(၁၆-၂-၂၀၂၄) မနက်ခင်း ပြည်တွင်းသတင်းများ နဲ့ စစ်ရေးသတင်းကောက်နုတ်ချက်



 (၁၆-၂-၂၀၂၄) မနက်ခင်း ပြည်တွင်းသတင်းများ

၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန်နှင့်ကျန်းမာရေးပညာရှင်များခေါ်ယူ

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက  အလှူရှင်များအားပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို Scan Code ဖတ်၍ အစစ်/အတု စစ်ဆေးနိုင်

၄။ US Campaign for Burma နှင့် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတို့တွေ့ဆုံ

၅။ နွေဦးတက္ကသိုလ်နှင့် The University of Arizona တို့ ပူးပေါင်းစီစဉ်သွားမယ့် “Virtual Exchange Program”ကိုအသိပေး

၆။ CDM ရဲများနဲ့ ဖွဲစည်းထားတဲ့ ကရင်နီပြည် ရဲဌာနက ဒေသတွင်း ပြည်သူများကို မူးယစ်ဆေးအန္တရာယ် နှင့် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးဆောင်ရွက်

၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၅၇) ဦး စုစုပေါင်း (၆၉) ဦး သေဆုံးခဲ့

စစ်ရေးသတင်းခေါင်းစဉ်များ

၁။ ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်က ဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် ၁၆၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

၂။ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့အပါဝင် မြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးနှင့် စာရင်းစစ်ရုံးကို တိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနိုင်

၃။ ရခိုင်စစ်သည်တော်များ ရှမ်းမြောက်ဒေသတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေ

၄။ ဂန့်ဂေါတွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၀ ဦးကို သတ်ဖြတ် ၁၃ ဦးကို ဖမ်းဆီးထား

၅။ ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီစက်ရုံရှိ စစ်ကောင်စီ တပ်ဖွဲ့ကို PDF လေးဖွဲ့ ပစ်ခတ်တိုက်ခိုက်


၁။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပ

===============

ဖေဖော်ဝါရီလ  ၁၅  ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၄) ကို ဖေဖော်ဝါရီလ ၁၅ရက်မှာ ကျင်းပခဲ့ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၄)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးသို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။

-------------------

၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန်နှင့်ကျန်းမာရေးပညာရှင်များခေါ်ယူ

==============

ဖေဖော်ဝါရီလ ၁၅ရက်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကြားကာလ ပြည်နယ်/ ဖက်ဒရယ် ယူနစ်များအတွင်းရှိ ဆေးရုံ/ဆေးခန်းများတွင် တာဝန်ထမ်းဆောင်ရန် ဆရာဝန်နှင့် ကျန်းမာရေးပညာရှင်များခေါ်ယူနေတယ်လို့သိရပါတယ်။


၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၂၉) ရက်နေ့အတွင်း လျှောက်ထားရမည့် လစ်လပ်နေရာများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက အသိပေးဖော်ပြထားပါတယ်။


ရာထူးနေရာများအနေနဲ့ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သွားနှင့်ခံတွင်း အထူးကုဆရာဝန်များ၊ သွားနှင့်ခံတွင်း ဆရာဝန်များ၊ ဆေးနှင့် ဆေးနှီးနွှယ်ဆိုင်ရာ ဘွဲ့လွန်သင်တန်းသားများ၊ အထူးပြုသူနာပြုများ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်များမှ ဒီပလိုမာ/ ဘွဲ့ ရရှိသူများ စတဲ့ကျွမ်းကျင်ပညာရှင်များကိုခေါ်ယူနေတာဖြစ်ပါတယ်။


အလားတူ ၂၀၂၄ ခုနှစ်၊ မတ်လ (၁) ရက်နေ့မှ မတ်လ (၁၅) ရက်နေ့အတွင်း လျှောက်ထားရမည့် လစ်လပ်ရာထူး နေရာများမှာ ကျန်းမာရေးမှူးများ၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များ၊ တိုင်းရင်းဆေးပညာဆိုင်ရာ ဒီပလိုမာ/ဘွဲ့ ရရှိသူများကိုခေါ်ယူထားပါတယ်။


လျှောက်ထားသူများဟာပြည်ထောင်စုမြန်မာနိုင်ငံဖွား ဖြစ်ရမည်ဖြစ်ပြီး ကျန်းမာရေးကောင်းမွန်သူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်းဖြစ်သူ၊ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမယ်လို့ဆိုပါတယ်။


လျှောက်ထားလိုသူများအနေဖြင့်  ရာထူးနေရာများအလိုက် သတ်မှတ်ထားသော ရက်များအတွင်း နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအထိ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account - https://t.me/HR_MOHNUG သို့မဟုတ် Telegram Username - @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်တယ်လို့သတင်းရရှိပါတယ်။

-------------------

၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက  အလှူရှင်များအားပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို Scan Code ဖတ်၍ အစစ်/အတု စစ်ဆေးနိုင်

===============

ဖေဖော်ဝါရီ (၁၅) ရက်နေ့ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက  အလှူရှင်များအားပေးအပ်သည့် ဂုဏ်ပြုမှတ်တမ်းလွှာများကို Scan Code ဖတ်၍ အစစ်/အတု စစ်ဆေးနိုင်သည့် ပုံစံအသစ်ဖြင့် ပြောင်းလဲ ထုတ်ပေးသွားမည်ဖြစ်ကြောင်းသိရပါတယ်။


မှတ်တမ်း အတုအယောင်များ၊ ပုံမှားပုံဖျက်ပြုလုပ်မှုများ စသည့် မသမာမှုရန်များမှ  ကာကွယ်ရန်ရည်ရွယ်၍ ဂုဏ်ပြုလွှာ မှတ်တမ်းပုံစံအသစ်ကို  စတင်ပြောင်းလဲ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဂုဏ်ပြုမှတ်တမ်းလွှာ စစ်ဆေးရာတွင် ပြုလုပ်ရမည့် နည်းလမ်းများ အလှုရှင်များအနေဖြင့် မိမိတို့ လက်ခံရရှိလာသည့် ဂုဏ်ပြုမှတ်တမ်းလွှာတွင် ပါဝင်သော QR Code ကို ဖုန်းကင်မရာ/ QR scanner application ဖြင့် Scan ဖတ်ရန်လိုအပ်ပြီးScan ဖတ်ချိန်တွင် ပေါ်လာသော URL Link verify.mohadm.nugmyanmar.org ကို နှိပ်ကာ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပေးသည့် ဂုဏ်ပြုမှတ်တမ်းဖြစ်ပါက အလှုရှင်နာမည်၊ လှူဒါန်းလိုသည့်ဒေသ၊ လှူဒါန်းလိုသည့် အကြောင်းအရာ၊ လက်ခံသည့် အဖွဲ့၊ ငွေကြေး ပမာဏ၊ ဂုဏ်ပြုမှတ်တမ်းနံပါတ်၊ ထုတ်ဝေသည့်ရက်စွဲများ ပေါ်လာမှာဖြစ်ပါတယ်။

 

QR Code (သို့) ဂုဏ်ပြုမှတ်တမ်းသည် အတုပြုလုပ်ထားခြင်း (သို့) ဆင်တူယိုးမှားပြုလုပ်ထားခြင်း (သို့) ပယ်ဖျက်ထားခြင်း ဖြစ်ပါက ဝန်ကြီးဌာနမှ တရားဝင်ထုတ်ပေးထားသည့် မှတ်တမ်း မဟုတ်ပါဟု ပေါ်လာမည် ဖြစ်ကြောင်းသိရပါတယ်။


ထို့အပြင်ပြည်သူများအနေဖြင့် မှတ်တမ်း အတုအယောင်များ၊ ပုံမှားပုံဖျက်ပြုလုပ်မှုများ တွေ့ရှိပါက ဝန်ကြီးဌာန အီးမေးလ် mohadm@nugmyanmar.org သို့ဆက်သွယ် တိုင်ကြားနိုင်ကြောင်းသိရပါတယ်။

-------------------

၄။ US Campaign for Burma နှင့် ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတို့တွေ့ဆုံ

==============

ဖေဖော်ဝါရီလ ၁၅ရက်။

US Campaign for Burma နှင့် အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးတို့ တွေ့ဆုံခဲ့ပါတယ်။

"US Campaign for Burma နှင့်တွေ့ဆုံပြီး စကစအား လေယာဥ်ဆီဖြတ်တောက်ရေးထပ်မံအရေးယူ ပိတ်ဆို့ရေးတို့အားဆွေးနွေးခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမေရိကန်၊ UKစတဲ့ နိုင်ငံများက အကြမ်းဖက်စကစနဲ့ လူပုဂ္ဂိုလ်များအား ပိတ်ဆို့အရေးယူမှုများ ပစ်မှတ်ထားလုပ်ဆောင်လျက်ရှိပါတယ်။

-------------------

၅။ နွေဦးတက္ကသိုလ်နှင့် The University of Arizona တို့ ပူးပေါင်းစီစဉ်သွားမယ့် “Virtual Exchange Program”ကိုအသိပေး

==================

ဖေဖော်ဝါရီလ ၁၅ရက်။

နွေဦးတက္ကသိုလ်နှင့် The University of Arizona တို့ “Virtual Exchange Program”ကို ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖေဖော်ဝါရီလ ၁၅ရက်မှာ နွေဦးတက္ကသိုလ်က တရားဝင်အသိပေးဆိုထားပါတယ်။


" The University of Arizona နှင့် နွေဦးတက္ကသိုလ်တို့ဟာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား လူငယ်များအတွက် ပညာရေးလုပ်ငန်းစဥ်များ အတူတွဲဖက်လုပ်ကိုင်ရန် တရားဝင် MOU ရေးထိုးထားသော မိတ်ဖက်တက္ကသိုလ် ဖြစ်ပါတယ်။ ထိုသို့ သဘောတူစာချွန်လွှာ ရေးထိုးပြီးနောက် U.S. Department of State ရဲ့ ထောက်ပံ့မှုဖြင့် တက္ကသိုလ် (၂) ခု ပူးပေါင်းကာ ကျောင်းသားလူငယ်များအတွက်  “Virtual Exchange Program” ပြုလုပ်သွားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ"လို့ဆိုပါတယ်။


ဤအစီအစဉ်ဟာ နွေဦးတက္ကသိုလ်မှ ပထမဦးဆုံး မိတ်ဖက်အဖွဲ့အစည်းနှင့် ပြုလုပ်သည့် Virtual Exchange Program ဖြစ်ပြီး မြန်မာကျောင်းသားလူငယ်များအတွက် နိုင်ငံတကာမှ ကျောင်းသားလူငယ်များဖြင့် ထိတွေ့ခွင့် ရရှိမှာဖြစ်ပြီး အကျိုးရှိစေမယ့် ပညာရေး အစီအစဥ်လည်းဖြစ်ပါတယ်။


မကြာမီအချိန်အတွင်းမှာ The University of Arizona နှင့်အတူ ပူးပေါင်းပြုလုပ်သွားမယ့် Virtual Exchange Program အကြောင်း အသေးစိတ်ကို တရားဝင် ကြေညာပေးသွားမှာလည်းဖြစ်ပါတယ်။

-------------------

၆။ CDM ရဲများနဲ့ ဖွဲစည်းထားတဲ့ ကရင်နီပြည် ရဲဌာနက ဒေသတွင်း ပြည်သူများကို မူးယစ်ဆေးအန္တရာယ် နှင့် ယာဉ်/လမ်း စည်းကမ်း အသိပညာပေးဆောင်ရွက်

=============

ဖေဖော်ဝါရီလ ၁၅ရက်။

ကရင်နီ ပြည်နယ်အတွင်း CDM ရဲ့များနဲ့ ဖွဲ့စည်းထားတဲ့ ကရင်နီပြည် ရဲဌာနမှ တပ်ဖွဲ့ဝင်များက ဒေသတွင်းပြည်သူများကို မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်ခဲ့တယ်လို့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။


ကရင်နီပြည် ရဲဌာနမှ တပ်ဖွဲ့ဝင်များက ဒေသခံများ ကား/ဆိုင်ကယ်များ မောင်းနှင်ရာမှာ ယာဉ်/ လမ်းစည်းကမ်း သိရှိပြီး ဘေးအန္တရာယ်ကင်းကာ ယာဉ်များကို အရှိန်လျော့ မောင်းနှင်ရန်နှင့် စည်းကမ်း လိုက်နာရန် လက်ကမ်း စာစောင်များ ဖြန့်ဝေပြီး အသိပညာ ပေးခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရ ပါတယ်။


ထို့အပြင် ကရင်နီပြည် ရဲဌာနအနေဖြင့် ဒေသခံ ပြည်သူများကို မူးယစ်ဆေးဝါး အန္တရာယ်နှင့် ပတ်သက်ပြီး မြိုပေါ် အပါအဝင် ကျေးရွာများအထိ သွားရောက်ကာ အသိပညာပေး ဟောပြောမှုများ လုပ်ဆောင်နေလျှက် ရှိကြောင်းလည်း သိရပါတယ်။

ကရင်နီပြည် ရဲဌာနအား စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ CDM ရဲ (၃၀၀) ကျော်ဖြင့် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီရဲ့ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၅) ရက်နေ့က စတင်ဖွဲစည်းခဲ့တာဖြစ်ပြီး ပြည်နယ်တွင်း ပြည်သူလူထုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက် ပြည်သူ့ရဲ ဝန်ဆောင်မှုများ ပေးနေတာ ဖြစ်ပါတယ်။

-------------------

၇။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၅၇) ဦး စုစုပေါင်း (၆၉) ဦး သေဆုံးခဲ့

==============

ဖေဖော်ဝါရီလ ၁၅ရက်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် သတ်ဖြတ်ခံရသူ အမျိုးသမီး (၁၂) ဦးနှင့် အမျိုးသား (၅၇) ဦး စုစုပေါင်း (၆၉) ဦး သေဆုံးခဲ့ပြီး အသက် ၆၀ နှစ်နှင့် ၆၀ နှစ်အထက် သေဆုံးသူ (၅) ဦး ပါဝင်တယ်လို့AAPPကဆိုပါတယ်။

အဆိုပါ (၆၉) ဦးတွင် ရခိုင်ပြည်နယ်မှ (၁၃) ဦး ပါဝင်ခဲ့ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့အခြေစိုက် ခမရ - ၃၇၈ တပ်ရင်းမှ တပ်ဖွဲ့ဝင်နှစ်ဦးသည် ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုခံထားရသော ကျော်ဇံဝေ (ခ) ဖိုးလပြည့် (ခ) ရင်ဆို့၊ မြတ်သူထွန်း (ခ) ဖိုးသီဟ၊ ကျော်သိန်းလှိုင်၊ ကျော်ဝင်းလှိုင်၊ ကိုကိုညွန့်၊ ဝင်းနိုင်နှင့် ပြည့်စုံဝင်းတို့ကို တပ်ရင်း၏ အချုပ်ခန်းအတွင်း၌ ပစ်သတ်ခဲ့ပါတယ်။

၎င်းတို့၏ ရုပ်အလောင်းများကို မြောက်ဦးမြို့ ဆေးရုံအနီးရှိ ဗုံးခိုကျင်းထဲ၌ တွေ့ရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

-------------------

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

-------------------


Radio NUG စစ်ရေးသတင်းများ

မင်္ဂလာပါရှင်/ခင်ဗျာ။ အခုချိန်ကစပြီး (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလ (၁၆) ရက် မနက်ခင်းမှာ တင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းများကို ဖတ်ကြားတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

၁။ ရှားတောမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်က ဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် ၁၆၀ ကျော်သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

=============

ဖေဖော်ဝါရီလ ၁၅ရက်။

ကရင်နီပြည် ရှားတောမြို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဗိုလ်မှူးကြီးအဆင့်ရှိသူအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၆ဝ ကျော်သေဆုံးကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ KA၊ KNDF နဲ့ Loikaw PDF တို့ဟာ ဇန်နဝါရီလ ၁၅ ရက်က စတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ မြို့ တခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ ခမရ -၄၂၈၊ ခလရ ၂၄၉ ၊ ထောက်ပို့တပ်၊ စစ်အဂျင်နီယာ တပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒုရဲမှူးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၆ဝ ကျော်ကို ချေမှုန်းနိုင်ခဲ့တဲ့အပြင် စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ KNDF က အသိပေးထားပါတယ်။

တလနီးပါးကြာမြင့်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေထံကနေ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီး မျိုးစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun တလက်နဲ့ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ရှားတောမြို့ကို သိမ်းယူခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop တွေသုံးပြီး လေကြောင်းပစ်ကူ ၂၀၅ ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။

ရှားတောမြို့မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲများအတွင်း KNDF ဘက်က ရဲဘော် ၃ ဦးနဲ့ ပူးပေါင်း တပ်ဖွဲ့တွေဘက်က ရဲဘော်အချို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ကျဆုံးသွားတဲ့ ရဲဘော်များကို အာဇာနည် သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်း တင်ထားမယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

----------------

၂။ ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့အပါဝင် မြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးနှင့် စာရင်းစစ်ရုံးကို တိုက်ခိုက်မှု စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနိုင်

==============

ဖေဖော်ဝါရီလ ၁၅ရက်။

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်အပါအဝင် မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ တရားရုံးနဲ့ စာရင်းစစ်ရုံးကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုများနိုင်တယ်လို့ Freedom Revolution Force-FRF က ထုတ်ပြန်ထားပါတယ်။ 


ဒီပဲယင်းမြို့ကနေ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၅ နာရီအချိန်မှာ ထွက်လာတဲ့ စစ်ကြောင်း ရေဦးနယ် မရိုးကုန်းရွာ ရေဆိုးဘက် ဦးတည်လာချိန်မှာ FRF နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေက လက်ဦးမှုယူပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အလစ်အငိုက်တိုက်ခိုက်ခံလိုက်ရတဲ့ စစ်တပ်စစ်ကြောင်းဟာ ထိခိုက်သေဆုံးမှုများစွာရှိခဲ့ပြီး ဒီပဲယင်း နယ်ထဲက ငဝဲတောရွာထဲ ဝင်သွားတယ်လို့ ဆိုပါတယ်။ 

ဒီပဲယင်းမြို့ပေါ်ကနေ အကြမ်းဖက်စစ်သားများ စစ်ကြောင်းထွက်သွားချိန်မှာ FRF နဲ့ မဟာမိတ်အဖွဲ့တွေဟာ မြို့ပေါ်မှာရှိတဲ့ ရဲစခန်း၊ တရားရုံးနဲ့ စာရင်းစစ်ရုံးကိုလည်း ၄ဝ မမ လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်။

စစ်ကြောင်းထွက်သွားချိန်ဖြစ်တာကြောင့် အင်အားနည်းသွားတဲ့ စစ်တပ်အထိုင်ချရာနေရာတွေကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၃ ဦး သေဆုံးသွားတယ်လို့ သတင်းရထားပေမယ့် အတိအကျသိရအောင် ဆက်လက်စုံစမ်းနေတယ်လို့လည်း FRF က ထုတ်ပြန်ထားပါတယ်။   

အဆိုပါတိုက်ခိုက်မှုများကို Freedom Revolution Force-FRF ၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ် -၅၊ ဒီပဲယင်းမြို့နယ် ပကဖ တိုက်နယ်-၈၊ Pattern Group၊ ရွှေဘိုခရိုင်တပ်ရင်း ၂၄၊ ရေဦးမြို့နယ် ပကဖတို့ပါဝင်ခဲ့ပြီး ပြည်သူကာကွယ်ရေး ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

----------------

၃။ ရခိုင်စစ်သည်တော်များ ရှမ်းမြောက်ဒေသတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေ

============

ဖေဖော်ဝါရီလ ၁၅ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ပြည်သူအကျိုးပြုလုပ်ငန်းတွေမှာ ရခိုင့်တပ်တော်က စစ်သည်တော်တွေ ပါဝင်ဆောင်ရွက်နေတယ်လို့ ရခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ရခိုင့်တပ်တော်တပ်ဖွဲဝင်များ လှုပ်ရှားရာ ရှမ်းမြောက်ဒေသဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကားလမ်းမကြီးနဲ့ ကားကြီးကွင်းအနီး ကားလမ်းဝဲယာတလျှောက်မှာ ယခုဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ပြည်သူ့အကျိုးပြုလုပ်ငန်း၊ မြိုရွာသန့်ရှင်းရေးလုပ်ငန်းတွေဆောင်ရွက်နေတာလို့ သိရပါတယ်။ 

ရှမ်းမြောက်ဒေသမှာ စစ်ဘေးကြောင့် အတိဒုက္ခရောက်နေကြတဲ့ ပြည်သူလူထုအပါအဝင် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ သီလရှင်ကျောင်းများနဲ့ ခရစ်ယာန် သာသနာပြုကျောင်းတွေမှာလည်း မိမိတို့တတ်နိုင်သမျှ တနိုင်တပိုင် ထောက်ပံ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ခဲ့ကြသလို စစ်ဒဏ်ကြောင့် ပျက်စီးယိုယွင်းခဲ့ရတဲ့ အများပြည်သူနဲ့ဆိုင်တဲ့နေရာတွေ၊ အဆောက်အအုံတွေကို သန့်ရှင်းရေးလုပ်ဆောင်တဲ့ကိစ္စတွေမှာလည်း တဖွဲ့ချင်းအလိုက်သော်လည်းကောင်း ညီနောင် မဟာမိတ်များနဲ့သော်လည်းကောင်း အတူတကွဆောင်ရွက်နေတယ်လို့ AA က ပြောပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ မိမိတို့ရောက်ရှိရာဒေသတွေမှာ ဒေသခံပြည်သူလူထုရဲ့ အရေးအရာတွေကို အဆင်ပြေချောမွေ့အောင် ဒေသခံပြည်သူလူထုနဲ့အတူလက်တွဲပြီး အကောင်းဆုံး ဆောင်ရွက်နေတာဖြစ်ပါတယ်။

မိမိတို့အနေနဲ့ မည်သည့်နေရာ၊ မည်သည့်ဒေသကိုရောက်ရှိပါစေ လူမျိုးမရွေး၊ ဘာသာမရွေး ခွဲခြားစိတ်မရှိဘဲ ပြည်သူလူထုနဲ့ အတူရပ်တည်ပြီး စာနာစိတ်အပြည့်နဲ့ စေတနာထား ဆောင်ရွက်နေတယ်လို့ ရခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

 ----------------

၄။ ဂန့်ဂေါတွင် စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် ဒေသခံ ၁၀ ဦးကို သတ်ဖြတ် ၁၃ ဦးကို ဖမ်းဆီးထား

=============

ဖေဖော်ဝါရီလ ၁၅ရက်။

မကွေးတိုင်း၊ ဂန်ဂေါမြို့နယ် မြောက်ခင်ရန်းရွာမှ ထွက်လာတဲ့ စစ်ကောင်စီ၊ ပျူစောထီးပူးပေါင်း စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေး တပ်များနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံ ပြည်သူ ၁၀ ဦးကို သတ်ဖြတ်ခဲ့ပြီး ၁၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။၊


ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်ခန့်က အင်အား ၂၀၀ ခန့်ပါတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို သင်တောရွာနဲ့ ရွှေဘိုရွာကြားတွင် စောင့်ကြိုတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၁ စစ်ဒေသ ထံက သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်း အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင် တပ်ရင်း ၁၂ ၊ ၁၄ ၊ CDF (KKG) နှင့် ဂန့်ဂေါမြို့နယ် (ပကဖ) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အနည်းဆုံး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၁ တပ်ရင်း၊ ၊ အမှတ် ၁ စစ်ဒေသ စခန်းမှူးမှ ပြောပါတယ်။


အဆိုပါ စစ်ကြောင်းဟာ တိုက်ခိုက်ခံရပြီးနောက် မြောက်ခင်ရမ်း ကျေးရွာအနီး၊ သင်တောရွာမှ ၇ ဦး ၊ ရွှေဘိုရွာမှ ၂ ဦးနဲ့ ရေသာရွာမှ ၁ ဦးတို့ကို ဦးခေါင်းအား သေနတ်နဲ့ ပစ်ခတ်ပြီး သတ်ဖြတ်သွားတယ်လို့ ဂန့်ဂေါ ပကဖ တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။


ထို့အပြင် ဒေသခံပြည်သူ ၁၃ ဦးကိုလည်း ဖမ်းဆီးသွားပြီး အမျိုးသမီးနဲ့ ကလေးငယ်များလည်း ပါဝင်တယ်လို့ ဒေသခံများထံက သိရပါတယ်။


အဆိုပါ မြောက်ခင်ရမ်းရွာ ပျူစောထီးအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၇ ရက်က အရှင်ဖမ်းမိခဲ့တဲ့ ယောဒေသကာကွယ်ရေး ရဲဘော်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ပြီး ယခုအခါ အရပ်သား ပြည်သူများကို အစုလိုက်အပြုံလိုက် ထပ်မံသတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 ----------------

၅။ ငွေစက္ကူ ရိုက်နှိပ်ထုတ်ဝေတဲ့ ဝါဇီစက်ရုံရှိ စစ်ကောင်စီ တပ်ဖွဲ့ကို PDF လေးဖွဲ့ ပစ်ခတ်တိုက်ခိုက်

==============

ဖေဖော်ဝါရီလ ၁၅ရက်။

မကွေးတိုင်း၊ ပခုက္ကူမြိုနယ်နှင့် ချောက်မြိုနယ်စပ်ရှိ ဝါဇီ ငွေစက္ကူစက်ရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို အဖွဲ့လေးဖွဲ့ ခွဲကာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိမ်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေး တပ်ဦး Black Hawk Seikphyu Revolution Front ထံက သိရပါတယ်။


ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၀ နာရီခန့်က ငွေစက္ကူ ထုတ်ဝေတဲ့ ဝါဇီစက်ရုံ (လုံခြုံရေးနှင့် သက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက်ရုံ လ.န.စ) ရှိ စစ်ကောင်စီတပ်အား Short Range Missile ၂၇ လုံး အပြင် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BHSRF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။


ပထမ ခံစစ်စည်းဖြစ်တဲ့ ချိုက်ကျေးရွာရှိ လက်နက်ကြီး စခန်းကိုလည်း Drop ဗုံး ၆ လုံးဖြင့် တပြိုင်နက်တည်း တိုက်ခိုက်ခဲ့ပြီး လည်ကျင်းကျေးရွာ အနီးရှိ လက်နက်ကြီး အထိုင်နဲ့ ကင်းပုန်းများကိုလည်း အလစ်အငိုက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ယခုတိုက်ခိုက်မှုများကြောင့် ဝါဇီစက်ရုံအတွင်းရှိ စစ်ကောင်စီတပ် ထိခိုက်ပျက်စီးမှုများ ရှိတယ်လို့ သိမ်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေး တပ်ဦး BHSRF က ပြောဆိုထားပြီး သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။


အဆိုပါ စစ်ဆင်ရေးကို သိမ်းငှက်နက် ဆိတ်ဖြူ တော်လှန်ရေး တပ်ဦး BHSRF ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ Drone လက်ရုံးတပ်ဖွဲ့နဲ ညီနောင်မဟာမိတ်များ ဖြစ်ကြတဲ့ ပခုက္ကူခရိုင် အမှတ် (၈) တပ်ရင်း၊ တပ်ခွဲ (၁) တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

ဝါဇီ ငွေစက္ကူ စက်ရုံကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အတွင်းကလည်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက လာရောက်တိုက်ခိုက် ခဲ့ကြပါသေးတယ်။

 ----------------

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။



Share:

No comments:

Post a Comment