16th FEB 2024 - Evening Daily News by Radio NUG

 


၂၀၂၄ ဖေဖေါ်ဝါရီလ ၁၆ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "ဖယ်ဒရယ်ဒီမိုကရေစီ အသွင်ကူပြောင်းရေးနဲ့ မြန်မာ" ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲ ဂျာမန် ပညာရှင်သုံးဦးနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဒေါ် ဇင်မာအောင် တက်ရောက်ဆွေးနွေးမယ်

📌 ၂။ ထိုင်းနိုင်ငံမှာ ထိုင်းလွှတ်တော်အမတ် ဦးဆောင်ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အွန်လိုင်းကတဆင့်တက်ရောက်မယ်

📌 ၃။ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်

📌 ၄။ မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီ ပေးပို့သည့် တောင်းဆိုစာတစောင်ကို ဂျပန်ရောက် မြန်မာများပေးပို့ခဲ့


၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရခိုင့်တပ်တော် AA က မြေပုံမြို့ကို သိမ်းပိုက်ထိန်းချုပ်၊ ရသေ့တောင်၊ မောင်တောနှင့် ရမ်းဗြဲမြို့တို့တွင် တိုက်ပွဲပြင်းထန်နေ

🚩 ၂။ ဆီဆိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များထံမှ မူးယစ်ဆေးဝါးနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိဟု PNLA ပြော 

🚩 ၃။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာလာပို့သော စစ်ရေယာဉ်ကို တိုက်ခိုက်မှု စကစ အရာရှိ တဦးအပါအဝင် များစွာ ဒဏ်ရာရ

🚩 ၄။ မတ္တရာမြို့နယ် စုပေါင်းကျွန်းရွာ ရောက်ရှိနေသော စကစတပ်များက ပြည်သူပိုင် နေအိမ်များကို မီးရှို့

🚩 ၅။ ဆားလင်းကြီးရှိ စကစဘန်ကာများထံသို့ ပျောက်ကြားရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစဘက်က အထိအခိုက်များ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "ဖယ်ဒရယ်ဒီမိုကရေစီ အသွင်ကူပြောင်းရေးနဲ့ မြန်မာ" ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲ ဂျာမန် ပညာရှင်သုံးဦးနဲ့အတူ ပြည်ထောင်စုဝန်ကြီး ဒေါ် ဇင်မာအောင် တက်ရောက်ဆွေးနွေးမယ်


"ဖယ်ဒရယ်ဒီမိုကရေစီ အသွင်ကူပြောင်းရေးနဲ့ မြန်မာ" ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ ဂျာမနီမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို  ဂျာမန် ပညာရှင်သုံးဦးနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ် ဇင်မာအောင်၊ အပြည်ပြည်ဆိုင်ရာ အကျဉ်းကျ စာရေးဆရာများကော်မတီ ချဲယာမင် စာရေးဆရာမ မသီတာ(စမ်းချောင်း) လူ့အခွင့်အရေးတက်ကြွလှူပ်ရှားသူ၊ Free Rohingya Coalition ကို ပူးတွဲတည်ထောင်သူ ကိုနေဆန်းလွင်တို့လည်း ပါဝင်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲကိုအင်္ဂလိပ်ဘာသာနဲ့ ဆွေးနွေးကြမှာဖြစ်ပြီးတော့ ဆွေးနွေးပွဲအပြီးမှာတော့ ဂျာမဏီနိုင်ငံမှ နွေဦးမိသားစုများနဲ့ ဆက်လက်တွေ့ဆုံကြမှာ ဖြစ်တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံမှာ ထိုင်းလွှတ်တော်အမတ် ဦးဆောင်ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း အွန်လိုင်းကတဆင့်တက်ရောက်မယ်


ထိုင်းနိုင်ငံမှာ ထိုင်းလွှတ်တော်အမတ်ဦးဆောင်ကျင်းပမယ့် မြန်မာ့အရေးဆွေးနွေးပွဲကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အွန်လိုင်းက တဆင့်တက်ရောက်မယ်လို့ ဖေဖော်ဝါရီလ (၁၅) ရက်ညပိုင်းမှာ သံအမတ်ကြီးက radio NUG ကို အတည်ပြုဖြေကြားပါတယ်။

"ထိုင်းလွှတ်တော်ကလုပ်မယ့် seminar ကို ကျနော် online က တက်ဖို့ လုပ်ထားပါတယ်" လို့ သူက ဆိုပါတယ်။

ထိုင်းလွှတ်တော်အမတ် ရန်စီမံ ရုမ်း (Rangsiman Rome) က (၂၀၂၄) ခုနှစ်၊ မတ်လအတွင်း ကျင်းပမယ့် အာဏာသိမ်းပြီး နှစ်အကြာ မြန်မာ့အရေး သုံးသပ်ဆွေးနွေးပွဲတခုမှာ သူဖိတ်ကြားထားတဲ့အထဲ မိန့်ခွန်းစကားပြောကြားပေးဖို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ကုလသမဂ္ဂသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ ပါဝင်တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနကလည်း ဖော်ပြရေးသားထားပါတယ်။

ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရပေမယ့် အတိုက်အခံပါတီအဖြစ် ရပ်တည်နေရတဲ့ Move Forward Party က ထိုင်းလွှတ်တော်အမတ် ရန်စီမံ ရုမ်း (Rangsiman Rome) ဟာ ထိုင်းလွှတ်တော်မှာ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဆိုင်ရာ အရေးပါတဲ့ ကော်မီတီ၏ ခေါင်းဆောင်တဦးလည်း ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်


နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို အကြမ်းဖက်စစ်အုပ်စုက သတ်ဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဖေဖေါ်ဝါရီလ () ရက်နေ့က ဝေါမြို့ နယ် တရားရုံးက နေ ရုံးထုတ်ပြီးအပြန် ကျိုက်လတ်ရွာအရောက်မှာ လေးခွင်းကို ထွက်ပြေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်သတ်လိုက်တယ်လို့ ပဲခူးတိုင်းကိုယ်စားလှယ်တဦးက အတည်ပြုထားပါတယ်။

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို ဇန်နဝါရီ (၂၉) ရက်၊ (၁၁) နာရီမှာ ပဲခူးတိုင်း၊ ဝေါ မြို့နယ်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ဖမ်းမိတယ်လို့ စစ်လော်ဘီတွေရဲ့တယ်လီဂရမ်တွေမှာ ဖော်ပြခဲ့ပါတယ်။

မနိုဘယ်အေးဟာ (၉၆) မျိုးဆက်ကျောင်းသူတဦးဖြစ်ပြီး (၁၉၉၆) မှာတကြိမ်၊ (၂၀၀၇) မှာ တကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဥ်းသူတဦးလည်းဖြစ်ပါတယ်။


========================


📌📌 ၄။ မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီ ပေးပို့သည့် တောင်းဆိုစာတစောင်ကို ဂျပန်ရောက် မြန်မာများပေးပို့ခဲ့


ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဖေဖော်ဝါရီ (၁၅) ရက်နေ့က မြန်မာအရေးအတွက် မြန်မာအင်အားစုများက ဆန္ဒပြတောင်းဆိုခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

ထိုသို့တောင်းဆိုရာမှာ မြန်မာပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက် သတ်ဖြတ်မှုကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက အရေးယူပေးရန်အတွက် တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ထို့နောက် မြန်မာပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေများကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ဆီ ပေးပို့သည့်  မြန်မာပြည်သူများကိုယ်စား တောင်းဆိုစာကိုလည်း UN ရုံးသို့ ပေးပို့ခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ရခိုင့်တပ်တော် AA က မြေပုံမြို့ကို သိမ်းပိုက်ထိန်းချုပ်၊ ရသေ့တောင်၊ မောင်တောနှင့် ရမ်းဗြဲမြို့တို့တွင် တိုက်ပွဲပြင်းထန်နေ 


ရခိုင်ပြည်နယ် မြေပုံမြို့မှာရှိတဲ့ စစ်တပ်နဲ့ ရဲစခန်းတွေ အားလုံးကို တိုက်ခိုက်သိမ်းပိုက်ထားပြီး ရသေ့တောင်၊ မောင်တောနဲ့ ရမ်းဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို ရခိုင့်တပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ သုံးလတာ စစ်ဆင်ရေးအတွင်း ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့ ပေါ်က စစ်ဘက်၊ ရဲဘက်တပ်စခန်းတွေကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်တယ်လို့ AA က ပြောပါတယ်။

AA သည် ဇန်နဝါရီ ၁၄ ရက်မှာ ပလက်၀မြို့၊ ဖေဖော်ဝါရီ ပထမပတ်ထဲမှာ ပေါက်တော၊ မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီး ယခုဖေဖော်ဝါရီလလယ်မှာ မြေပုံမြို့ကို ထပ်မံသိမ်းနိုင်ခဲ့တာဖြစ်တယ်လို့ အသိပေးလာတာ ဖြစ်ပါတယ်။ 

ဒါကြောင့်လက်ရှိမှာ ရခိုင့်တပ်တော် AA ဟာ ပလက်ဝမြို့နယ်တခုလုံးနဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ် ခုကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ 

လတ်တလောမှာလည်း ရခိုင်ပြည်နယ်တခုလုံးနီးပါးမှာ ရခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်နေပြီး ရမ်းဗြဲကျွန်းပေါ် မှာတော့ တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ညီနောင် ဖွဲ့ရဲ့ စစ်ရေးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး ခုခံစစ်ဆင်နွှဲနေတာကြောင့် ဖေဖော်ဝါရီ (၁၄) ရက်ကစပြီး ရမ်းဗြဲ၊ ရသေ့တောင်နဲ့ မောင်တောမြို့တွေမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီဟာ စစ်ပွဲအရှုံးများကြောင့်သော်လည်းကောင်း၊ လူမျိုးရေးအမုန်းတရားများကို အခြေခံ၍လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးတွေနဲ့ မြို့ရွာများကို ဦးတည်တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

ရမ်းဗြဲမြို့ဟာ စစ်ကောင်စီရဲ့ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြို့ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီလ (၁၄) ရက်ကစပြီး ရသေ့တောင်မြို့ပတ်ဝန်းကျင်နဲ့ အနီးအနားကကျေးရွာတွေကို လေကြောင်း၊ ရေကြောင်းသာမက လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ရသေ့တောင်မြို့ဟာ စစ်ကောင်စီရဲ့ ဒုတိယမြောက် ပစ်မှတ်ထားခြင်းခံနေရတဲ့ မြို့တမြို့ဖြစ်လာတယ်လို့ ညီနောင်မဟာမိတ် () ဖွဲ့က ထုတ်ပြန်ထားပါတယ်။ 

ထို့အပြင် AA ထိန်းချုပ်ထားရာ ပလက်ဝမြို့အတွင်းသို့လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်မံ ပြုလုပ်လာတယ်လို့လည်း အသိပေးထားပါတယ်။

အလားတူ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာအနီး ရန်သူ၏ ဗောဓိကုန်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်အရှိန်ကို မြှင့်တင်နေတယ်လို့ ရက္ခိုင့်တပ်တော်က အသိပေးလာပါတယ်။

(၂၀၂၄) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်ရှိသော ဗောဓိကုန်းစခန်းအား နံနက် () နာရီ (၂၀) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့အတည်ပြုဆိုပါတယ်။

ရန်သူ စကစတပ်ဟာ အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိပြီး လက်ရှိအချိန်တွင် ရန်သူ၏ ဗောဓိကုန်းစခန်းအား အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိတယ်လို့ ဆိုပါတယ်။

ထို့အပြင် ရသေ့တောင်မြို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ စတင်ဖြစ်ပွားလျက်ရှိပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ ရခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ "စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို တစ်ခုမျှ မကျန်စေရ" ဆိုတဲ့ စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိတယ်လို့လည်း ဆိုထားပါတယ်။


========================


🚩🚩 ၂။ ဆီဆိုင်တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များထံမှ မူးယစ်ဆေးဝါးနှင့် ခဲယမ်းအချို့သိမ်းဆည်းရရှိဟု PNLA ပြော 


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဖေဖော်ဝါရီလ (၁၅) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ၎င်းတို့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ဦးထက်မနည်း သေဆုံးခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA လုံခြုံရေးစစ်ကြောင်းကို စစ်ကောင်စီနဲ့အပေါင်းအပါတွေက ချောင်းမြောင်းပစ်ခတ်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီနဲ့ ၎င်းတို့လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က ဆီဆိုင်မြို့မြောက်ဘက်တနေရာမှာ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးတပ်မတော် -PNLA ကို လာရောက်ချောင်းမြောင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။  

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီနဲ့အပေါင်းအပါတွေဘက်က ဦးထက်မနည်းသေဆုံးခဲ့တာဖြစ်ပြီး မူးယစ်ဆေးဝါးတွေနဲ့ ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိခဲ့တာလို့ PNLA က အသိပေးထားပါတယ်။

PNLA က ဇန်နဝါရီ လကုန်ပိုင်းကစပြီး ဆီဆိုင်မြို့ကို ထိန်ချုပ်ထားခဲ့ရာ စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူစစ်တွေက မြို့ကိုပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ မကြာခဏဖြစ်လေ့ရှိတယ်လို့လည်း သိရှိရပါတယ်။


========================


🚩🚩 ၃။ ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာလာပို့သော စစ်ရေယာဉ်ကို တိုက်ခိုက်မှု စကစ အရာရှိ တဦးအပါအဝင် များစွာ ဒဏ်ရာရ


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း ချင်းတွင်းမြစ်ကြောင်းအတိုင်း ရိက္ခာလာပို့သော စစ်ရေယာဉ်ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်အရာရှိအပါအဝင် များစွာဒဏ်ရာရရှိသွားတယ်လို့ Royal Tiger Force မုံရွာခရိုင် တပ်ရင်း (၁၂) လျှပ်စီး တပ်ခွဲက အသိပေးထားပါတယ်။

ဆင်ဖြူရှင်တံတားကနေ ကံကြီးကုန်း ပျူရွာဘက်က ပျူစောထီးစခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီတပ်ဖွဲ့ ဖလပ်ရေယာဉ် ကို ဖေဖော်ဝါရီလ (၁၅) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်အချိန်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါ စစ်တပ်ဖလပ်ခွန်ရေယာဉ်ဟာ ကံကြီးကုန်းပျူရွာ အနီးသို့ ရောက်လာချိန်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သုံးပွင့် စစ်ဗိုလ်တဦး မေးရိုးကွဲသွားပြီး အခြားစစ်ကောင်စီတပ်ဖွဲ့ဝင်များစွာလည်း ဒဏ်ရာရသွားတယ်လို့ Royal Tiger Force က ပြောပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို Royal Tiger Force ပြောက်ကျားတပ်ဖွဲ့နဲ့အတူ မုံရွာခရိုင် တပ်ရင်း (၁၂) လျှပ်စီးတပ်ခွဲတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါစစ်ရေယာဉ်ဟာ ကံကြီးကုန်းပျူရွာမှာ ရိက္ခာချပြီးတဲ့နောက် အမြင့်ရဲစခန်းမှာ ဆိုက်ကပ်ကာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေကိုတင်ဆောင်ပြီး မုံရွာမြို့ဘက် ပြန်ထွက်လာချိန်မှာလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မတ္တရာမြို့နယ် စုပေါင်းကျွန်းရွာ ရောက်ရှိနေသော စကစတပ်များက ပြည်သူပိုင် နေအိမ်များကို မီးရှို့


မတ္တရာမြို့နယ် စုပေါင်းကျွန်းရွာ ရောက်ရှိနေသော စကစတပ်များက ရွာတောင် ဒင်္ဂါးကျွန်းပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို နေရာခွဲ၍ မီးရှို့ခဲ့တယ်လို့ ဖေဖော်ဝါရီလ (၁၆) ရက်မှာ wetletinformationalnetwork က အသိပေးဆိုပါတယ်။

"မတ္တရာမြို့နယ် စုပေါင်းကျွန်းရွာ ရောက်ရှိနေသော စကစတပ်များဟာ ဒေါင်းကျွန်းရွာဘက်သို့ ရောက်ရှိသွားပြီး ရွာတောင် ဒင်္ဂါးကျွန်းပေါ်ရှိ ပြည်သူပိုင် နေအိမ်များကို () နေရာခွဲ၍ မီးရှို့ခဲ့ပါတယ်" လို့ ဆိုပါတယ်။

အကြမ်းဖက် စကစတပ်များဟာ နယ်မြို့များမှာ ဘာသာရေး အဆောက်အအုံနဲ့ အရပ်သားနေအိမ်များကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလျက်ရှိနေပါတယ်။


========================


🚩🚩 ၅။ ဆားလင်းကြီးရှိ စကစဘန်ကာများထံသို့ ပျောက်ကြားရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစဘက်က အထိအခိုက်များ


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက စကစဘန်ကာများထံသို့ ပျောက်ကြားရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစဘက်က အထိအခိုက်များခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဖေဖော်ဝါရီ (၁၁) ရက် ဆားလင်းကြီးဆေးရုံအနီး၊ ဈေးရုံအနီးက ဘန်ကာများထံသို့ ပျောက်ကြားရဲဘော်များမှ အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁၅) တပ်ခွဲ () ဗန္ဓုလနှင့် အဖွဲ့သားများက အတည်ပြုဆိုပါတယ်။

ထိတွေ့ပစ်ခတ်မှု အပြန်အလှန် ပစ်ခတ်ကြာချိန် () နာရီကျော်ကျော်ခန့်ရှိပြီး (၄၀) မမ လွှတ်ချများ၊ (၄၀) ဂန်းများ၊ လက်နက်ငယ်များ၊ Drone များဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးတွင် တော်လှန်ရေးရဲဘော်များ ဘေးကင်းခဲ့ပြီး ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စကစတပ်များဘက်မှလည်း အထိအခိုက်များပြားနိုင်ပြီး အရေအတွက်အား စုံစမ်းနေဆဲလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment