၂၀၂၄ မေလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံ
📌 ၂။ ထူးချွန် အာရှနွယ်ဖွား ကနေဒါနိုင်ငံသား ဆုပေးပွဲသို့ ပြောခွင့်ရပုဂ္ဂိုလ်တက်ရောက်
📌 ၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အများပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာအမိန့် ထုတ်ပြန်
📌 ၄။ KPPAနှင့် The Present Teamတို့မှ ပူးပေါင်း၍ ကွန်ပျူတာ(အခမဲ့) သင်တန်းအမှတ်စဉ်(၃)ကို ဖွင့်လှစ်
📌 ၅။ မြဝတီ-ရွှေကုက္ကိုလ်ကို ပေးထားတဲ့ အင်တာနက်နဲ့ဖုန်းဆက်သွယ်ရေး ထိုင်းနိုင်ငံဖြတ်တောက်
📌 ၆။ ကျောက်မဲနဲ့မန်တုံမှာ လေပြင်းနဲ့အတူ မိုးသီးကျတာကြောင့် အိမ်အလုံး ၃ဝကျော်ပျက်စီး
၂၀၂၄ ခုနှစ် မေလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု အရာရှိ ၂ဦးအပါအဝင် ၁ဝ ဦးသေဆုံးကာ ဂျက်ဖိုက်တာ ၂စင်း ပျက်စီး
🚩 ၂။ မတ္တရာနယ်က စစ်တပ်ဂိတ်ကို တိုက်ခိုက်မှုမှာ ဗိုလ်ကြီးတဦးအပါအဝင် ၁၂ ဦးသေဆုံးကာ PDF တဦးကျဆုံး
🚩 ၃။ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ရေကြောင်းအသုံးပြု၍ ထပ်မံတိုက်ခိုက်
🚩 ၄။ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသူကြီးနဲ့ ညီဖြစ်သူကို နှိပ်စက်သတ်ဖြတ်
🚩 ၅။ မုံရွာခရိုင်တပ်ရင်း ၂၅ ထံ ဗိုလ်ကြီးတဦး လက်နက်နဲ့တကွ အလင်းဝင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ပြည်ထောင်စုဝန်ကြီး နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင်နှင့်တွေ့ဆုံ
မေလ ၁၀ရက်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းဟာ နယူးဇီလန်နိုင်ငံ၏ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌအပါအဝင် ကော်မရှင်ဝင်များနှင့် မေလ (၉) ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတွေ့ဆုံမှုတွင် မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံရသည့် ပြည်သူများဘက်မှ ရပ်တည်ခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စုဘက်မှ ရပ်တည်ကာ စစ်တပ်၏ အကြမ်းဖက်မှုနှင့် ရက်စက်ယုတ်မာမှုများအား ရေငုံနှုတ်ပိတ်နေသည့်အတွက် အဆိုပါ လူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုရန်၊ နိုင်ငံတကာ လူ့အခွင့်အရေးကော်မရှင်များ
ဖွဲ့စည်းထားသည့် အသင်းအဖွဲ့များမှ ထုတ်ပယ်ပစ်ရန်တောင်းဆိုခဲ့ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းများက လက်ရှိအမျိုးသား ညီညွတ်ရေးအစိုးရသို့ တင်သွင်းထားသော လူ့အခွင့်အရေးကော်မရှင် တရပ်ပေါ်ပေါက်လာပါက အသိအမှတ်ပြု၍ ပူးပေါင်းဆောင်ရွက်ရန် ပေါ်ပေါက်လာမည့် မြန်မာနိုင်ငံဆိုင်ရာ ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင်သစ်အား နိုင်ငံတကာက အသိအမှတ်ပြုနိုင်ရေး တိုက်တွန်းပေးသွားရန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် နယူးဇီလန်ရောက် မြန်မာနိုင်ငံသားများအနေဖြင့် လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကြုံတွေ့နေသည့် အခက်အခဲများအား ဖိတ်ခေါ်ကြားနာမှုများပြုလုပ်ရန် တင်ပြပြောဆိုခဲ့ပါတယ်။
နယူးဇီလန် လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း နိုင်ငံတကာတွင် မြန်မာအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား အဆင့်နှိမ့်ချသတ်မှတ်၍ ထုတ်ပယ်မည့် အကြောင်းအရာအပေါ် ၎င်းတို့အနေဖြင့် စိတ်ပါဝင်စားမှုရှိကြောင်း၊ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ၍ ကြုံတွေ့နေရသည့် အခက်အခဲများကိုလည်း ကော်မရှင်အနေဖြင့် ကြားနာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၂။ ထူးချွန် အာရှနွယ်ဖွား ကနေဒါနိုင်ငံသား ဆုပေးပွဲသို့ ပြောခွင့်ရပုဂ္ဂိုလ်တက်ရောက်
မေလ(၁၀) ရက်။
ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့အခြေစိုက် Canadian Multicultural Council Asians in Ontario (CMC)ကကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ထူးချွန် အာရှနွယ်ဖွား ကနေဒါနိုင်ငံသား ဆုပေးပွဲအခမ်းအနားကို မေလ ၅ ရက် တနင်္ဂနွေနေ့က ကျင်းပခဲ့ရာ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော် ပါဝင်တက်ရောက်ခဲ့ကြောင်း NUG သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။
လူမှုအဝန်းအဝိုင်းအပေါ် စံနမူနာယူဖွယ် အကျိုးဆောင်ပေးခဲ့မှုများအတွက် တိုရွန်တို မြန်မာ ခရစ်ယာန်ဘုရားကျောင်း၏ အကြီးတန်းသင်းအုပ်ဆရာ မွန်တိုင်းရင်းသားတဦးဖြစ်သူ ဆရာ Solomon James ထူးချွန်ဆု ချီးမြှင့်ခံခဲ့ရပါသည်။
အခမ်းအနားသို့ ကနေဒါ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်နှင့် နိုင်ငံသားဆိုင်ရာ ဝန်ကြီးဌာန ဝန်ကြီး၏ ပါလီမန်ရေးရာအတွင်းဝန် Paul Chiang လည်း တက်ရောက်ခဲ့ပြီး မြန်မာ့အရေးကိစ္စ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာလူထုကို ထောက်ခံအားပေးရေးဆိုင်ရာ ကိစ္စရပ်များကို ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်နှင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြောဆိုခဲ့ပါသည်။
========================
📌📌 ၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အများပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာအမိန့် ထုတ်ပြန်
မေလ (၁၀)ရက်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အများပြည်သူပိုင်ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ အမိန့်အမှတ် ၁၀/၂၄ကို မေလ၁၀ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။
ကရင်နီပြည် စစ်မြေပြင်အတွင်း ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို ဖျက်ဆီးခြင်း၊ ဖေါက်ထွင်း ခိုးယူဖြုတ်ရောင်းခြင်းနှင့် ဝယ်ယူခြင်း ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး ထိုကဲ့သို့သော စည်းကမ်းမဲ့သည့် လုပ်ရပ်များကို ကိုင်တွယ်ဖြေရှင်းရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အပါအဝင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF)၊ ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ (KNPDP)၊ ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တို့ ပါဝင်သော တပ်ပေါင်းစု၏ ၂၀၂၄ ခုနှစ်၊ မေလ (၈) ရက်နေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ထုတ်ပြန်ချက်တွင် ကရင်နီပြည် စစ်မြေပြင်အတွင်းနှင့် မည်သည့်နေရာ၌မဆို ပြည်သူပိုင်ပစ္စည်းများနှင့် ပြည်သူလူထု၏ အိုးအိမ်ပစ္စည်းများကို ဖေါက်ထွင်း ခိုးယူခြင်း၊ ဖြုတ်ရောင်းခြင်း၊ ဝယ်ယူခြင်းနှင့် ဖျက်ဆီးခြင်းစသည့် တရားမဝင် လုပ်ရပ်များကို လုံးဝ တားမြစ်ထားပြီး ဖေါ်ပြပါ လုပ်ရပ်များကို ကျူးလွန်သည့် မည်သူ့ကိုမဆို တွေ့ရှိပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း
ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ KPPAနှင့် The Present Teamတို့မှ ပူးပေါင်း၍ ကွန်ပျူတာ(အခမဲ့) သင်တန်းအမှတ်စဉ်(၃)ကို ဖွင့်လှစ်
မေလ ၁၀ရက်။
Radio NUG
မေလ ၁၀ရက်နေ့မှာ KPPAနှင့် The Present Teamတို့မှ ပူးပေါင်း၍ ကွန်ပျူတာ(အခမဲ့) သင်တန်းအမှတ်စဉ်(၃)ကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA)က သတင်းထုတ်ပြန်ထားပါတယ်။
လူငယ်များအား အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် အခွင့်အရေးများ ဖန်တီးပေးခြင်းအားဖြင့် နိုင်ငံတော်တည်ဆောက်ရေးကို တစ်ထောင့်တစ်နေရာမှ တွန်းအားဖြစ်စေနိုင်သလို လူ့အရင်းအမြစ်မည်မျှအားကောင်း၊ မကောင်းအပေါ်မူတည်၍ ဖွံ့ဖြိုးတဲ့နိုင်ငံတော်ဖြစ်မဖြစ် အနာဂတ်ကာလ၌ အဆုံးအဖြတ်ဖြစ်စေနိုင်သဖြင့် လူငယ်များကို ကွန်ပျူတာသင်တန်း အခမဲ့သင်ကြားပေးခြင်း ဖြစ်ကြောင်း သိရပါတယ်။
ပူးပေါင်းဆောင်ရွက်ခဲ့သော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်အသီးသီးတို့အား အထူးပင်ကျေးဇူးတင်ရှိအပ်ပါကြောင်းနှင့် လာမည့် အပတ်စဉ်များကို ဆက်လက်အခမဲ့သင်ကြားပေးနိုင်ရေး ပူးပေါင်းကူညီဆောင်ရွက်လိုသူများကို KPPAမှ နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၅။ မြဝတီ-ရွှေကုက္ကိုလ်ကို ပေးထားတဲ့ အင်တာနက်နဲ့ဖုန်းဆက်သွယ်ရေး ထိုင်းနိုင်ငံဖြတ်တောက်
မေ ၁၀ရက်။
Radio NUG
မေလ ၉ ရက်နေ့မှာ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် မြဝတီ ရွှေကုက္ကိုလ်ဘက်က အွန်လိုင်းငွေလိမ်လည်ဂိုဏ်းတွေ ကျာ့ဖျန့်တွေကို ပေးနေတဲ့ အင်တာနက်နဲ့ မိုဘိုင်းဖုန်း Signal ကေဘယ်လိုင်းတွေကို ဖြတ်တောက်လိုက်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံ National Broadcasting and Telecommunication Commission အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်က တာ့ခရိုင်မဲဆောက်မြို့၊ သတင်းစာရှင်းလင်းပွဲမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
National Broadcasting and Telecommunication Commission အမျိုးသား အသံလွှင့်ဌာနနဲ့ ဆက်သွယ်ရေးကော်မရှင်ရုံးက တာဝန်ရှိသူက တာ့ခ်ခရိုင် ဖွတ်ဖရမြို့နယ် မယ်လမမြို့နယ်က တဆင့်
မြန်မာဘက်ကိုပေးထားတဲ့အင်တာနက် ကေဘယ်ကြိုးလိုင်းပေါင်း ၆၉ လိုင်း ရှိကြောင်းနဲ့ အခုလိုဆက်သွယ်ပေးထားတဲ့ အင်တာနက်လိုင်းက တာ၀န်ရှိသူတွေအနေနဲ့ တရားမဝင်ပေးထားတာတွေကို ၁၅ ရက်အတွင်း အားလုံး ဖြတ်တောက်ရမယ်"လို့ အကြောင်းကြားစာပို့ထားကြောင်း ပြောသွားတယ်လို့ သိရပါတယ်။
ထိုင်းအစိုးရအနေနဲ့ ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်းကလည်း ရွှေကုက္ကိုလ်ဆီပေးထားတဲ့ လျှပ်စစ်မီးနဲ့အင်တာနက်၊ ဝိုင်ဖိုင်လိုင်းတွေကို ဖြတ်တောက်တာတွေပြုလုပ်ခဲ့ပါတယ်။
========================
📌📌 ၆။ ကျောက်မဲနဲ့မန်တုံမှာ လေပြင်းနဲ့အတူ မိုးသီးကျတာကြောင့် အိမ်အလုံး ၃ဝကျော်ပျက်စီး
မေလ ၁၀ရက်။
ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းပြည် တပ်မဟာ -၂ စစ်ဒေသ ကျောက်မဲမြို့နယ်နဲ့ မန်တုံမြို့တွေမှာ လေပြင်းတိုက်ခတ်ပြီးမိုးသီးတွေပါ ကျတာကြောင့် အိမ်အလုံး ၃ဝ ကျော် ပျက်စီးသွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
မေလ ၉ ရက်နေ့ ည ၁၂ နာရီခန့်အချိန်မှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးများရွာချတာကြောင့် ကျောက်မဲမြို့နယ် စခန်းသာ ကျေးရွာ ဒေသခံနေအိမ် အလုံး ၃ဝ ကျော်ပျက်စီးတဲ့အပြင် တောင်ယာတွေနဲ့ ပြောင်းခင်းတွေလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နောင်ပိန်မှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေးမီးတိုင် ၁၈ တိုင်လဲကျသွားတဲ့အပြင် လမ်းမကြီးပေါ်ကိုလည်း သစ်ပင်တွေ ပြိုလဲကျတာကြောင့် လမ်းပိတ်ဆို့တဲ့အထိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
မန်တုံမြို့မှာလည်း မိုးရွာသွန်းခြင်းနဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ် ၃ လုံး ပျက်စီသွားခဲ့တယ်လို့ PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း နမ္မတူမြို့နယ်အတွင်း ၁၅ မိနစ်ကြာ လေဆင်နှမောင်း တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူပိုင် နေအိမ် ၈၀ ကျော် ပျက်စီးခဲ့ရပါတယ်။
အခု မေလအတွင်း နမ္မတူ၊ မန်တုံ၊ နောင်ချို ၊ သီပေါ စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေကျခြင်းတို့ကြောင့် နေအိမ်များပျက်စီးခြင်း၊ သစ်ပင်များပြိုလဲခြင်း၊ ဒေသခံတွေရဲ့ တောင်ယာနဲ့ပြောင်းခင်းတွေ ပျက်စီးခဲ့ရတယ်လို့ PSLF/ TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်မှု အရာရှိ ၂ဦးအပါအဝင် ၁ဝ ဦးသေဆုံးကာ ဂျက်ဖိုက်တာ ၂စင်း ပျက်စီး
မေလ ၁၀ရက်။
ပဲခူးတိုင်း တောင်ငူမြို့မှာရှိတဲ့ စစ်ကောင်စီလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ၁ဝ၇ မမ ရှော့တိုက်ဒုန်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ အရာရှိ ၂ဦးနဲ့ စစ်သား ၈ ဦး သေဆုံးပြီး ဂျက်ဖိုက်တာ ၂စင်း ထိခိုက်ပျက်စီးသွားတယ်လို့ Brave Warriors for Myanmar -BWM က ထုတ်ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar-BWM အဖွဲ့ကစီမံပြီး Mountain Knights Civilian Defense Force -MKCDF အဖွဲ့က ဦးဆောင်ကာ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေက မေလ ၁ဝ ရက်နေ့ မနက် ၄ နာရီခွဲခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
လတ်တလောစုံစမ်းသိရှိထားတဲ့ စာရင်းတွေအရ K8 Hangar တလုံး မီးလောင်ပျက်စီးကာ အဆောက်အအုံပြိုကျတာကြောင့် ဂျက်ဖိုက်တာတစင်း အတောင်ကျိုးကာ ဂျက်ဖိုက်တာတစင်း အမြီးပိုင်းကျိုးသွားတယ်လို့ BWM က မေလ ၁ဝ ရက် မွန်းခွဲ ၃ နာရီခွဲခန့်မှာအသိပေးပါတယ်။
ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ပစ်လွှတ်လိုက်တဲ့ ရှော့တိုက်ဒုံးတွေဟာ ခဲယမ်းတွေထားရှိရာ စတိုအနီး ကျရောက်ပေါက်ကွဲတာကြောင့် ဓာတုဗုံးတွေကို ရွှေ့ပြောင်းနေတယ်လို့လည်း ဆိုပါတယ်။
ဒီဗုံးသီးတွေဟာ အန္တရာယ်ရှိတဲ့ အနေအထားဖြစ်နေတာကြောင့် ကန့်သတ်ထားပြီး ပေါက်ကွဲမှုသတင်း ဖုံးထားတယ်လို့လည်း ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီဘက်က အရာရှိ ၂ဦးနဲ့စစ်သား ၈ ဦးသေဆုံးတဲ့အပြင် အဆောက်အအုံ ၂ လုံးနဲ့ ပရိဘောဂပစ္စည်းအချို့ပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ လေကြောင်းတိုက်ခိုက်မှုတွေကို ယခင်ထက် အဆများစွာပိုသုံးပြုလာပြီး ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးတွေသုံးပြီး မရပ်မနားဗုံးကြဲကာ သမိုင်းတွင်အောင် ရက်စက်ယုတ်မာနေတာကြောင့် အကြမ်းဖက်စစ်ကောင်စီကို လက်တုံ့ပြန်တဲ့အနေနဲ့ ၎င်းတို့အားထားရာ တောင်ငူလေတပ်စခန်းကို တိုက်ခိုက်ရတာလို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ကရင်နီဒေသ ကုန်းသာရွာနဲ့ ဆောမြို့နယ် ကျောက်ထုတိုက်နယ်ထဲက အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်းအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားက ကလေးသူငယ်တွေနဲ့ ပြည်သူလူထုကို ရန်သူသဖွယ် လေကြောင်းကနေတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ BWM အဖွဲ့ရဲ့ စီမံမှု MKCDF ရဲ့ ဦးဆောင်မှုတို့ဖြင့် မိတ်ဖက်အဖွဲ့များ ပူးပေါင်းပြီး ရှော့တိုက်ဒုံး ၁ဝ လုံးနဲ့ တိုက်ခိုက်ခဲ့ရာမှာ ၇ လုံး အောင်မြင်စွာ ပေါက်ကွဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၂။ မတ္တရာနယ်က စစ်တပ်ဂိတ်ကို တိုက်ခိုက်မှုမှာ ဗိုလ်ကြီးတဦးအပါအဝင် ၁၂ ဦးသေဆုံးကာ PDF တဦးကျဆုံး
မေလ ၁၀ရက်။
မန္တလေးတိုင်း မတ္တရာမြို့နယ်ထဲက တောင်တံငါကျေးရွာဘုန်းကြီးကျောင်းအနီးမှာ တပ်စွဲနေတဲ့ စစ်တပ်ဂိတ်ကို တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးသွားသလို PDF တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက အသိပေးထုတ်ပြန်ပါတယ်။
စစ်အုပ်စုဘက်က အင်အား ၃ဝ လောက်နဲ့ တပ်စွဲထားတဲ့ မတ္တရာမြို့မြောက်ဘက် ၂ မိုင်အကွာက တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်အထိုင်စခန်းငယ်ကို မေလ-၁၀ ရက် မနက် ၅ နာရီအချိန်မှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၅ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီအထိုင်စခန်းငယ်ဟာ မတ္တရာမြို့ကနေ စဉ့်ကူးဘက်ကိုသွားတဲ့ မြို့အထွက်မှာရှိပြီး မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကြားမှာ ဒေသခံပြည်သူတွေကို အဓမ္မငွေကြေး ကောက်ခံနေတဲ့ စစ်ကောင်စီစခန်းဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်းမှာ Drone Jammer တလတ်၊ လက်နက်ခဲယမ်းအများအပြားနဲ့ ဗိုလ်ကြီးတဦးအပါအဝင် ရန်သူ့အလောင်း ၁၂ လောင်းခန့် သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲအတွင်း ရန်သူစစ်ကောင်စီဘက်က စစ်သားတွေ ကစဉ့်ကလျားထွက်ပြေးသွားသူတွေလည်း ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးက အသိပေးပါတယ်။
အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေများသလို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဘက်က ရဲဘော်တဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရတယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ သေနတ်တွေထဲမှာ စစ်ဗိုလ်ကိုင်တဲ့ ပစ္စတိုသေနတ်ဟာ ကလေးကစားစရာ ပလက်စတစ်ကော်စေ့သေနတ် ဖြစ်နေတာကို တွေ့ရတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေး စစ်ဦးစီးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို တောင်တံငါကျေးရွာက စစ်တပ်အထိုင်ဂိတ်စခန်း တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်တပ်က မိုးကုတ်-မန္တလေး လမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့်ပိတ်လိုက်ရာ မေလ ၁ဝ ရက်နေ့ ညနေပိုင်းအထိ ပြန်မဖွင့်သေးဘူးလို့ သိရပါတယ်။
========================
🚩🚩 ၃။ ကနက်သီရိကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ရေကြောင်းအသုံးပြု၍ ထပ်မံတိုက်ခိုက်
မေလ ၁၀ရက်။
Radio NUG
မေလ ၁၀ရက်နေ့ နေလယ် ၁၂နာရီ ၁၅မိနစ်အချိန်ခန့်တွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာ(နတ်ဆိရွာ)ကို စစ်ကောင်စီတပ်က လေကြောင်း၊ ရေကြောင်းအသုံးပြု၍ ဗုံးသီး အလုံး(၂၀)ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ကနက်သီရိရွာသူ/ရွာသားများအတွက် ဆွေးနွေးမှုပေါင်းစုံနဲ့ အမျှဝေမှုများအား လူမှုစာမျက်နှာကနေ သတင်းထုတ်ပြန်ထားပါတယ်။
ကနက်သီရိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိပဲ စစ်ကောင်စီလေကြောင်းမှ ဟိုက်စကီး(၂)စီးနှင့် ဂျက်ဖိုက်တာ(၁)စီးတို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရေကြောင်းမှ စစ်သင်္ဘောများမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၄၀)ကျော်အရွယ် ကိုနောင်ဂေါ၊ အသက်(၄၀)အရွယ် ကိုနိုင်ကြီးနှင့် အသက် (၄၅)နှစ်ဝန်းကျင်အရွယ် ကိုညီဦးတို့ ထပ်မံအသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မေလ ၈ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက်(၁၆)နှစ်ရွယ် ကလေးငယ် မောင်ပိုင်စိုးသူနှင့်မောင်ဟိန်းပြည့်ဖြိုးတို့ နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပြီး မေလ ၁၀ရက်နေ့တွင်လည်း နောက်ထပ် (၃)ဦး ထပ်မံအသက်ဆုံးရှုံးခဲ့ရကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ရွာသူကြီးနဲ့ ညီဖြစ်သူကို နှိပ်စက်သတ်ဖြတ်
မေလ ၁၀ရက်.
Radio NUG
မေလ ၁၀ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ဟာ ဆီဆိုင်မြို့နယ် နောင်ရင်းကျေးရွာရဲ့ ရွာသူကြီးနဲ့ ညီဖြစ်သူကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ PNLAသတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
စစ်ဘေးရှောင်နေတဲ့ ရွာသူကြီး ဝေးဇာခွန်နဲ့ ညီဖြစ်သူ ဝေးပလွန်ကို စစ်ကောင်စီနဲ့လက်အောက်ခံ PNO ပြည်သူ့စစ်က ပြောဆိုတိုင်ပင်စရာရှိတဲ့အတွက် ရွာသို့ ခဏပြန်လာခဲ့ရန် လိမ်ညာပြောဆိုခဲ့တာဖြစ်ပြီး ရွာသူကြီးနဲ့ ညီဖြစ်သူ ရွာထဲပြန်ရောက်တဲ့အချိန် စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ရွာသူကြီး ဝေးဇာခွန်ဟာ ရပ်ရွာအကျိုးကို သယ်ပိုးနေသူဖြစ်ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း ကူညီစောင့်ရှောက်ပေးနေတဲ့ ဒေသခံလူထုအားကိုးရတဲ့သူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မုံရွာခရိုင်တပ်ရင်း ၂၅ ထံ ဗိုလ်ကြီးတဦး လက်နက်နဲ့တကွ အလင်းဝင်
မေလ ၁၀ရက်။
စစ်ကိုင်းတိုင်း မုံရွာခရိုင်တပ်ရင်း ၂၅ ထံ ဗိုလ်ကြီးတဦး လက်နက်နဲ့တကွ အလင်းဝင်လာတယ်လို့ မုံရွာခရိုင်အခြေစိုက် သံမဏိ Force - MPDF Battalion တပ်ဖွဲ့က ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က ဗိုလ်ကြီးဟာ MA-3 သေနတ်တလက်နဲ့ကျည်အချို့ယူဆောင်ကာ မေလ ၈ ရက်နေ့မှာ သံမဏိ Force - MPDF Battalion တပ်ဖွဲ့ (မုံရွာခရိုင်တပ်ရင်း ၂၅)ထံ အလင်းဝင်တာလို့ဆိုပါတယ်။
မုံရွာခရိုင်တပ်ရင်း ၂၅ က ရဲဘော်တွေ ရှေ့တန်းထွက်နေချိန်မှာ နောက်ချန်အင်အားအဖြစ်ကျန်နေတဲ့ ဒုတပ်ရင်းမှူးနဲ့ ရဲဘော်တွေရဲ့ ကြိုးစားမှုလို့လည်း အသိပေးထားပါတယ်။
ခင်ဗျားတို့ဘက်ကသာ ထွက်ခဲ့ဖို့စိတ်ဆုံးဖြတ်ပြီးရင် ကျွန်တော်တို့ကို ရအောင်ဆက်သွယ်ပါ။ ကျွန်တော်တို့ဘက်က ဘယ်နေရာမှာဘဲရှိရှိ ရအောင်လာခေါ်ပေးမှာပါ။
ဒါကဘာကိုပြောချင်လဲဆိုတော့ ကျွန်တော်တို့ဘက်က လေးစားလိုက်နာရမယ့် စည်းကမ်းအတိုင်း ဆောင်ရွက်နေလို့ပါ။
လာပါ ခင်ဗျားတို့မိသားစုတွေ ရှေ့ရေးအတွက် ကျွန်တော်တို့နဲ့ လာပူးပေါင်းပါလို့ သံမဏိ Force - MPDF Battalion တပ်ဖွဲ့ကဖိတ်ခေါ်ထားပါတယ်။
ပြည်သူဘက်သို့ ပူးပေါင်းလိုတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ သံမဏိ Force -Mpdf Battalion ကို အမြန်ဆုံး ဆက်သွယ်ပြီး အလင်းဝင်နိုင်တယ်လို့လည်း အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment