၂၀၂၄ ဇူလိုင်လ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ထိန်းချုပ်ဒေသမှာရှိတဲ့ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ KIA ပြော
📌 ၂။ ကန့်ဘလူ-ကျွန်းလှ-တန့်ဆည်နယ်က အချက်အချာကျတဲ့နေရာတွေကို စိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ် ကြိုးစားလုပ်ဆောင်နေ
📌 ၃။ စစ်တပ်ကအာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စာသင်ကျောင်း ၁၇၄ ကျောင်းထက်မနည်း တိုက်ခိုက်ခံခဲ့ရလို့ထုတ်ပြန်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စဥ့်ကူးမြို့ကို စစ်ကောင်စီက လေကြောင်း ရေကြောင်းတို့မှ ပစ်ခတ်တိုက်ခိုက်နေ
🚩 ၂။ ညောင်ရွှေတိုက်ပွဲ PNO ပြည်သူ့စစ်စခန်း ၂ခု သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံး
🚩 ၃။ချောက်မြို့နယ်က ဆူးတောရွာမှာနေရာယူထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အရာရှိအပါအဝင် ၁၁ ဦးသေဆုံး
🚩 ၄။ အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာကြောင့် လားရှိုးမှာ တိုက်ပွဲများပြင်းထန်နေ
🚩 ၅။ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ ထိန်းချုပ်ဒေသမှာရှိတဲ့ ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ်လို့ KIA ပြော
ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်-KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသအတွင်းက ဆေးရုံဆေးပေးခန်းမရှိသေးတဲ့ မြို့တွေနဲ့ ကျေးရွာတွေက ပြည်သူတွေကို အနည်းဆုံး တလ တကြိမ် ကျန်းမာရေး စောင့်ရှောက်မှုပေးသွားမယ်လို့ KIO/KIA သတင်းပြန်ကြားရေးဌာနမှာ ဖော်ပြထားပါတယ်။
KIO အစိုးရ ကျန်းမာရေးဝန်ထမ်းတွေ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်မှာရှိတဲ့ ကျေးရွာတွေက ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေကို လစဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့သတင်းနဲ့အတူ အသိပေးလိုက်တာဖြစ်ပါတယ်။
စစ်ရေးအခြေအနေတွေကြောင့် ဆေးရုံ-ဆေးပေးခန်း မဖွင့်လှစ်နိုင်သေးတဲ့ ဒေါ့ဖုန်းယန်၊ နားလုံ၊ ကုန်းလော၊ မြို့သစ် စတဲ့ မြို့ရွာတွေနဲ့ အနီးတဝိုက်ကျေးရွာတွေက ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတယ်လို့ သိရပါတယ်။
ဒီ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို KIO အစိုးရ စစ်ရှောင်ကူညီစောင့်ရှောက်ရေးအသင်းရဲ့ ငွေကြေးနဲ့ ဆေးဝါး ထောက်ပံ့မှုနဲ့အတူ ကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီး ပြည်သူလူထုရှိရာနေရာတွေကိုသွားရောက်ကာ ကျန်းမာရေး စစ်ဆေးပေးတာ ဆေးဝါးထောက်ပံ့တာတွေ လုပ်ဆောင်နေတာလို့ သိရပါတယ်။
ထို့အပြင် KIO/KIA သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဆွမ်ပရာမြို့က လျှပ်စစ်ရုံးမှာလည်း ဇူလိုင် ၁၇ ရက်က လျှပ်စစ်မီးပေးတဲ့ အခမ်းအနားပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဆွမ်ပရာဘွမ်မှာ တိုက်ပွဲဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်နဲ့ဌာနဆိုင်ရာရုံးကဝန်ထမ်းတွေ ထွက်ပြေးသွားတာကြောင့် KIO က လျှပ်စစ်မီးပြန်လည်ရရှိအောင်ဆောင်ရွက်ကာ ည ၇ နာရီမှ ၁၀ နာရီအထိ အချိန်ပိုင်းနဲ့ မီးပေးနိုင်ဖို့ ဆောင်ရွက်ပေးထား ပြီး ရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်လုပ်သွားမယ်လို့ KIO သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
KIO/KIA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေဟာ အခုနှစ် မတ်လ ၇ ရက်ကစပြီး ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်ခဲ့ရာ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျယ်လမ်း ၊ ဆွမ်ပရာဘွမ်၊ ဝိုင်းမော်မြို့နယ်၊ လိုင်ဇာအနီးဒေသများ၊ မိုးမောက် ၊ ဗန်းမော်၊ တနိုင်း၊ ဖားကန့်၊ မံစီ စတဲ့ဒေသတွေက စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
========================
📌📌 ၂။ ကန့်ဘလူ-ကျွန်းလှ-တန့်ဆည်နယ်က အချက်အချာကျတဲ့နေရာတွေကို စိုးမိုးနိုင်ရေး အကြမ်းဖက်စစ်တပ် ကြိုးစားလုပ်ဆောင်နေ
စစ်ကိုင်းတိုင်းအတွင်းက ကန့်ဘလူ-ကျွန်းလှ-တန့်ဆည်မြို့နယ်တို့ အချက်အချာကျတဲ့နေရာတွေကို စိုးမိုးထိန်းချုပ်နိုင်ရေး အကြမ်းဖက်စစ်တပ်ဘက်က ကြိုးစားနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ရှမ်းမြောက်စစ်ရေးနဲ့အတူ ရှမ်း-မန်းစစ်ဆင်ရေးအရှိန်အဟုန်ကောင်းနေချိန်မှာ အကြမ်းဖက်စစ်တပ်ဘက်က အခုလို လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ဝေခံပျူစောထီးတွေပါတဲ့ ပူးပေါင်းစစ်ကြောင်းဟာ ဇူလိုင်လပထမပတ်ကစပြီး ကန့်ဘလူ မြို့ အရှေ့ဘက်မှာရှိတဲ့ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးလှုပ်ရှားခဲ့တယ်လို့ ဒေသတွင်းစစ်ရေးအခြေအနေတွေကို အသိပေးနေတဲ့ Infiginity Group က ဆိုပါတယ်။
ဇူလိုင်လ ၁၁ ရက်နေ့ကဆိုရင် ကန့်ဘလူ-စံပယ်နံ့သာ-ရွှေဘိုလမ်းပိုင်းမှာရှိတဲ့ ရေအေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ကင်းပုန်းအဖွဲ့ရဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဒေသခံကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ အသိပေး ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူ-စံပယ်နံ့သာလမ်းပိုင်းမှာရှိတဲ့ ဝက်ပုတ်ရွာမှာ ဇူလိုင် ၁၆ ရက်က စပြီး အထိုင်ချတပ်စွဲကာ ရွာခံအမျိုးသားတွေကို ပျူစောထီးအဖွဲ့ဝင်များအဖြစ် လူသစ်စုဆောင်းနေတယ်လို့လည်း ဆိုပါတယ်။
ကန့်ဘလူ-စံပယ်နံ့သာ-ရွှေဘိုလမ်းပိုင်းမှာဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ကားလမ်းပိတ်ထားတာ တလနီးပါးကြာမြင့်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ထို့အတူ ကျွန်းလှမြို့နယ်ထဲက သဖန်းဆိပ်ဆည်အနီးမှာရှိတဲ့ အင်တိုင်းရွာမှာ စစ်ကောင်စီနဲ့ပျူစောထီးတွေ အခိုင်အမာတပ်စွဲ ထားဆဲဖြစ်ပြီး ဇူလိုင်လလယ်ပိုင်းမှာ အင်အား ၂၀၀ ကျော်နဲ့ ကျွန်းလှ-တန့်ဆည်အစပ်မှာရှိတဲ့ ညောင်ကိုင်း၊ပုတီး၊စည်းသာ စတဲ့ ရွာတွေဘက် စစ်ကြောင်းထိုးလှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ ဇူလိုင်လ ၁၃ ရက်က ကျွန်းလှနယ် ညောင်ကိုင်းအုပ်စု မြင်သာရွာက အိမ် ၁၁ လုံး၊ တန့်ဆည်နယ် စည်းသာရွာက အိမ် ၆၃ လုံးနဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ တန့်ဆည်နယ် ပုတီးရွာက အိမ် ၈၆ လုံးကို မီးရှိဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဇူလိုင်ဒုတိယပတ်အတွင်း ကျွန်းလှ-တန့်ဆည်အစပ်မှာရှိတဲ့ရွာတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး ကျဆုံးခဲ့သလို စစ်ကောင်စီဘက် ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
အခုလို အကြမ်းဖက်စစ်ကောင်စီတပ်က နယ်မြေခံပျူစောထီးတွေနဲ့ပေါင်းပြီး ကန့်ဘလူ-ကျွန်းလှ-တန့်ဆည်မြို့နယ်တို့မှာ ဇွန်လကစပြီး စစ်ရေးလှုပ်ရားမှုတွေလုပ်လာတာကြောင့် စစ်ဘေးရှောင်နေရတဲ့ကျေးရွာ ၁၃ ရွာရှိနေတယ်လို့လည်း သိရပါတယ်။
========================
📌📌 ၃။ စစ်တပ်ကအာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလအတွင်း စာသင်ကျောင်း ၁၇၄ ကျောင်းထက်မနည်း တိုက်ခိုက်ခံခဲ့ရလို့ထုတ်ပြန်
စစ်တပ်အာဏာသိမ်းပြီး သုံးနှစ်ကျော်ကာလ နိုင်ငံတစ်ဝန်း ပညာရေးနဲ့သက်ဆိုင်တဲ့ စာသင်ကျောင်း ၁၇၄ ကျောင်းထက်မနည်းအထိ တိုက်ခိုက်ခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Myanmar Witness က ဇူလိုင် ၂၀ ရက်မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် နိုင်ငံတစ်ဝန်း စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တာဖြစ်ပြီး အချို့စာသင်ကျောင်းဟာ အကြိမ်ကြိမ် တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။ ဒီလိုတိုက်ခိုက်ခံရမှုကြောင့် ကလေးတွေရဲ့ ပညာသင်ယူခွင့် အခွင့်အရေးနဲ့ပတ်သက်ပြီး ဆိုးရွားတဲ့ ဆုံးရှုံးထိခိုက်မှုရှိခဲ့တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့တဲ့ စာသင်ကျောင်းပေါင်း ၁၁၃ ကျောင်းအထိ ရှိခဲ့ပြီး ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ကျောင်းပေါင်း ၆၁ ကျောင်းအထိ ရှိခဲ့တယ်လို့ ကောက်ယူရရှိထားတဲ့ အချက်အလက်များအပေါ် မူတည်ပြီး Myanmar Witness က ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
စာသင်ကျောင်း ထိခိုက်ပျက်စီးမှုများထဲတွင် စစ်ကိုင်းတိုင်းက အများဆုံးရှိခဲ့ပြီး ၃၆ ကြိမ်ထိ တိုက်ခိုက်ခံခဲ့ရကာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ကရင်နီ (ကယား) ပြည်နယ်တို့မှာ ၁၁ ကြိမ်စီ တိုက်ခိုက်ခံခဲ့ရသလို စစ်ကိုင်းတိုင်းအတွင်း စာသင်ကျောင်းတွေကို ဒရုန်းနဲ့တိုက်ခိုက်မှု ၃၆ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
စာသင်ကျောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေနဲ့ပတ်သက်ပြီး ၆၄ ကြိမ်၊ ထိခိုက်ဒဏ်ရာရရှိမှု ၁၀၆ ကြိမ် အချက်အလက် လက်ခံရရှိခဲ့ပြီး စာသင်ကျောင်း တိုက်ခိုက်ခံရမှုအတွင်း သေဆုံးမှုအချို့ကို အတည်ပြုနိုင်ခဲ့တယ်လို့လည်း Myanmar Witness ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စဥ့်ကူးမြို့ကို စစ်ကောင်စီက လေကြောင်း ရေကြောင်းတို့မှ ပစ်ခတ်တိုက်ခိုက်နေ
မန္တလေး PDF တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ စဥ့်ကူးမြို့ကို စစ်ကောင်စီက လေကြောင်း ရေကြောင်းတို့ကနေ ပစ်ခတ် တိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
စဉ့်ကူးမြို့နယ် မြောက်ဘက်ခြမ်းကို တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာ တစင်းက ဒီနေ့ ဇူလိုင်လ ၂၁ ရက် မနက် ၁ဝ နာရီ ဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သတင်းရထားတဲ့အကြောင်း Wetleat Informational Network က အသိပေးပါတယ်။
ထို့အတူ မနေ့ ဇူလိုင် ၂၀ ရက်က ဧရာဝတီမြစ်အတိုင်း စဥ့်ကူးမြို့အနီး ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဥ်တွေက ည ၁၀ နာရီခန့်မှာ လက်နက်ကြီးတွေနဲ့ စဥ့်ကူးမြို့ကို ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို့ စစ်တပ်က ရောက်ကြောင်းကနေ လက်နက်ာကီးတွေနဲ့ ပစ်ခတ်တာကြောင့် စဥ့်ကူးမြို့နယ် လက်ပန်လှရွာဘက်ကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြေပြင်သတင်းမှန်ပြန်ကြားရေး-စဥ့်ကူးကလည်း ပြောပါတယ်။
မန္တလေးဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေဟာ မခေါက် ဆိပ်ကမ်းမှာကပ်ပြီး သံခွန်သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ စဉ့်ကူးမြို့နယ် လက်ပံလှရွာကို ည ၁၀ နာရီခန့်ကတည်းက အဆက်မပြတ် ပစ်ခတ်ခဲ့ရာ ရတနာဦးရပ်ကွက်နဲ့ ဦးလှပိုရပ်ကွက်ထဲ လက်နက်ကြီးကျည် ၂လုံး ဆက်တိုက်ကျပြီး ပြည်စိုးအောင်ရပ်ကွက်ထဲ ၄ လုံးကျခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် စဥ့်ကူးမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေက ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
လက်ပန်လှကိုပစ်တာက ကျောက်မြောင်းစစ်တပ်ကဖြစ်ပြီး သင်္ဘောပေါ်က စဉ့်ကူးမြို့ကိုပစ်နေတာလို့ ဒေသခံတွေက ဆိုပါ တယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်ချန်နယ်တွေ စဥ့်ကူးမြို့ကို စစ်တပ်က ဝင်ရောက်နယ်မြေရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ယခင်ကရိုက်ထား တဲ့ ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က စဉ့်ကူးမြို့ကို ကျွန်တော်တို့ ထိန်းချုပ်ထားဆဲပါလို့ ဒေသတွင်းမီဒီယာတွေက အတည်ပြုထားပါတယ်။
စဥ့်ကူးမြို့ကို MDY PDF ဘက်က အလွယ်တကူသိမ်းပိုက်ရရှိခဲ့တာမဟုတ်တဲ့အတွက် အလွယ်တကူပြန်စွန့်လွှတ်တာမျိုး လုပ်မှာ မဟုတ်ဘဲ မြို့လုံခြုံရေးနဲ့ပတ်သတ်တဲ့၊ ခုခံကာကွယ်ရေးနဲ့ပတ်သတ်တဲ့ လုပ်သင့်လုပ်ထိုက်တာအားလုံး လုပ်ဆောင်သွားဖို့ရှိပါတယ်လို့ အသိပေးထားပါတယ်။
စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ဇူလိုင် ၁၇ ရက်က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူနိုင်တဲ့မြို့အဖြစ် သမိုင်းမှတ်တမ်းဝင်ကြောင်း မန္တလေး PDF က ဇူလိုင်၂၀ ရက်မှာ ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ညောင်ရွှေတိုက်ပွဲ PNO ပြည်သူ့စစ်စခန်း ၂ခု သိမ်းပိုက်နိုင်ခဲ့ပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံး
ရှမ်းပြည်နယ်တောင်ပိုင်းက ညောင်ရွှေမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်စခန်း ၂ခု သိမ်းပိုက်ရရှိခဲ့ပြီး ပြည်သူ့စစ် ၁၅ ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့တယ်လို့ ကရင်နီတော်လှန်ရေး အင်အားစုထံကနေ သိရပါတယ်။
ညောင်ရွှေမြို့နယ် လွယ်လုံကျေးရွာအနီးမှာရှိတဲ့ PNO စခန်း၂ခုကို ဇူလိုင်လ ၁၈ ရက်က သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ PNO ပအိုဝ်းပြည်သူ့စစ်စခန်းတွေကနေ လက်နက်ကြီး လက်နက်ငယ် ၁၀ လက်ကျော်ရခဲ့သလို ပူးပေါင်းတပ်ဘက်ကလည်း ပေးဆပ်ခဲ့ရတာတွေရှိတယ်လို့ သိရပါတယ်။
ရှမ်းတောင်နဲ့ကရင်နီပြည်ဘက်ကို စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်အဖွဲ့တွေက ဇွန်လဆန်းပိုင်းကစပြီး ထိုးစစ်လာတာကို တော်လှန်ရေးအင်အားစုတွေက ဇူလိုင် ၁၈ ရက်ရောက်မှ တန်ပြန်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
ဒါ့ကြောင့် ညောင်ရွှေမြို့နယ်ထဲက စံကားနဲ့ ဆည်ခေါင်းကျေးရွာတို့ဘက်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီ က ဇူလိုင် ၂၀ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ချောက်မြို့နယ်က ဆူးတောရွာမှာနေရာယူထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အရာရှိအပါအဝင် ၁၁ ဦးသေဆုံး
မကွေးတိုင်း ချောက်မြို့နယ် မြေပဒုံအုပ်စု ဆူးတောကျေးရွာအတွင်း ဝင်ရောက်နေရာယူထားတဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ အရာရှိတဦးအပါအဝင် ၁၁ ဦးသေဆုံးသွားတယ်လို့ Chauk Guerrilla Force -C.G.F ထံကနေ သိရပါတယ်။
မနေ့ ဇူလိုင်လ ၂၀ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန်က ချောက်မြို့နယ်ထဲက ဆူးတောကျေးရွာမှာ အင်အား ၃၀ ကျော်နဲ့ တပ်စွဲ နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က အရာရှိတဦးနဲ့ အခြားအဆင့် စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရသွားတယ်လို့ လည်း Chauk Guerrilla Force -C.G.Fက အသိပေးထားပါတယ်။
အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ကုန်းကြီးရွာဘက်ကနေ ဝင်ရောက်လာတာဖြစ်ပြီး နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားလာတာ လည်း ဖြစ်ပါတယ်။
အခုလို နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးစားလာခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်ခံလိုက်ရတာကြောင့် အထိ နာသွားပြီး စစ်ကူလာတဲ့တပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ခြောက်လှန်ပစ်ခတ်ကာ ညတွင်းချင်းတပ်ဆုတ်သွားတယ်လို့လည်း သိရပါတယ်။
အဆိုပါတိုက်ခိုက်မှုကို Chauk Guerrilla Force (C.G.F) ၊ ချောက် ပကဖ တိုက်ခိုက်ရေးတပ်ဖွဲ့နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတာကြောင့် လားရှိုးမှာ တိုက်ပွဲများပြင်းထန်နေ
တရုတ်အစိုးရရဲ့ တောင်းဆိုမှုကြောင့် ကိုးကန့်တပ်- MNDAA ဘက်က အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကြဲနေတာကြောင့် လားရှိုးမြို့မှာ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ ဒေသခံပြည်သူနဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၄ နာရီ ၅၀ မိနစ်ခန့်အချိန်ကစပြီး စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကြဲချကာ ပစ်ခတ်မှုတွေပါလုပ်ဆောင်နေတာကြောင့် အထက်မန်အိုင် ၅၀၇ ကုန်း၊ ခလရ ၆၈ နဲ့ လားရှိုးမြို့မုခ်ဦး ၄၁ ဘက်မှာ တိုက်ပွဲ တွေ အပြင်းအထန်ဖြစ်နေတယ်လို့ ဆိုပါတယ်။
လာရှိုးမြို့မှာ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနက် ၅ နာရီကတည်းက ကြားနေရပြီး လက်နက်ကြီးအချို့ ရပ်ကွက် တွေထဲ ကျတာမျိုးရှိနေတယ်လို့လည်း သိရပါတယ်။
တရုတ်အစိုးရဲ့ တောင်းဆိုမှုအရ ဇူလိုင်လ ၁၉ ရက်ကနေ ၃၁ ရက်နေ့အထိ ၁၂ ရက်ကြာ အပစ်အခတ်ရပ်ထားဖို့ MNDAA က ၎င်းတို့ရဲ့ တပ်ဖွဲ့ဝင်တွေကို မနေ့ ဇူလိုင် ၂ဝ ရက်မှာ ညွှန်ကြားချက်တရပ်ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ချက်ချင်းအပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်နဲ့ စစ်ပွဲများ ရပ်တန့်ရေးတောင်းဆိုချက်ကို တက်ကြွစွာ တုံ့ပြန်နိုင်ဖို့ ကိုးကန့်တပ်မတော်-MNDAA အနေနဲ့ ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၃၁ရက်နေ့အထိ ထိုးစစ်ရပ်ထားမှာဖြစ်ပြီး လက်ရှိရောက်နေတဲ့နေရာတွေကနေ ဆက်လက်ခံစစ်ဆင်ဖို့နဲ့ လေကြောင်းရန် ကာကွယ်ရေးအစီအမံများ ဆောင်ရွက် ထားကြဖို့ MNDAA က အောက်ခြေတပ်များကို ညွှန်ကြားထားပါတယ်။
အပစ်အခတ်ရပ်စဲရေး ကာလအတွင်း စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်တာခံရမယ်ဆိုရင် ခုခံကာကွယ်တဲ့တိုက်ခိုက်မှုတွေ ကိုတော့ လုပ်ဆောင်နိုင်တယ်လို့ MNDAA ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်တပ်က မိုင်းခွဲဖျက်ဆီး
မကွေးတိုင်း ဂန့်ဂေါမြို့နယ်ထဲက ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး လိုက်တယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ခလရ ၅၀ က စစ်သားတွေနဲ့ ပျူစောထီးတွေပါတဲ့အဖွဲ့ဟာ မနေ့ ဇူလိုင်လ ၂၀ ရက် မနက် ၂ နာရီခွဲအချိန်မှာ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ရှုံးရှီကျေးရွာနဲ့ အောင်မြင်ကျေးရွာဘက်ကို ပစ်ခတ်တိုက်ခိုက်မှုတွေလုပ်ပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီစစ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေကို ဖမ်းဆီးခဲ့ပြီးနောက် အောင်မြင်ကျေးရွာနဲ့ရှုံးရှီကျေးရွာတို့ကိုဆက်သွယ် ထားတဲ့ ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို မိုင်းခွဲဖျက်ဆီးခဲ့တာလို့ ပြောပါတယ်။
အောင်မြင်ကျေးရွာကို ရောက်နေတဲ့ စစ်ကြောင်းမှာ တင့်ကားတစီးပါဝင်လာတယ်လို့လည်း သိရပါတယ်။
တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဂန့်ဂေါမြို့နယ်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသနေပြည်သူတွေဟာ စစ်ဖြစ် လာမှာကိုစိုးရိမ်ပြီး ထွက်ပြေးတိမ်းရှောင်နေပြီလို့လည်း သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ စစ်ရေးမှာ အရှုံးနဲ့ရင်ဆိုင်လာရတိုင်း အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေ တံတားတွေကို ဖျက်ဆီးလေ့ရှိတာကြောင့် အခုလည်း တော်လှန်ရေးတပ်တွေ လာရောက်တိုက်ခိုက်မှာကို စိုးရိမ်တဲ့အတွက် ဖျက်ဆီးလိုက် တာဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment