၂၀၂၄ မေလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG ရပ်ရွာလူထု အခြေပြု အ.ထ.က ကျောင်းမှာ စုံညီပွဲတော် ပြုလုပ်ပြီး အောင်လက်မှတ် ပေးအပ်
📌 ၂။ ဒိုက်ဦးထောင်မှာ နိုင်ငံရေး အကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရဘဲ သေဆုံး
📌 ၃။ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်တပ်က ထောင်ဒဏ် ၂၄ နှစ် ထမ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ်နှစ် ၇၀ ချမှတ်ခံထားရ
📌 ၄။ လောင်းလုံးမြို့နယ်အတွင်း "USA, UK, EU_ Ban The Export of jet fuel to Myanmar"၊ "USA၊ UK၊ EU မြန်မာနိုင်ငံသို့ လေယဥ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
၂၀၂၄ ခုနှစ် မေလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ချောင်းဦး-မုံရွာ ကားလမ်းပေါ်ရှိ တောင်ပုံရွာအနီးတွင် ခရီးသွားပြည်သူများနှင့် ခရီးသွားကားများအား ဆက်ကြေးကောက်ခံလျက်ရှိသော
စကစ ဂိတ်စခန်းအား ဝင်ရောက်ပစ်ခတ်
🚩 ၂။ စစ်ကိုင်းခရိုင်၊ လက်ထုတ္တောရွာရှိ ကြံခိုင်ရေးပါတီဝင်များအပါအဝင် ပြည်သူ(၃၀)ကျော်အား စစ်ကောင်စီမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်
🚩 ၃။ စစ်ကောင်စီက ကျေးရွာများအတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကျိုက်ထိုမြို့နယ်မှာ ပြည်သူတစ်ဦး သေဆုံး
🚩 ၄။ ဘီးလင်းတွင် တံတားမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
🚩 ၅။ တမူးခရိုင်၊ မြို့သစ်မြို့အား သိမ်းပိုက်၊ ရဲ ၂၁ ဦး အလံဖြူပြလက်နက်ချ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ NUG ရပ်ရွာလူထု အခြေပြု အ.ထ.က ကျောင်းမှာ စုံညီပွဲတော် ပြုလုပ်ပြီး အောင်လက်မှတ် ပေးအပ်
မေလ ၁၁ ရက်။၊
မကွေးတိုင်း၊ ရေစကြိုမြို့နယ်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ ရပ်ရွာလူထု အခြေပြု အထက်တန်းကျောင်း တကျောင်းမှာ ပညာရေးစုံညီပွဲတော် ပြုလုပ်ပြီး အောင်လက်မှတ် ပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ မြေလတ်အသံ သတင်းဌာနက ဖော်ပြပါတယ်။
အဆိုပါ ပညာရေး စုံညီပွဲတော်ကို မေလ ၉ ရက်နေ့က ကျင်းပခဲ့တာ ဖြစ်ပြီး သင်တန်းသား/သူ၊ ဆရာ/မ များနဲ့ ဒေသခံ မိဘပြည်သူများ တက်ရောက်ခဲ့ကြတယ်လို့ ရေစကြိုမြို့နယ်၊ ပညာရေးမိသားစု ဌာန PEC.5 ထံမှ သိရှိရပါတယ်။
အဆိုပါ အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အစောပိုင်းမှ စတင်ကာ အင်္ဂလိပ်စာ သင်တန်းကို သင်ကြားပေးခဲ့ပြီး ဇန်နဝါရီလ အစောပိုင်းမှာတော့ ကွန်ပျူတာ အခြေခံသင်တန်းကို စတင်သင်ကြားပေးခဲ့ကာ ၎င်းသင်တန်းသားများကိုလည်း စုံညီပွဲတော်မှာ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
သင်တန်းနှစ်ခုပေါင်း သင်တန်းသား ၁၀ ဦးနဲ့ သင်တန်းသူ ၆၀ ဦး တက်ရောက်ခဲ့ကြပေမယ့် အခက်အခဲ တချို့ကြောင့် သင်တန်သား ၃၇ ဦးကိုသာ သင်တန်းဆင်း လက်မှတ် ထုတ်ပေးနိုင်ခဲ့တယ်လို့ PEC.5 တာဝန်ခံ က ပြောပြပါတယ်။
အဆိုပါ ပညာရေးစုံညီ ပွဲတော်မှာ တက်ရောက်လာကြ သူများကို ကျောင်းသား/သူ လူငယ်လေးများက အကအလှများဖြင့်လည်း ဖျော်ဖြေခဲ့ကြတယ်လို့ သိရှိရပါတယ်။
========================
📌📌 ၂။ ဒိုက်ဦးထောင်မှာ နိုင်ငံရေး အကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရဘဲ သေဆုံး
မေလ ၁၁ ရက်။
ပဲခူးတိုင်း၊ ဒိုက်ဦး ဗဟိုကျဉ်းထောင်မှာ ဆေးဝါးကုသမှု အချိန်လုံလောက်စွာ မရရှိခဲ့တာကြောင့် နိုင်ငံရေး အကျဉ်းသား တစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။
မေလ ၈ ရက်နေ့ ည ၈ နာရီ အချိန်မှာ ဒိုက်ဦး အကျဉ်းထောင်က ပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ် မတရားချမှတ်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား ကိုလင်းလင်းထွန်းဟာ ပြင်ပဆေးရုံမှာ အချိန်မှီ ဆေးကုသခွင့် မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါ အသက် ၃၂ နှစ်အရွယ်ရှိ ကိုလင်းလင်းထွန်းဟာ စစ်တပ်ရဲ့ စစ်ကြောရေးမှာ နှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ မသက်သာလာတာကြောင့် ပြင်ပဆေးရုံမှာ ဆေးကုသခွင့် ရရှိဖို့ အကြိမ်ကြိမ် တောင်းခံခဲ့ပေမယ့် နောက်ဆုံး သေဆုံးတော့မယ့် ညမှ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
PPNM က ကောက်ယူထားတဲ့ စာရင်းတွေအရ ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက်ကနေ မေလ ၈ ရက်အထိ လေးလတာကာလအတွင်း ဆေးကုသခွင့် အချိန်မှီ မရရှိခဲ့တာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား ၃ ဦး ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
ထို့သို့ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းထောင်ထဲမှာ အချိန်မှီ ဆေးဝါးကုသခွင့် မရရှိဘဲ သေဆုံးနေရတဲ့အပေါ် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အနေနဲံ့ အကျဉ်းထောင်တွေထဲ ဝင်ရောက်လေ့လာစေချင်တယ်လို့ PPNM မှ တာဝန်ရှိသူက ပြောပါတယ်။
========================
📌📌 ၃။ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်တပ်က ထောင်ဒဏ် ၂၄ နှစ် ထမ်မံချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ်နှစ် ၇၀ ချမှတ်ခံထားရ
မေလ ၁၁ရက်။
စစ်ကိုင်းတိုင်း မုံရွာမြို့ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်အုပ်စုက မေလ ၁၀ ရက်နေ့မှာ ထောင်ဒဏ်( ၂၄ နှစ်ထပ်မံချမှတ်လိုက်တယ်လို့ သိရှိရပါတယ်။
မုံရွာအကျဉ်းထောင်တွင်းမှာ အကျဉ်းကျခံနေရ တဲ့ မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်အုပ်စုက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂(၂) /၁၄၉အရ ထောင်ဒဏ် အနှစ် ၂၀ ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅အရ ထောင်ဒဏ် ၂ နှစ် ၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၆၄ အရ ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ထောင်ဒဏ် ၂၄ နှစ်ကို သီးခြားစီကျခံစေဖို့ အမိန့်ချလိုက်တာဖြစ်တယ်လို့ သိရပါတယ်။
မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်အုပ်စုက ပုဒ်မ အများအပြားနဲ့ထောင်ဒဏ်(၄၆)နှစ် ချမှတ်ထားပြီး မေလ ၁၁ရက်နေ့ ထပ်မံချမှတ်လိုက်တဲ့ထောင်ဒဏ် ၂၄ နှစ် အပါအဝင် စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ချမှတ်ခံလိုက်ရတာဖြစ်ပါတယ်။
ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့မှာ မုံရွာမြို့ သာစည်လမ်း၊ ရွှေဂူကျောင်းအနီး စစ်တပ်အာဏာသိမ်းမှု အလိုမရှိကြောင်း ဆန္ဒပြသပိတ်ထွက်စဉ် စစ်တပ်က ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၄။ လောင်းလုံးမြို့နယ်အတွင်း "USA, UK, EU_ Ban The Export of jet fuel to Myanmar"၊ "USA၊ UK၊ EU မြန်မာနိုင်ငံသို့ လေယဥ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ" ခေါင်းစဥ်နဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်
မေလ ၁၁ရက်။
Radio NUG
မေလ ၁၁ ရက်၊ ညနေပိုင်းတွင် တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း "USA, UK, EU_ Ban The Export of jet fuel to Myanmar"၊ "USA၊ UK၊ EU မြန်မာနိုင်ငံသို့ လေယဥ်ဆီတင်ပို့မှုကို တားဆီးပိတ်ပင်ပါ" ခေါင်းစဥ်နဲ့ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က မတရား အာဏာသိမ်းယူသည့် အချိန်ကနေ အခုချိန်အထိ လေကြောင်း တိုက်ခိုက်ခံရမှုများကြောင့် ပြည်သူတွေ အသက်သေဆုံးနေကြရတာဟာ မြန်မာစစ်တပ်က အခုချိန်အထိ လေယာဥ်ဆီတွေ အလွယ်တကူ ဝယ်ယူရရှိနေမှုနဲ့ တိုက်ရိုက်သက်ဆိုင်ကြောင်း၊ ကမ္ဘာ့အင်အားကြီး ဒီမိုကရေစီအင်အားစုတွေလည်းဖြစ်တဲ့ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးထောက်ခံတဲ့ အင်အားစုတွေလည်းဖြစ်တဲ့ USA၊ UK နဲ့ EU တို့ဟာ စစ်ကောင်စီထံ လေယာဥ်ဆီတင်ပို့ ရောင်းချနေမှုတွေကို ပိတ်ပင်တားဆီးနိုင်တဲ့ အခွင့်အာဏာတွေ ရှိနေပေမယ့် အခုချိန်အထိ ထိထိရောက်ရောက် ပိတ်ပင်တားဆီးတာမျိုး မလုပ်ဆောင်သေးကြောင်း၊ မြန်မာစစ်တပ်က အခုလို လေယာဥ်ဆီ အလွယ်တကူရရှိနေသရွေတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေလည်း တချိန်လုံး ခြိမ်းခြောက်ခံနေရမှာ ဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၈ ရက်နဲ့ ၁၀ ရက်နေ့တွေမှာပဲ အရပ်သားပြည်သူတွေသာနေထိုင်တဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာနဲ့ အနီးအနားတဝိုက်ကို လေကြောင်းကနေတိုက်ခိုက်လို့ ဆယ်ကျော်သက်ကလေးငယ် နှစ်ဦးအပါအဝင် အမျိူးသား ငါးဦးသေဆုံးခဲ့ရပါတယ်။
ဉာဏ်လင်းသစ် သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရတော့ အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအထိ သုံးနှစ်လောက်အတွင်း နိုင်ငံတဝှမ်း စစ်ကောင်စီရဲ့ လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၉၃၆ ဦးရှိပြီလို့သိရပါတယ်။
ဒါကြောင့် USA၊ UK၊ EU တို့အနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အမှန်တကယ် လေးစားတန်ဖိုးထားပါက မြန်မာစစ်တပ်ထံ လေယာဥ်ဆီတွေမရောက်အောင် ပိတ်ပင်တားဆီးမှုတွေကို ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ အထူးလိုအပ်ပါတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ချောင်းဦး-မုံရွာ ကားလမ်းပေါ်ရှိ တောင်ပုံရွာအနီးတွင် ခရီးသွားပြည်သူများနှင့် ခရီးသွားကားများအား ဆက်ကြေးကောက်ခံလျက်ရှိသော
စကစ ဂိတ်စခန်းအား ဝင်ရောက်ပစ်ခတ်
မေလ ၁၁ရက်။
Radio NUG
မေလ ၉ရက်နေ့ မနက် ၁၁နာရီ ၂၅မိနစ်တွင် ချောင်းဦး-မုံရွာ ကားလမ်းပေါ်ရှိ တောင်ပုံရွာအနီးတွင် ခရီးသွားပြည်သူများအား အတင်းအဓမ္မ ငွေကြေး တောင်းယူခြင်းများနှင့် ခရီးသွားကားများအား မတရားသဖြင့် ဆက်ကြေးကောက်ခံလျက်ရှိသော စကစ ဂိတ်စခန်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ပူပေါင်း၍ ရှောင်တခင် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် အမှတ်(၁၂ )တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။
စကစ တပ်သား ၁၀ ဦးခန့်သည် ချောင်းဦး-မုံရွာ ကားလမ်းပေါ်ရှိ တောင်ပုံရွာအနီး ကွမ်းယာဆိုင်အား ဂိတ်စခန်းအဖြစ် အသုံးပြုပြီး နေ့စဉ် ခရီးပြည်သူများနှင့် ကားများအား အတင်းအဓမ္မ ငွေကြေးကောက်ခံခြင်းများ ပြုလုပ်နေသည်ကို ကြားသိရလို့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များ ၅ ရက်ခန့် အချိန်ယူ ကြိုတင်ပြင်ဆင်၍ အဆိုပါ စကစ ဂိတ်စခန်းအား ရှောင်တခင် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
၁၅ မိနစ်အကြာ အပြန်လှန်ပစ်ခတ်ပြီးနောက် စကစ တပ်သား ၃ ဦး လဲကျ သေဆုံးသွားသည်ကို မျက်မြင်သိရသော်လည်း ကျန်ရှိနေသေးသည့် စကစ တပ်သားများဘက်များဘက်မှ လက်ပစ်ဗုံးများဖြင့် ပစ်ခတ်လာသောကြောင့် လက်နက်များ သွားရောက်သိမ်းဆည်းနိုင်ခြင်း မရှိဘဲ တော်လှန်ရေးရဲဘော်များ အားလုံး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင် အမှတ်(၁၂)တပ်ရင်းတပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ၊ Anyathian Revolutionary Syndicate(ARS)တို့ အတူတကွပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ စစ်ကိုင်းခရိုင်၊ လက်ထုတ္တောရွာရှိ ကြံခိုင်ရေးပါတီဝင်များအပါအဝင် ပြည်သူ(၃၀)ကျော်အား စစ်ကောင်စီမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်
မေလ ၁၁ရက်။
Radio NUG
မေလ (၁၁) ရက် နံနက် (၅)နာရီခန့်တွင် စစ်ကိုင်းခရိုင်၊ လက်ထုတ္တောရွာရှိ ကြံ့ခိုင်ရေးပါတီဝင်များအပါအဝင် ပြည်သူ (၃၀) ကျော်အား စစ်ကောင်စီမှ အစုလိုက်အပြုံလိုက်သတ်ဖြတ်သွားကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်းမရှိသော စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာသို့ စစ်ကောင်စီမှ ဒရုန်းနှင့် လက်နက်ကြီးများဖြင့် ဗုံးအလုံး (၃၀) ခန့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် ဘုန်းကြီးကျောင်းအတွင်း တိမ်းရှောင်နေသော ရွာသား (၂၄) ဦးနှင့် အမျိုးသမီး (၁) ဦးအပါ ရွာခံပြည်သူ (၃၁) ဦးတို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရပြည်သူ (၁၀) ဦးကို ဆေးရုံသို့ ပို့ဆောင်ရာလမ်းတွင် (၁)ဦး ထပ်မံ သေဆုံးခဲ့ပါတယ်။
သေဆုံးသူများထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အချို့လည်း ပါဝင်ပြီး အမျိုးသမီးပြည်သူအပါ (၂၀) ခန့်အားလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရပါတယ်။
အဆိုပါ သတ်ဖြတ်မီးရှို့ဖမ်းဆီး ခေါ်ဆောင်မှုများကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ ဘုန်းကြီးကျောင်းတွင် အခြေချနေသော အမှတ်-၁၃ ခြေမြန်တပ်ရင်း (ခမရ-၁၃)၊ အမှတ်-၉၀၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း(စအရ-၉၀၉)၊ စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသော လှုပ်ရှားတပ်ဖွဲ့၊ ပျူစောထီး ပူးပေါင်းအင်အား (၄၀)ခန့်နှင့် မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ နတ်ရေကန်ရွာမှ အမှတ်-၉၂၉ ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်း (ထပရ-၉၂၉) ပူးပေါင်းအင်အား (၃၀) ခန့်တို့မှ ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ပြည်သူများအား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့၍ မီးရှို့ခဲ့ကြခြင်းဖြစ်ကြောင်း
သတင်းထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီက ကျေးရွာများအတွင်းကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ကျိုက်ထိုမြို့နယ်မှာ ပြည်သူတစ်ဦး သေဆုံး
မေလ ၁၁ ရက်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဇီးပြောင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ပြည်သူတစ်ဦး သေဆုံးခဲ့ရတယ်လို့ KNU - ဒူးသထူ (သထုံ) ခရိုင်က ထုတ်ပြန်ထားပါတယ်။
မေလ ၆ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ ခန့်ကနေ ၅ နာရီအတွင်း စစ်ကောင်စီရဲ့ အ.မ.တ (၃၀၁) တပ်မှ ၁၂၀ မမ ဟောင်ဝစ်ဇာ ၄ လုံး ပစ်ခတ်ခဲ့ရာမှာ ဇီးပြောင်းရွာထိပ်က ရာဘာခြံထဲ ၁ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး ထိမှန်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးခဲ့သူမှာ အသက် ၄၅ နှစ်အရွယ်ရှိ ဇီးပြောင်း (၁) ရွာသား ဦးသန်းအောင် ဆိုသူဖြစ်ပြီး မနက်ပိုင်း ၄ နာရီ ၅၂ မိနစ်ခန့်မှာ ရာဘာစေး ခြစ်နေရင်း လက်နက်ကြီးကျည် ထိမှန်ခဲ့တာလို့ ဆိုပါတယ်။
၎င်းလက်နက်ကြီးကျည် ထိမှန်ခဲ့ကာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် ဒေသတွင်း ဆေးခန်းတခုမှာ ဆေးကုသမှု ခံယူခဲ့ပေမယ့် နောက်တနေ့ (မေလ ၇ ရက်) မနက် ၈ နာရီ ၅ မိနစ်မှာ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
KNU သထုံခရိုင် အုပ်ချုပ်နယ်မြေထဲက ကျေးရွာတွေထဲကို အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းများမှ ယခင်ကလည်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်တာ လူနေကျေးရွာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တောက်လျောက် ကျူးလွန်နေခဲ့ကြောင်းကို KNU က အသိပေးထားပါတယ်။
========================
🚩🚩 ၄။ ဘီးလင်းတွင် တံတားမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ
မေလ ၁၁ ရက်။
ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က ကျုံအိပ်တံတား မိုင်းခွဲခံရပြီးနောက် စစ်ကောင်စီ အမြှောက်တပ် အမတ (၃၁၄) ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ဒေသခံ (၂) ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Rehmonnya FM က ဖော်ပြ ပါတယ်။
မေလ ၁၁ ရက် မနက် ၂ နာရီခန့်မှာ သထုံနှင့် ဘီးလင်းအစပ်ရှိ အဆိုပါ ကျုံအိပ်တံတား အစောင့်စစ်သားတွေကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး တံတားကို မိုင်းခွဲကာ ဖြိုချဖျက်စီးခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ တံတားမိုင်းခွဲခံရပြီးနောက် ဇီးဝန်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ အမတ (၃၁၄) အမြှောက် တပ်ရင်းကနေ အဝန်းကြီးကျေးရွာနဲ့ ဒေါက်ရပ်ကျေးရွာထဲကို လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ၆ လုံးခန့် ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဝန်းကြီးကျေးရွာမှ လင်မယား ၂ ဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့ပြီး ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၂ လုံး ပျက်စီးခဲ့ရပြီး ဒေါက်ရပ် ကျေးရွာမှာလည်း ဒေသခံ ၈ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ ၂၀၂၃ ဇွန်လ ၂၉ ရက် မနက် ၄ နာရီခွဲခန့်မှာလည်း အဆိုပါ ကျုံအိပ်တံတားဟာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရဖူးပြီး ပျက်စီးသွားတဲ့ တံတားကို လာရောက်စစ်ဆေးတဲ့ စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို မနက် ၆ နာရီမှာ ထပ်မံတိုက်ခိုက် ခဲ့တာကြောင့် ၁ ဦးသေဆုံးကာ ၂၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ နှစ်လအတွင်း မွန်ပြည်နယ်မှာ မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ပြည်သူ ၃၁ ဦး အထိ သေဆုံးခဲ့ရပြီး ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ NRFF က ထုတ်ဝေတဲ့ လဂွန်းအိမ် စာစဉ်က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ သိရပါတယ်။
========================
🚩🚩 ၅။ တမူးခရိုင်၊ မြို့သစ်မြို့အား သိမ်းပိုက်၊ ရဲ ၂၁ ဦး အလံဖြူပြလက်နက်ချ
မေလ ၁၁ ရက်။
Radio NUG
မေလ (၇)ရက် နံနက် (၅)နာရီမှ မေလ(၁၁)ရက် နံနက် (၁၀) နာရီထိ တမူးခရိုင်၊ မြို့သစ်မြို့အား သိမ်းပိုက်ခဲ့ပြီး ရဲ ၂၁ ဦး အလံဖြူပြလက်နက်ချကြောင်း အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်မြို့တွင် အခြေပြုနေသော အမှတ်-၂၂၈ ခြေလျင်တပ်ရင်း (ခလရ-၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ၊ ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်အား တမူးခရိုင် ကွပ်ကဲရေးမှူး ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီးအမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။ တမူးမြို့နယ် ပကဖမှ ထောက်ပို့အနေဖြင့် ပါဝင်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း ရဲ (၂၁)ဦး အလံဖြူပြ လက်နက်ချခဲ့ပြီး ရန်သူသေဆုံးနှင့် ဒဏ်ရာရစာရင်း အတည်မပြုနိုင်သေးကြောင်း၊ အညံ့ခံ ဖမ်းဆီးရမိသူများထဲတွင် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။
အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် ရန်သူ့ထံမှ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ (၁၂) လုံး၊ အီနာဂါ (၅) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ Station Jammer (၃) ခု၊ ကျည်အိမ် (၃၄) ခုနှင့် ကျည်အချို့သိမ်းဆည်းရမိကြောင်းကနဦးသတင်းရရှိချက်ကို ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment