေးယန္တယားအသီးသီးကို အင်တာနက်ကွန်ယက် ပံ့ပိုးပေးနိုင်ပြီလို့ Team ZNET က ဒီဇင်ဘာလ ၂ ရက်က ထုတ်ပြန်လိုက်ပါတယ်။
ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်မှာရှိတဲ့ နည်းပညာအထောက်အကူပြုဌာန Team ZNET က အင်တာနက်ဆက်သွယ်ရေးစနစ်အသစ်ကို တနှစ်နဲ့ ၄ လကြာ အချိန်ယူဆောင်ရွက်ခဲ့ရတယ်လို့ သိရပါတယ်။
ချင်းပြည်နယ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ ရလဒ်ကောင်းများရရှိနေပေမယ့် လာမယ့် ၃-၄ နှစ်အတွင်း ပြည်တွင်း ဖုန်းလိုင်းနဲ့ အင်တာနက်ဆက်သွယ်ရေးများပြန်လည်ပြုပြင်နိုင်ရေး ကြိုတင်အာမခံဖို့ ခက်ခဲတဲ့အတွက် ကြားကာလ ဆက်သွယ်ရေးအတွက် ဦးစားပေးဆောင်ရွက်နေတာလို့လည်း Team ZNET က အသိပေးထားပါတယ်။
ZNET အင်တာနက်ကွန်ယက်ဟာ ကြိုးမဲ့အင်တာနက်စနစ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးရုံး၊ ပြည်သူ့ရဲစခန်းနဲ့ ပြည်သူ့ကျန်းမာရေးဌာနတွေကို အင်တာနက်ပံ့ပိုးပေးထားနိုင်ပြီလို့ သိရပါတယ်။
တော်လှန်ရေးအတွက် မရှိမဖြစ်လိုအပ်နေတာရယ် အုပ်ချုပ်မှုယန္တယားများအတွက် လုံခြုံစိတ်ချရတဲ့ အင်တာနက် ကွန်ယက် အလွန်လိုအပ်နေတယ်လို့လည်း Team ZNET က ပြောပါတယ်။
Team ZNET အနေနဲ့ လာမယ့် ၂ဝ၂၄ ခုနှစ်ထဲမှာ ထန်တလန်မြို့နယ်မှာ အင်တာနက် ၅ဝ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထန်တလန်မြို့နယ်ဟာ နွေဦးတော်လှန်ရေးကာလအတွင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခြင်းခံရတဲ့ ပထမဆုံး မြို့ဖြစ်ပြီး မြို့နယ်အတွင်းက ဒေသခံပြည်သူတွေ အင်တာနက်ကွန်ယက်နဲ့ကင်းကွာနေတာ ၂ နှစ်ကျော် ကြာမြင့်နေပြီ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်ကိုခန့် နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment