28th JAN 2024 - Evening Daily News by Radio NUG


၂၀၂၄ ဇန်နဝါရီလ ၂၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဥရောပတခွင် ဆိုရှယ်လစ်အကြမ်းဖက်မှုဖြင့် အသတ်ခံခဲ့ရသူများအတွက် Berlinရှိ အောက်မေ့ဖွယ်နေရာသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသွားရောက်

📌 ၂။ NUG ကိုလည်း မကူညီ၊ မိမိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ကိုလည်း မထောက်ပံ့ရင် တော်လှန်ရေးခရီးနှောင့်နှေးနိုင်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် သုံးသပ်

📌 ၃။ ဂန္ထဝင်အနုပညာရှင် ဒေါ်မာမာအေး စျာပနအခမ်းအနားသို့  သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော် တက်ရောက်

📌 ၄။ အခကြေးငွေကောက်ခံသောကျောင်းများကို အသိအမှတ်မပြုဟု NUG ပညာရေးဝန်ကြီးဌာန အသိပေး

📌 ၅။ ကိုရီးယားနိူင်ငံ ဆိုးလ်မြို့ရှိ စကစရဲ့မြန်မာသံရုံးရှေ့တွင် မြန်မာအင်အားစုများဆန္ဒထုတ်ဖော်


၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လွိုင်ကော်၊ ဒီးမော့ဆို၊ရှားတော၊ဘော်လခဲ မိုးဗြဲနှင့် ဖယ်ခုံရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားဟု KNDF ထုတ်ပြန်

🚩 ၂။ ကရင်နီပြည်အတွင်း အဖိုးတန်သတ္တုများထွက်ရှိရာ မော်ချီးမြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

🚩 ၃။ ဆီဆိုင်မြို့တွင် တိုက်ပွဲမရှိဘဲ စစ်တပ်နှင့် PNO ပြည်သူစစ်တို့၏ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ များပျက်စီး

🚩 ၄။ မုံရွာ နမခ မှ တောပုရွာသို့ အင်အားလာဖြည့်သော စစ်ကောင်စီကား စီးကို မိုင်းဆွဲတိုက်ခိုက်

🚩 ၅။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ပြည်သူတရပ်လုံးအပေါ်ထားသည့်သဘောထား မပြောင်းလဲဟု ညီနောင် ဖွဲ့ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဥရောပတခွင် ဆိုရှယ်လစ်အကြမ်းဖက်မှုဖြင့် အသတ်ခံခဲ့ရသူများအတွက် Berlinရှိ အောက်မေ့ဖွယ်နေရာသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသွားရောက်


ဇန်နဝါရီ၂၈ရက်


ဥရောပတခွင် ဆိုရှယ်လစ်အကြမ်းဖက်မှုဖြင့် အသတ်ခံခဲ့ရသူများအတွက် Berlinရှိ အောက်မေ့ဖွယ်နေရာသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးသွားရောက်ခဲ့ကြောင်းကို ဇန်နဝါရီလနောက်ဆုံးပတ်မှာ ဝန်ကြီးကအသိပေးဆိုထားပါတယ်။


"1933-1945 ခုနှစ် ဥရောပတခွင် ဆိုရှယ်လစ်အကြမ်းဖက်မှုဖြင့် အသတ်ခံခဲ့ရသူများအတွက် Berlinရှိ အောက်မေ့ဖွယ်နေရာ။ ကျွန်တော်တို့ဟာ လူမျိုးရေးခွဲခြားသော အယူဝါဒများ၊ လူမျိုးတုံးသတ်ဖြတ်မှု၊ ကျူးလွန်သူများနှင့် အာဏာရှင်စနစ်ဟူသမျှကို စည်းလုံးညီညွတ်စွာ ဆန့်ကျင်၍ ရပ်တည်ပါတယ်။မြန်မာပြည်မှာဘယ်တော့မှထပ်မဖြစ်စေရ"လို့ဖော်ပြထားပါတယ်။


ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဟာ ဂျာမဏီနိူင်ငံသို့အလုပ်သဘောခရီးစဥ်အဖြစ်ရောက်ရှိခဲ့ပါတယ်။


========================


📌📌 ၂။ NUG ကိုလည်း မကူညီ၊ မိမိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ကိုလည်း မထောက်ပံ့ရင် တော်လှန်ရေးခရီးနှောင့်နှေးနိုင်တယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင် သုံးသပ်


ဇန်နဝါရီ၂၈ရက်


NUG ကိုလည်း မကူညီ၊ မိမိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ကိုလည်း မထောက်ပံ့ရင် တော်လှန်ရေးခရီးနှောင့်နှေးနိုင်တယ်လို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က ဇန်နဝါရီနောက်ဆုံးပတ်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် သုံးသပ်ပြောကြားထားပါတယ်။


"အပြန်အလှန် အကျိုးပြုခြင်း၊အပြန်အလှန် လေးစားပြီး မျှဝေခြင်း။ဒါတွေ က ပန်းတိုင်ရောက်စေတဲ့ နည်းနာတွေပါ။ တဖက် မှာ NUG ကိုလည်း မကူညီ၊ မိမိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ကိုလည်း မထောက်ပံ့ရင် ခရီးနှောင့်နှေးနိုင်ပါတယ်။လက်တွေ့ ထိရောက်တဲ့ အရွေ့ ကနေ ဖက်ဒရယ် လမ်းစဉ်ဖော်ကြဖို့ပါ"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်တွင်း၊ ပြည်ပရောက် မြန်မာပြည်သူလူထုဟာ နွေဦးတော်လှန်ရေးအတွက် ငွေအား၊လူအားနှင့်ပါဝင်ကူညီဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၃။ ဂန္ထဝင်အနုပညာရှင် ဒေါ်မာမာအေး စျာပနအခမ်းအနားသို့  သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော် တက်ရောက်


နိုင်ငံကျော် ဂန္ထဝင်အနုပညာရှင် ဒေါ်မာမာအေး၏ စျာပနအခမ်းအနားကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးကျော်ဇော် တက်ရောက်ခဲ့ပါတယ်။

အဆိုပါနာရေးအခမ်းအနားမှာ ဦးကျော်ဇော်က ကွယ်လွန်သူ ဒေါ်မာမာအေးအတွက် ချီးကျူးဂုဏ်ပြု အမှတ်တရစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အသက် ၈၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နိုင်ငံကျော် တေးသံရှင် ဒေါ်မာမာအေးဟာ ဇန်နဝါရီလ ရက်နေ့မှာ ဖို့တ်ဝိန်းမြို့နေအိမ်၌ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၂၇ ရက် စနေနေ့မှာ ကြွင်းကျန်ရစ်သောရုပ်ကလပ်ကို မီးသင်္ဂြိလ်ခဲ့တယ်လို့လည်း သိရပါတယ်။ 

အသက် ၈၂ နှစ်အရွယ် ဒေါ်မာမာအေးရဲ့ နာရေးအစီအစဉ်ကို ဇန်နဝါရီလ ၂၇ ရက်နေ့ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၂၈ ရက်) က အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့တ်ဝိန်းမြို့မှာကျင်းပခဲ့ရာမှာ အမေရိကန်ရောက် မြန်မာနိုင်ငံသား အများအပြား လိုက်ပါပိုဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၄။ အခကြေးငွေကောက်ခံသောကျောင်းများကို အသိအမှတ်မပြုဟု NUG ပညာရေးဝန်ကြီးဌာန အသိပေး


အခကြေးငွေသတ်မှတ်ကောက်ခံပြီး အကျိုးအမြတ်ရယူဆောင်ရွက်နေတဲ့ အခြေခံပညာကျောင်းများကို အသိအမှတ်ပြုထားတာမရှိဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။ 


အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ကြားကာလ အခြေခံပညာပြည်သူ့ပညာရေး ကျောင်းများအဖြစ် အသိအမှတ်ပြုခြင်းဆိုင်ရာသဘောထားကို ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန် ထားတာဖြစ်ပါတယ်။ 

စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်နေချိန်ဖြစ်တဲ့အတွက် ပညာသင်ယူခွင့်ဆုံးရှုံးနေတဲ့ CDM ကျောင်းသား ကျောင်းသူတွေအတွက် ကြားကာလပညာသင်ယူခြင်းလုပ်ငန်းကိုဆောင်ရွက်ရာမှာ ပြည်သူများ၊ ကျောင်းသား မိဘများ ထည့်ဝင်လှူဒါန်းငွေနဲ့ လည်ပတ်နေတဲ့ အခမဲ့ပညာရေးစနစ်ဖြစ်တယ်လို့ ဆိုပါတယ်။


ဒါ့ကြောင့် အခမဲ့ပညာရေးစနစ်ဖြစ် ဆောင်ရွက်နေတဲ့ ကျောင်းတွေနဲ့သာ လက်တွဲဆောင်ရွက်နေတယ်လို့လည်း အသိပေးထားပါတယ်။ 

NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ပညာရေးကျောင်းအသိအမှတ်ပြု မူဝါဒ ၁၁ ချက်နဲ့ ကိုက်ညီပြီး Information and Technology Security Guidelind ကို လိုက်နာဆောင်ရွက်ပါမယ်လို့ ဝန်ခံကတိပြုထားတဲ့ ကြားကာလ အခြေခံပညာပြည်သူ့ပညာရေးကျောင်းတွေကို အသိအမှတ်ပြုလက်မှတ်ထုတ်ပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ NUG ပညာရေးဝန်ကြီးဌာန အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးအွန်လိုင်းကျောင်းတွေစာရင်းကိုလည်း ထုတ်ပြန်ပေးထားပါတယ်။


========================


📌📌 ၅။ ကိုရီးယားနိူင်ငံ ဆိုးလ်မြို့ရှိ စကစရဲ့မြန်မာသံရုံးရှေ့တွင် မြန်မာအင်အားစုများဆန္ဒထုတ်ဖော်


ဇန်နဝါရီ၂၈ရက်


ဇန်နဝါရီ၂၈ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှုကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား)ကဦးဆောင်ကာ ကိုရီးယားနိူင်ငံ ဆိုးလ်မြို့ရှိ စကစရဲ့မြန်မာသံရုံးရှေ့တွင် မြန်မာအင်အားစုများဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။


အကြမ်းဖက်စစ်တပ် အမြစ်ဖြတ်ရေးနှင့် သွေးစွန်းငွေ အခွန်ဆက်ကြေး မပေးရေး ဆန္ဒပြပွဲကို မြန်မာအင်အားစုများတက်ရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဗီနိူင်း၊ပိုစတာများနဲ့လည်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။


ထို့နောက်တဆက်စပ်တည်း သတင်းစာရှင်းလင်းပွဲကိုပါကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ လွိုင်ကော်၊ ဒီးမော့ဆို၊ရှားတော၊ဘော်လခဲ မိုးဗြဲနှင့် ဖယ်ခုံရှိ စစ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားဟု KNDF ထုတ်ပြန်


ကရင်နီပြည်မှာရှိတဲ့ လွိင်ကော်၊ ဒီမော့ဆို၊ ရှားတော၊ ဘောလခဲနဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲနဲ့ဖယ်ခုံတို့မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း ၂၀ ထက်မနည်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီး ရွာသစ်မြို့၊ မော်ချီးမြို့နဲ့ မယ်စဲ့မြို့နယ် တို့ကိုလည်း အပြီးသတ်ထိန်းချုပ်ရရှိထားပြီလို့ KNDF က ဇန်နဝါ ၂၈ မနက်မှာ တရားဝင်သတင်းထုတ်ပြန် လိုက်ပါတယ်။ 


၂၀၂၃ နှစ်ကုန်ပိုင်းမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲများက ၁၁.၁၁ စစ်ဆင်ရေးဆင်နွဲခဲ့ပြီး လွိင်ကော်၊ ဒီးမော့ဆိုနဲ့ မိုးဗြဲမြို့မှာရှိ တဲ့ စစ်ကောင်စီတပ်စခန်း ၂၀ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် လွိုင်ကော်အခြေစိုက် ဒကစ ကိုလည်း တိုက်ခိုက်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။


ထို့ပြင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းမှာလည်း ဖယ်ခုံမြို့အခြေစိုက် စကခ- ရဲ့ ကာကင်းစခန်းတွေဖြစ်တဲ့ လွယ်ပတ္တာ၊ ကုန်းဆုံစတဲ့ ကာကင်းကုန်းစခန်းများ အားလုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 


ယခုနှစ် ဇန်နဝါရီလ တတိယအပတ်ထဲမှာ ဘောလခဲမြို့နယ်ထဲက ရွာသစ်မြို့နဲ့ ဘောလခဲမြို့ကြားက ၁၂ မိုင်ကုန်း စစ်ကောင်စီတပ်စခန်းကို ကရင်နီတော်လှန်ရေးတပ်များက တိုက်ခိုက်ရှင်းလင်းရေးလုပ်ဆောင်နေပြီး ရွာသစ်မြို့ကို ထိန်းချုပ်နိုင်ခဲ့သလို ရှားတောမြို့တွင်းက စစ်ကောင်စီကင်းစခန်းများ အားလုံးကိုသိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မြို့လယ် ဘုရားကုန်းပေါ်မှာ တပ်စွဲနေတဲ့ လက်တဆုတ်စာ စစ်ကောင်စီတပ်ဖွဲ့ကို ဆက်လက်ရှင်းလင်းတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။


ဖားဆောင်းမြို့နယ် မော်ချီးဒေသအခြေစိုက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ စခန်းကုန်းများမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ၎င်းတို့တပ်စွဲရာနေရာများနဲ့ စခန်းတွေကိုစွန့်ပြီး ဆုတ်ခွာထွက်ပြေး သွားခဲ့တာကြောင့် မော်ချီးဒေသတခုလုံးကိုလည်း ကရင်နီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်စိုးမိုးနိုင်ခဲ့ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ထို့အတူ လွိုင်ကော်မြို့မှာလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေက မြို့ကိုဝိုင်းရံပိတ်ဆို့ပြီး စစ်ဆင်ရေးဆင်နွှဲနေရာမှာ မြို့ဧရိယာရဲ့ သုံးပုံနှစ်ပုံကျော်ကို စိုးမိုးထားနိုင်ပြီဖြစ်တာကြောင့် လွိုင်ကော်မြို့နယ်အခြေစိုက်တပ်ရင်းတွေဟာ ဆက်လက် တပ်စွဲထားနိုင်ပေမယ့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် ထောက်ပို့လမ်းကြောင်း ပြတ်တောက်နေပြီး လေကြောင်းကိုသာ အားကိုးနေရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပြီလို့ အသိပေးထားပါတယ်။


အလားတူ ရှမ်းပြည်နယ်တောင်ပိုင်းက မိုးဗြဲမြို့နဲ့ဖယ်ခုံမြို့တို့မှာလည်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေ ကြောင့် မြို့တွင်းနဲ့ မြို့အဝင်၊အထွက်ကို စိုးမိုးနိုင်ခဲ့ပြီဖြစ်တာမို့ စစ်ကောင်စီတပ်တွေဟာ ၎င်းတို့တပ်ရင်းထဲမှာပဲ ခိုအောင်း တပ်စွဲနိုင်တော့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာ မယ်စဲ့မြိုနယ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ အပြီးသတ်ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ကရင်နီပြည်က မြို့နယ် အသီးသီးမှာ စစ်ရှိန်မြင့်တက်နေတဲ့အပြင် ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်အထိပါ တိုက်ပွဲတွေပြင်းထန်လာတယ် လို့လည်း သိရပါတယ်။


ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ မြေပြင်မှာ အသာစီးရနေတဲ့အတွက် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု တွေ အားထားလုပ်ဆောင်နေတာကြောင့် ပြည်သူလူထုအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၂။ ကရင်နီပြည်အတွင်း အဖိုးတန်သတ္တုများထွက်ရှိရာ မော်ချီးမြို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်


ကရင်နီပြည်နဲ့ ကရင်ပြည်နယ်အစပ်မှာရှိတဲ့ မော်ချီးမြို့က စစ်ကောင်စီစခန်းတွေဖြစ်တဲ့ တော်ပေါ်ကျောက်ကြား စခန်းနဲ့ မြို့အဝင်မှာရှိတဲ့ အမှတ် စခန်းကို တော်လှန်ရေးအဖွဲ့တွေက ဇန်နဝါရီလ ၂၇ ရက်မှာ တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့တာကြောင့် မော်ချီးမြို့မှာ စစ်တပ်စခန်းတွေ မရှိတော့ဘူးလို့ဆိုပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ မယ်စဲ့မြို့ကိုတိုက်သိမ်းနိုင်ခဲ့ပြီးဖြစ်တာကြောင့် မော်ချီးမြို့ဟာ စစ်ကောင်စီတပ်ကင်းစင်တဲ့ ဒုတိယမြောက်မြို့ ဖြစ်လာတယ်လို့ သိရပါတယ်။


ကရင်နီနယ်မှာ စစ်ကောင်စီတပ်ရင်းအချို့ တပ်ရင်းအလိုက် အလင်းလာကြဖို့ သဘောတူညီမှုတွေရထားတယ် လို့ KNDF ကလည်း ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားတာရှိပါတယ်။

ဖားဆောင်းမြို့နယ်ထဲက ခဲမဖြူ အဖြိုက်နက်နဲ့ ခနောက်စိမ်းသတ္တုတွေထွက်ရှိရာ မော်ချီးမြို့ဟာ ကမ္ဘာကျော်မြို့ တခုဖြစ်ပြီး ဗြိတိသျှကိုလိုနီခေတ်ကတည်းက သတ္တုတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့မြို့တမြို့ဖြစ်ပါ တယ်။


========================


🚩🚩 ၃။ ဆီဆိုင်မြို့တွင် တိုက်ပွဲမရှိဘဲ စစ်တပ်နှင့် PNO ပြည်သူစစ်တို့၏ တိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံ များပျက်စီး


ဇန်နဝါရီလ ၂၈ ရက်က တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်နဲ့ PNO အသွင်ပြောင်း ပြည်သူ့စစ်အဖွဲ့တို့က ဆီဆိုင်မြို့နဲ့ ပအိုဝ်းတိုင်းရင်းသားအများစုနေထိုင်ရာ ကျေးရွာတွေကို တနေကုန်နီးပါး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။


အဲဒီလို တိုက်ခိုက်မှုကြောင့် ပအိုဝ်းလူမျိုးတို့ အထွတ်အမြတ်ထားရာ ကောင်းမှုဗွာရွာဘုန်းကြီးကျောင်း၊ ဆီဆိုင်မြို့လယ်မှာ ရှိတဲ့ အရိယာမဂ္ဂင်ဓမ္မာရုံနဲ့ ဟိုခဲဘုန်းကြီးကျောင်းအတွင်းက အဆောက်အအုံတွေနဲ့ ဒေသခံပြည်သူပိုင်အိမ်တွေ ပျက်စီးခဲ့ တယ်လို့ သိရပါတယ်။


ပအိုဝ်းဒေသတည်ငြိမ်အေးချမ်းရေးအတွက် ပအိုဝ်းစော်ဘွားများခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ပြီး စော်ဘွား ခွန်ကြည် နောက်ဆုံး အုပ်ချုပ်ခဲ့တဲ့ ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -PNLA က ထိန်းချုပ်ထားပြီး ပအိုဝ်းအမျိုးသားအလံတော်ကိုလည်း လွှင့်ထူထားပြီးဖြစ်ပါတယ်။ 


တနိုင်ငံလုံးအပစ်ရပ်စာချုပ်-NCA လက်မှတ်ထိုးထားပြီး စစ်ကောင်စီနဲ့ ထိတွေ့ဆွေးနွေးမှုလုပ်ဆောင်ခဲ့တဲ့ PNLO/PNLA က စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်တော့မယ်လို့ကြေညာပြီးနောက် ရက်ပိုင်းအတွင်းမှာပဲ မြို့တမြို့ကို သိမ်းနိုင်ထိန်းချုပ်နိုင်ခဲ့ တာလည်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ မုံရွာ နမခ မှ တောပုရွာသို့ အင်အားလာဖြည့်သော စစ်ကောင်စီကား စီးကို မိုင်းဆွဲတိုက်ခိုက်


စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ တောပုပျူစောထီးရွာကို အင်အားလာဖြည့်တဲ့ Jummer တပ်ဆင်ထားသော စစ်ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 Monywa Pdf အဖွဲ့က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ မနံနက် နာရီခွဲခန့်အချိန်မှာ မုံရွာမြို့မှာရှိတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က အင်အားအပြည့် နဲ့ Jummer တပ်ဆင်ထားတဲ့ စစ်ကား စီး တောပုပျူရွာမှာ အင်အားဖြည့်ဖို့ထွက်လာတယ်လို့ သတင်းရတာကြောင့် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


အဆိုပါကား စီးကို နံနက် နာရီ မိနစ် ၂၀ ခန့်အချိန်မှာ ၃လုံးတတွဲ မိုင်းပွိင့်နဲ့ ၂နေရာခွဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Area 71 Monywa PDF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက အသိပေးပါတယ်။

မိုင်းဆွဲခံလိုက်ရတာကြောင့် ကားပေါ်က စစ်သားတွေ ကားပေါ်ကဆင်းပြေးကြတာကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို စောင့်မကြည့်နိုင်ခဲ့ဘူးလို့လည်း ပြောပါတယ်။  


စစ်ကောင်စီတပ်ဘက်က အင်အားများတာကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေအနေနဲ့လည်း မိုင်းဆွဲပြီးတာနဲ့ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အသိပေးထားပါတယ်။ 

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေထဲကတခုဖြစ်တဲ့ Area 71 Monywa ပြည်သူ့ကာကွယ်ရေးအဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့ကလည်း မုံရွာ နမခကနေ လက်နက်နဲ့ရိက္ခာတင် Express မှန်လုံကားတစီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။


========================


🚩🚩 ၅။ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး ပြည်သူတရပ်လုံးအပေါ်ထားသည့်သဘောထား မပြောင်းလဲဟု ညီနောင် ဖွဲ့ပြော


၁၀၂၇ စစ်ဆင်ရေး လတာကာလပြည့်မြောက်တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကိုးကန့်တပ် MNDAA ၊တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က အခုလိုအသိပေးကြေညာလိုက်တာဖြစ်ပါတယ်။  

၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ စစ်ဆင်ရေး သုံးလတာပြည့်သည့်တိုင် စစ်ဆင်ရေးရည်မှန်းချက်တွေ ပွိင့် ဇီးရိုးဇီးရိုးဝမ်း (.001)  မျှပင် လျော့နည်းသွားခြင်းမရှိဘူးလို့ ပြောပါတယ်။


ဒါဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးဆိုတဲ့ မြန်မာပြည်သူလူထုတရပ်လုံးအပေါ်ထားတဲ့ ညီနောင်မဟာမိတ် ဖွဲ့ရဲ့ မပြောင်းမလဲသော သဘောထားဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


ဒါ့ကြောင့် တာဝန်ကျေတဲ့ပြည်သူများရဲ့ ပေးဆပ်မှု၊ အနစ်နာခံမှုများကို အသိအမှတ်ပြုတဲ့အနေနဲ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသောသူများအားလုံးအနေဖြင့် ယခုထက်ပိုမိုအားထုတ်ကြိုးစားကြဖို့ ညီနောင် ဖွဲ့က တိုက်တွန်းထားပါ တယ်။

လက်ရှိမှာ တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ကိုးကန့်ဒေသနဲ့ တအာင်းဒေသတွေမှာ စစ်ရေးအခြေအနေ တည်ငြိမ်နေပြီး နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတွေ ကြီးကြီးမားမားမရှိပေမယ့် ရခိုင်ဒေသမှာတော့ စစ်ရေးအရှိန် မြင့်တက်နေဆဲ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment