၂၀၂၄ ဇူလိုင်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်ကိုင်းတိုင်းမှာ ရေကြီးရေလျှံမှုဖြစ်နေတဲ့အတွက် ရေကြီးမှုနှင့်အတူ ပါလာတတ်သော မြွေအန္တရာယ်ကို သတိပြုရန် အသိပေး
📌 ၂။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် Faculty of Law, School of Technology and School of Economics ကျောင်းတို့၏ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ ကြေညာ
📌 ၃။ ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ဂူမိမြို့သို့ ရောက်ရှိ
၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက်တပ်စွဲ
🚩 ၂။ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွား
🚩 ၃။ ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံး
🚩 ၄။ မြင်းခြံ ကုက္ကဲရဲစခန်းမှ ရဲတစ်ဦး အပါအဝင် နှစ်ဦးအား ဖမ်းဆီးရမိ
🚩 ၅။ မိုးကုတ်အရှေ့ပိုင်းတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံး
🚩 ၆။ လားရှိုးမြို့တွင်းကို လက်နက်ကြီးကျ၍ ဒေသခံ ၅ဦး ထိခိုက်မှုရှိ
🚩 ၇။ လားရှိုးနှင့် ကျောက်မဲတွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ
🚩 ၈။ မော်လမြိုင် - ကြာအင်းဆိပ်ကြီး လမ်းပိုင်းတွင် ပြည်သူလူထု လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်
🚩 ၉။ အာရက္ခ ဒေသအတွင်း စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်း အန္တရာယ်ကို သတိထားကြဖို့ ပြည်သူတွေကို အသိပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ စစ်ကိုင်းတိုင်းမှာ ရေကြီးရေလျှံမှုဖြစ်နေတဲ့အတွက် ရေကြီးမှုနှင့်အတူ ပါလာတတ်သော မြွေအန္တရာယ်ကို သတိပြုရန် အသိပေး
ဇူလိုင်လ ၁၃ရက်။
RadioNUG
မြွေတွေဟာ မိုးကြီးရေလျှံမှု ဖြစ်ပွားခြင်းကြောင့် လုံခြုံတဲ့ အမိုးအကာတွေအောက်မှာ ပြောင်းရွှေ့ရင်း လူတွေနဲ့ နီးကပ်တဲ့ နေရာကိုရောက်ရှိတတ်ကြတာကြောင့် ပြန့်ကျဲနေသော အပျက်အစီးများအောက်တွင် မြွေများ ခိုအောင်းနေနိုင်တာကြောင့် အပျက်အစီးများဖယ်ရှားရှင်းလင်းရာတွင် မြွေအန္တရာယ်ကိုများစွာ သတိထားသင့်ကြောင်း Monywa Nightkingက သတိပေးထားပါတယ်။
၁။ ညဘက်ခြံထဲဆင်းလျှင် ကြည်လင်စွာမြင်ရသော ထိန်လင်းသော ဓါတ်မီးသုံး ဆင်းပါ
၂။ ရေမြုပ်နေတဲ့ နေရာကို ခြေဗလာနဲ့ဆင်းတာတွေမပြုလုပ်ပါနဲ့ (ရာဘာဖိနပ်ရှည်ဖြစ်နိုင်ရင်သုံးပေးပါ)
၃။ ရေတွင်မျောပါလာသော သစ်တုံးများ တခြားအရာဝတ္တုများကို မကိုင်တွယ်ပါနဲ့ မတက်နင်းပါနဲ့
၄။ မိမိတို့ရဲ့ အိမ်တံခါးများ မြွေခိုအောင်းနိုင်သောနေရာများကို စစ်ဆေးပါ
၅။ ရေနဲ့မျောပါလာတဲ့ အမှိုက်တွေ ရှင်းတဲ့အခါ လက်နဲ့ ကောက်ယူရှင်းတာမျိုး မလုပ်ပါနဲ့
၆။ ညဖက်အိပ်လျှင် ခြင်ထောင်အနားများကို ဖျာအောက်ကို ထည့်ပြီး အိပ်ပါ ဘေးပတ်ပတ်လည်တွင် ဖက်လုံးများဖြင့်လထပ်ဖိထားပြိီး အိပ်ပါ
၇။ မြွေကိုက်ခံရပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံးသွားရန် လိုအပ်ပါတယ်
မိမိတို့အိမ်မှာ မြွေတွေ့ခဲ့ရင် ဓာတ်ပုံကြည်လင်စွာရိုက်ထားပြီး Snakes of Myanmar) group မှာ id မေးလို့ရပြီး အဆိပ်မရှိ မြွေဆိုလျှင် ကိုယ်တိုင်ခြောက်ထုတ်နိုင်ပြီး အဆိပ်ရှိမြွေဆိုလျှင် မြွေဖမ်းကျွမ်းကျင်သော မီးသတ်တပ်ဖွဲ့ဝင်များအား အကူအညီတောင်းရန်လိုအပ်ကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၂။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် Faculty of Law, School of Technology and School of Economics ကျောင်းတို့၏ တက္ကသိုလ်ဝင်ခွင့် သတ်မှတ်ချက်များ ကြေညာ
ဇူလိုင်လ ၁၃ရက်။
RadioNUG
ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ်ရှိ တက္ကသိုလ်များ၏ ၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို ၁၅-၇-၂၀၂၄ ရက်နေ့မှ စတင်၍ လက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
လျှောက်ထားနိုင်သည့်တက္ကသိုလ်များမှာ School of Medical Science, School of Nursing Science, School of Technology, School of Economics, School of Agriculture and School of Arts and Sciences တို့ဖြစ်ပါတယ်။
SCHOOL OF ARTS AND SCIENCES, FACULTY OF LAW အတွက် ၂၀၂၁ ခုနှစ်၊ စစ်အာဏာမသိမ်းမီက မြန်မာအစိုးရ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူ၊ KIO အစိုးရ၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြိး အင်္ဂလိပ်စာဘာသာရပ်တွင် အနည်းဆုံး (၅၀) မှတ်ရရှိသူ(Basic Education Completion Assessment, BECA) ဘာသာရပ်များအားလုံးတွင် (Grade (C)) ရရှိသူများနှင့် (General Education Development, GED)၊ (International General Certificate of Secondary Education, IGCSE) ဖြေဆိုအောင်မြင်သူများ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
လျှောက်ထားသူများသည် လူတွေ့မေးမြန်းခြင်း (Personal Interview) ဖြေဆိုရမှာ ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာများကို (၁.၁၂.၂၀၂၄) ရက်နေ့တွင် နောက်ဆုံးထားပြီး တင်သွင်းရမည် ဖြစ်ပါတယ်။
SCHOOL OF TECHNOLOGY အတွက် ၂၀၂၄ ခုနှစ် အခြေခံပညာ အထက်တန်း အောင်မြင်ထားပြီး သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တို့တွင် အနိမ့်ဆုံး (၇၀)မှတ် နှင့် ဓာတုဗေဒ၊ အင်္ဂလိပ်စာ တို့တွင် အနိမ့်ဆုံး (၆၀) မှတ် ရသူများသာ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
(Basic Education Completion Assessment, BECA) : သိပ္ပံတွဲနှင့် ဝိပ္ပံတွဲ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် အင်္ဂလိပ် ဘာသာရပ်တို့တွင် Grade (B) ရရှိရမှာဖြစ်ပြီး ဘာသာရပ်တိုင်းမှာ Grade (D) မပါသူများ လျှောက်ထားနိုင်ပါတယ်။
(General Education Development, GED) သင်္ချာ နှင့် သိပ္ပံဘာသာတွဲတို့တွင် တစ်ဘာသာချင်း Total Score (၁၆၀) မှတ် ရရှိသူ၊ (International General Certificate of Secondary Education, IGCSE) သင်္ချာ၊ ရူပဗေဒ ဘာသာရပ်တို့တွင် Grade (C)ရရှိသူ ဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
ဝင်ခွင့်လျှောက်လွှာများကို (၁၅.၁၁.၂၀၂၄) ရက်တွင် နောက်ဆုံးထား တင်သွင်းရမှာဖြစ်ပြီး အများဆုံး လူဦးရေ (၂၅) ဦးသာ လက်ခံမည်ဖြစ်ကာ ဝင်ခွင့် ရေးဖြေစာမေးပွဲကို ဒီဇင်ဘာလ ပထမပါတ်တွင် School of Technology တွင် သင်္ချာ၊ ရူပဗေဒ နှင့် အင်္ဂလိပ်စာ တို့ကို ဖြေဆိုရမယ်လို့ သိရပါတယ်။
SCHOOL OF ECONOMICS အတွက် ၂၀၂၄ ခုနှစ် အခြေခံပညာ အထက်တန်း အောင်မြင်ထားသူ ဖြစ်ကာ သင်္ချာ ဘာသာရပ်တွင် အနိမ့်ဆုံး (၅၀) မှတ် ရသူများသာ လျှောက်ထားနိုင်ပြီး (Basic Education Completion Assessment, BECA) ဘာသာရပ်များအားလုံး Grade (C) ရရှိသူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။
(General Education Development, GED) ဘာသာရပ်တိုင်းတွင် Total Score (၁၆၅) မှတ် အနည်းဆုံး ရရှိသူ၊ (International General Certificate of Secondary Education, IGCSE) ဘာသာရပ်တိုင်းတွင် Grade (C) ရရှိသူ ဖြစ်ရမယ်လို့ သိရပါတယ်။
ဝင်ခွင့်လျှောက်လွှာများကို (၁၅.၁၂.၂၀၂၄) ရက်တွင် နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပြီး အများဆုံး လူဦးရေ (၂၅) ဦးသာ လက်ခံမယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ကျောင်းများမှ တက္ကသိုလ်ဝင်တန်းဘအောင်မြင်ထားသူများ လုံးဝ (လုံးဝ) လျှောက်ထားခွင့်ပြုမှာ မဟုတ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၃။ ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ဂူမိမြို့သို့ ရောက်ရှိ
ဇူလိုင်လ ၁၃ရက်။
RadioNUG
ဘူဆန်မြို့မှ ဆိုးလ်မြို့စစ်သံရုံးအထိ ၂၁ ရက်လမ်းလျှောက်ချီတက်ဆန္ဒပြခြင်း ၇ ရက်မြောက်နေ့အဖြစ် ဝဲကန်မြို့မှ ဂူမိမြို့သို့ ရောက်ရှိခြင်းဖြစ်ပြီး တော်လှန်ရေးတက်ကြွလှုပ်ရှားသူများက ဝန်းရံကြိုဆိုခဲ့ကြကာ ဒယ်ဂူးဘုန်းဘုန်းက ဆက်လက်ဝန်းရံပေးရန် တိုက်တွန်းစကားဆိုခဲ့ကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မိုင်းရယ်မြို့ကို SSPP/SSA မှ စစ်အင်အား ထောင်နှင့်ချီ ဝင်ရောက်တပ်စွဲ
ဇူလိုင်လ ၁၃ရက်။
RadioNUG
ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်း ဒေသတည်ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်သည် ဇူလိုင်လ ၁၂ ရက်နေ့ ညပိုင်းမှ စတင်ကာ မိုင်းရယ်မြို့ကို ဝင်ရောက် နေရာယူ တပ်စွဲလိုက်ကြောင်း SSPP/SSA မှ သတင်းထုတ်ပြန်ပါတယ်။
နှစ်ပေါင်းများစွာ စိုးမိုးလာသည့် နယ်မြေဖြစ်သလို ပြည်သူလူထု တောင်းဆိုချက်အရ ပြည်သူများကို ကာကွယ်ရန်အတွက် ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်ပြီး ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း နောက်ထပ် စစ်သည်အင်အား ထပ်မံဖြည့်တင်းကာ မိုင်းရယ်မြို့နယ်အတွင်း နေရာအနှံ့ ဖြန့်ကျက်ထားတယ်လို့ ဖော်ပြထားပါတယ်။
အခြားအဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိနေအောင်လုပ်တာ ဖြစ်တယ်လို့ SSPP/SSA မှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး(၂)ဗိုလ်မှူးကြီး စိုင်းဆုက ပြောထားပါတယ်။
မိုင်းရယ်မြို့နယ်မှာ ရောက်ရှိနေသည့် SSPP/SSA တပ်ဖွဲ့များကို ဒေသခံမိဘပြည်သူများမှ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံကြိုဆိုကြတယ်လို့ သိရပါတယ်။
မိုင်းရယ်မြို့နယ်အတွင်း စကစ ခြေမြန်တပ်ရင်း ခမရ(၃၂၅)၊ ခြေလျင်တပ်ရင်း ခလရ (၆၇)နှင့် ခြေလျင်တပ်ရင်း ခလရ(၂၂)တို့ အခြေစိုက်ထားပါတယ်။
========================
🚩🚩 ၂။ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွား
ဇူလိုင်လ ၁၃ရက်။
RadioNUG
တအာင်းပြည် တပ်မဟာ(၂)နယ်မြေ၊ မိုးကုတ်မြို့နယ် ကမ္ဘာလုံးစေတီအနီးတဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့ပြီး မိုးကုတ်မြို့ အရှေ့ပိုင်း ကြက်ခြံနှင့် အမှိုက်ပုံနေရာ အနီးတဝိုက်တွင် စစ်ကောင်စီတပ် လပခ၊ ခလရ (၇၁၊၈၈)နှင့် တအာင်းတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။
အလားတူ တပ်မဟာ(၃)နယ်မြေ၊ မိုးမိတ်မြို့အတွင်း စစ်ကောင်စီတပ် စကခ-၂၁၊ ခလရ-၂၂၃ နှင့် တအာင်းတပ်မတော် TNLA + PLA + MOD PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
တပ်မဟာ(၂)နယ်မြေ သီပေါမြို့နယ် စစ်ကောင်စီ တပ်စခန်း ဆန်ဖိတ်နှင့် (၅၀၃၊ ၅၀၄)စခန်းတို့ကို တအာင်းတပ်မတော် TNLA မှ တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နောင်ချိုမြို့နယ် နောင်လိုင်ရွာတွင် စစ်ကောင်စီတပ်မှ Jet Fighter ဖြင့် (၆)ကြိမ်၊ သဲခေါ်ရွာတွင်(၁)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံး
ဇူလိုင်လ ၁၃ရက်။
RadioNUG
ဇူလိုင်လ ၁၂ ရက်နေ နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့ရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၅ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များ သိရပါတယ်။
ညနေ ၅ နာရီပိုင်းတွင် Y-12 ၊ ဂျက်ဖိုက်တာ၊ Mi-35 တို့ဖြင့် ဗုံးအများအပြား ကျဲချခဲ့တယ်လို့ သိရပါတယ်။
ည ၉ နာရီမှာ PDFတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်ဆုတ်ခွာခဲ့ရပြီး စစ်တပ်က လေယာဉ်တွေ သုံးလာတာကြောင့် အရပ်သားတွေ ထိခိုက်နစ်နာမှုမရှိအောင် နောက်ဆုတ်ခဲ့ရတာလို့ မြင်းခြံခရိုင် တပ်ရင်း၇ Zero ပြောက်ကြားတပ်ဖွဲ့မှ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း၇ Zero ပြောက်ကြားတပ်ဖွဲနှင့် ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၄။ မြင်းခြံ ကုက္ကဲရဲစခန်းမှ ရဲတစ်ဦး အပါအဝင် နှစ်ဦးအား ဖမ်းဆီးရမိ
ဇူလိုင်လ ၁၃ ရက်။
Radio NUG
မန္တလေးတိုင်း၊ မြင်းခြုံမြို့နယ်၊ ကုက္ကဲရဲစခန်းမှ ရဲတစ်ဦး အပါအဝင် နှစ်ဦးအား သတင်းရရှိတာကြောင့် ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးရမိခဲ့ကြောင်း ရွှေခြံသား ပြောက်ကျားတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
ဇူလိုင်လ ၁၂ ရက် နေ့လည် ၃ နာရီ ၂၃ မိနစ်က ရဲတပ်ဖွဲ့ဝင် ညီညီထွန်းနဲ့ နောက်လိုက်တစ်ဦးကို ဈေးဝယ် ထွက်လာချိန်မှာ ကြိုတင်စောင့်ဆိုင်း ကင်းပုန်းဝတ်ပြီး ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးမှုအတွင်း ၎င်းတို့ထံမှ G-3 တစ်လက်၊ 7.62 ကျည် ၄၃ တောင့်၊ ဖုန်းတစ်လုံးနှင့် အိတ်တစ်လုံးကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မိုးကုတ်အရှေ့ပိုင်းတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူ ၂ ဦး သေဆုံး
ဇူလိုင်လ ၁၃ ရက်။
Radio NUG
မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဇူလိုင်လ ၁၃ ရက်က မိုးကုတ်အရှေ့ပိုင်း၊ ဆေးရုံကြီးအနီး မိခင်နဲ့ကလေး စောင့်ရှောက်ရေး ရုံးဘေးနား၊ အနောက်ပိုင်းအထွက်က မင်းတံတားနဲ့ ဝက်ကုန်းတို့မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် အနောက်ပိုင်း အထွက်က မင်းတံတားမှာ အသက်(၄၀)အရွယ် အမျိုးသမီး ၁ ဦးနဲ့ ဝက်ကုန်း(ဝက်ခုံ)မှာ လူငယ် ၁ ဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။
ထို့အပြင် စစ်ကောင်စီက မိုးကုတ်မြို့ အရှေ့ပိုင်းကို ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားတာကြောင့် ထောင်နဲ့ချီတဲ့ ပြည်သူတွေဟာ အလှူရှင်များ ဝေငှတဲ့ ဆန်ရရှိရေး တန်းစီနေကြရတယ်လို့လည်းသိရပါတယ်။
========================
🚩🚩 ၆။ လားရှိုးမြို့တွင်းကို လက်နက်ကြီးကျ၍ ဒေသခံ ၅ဦး ထိခိုက်မှုရှိ
ဇူလိုင်လ ၁၃ရက်။
RadioNUG
ဇူလိုင်လ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၇)တိုက်စိမ်းအထည်ဆိုင်အနောက် စစ်ဘေးရှောင်စခန်း အနီးဝန်းကျင်တွင် လက်နက်ကြီးတစ်လုံး၊ အေတီတံတား အနီးပတ်ဝန်းကျင်တွင် လက်နက်ကြီးတစ်လုံးကျကာ ဈေးသည်(၅)ဦး ဒဏ်ရာရသည်ဟု သိရပါတယ်။
ထို့အပြင် ရပ်ကွက်(၁)ဗျူဟာလမ်းနှင့် တက္ကသိုလ်အနီးတဝိုက်သို့ လက်နက်ကြီးများကျရောက်ပြီး ရပ်ကွက်(၁၀)အတွင်းသို့ လက်နက်ကြီး (၅)လုံးကျကာ နေအိမ်များ ပျက်စီးခဲ့ပါတယ်။
========================
🚩🚩 ၇။ လားရှိုးနှင့် ကျောက်မဲတွင် စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား (၃)ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ
ဇူလိုင်လ ၁၃ ရက်။
Radio NUG
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် (TNLA)ထိန်းချုပ်နယ်မြေ တပ်မဟာ(၆)နှင့် တပ်မဟာ(၂)၊ လားရှိုးနှင့် ကျောက်မဲ မြို့နယ်များတွင် စစ်ကောင်စီရဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက်(၄)၊ အ.ထ.က (၅) ကျောင်းဝန်းအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့တာကြော်င့ အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ပါတယ်။
ထို့အပြင် ရပ်ကွက်(၂)နဲ့ ရပ်ကွက် (၁၀)တို့မှာလည်း ဇူလိုင်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရပ်ကွက် (၁)တွင်လည်း နေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ကျောက်မဲမြို့ အနီး၊ မန်းခဲကျေးရွာကိုလည်း စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အသက် ၁၀ နှစ်အောက် ကလေး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထား ပါတယ်။
========================
🚩🚩 ၈။ မော်လမြိုင် - ကြာအင်းဆိပ်ကြီး လမ်းပိုင်းတွင် ပြည်သူလူထု လုံခြုံရေးအတွက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်
ဇူလိုင်လ ၁၃ရက်။
RadioNUG
ဇူလိူင် ၁၂ ရက်နေ့တွင် မော်လမြိုင် - ကြာအင်းဆိပ်ကြီး လမ်းပိုင်းတွင် ပြည်သူလူထု လုံခြုံရေးအတွက် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ဂဠုန်စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်း အမှတ်(၂)စစ်ဒေသ၊ စစ်ဒေသခွဲ(၃)၊ ဂဠုန်စစ်ကြောင်း၊ကျားဖြူတပ်ခွဲ(၃)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၉။ အာရက္ခ ဒေသအတွင်း စစ်ကောင်စီရဲ့ စွန့်လွှတ်မိုင်း အန္တရာယ်ကို သတိထားကြဖို့ ပြည်သူတွေကို အသိပေး
ဇူလိုင် ၁၃ ရက်။
Radio NUG
ရက္ခိုင့်တပ်တော်(AA)က အလုံးစုံ သိမ်းပိုက်ထားပြီးတဲ့ မြို့များရှိ စစ်ကောင်စီရဲ့ အခြေစိုက်စခန်းများ၊ ယာယီ စခန်းချခဲ့ရာ နေရာများနဲ့ လူသွားလမ်းများမှာ ၎င်းတို့ ချန်ထားခဲ့တဲ့ စွန့်လွှတ်မိုင်း အန္တရာယ်ကို သတိထားကြဖို့ ရက္ခိုင့်တပ်တော် (AA)က အသိပေး ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားနေတဲ့ သံတွဲနဲ့ မောင်တောမြို့များကို ခံစစ်အဖြစ် ပြင်ဆင်နေပြီး မြို့တွင်း ဝင်ရောက်နိုင်တဲ့နေရာများ၊ တံတားများနဲ့ ၎င်းတို့ စခန်းချခဲ့ရာ နေရာများမှာ စွန့်လွှတ်မိုင်း၊ မြေမြုပ်မိုင်းများကို ထောင်ထားခဲ့သလို AA က အလုံးစုံ သိမ်းပိုက်ထားတဲ့ မြို့များမှာလည်း ၎င်းတို့ချန်ထားခဲ့တဲ့ စွန့်လွတ်မိုင်းများစွာ ကျန်ရှိနေနိုင်သေးတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်ကလည်း သံတွဲမြို့၊ နံတော်တောင်တံတား (နန်းချောင်းတံတား)တွင် စစ်ကောင်စီက အဆိုပါတံတားအား ဖောက်ခွဲဖျက်ဆီးပစ်ဖို့ မိုင်းများထောင်ထားခဲ့တာကို တွေ့ရပြီး ၎င်းတို့ ဆုတ်ခွာထွက်ပြေး သွားရာလမ်းများ၊ စခန်းချရာ ပတ်ဝန်းကျင်များမှာလည်း မိုင်းများထောင်ထားခဲ့တာကို တွေ့ရပါတယ်။
စစ်ကောင်စီက ချန်ထားခဲ့တဲ့ စွန့်လွှတ်မိုင်းများကြောင့် အခြေစိုက် စခန်းများ၊ ဗျူဟာဌာနချုပ်၊ စကခ ဌာနချုပ်၊ တပ်စခန်း ပတ်ဝန်းကျင်၊ လူသွားလမ်း၊ စာသင်ကျောင်း၊ စားကျတ်မြေများမှာ အရပ်သား ပြည်သူများ နေ့တိုင်းလိုလို မိုင်းနင်းမိကာ အသက် သေဆုံးခြင်း၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခြင်းများ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ထို့ကြောင့် စစ်ကောင်စီ တပ်စခန်းများ၊ တပ်စခန်း ပတ်ဝန်းကျင်များ၊ စစ်ကောင်စီ(ယာယီ)စခန်းချခဲ့ရာ နေရာများကို သတိမမူဘဲသွားလာခြင်း၊ သားကောင် ရှာဖွေခြင်း၊ ကျွဲ၊ နွားများ အစာကျွေးရန် စေလွှတ်ထားခြင်းတို့ကို လတ်တလော အခြေအနေများတွင် မပြုလုပ်ကြဘဲ မိုင်းသတိနဲ့ သွားလာနေထိုင်ကြဖို့ အာရက္ခတပ်တော် AA က အသိပေး ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment