၂၀၂၄ ဇူလိုင်လ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးပြီး စစ်အုပ်စုထံပြန်ပို့ခဲ့တဲ့ လာအိုအစိုးရလုပ်ရပ်ကို ကန့်ကွက်ကြောင်း အရပ်ဘက်အဖွဲ့ များက အိတ်ဖွင့်ပေးစာပေးပို့
📌 ၂။ မိုးကုတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ မိုးကုတ်ဗျူဟာ ပြော
📌 ၃။ မင်းလှမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်
၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မတူပီမြို့ကထွက်ပြေးသွားတဲ့ ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖမ်းမိထားပြီလို့ သတင်းထွက်
🚩 ၂။ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က ပြည်သူပိုင်နေအိမ်များကို နေ့စဉ်မီးရှို့ဖျက်ဆီးနေ
🚩 ၃။ ရေစကြိုနယ်မှာရှိတဲ့ ခလရ ၂၅၈ တပ် စစ်ဆေးရေးဂိတ်ကို အနီးကပ်တိုက်ခိုက်
🚩 ၄။ လားရှိုးရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် "၀" တပ်ဖွဲ့များ ဝင်ရောက်လာ၊ အားလုံးကို ကြိုတင်ညှိနှိုင်းပြီး ဝင်ရောက်ခြင်းဖြစ်ပြီး လားရှိုးတိုက်ပွဲများတွင် မည်သည့်ဘက်မှ ဝင်ပါမည်မဟုတ်ဟုဆို
🚩 ၅။ ထန်တလန်မြို့က စစ်ကောင်စီတပ် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းမိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိုင်ငံသား ၁၇ ဦးကို ဖမ်းဆီးပြီး စစ်အုပ်စုထံပြန်ပို့ခဲ့တဲ့ လာအိုအစိုးရလုပ်ရပ်ကို ကန့်ကွက်ကြောင်း အရပ်ဘက်အဖွဲ့ များက အိတ်ဖွင့်ပေးစာပေးပို့
ဇူလိုင်လ ၂၈ရက်
မြန်မာနိုင်ငံသား လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူ ၁၇ ဦးကို ဖမ်းဆီးပြီး အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုထံ လွှဲပြောင်းပေးအပ်ခဲ့တဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း လာအိုအစိုးရထံ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့တယ်လို့ Defend Myanmar Democracy အဖွဲ့ထံကနေ သိရပါတယ်။
လာအိုနိုင်ငံမှာ စစ်အာဏာရှင်တော်လှန်ရေးအတွက် ရန်ပုံငွေရှာနေတယ်လို့စွပ်စွဲခံရတဲ့ မြန်မာနိုင်ငံသား ၁၇ ဦးကို လာအို ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းခဲ့တာနဲ့ပတ်သက်လို့ မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်တာဖြစ်ပါတယ်။
ဒီအိတ်ဖွင့်ပေးစာမှာ မြန်မာပြည်သူတွေကို ဖမ်းဆီးအကျဉ်းချတာနဲ့ စစ်အုပ်စုထံလွှဲပြောင်းပေးအပ်တာတွေကို ရပ်တန့်ပေးဖို့ လည်း တောင်းဆိုထားပါတယ်။
ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို ထောက်ပံ့ကူညီတယ်ဆိုတဲ့ စွဲချက်တွေနဲ့ လူ့အခွင့်အရေးကာကွယ်နေသူတွေကို ရက်စက် ကြမ်းကြုတ်တဲ့ စစ်အုပ်စုထံ လာအိုအစိုးရက လွှဲပြောင်းပေးအပ်လိုက်တဲ့လုပ်ရပ်ကြောင့် မြန်မာပြည်သူတွေ အချိန်မရွေး အသတ်ခံရနိုင်တဲ့အခြေအအနေ ဖြစ်စေခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။
ဒါ့အပြင် ညှဉ်းပန်းနှိပ်စက်မှုနဲ့ အခြားသော ရက်စက်ကြမ်းကြုတ်မှု၊ လူမဆန်သော သို့မဟုတ် ယုတ်ညံ့သောဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ခတ်ခြင်းဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှာ လက်မှတ်ရေးထိုးထားတဲ့ လာအိုနိုင်ငံဟာ လူပုဂ္ဂိုလ်တွေကို ညှဉ်းပမ်းနှိပ်စက်ခံရနိုင်တဲ့ အန္တရာယ်ရှိတဲ့ နောက်ထပ်နိုင်ငံတခုခုကို လွှဲပြောင်းပေးအပ်ခြင်းမပြုလုပ်ဖို့လည်း တိုက်တွန်းထား ပါတယ်။
ဒါ့ကြောင့် အခုလိုဖြစ်ရပ်မျိုး နောက်ထပ် စစ်အုပ်စုထံကို လွှဲပြောင်းပေးအပ်တာတွေ မပြုလုပ်ဖို့ နဲ့ လာအိုနိုင်ငံမှာ ခိုလှုံလိုတဲ့ မြန်မာပြည်သူတွေရဲ့ အခွင့်အရေးကို ကူညီစောင့်ရှောက်ပေးဖို့ကို မြန်မာအရပ်ဖက်အဖွဲ့အစည်းတွေက လာအိုအစိုးရကို တောင်းဆိုထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဘယ်လိုပဲအဓိပ္ပါယ်ဖွင့်ဆိုနေပါစေ တရားဝင်အစိုးရမဟုတ်တဲ့အတွက် မြန်မာပြည်သူတွေကို ဖမ်းဆီးထိန်းသိမ်း အကျဉ်းချတာတွေအတွက် တရားမဝင်မှုမရှိဘူးလို့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
စစ်အုပ်စုက "နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ" လို့ ရည်ညွှန်းသုံးစွဲနေပေမယ့် အာဏာလုယူထားတာဖြစ်တဲ့အတွက် အစိုးရရုံးတွေကို အုပ်ချုပ်ပိုင်ခွင့် မရှိသလို မြန်မာနိုင်ငံဥပဒေသာမက နိုင်ငံတကာဥပဒေတွေမှာ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီနေတဲ့ ရာဇဝတ်အဖွဲ့အစည်းတရပ်သာဖြစ်တာကြောင့် မြန်မာပြည်သူတွေက ငြင်းပယ်ထားတယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
မြန်မာအကြမ်းဖက်စစ်တပ်ဟာ လက်ရှိအချိန်အထိ လူပေါင်း ၅ထောင့် ၃ရာ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ၂သောင်း၇ထောင် ကျော်ကိုဖမ်းဆီးခဲ့ကာ ၂သောင်း ၇ရာကျော်ကို အကျဉ်းချထားတယ်လို့လည်း အသိပေးထားပါတယ်။
ခုလို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်တာ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ၊ လိင်ပိုင်းဆိုင်ရာနဲ့ ကျား-မဖြစ်တည်မှု အခြေပြု အကြမ်းဖက်မှုတာ၊ အကြီးအကျယ်ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ မီးရှို့တာတွေ ကျူးလွန်ခဲ့တာ တွေကြောင့် လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့လည်း ပြောထားပါတယ်။
ဒီအိတ်ဖွင့်ပေးစာကို မြန်မာအရပ်ဖက်အဖွဲ့အစည်း ၂၁ ခု လက်မှတ်ရေးထိုးပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။
========================
📌📌 ၂။ မိုးကုတ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ မိုးကုတ်ဗျူဟာ ပြော
ဇူလိုင်လ ၂၈ရက်
မန္တလေးတိုင်း မိုးကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို ကယ်ထုတ် နိုင်ခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာက ဒီနေ့ ဇူလိုင် ၂၈ မှာ ထုတ်ပြန်ပါတယ်။
မိုးကုတ်အကျဉ်းထောင်အတွင်း စစ်ကောင်စီရဲ့ မတရားဖမ်းဆီး နှိပ်စက်အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်း သား ၁၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မိုးကုတ်ဗျူဟာက ဇူလိုင်လ ၂၇ ရက်နေ့မှာ လွဲပြောင်းလက်ခံယူခဲ့ပြီး ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကယ်ထုတ်နိုင်ခဲ့တယ်လို့ ကုတ်ဗျူဟာက ဒီနေ့မနက်မှာ ကြေညာလိုက်တာဖြစ်ပါတယ်။
မိုးကုတ်ထောင်ကနေ နိုင်ငံရေးအကျဉ်းသူ ၅ ဦး အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၄ ဦးကို ကယ်ထုတ်ခဲ့တာလို့ မိုးကုတ် ဗျူဟာရဲ့ ဓာတ်ပုံမှတ်တမ်းအရ သိရပါတယ်။
မိုးကုတ်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတွေကို ကယ်ထုတ်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ထားပေမယ့် အခြားကျဉ်းသားတွေ လွတ်မြောက်မှုအခြေအနေကို လတ်တလောမှာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
ဝမ်းသာလိုက်တာ။မြို့တွေသိမ်းပြီး ထောင်တွေဖွင့်ပေးပါ။ ငါတို့နိုင်မှ သူတို့လွတ်မှာ အလကားအော်ခဲ့ကြတာမဟုတ်ဘူး ဆိုတာ လက်တွေ့ သူတို့ပြခဲ့ကြပြီလေ။ ကျေးဇူးတင်ပါတယ် ရဲဘော်တို့ရေလို့ မိုးကုတ်ဗျူဟာရဲ့ထုတ်ပြန်ချက်ကို လူမှုကွန်ယက်သုံးစွဲသူတဦးက မှတ်ချက်ပြုပါတယ်။
မိုးကုတ်မြို့ကို တအာင်းတပ်မတော် TNLA ဦးဆောင်တဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဇွန်လ ၂၅ ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင်လ ၂၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ မြို့တခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခြ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ မိုးကုတ်မြို့ရဲ့ စစ်ရေးအခြေအနေဟာ ငြိမ်သက်နေပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကိုသတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။
========================
📌📌 ၃။ မင်းလှမှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်
ဇူလိုင်လ ၂၈ရက်
ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင်ထဲက မင်းလှမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် မြို့ပေါ်ရပ်ကွက် တွေနဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် မင်းလှမြို့နယ်မှာ ဇူလိုင်လ၂၇ ရက်ကစပြီး မြောက်ဘက်မြို့သစ်၊ ပြည်တော်သာ၊ ဇေယျဝတီ၊ ဗိုလ်ရုံတန်း၊ ကိုးအိမ်တန်း စတဲ့ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကောက်ကွေးတန်း၊ ထောက်ကြန့်ကွင်း၊ စိန်ကန့်လန့် စတဲ့ ကျေးရွာတွေ ရေကြီးနစ်မြုပ်မှုဒဏ်ခံနေရတယ်လို့ Tharyarwaddy 8 City သတင်းဌာနက ဖော်ပြထားပါတယ်။
မိုးကဆွေနေပြီး ဆက်တိုက်ရွာနေတာရယ် မြစ်ရေထောက်နေတာရယ်ကြောင့် ချောင်းရေတွေမထွက်နိုင်ဘဲရေလျှံကုန်တာ လို့ ဒေသခ့တွေက ဆိုပါတယ်။
ဒါကြောင့် အနိမ့်ပိုင်းနေထုင်တဲ့သူတွေဟာ ပရဟိတအသင်းတွေနဲ့ချိတ်ဆက်ပြီး ဘုန်းကြီးကျောင်းမှာ သွားနေကြရတယ်လို လည်း သိရပါတယ်။
ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မြစ်မခမြစ်ရေတက်လာတာကြောင့် ဒီလှိုင်း၊ ထန်းပင်ကုန်း၊ နတ္ထမင်း၊ ပျဥ်းမကုန်း၊ ချောင်းနက်၊ တောင်ပို့ကြီး စတဲ့ရွာတွေအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူတွေ ထောင်နဲ့ချီပြီး ရေဘေးရှောင်နေရတာရှိပါတယ်။
လက်ရှိမှာ သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ သုံးဆယ်ဆည်၊ သဲကောဆည်၊ ကံတင်ဘီးလင်းဆည်၊ မုက္ခာဆည်၊ မင်းလှဆည်၊ ဂမုန်းဆည်၊ ဘော်ဘင်ဆည်၊ တောင်ညိုဆည် စတဲ့ဆည်တွေက ရေပိုလွဲကနေ ဆည်ရေလွှတ်ထားတာကြောင့် ရန်ကုန်-ပြည် ကားလမ်းတလျောက်က နေရာတချို့မှာ ရေကျော်နေတယ်လို့လည်း သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မတူပီမြို့ကထွက်ပြေးသွားတဲ့ ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဖမ်းမိထားပြီလို့ သတင်းထွက်
ဇူလိုင်လ ၂၈ရက်
မတူပီမြို့သိမ်းတိုက်ပွဲမှာ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ချင်းကာကွယ်ရေးရဲဘော်တွေက ဖမ်းမိထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
တူပီမြို့အခြေစိုက် ခလရ-၁၄၀ တပ်ရင်းနဲ့ ဗျူဟာကုန်း ကာကင်းစခန်းအချို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက ဇွန်လ ၉ ရက်ကစပြီး တိုက်ခိုက်ခဲ့ရာ ဇွန်လ ၂၅ ရက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့ ဗျူဟာမှူးဦးဆောင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ကို ချင်းကာကွယ်ရေး ရဲဘော်တွေက ဇူလိုင်၂၄ ရက်မှာ ဖမ်းမိတာလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။
ထွက်ပြေးသွားသူတွေ မိတာအမှန်ပါပဲလို့ ချင်းကာကွယ်ရေး ရဲဘော်တဦးနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ဇူလိုင် ၂၈ ရက်မှာ အသိပေးထားတာလည်း ရှိပါတယ်။
မတူပီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တရားဝင် သတင်းမထုတ်ပြန်သေးပေမယ့် ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ The matupi Time သတင်းဌာနက ချင်းပြည်နယ်မှာ ပထမဆုံး လူထုသပိတ်ဖြိုခွင်းခံခဲ့ရတဲ့ မတူပီမြို့ဟာ စစ်ကောင်စီ ကင်းစင်ပြီလို့ ဇူလိုင် ၂၇ ညပိုင်းမှာ အသိပေးထားပါတယ်။
ခြေဦးတည့်ရာထွက်ပြေးနေကြတဲ့ ရာနဲ့ချီတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ တောထဲ တောင်ထဲမှာ တလခန့်နေထိုင်ခဲ့ရပြီး အစာရေစာပြတ်လပ်တာကြောင့် သေဆုံးသူတွေရှိခဲ့တယ်လို့လည်း ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းတွေတိုက်ခိုက်ခံရပြီးတဲ့နောက် ဆုတ်ခွာထွက်ပြေးသွားချိန်မှာ မတူပီမြို့မ ရဲစခန်း အချုပ်မှာရှိတဲ့ နိုင်ငံရေးအကျဥ်းသားတွေကို လူသားဒိုင်းအနေနဲ့ ခေါ်ဆောင်သွားခဲ့တာကြောင့် ချင်းကာကွယ်ရေး ရဲဘော် တွေ လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးပြန်လည်လွတ်မြောက်လာတယ်လို့ ချင်းကာကွယ်ရေး တပ်ဖွဲ့ -မတူပီ က ဇူလိုင် ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပေမယ့် လက်ရှိအချိန်ထိ ပျောကဆုံးနေတဲ့ နိုင်ငံရေးအကျသ်းသားတွေ ရှိနေဆဲလို့ သိရပါတယ်။
ချင်းကာကွယ်ရေးရဲဘော်တွေနဲ့ မဟာမိတ်တပ်တွေဟာ ဇွန်လ ၁၇ ရက်မှာ ခမရ-၃၀၄ တပ်ရင်းကို သိမ်းနိုင်ခဲ့ပြီး ဇွန်လ ၂၉ ရက်မှာ ခလရ-၁၄၀ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်တွေထံကနေ လေယာဥ်ပစ်လက်နက်အပါအဝင် လက်နက်ခဲယမ်းအမြောက်အများသိမ်းပိုက်ရရှိခဲ့ပါတယ်။
========================
🚩🚩 ၂။ လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်တပ်က ပြည်သူပိုင်နေအိမ်များကို နေ့စဉ်မီးရှို့ဖျက်ဆီးနေ
ဇူလိုင်လ ၂၈ရက်
ကရင်နီပြည်နယ် လွိုင်ကော်မြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး ပြည်သူပိုင်အိမ်များကို စစ်ကောင်စီတပ်က နေ့စဉ် မီးရှို့ဖျက်ဆီးနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီတပ်တွေဟာ အင်အားဖြည့်ပြီးတဲ့နောက် ဇွန်လကုန်ပိုင်ကစတင်ကာ မိုင်းလုံးရပ်ကွက်မှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပြီး ဇူလိုင် ၁ ရက်ကစလို့ ဇူလိုင် ၂၇ အထိ မိုင်းလုံးနဲ့ ရွာတန်းရှည်ရပ်ကွက်ထဲကအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
မိုင်းလုံးရပ်ကွက်ထဲကို စစ်ကြောင်းဖြန့်ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေမှာ ရပ်ကွက်အတွင်းက နေအိမ်တွေကို ဖျက်ဆီး ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်ပစ္စည်းတွေ ယူဆောင်သွားတဲ့အပြင် မီးရှို့ဖျက်ဆီးသွားတာကြောင့် မိုင်းလုံးနဲ့ရွာတန်းရှည် ရပ်ကွက်က အိမ် ၆၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ အသိပေးထားပါတယ်။
တစ်လေးလုံး စစ်ဆင်ရေးစတင်ချိန်ကနေ လက်ရှိအချိန်အထိ လွိုင်ကော်မြို့အနှံ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ရပ်တန့်သွားတာမရှိဘူးလို့လည်း KNDF က ပြောပါတယ်။
မိုင်းလုံးရပ်ကွက်အတွင်း စစ်တပ်ဘက်က စစ်ရေးလှုပ်ရှားလာတာကြောင့် KNDF တပ်ရင်းတွေနဲ့အတူ KA ၊ MK CDF တို့ ပါတဲ့ ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ မိုင်းလုံး ၊ ရွာတန်းရှည် ၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာတက္ကသိုလ်နဲ့ မြကလပ်တောင်တို့ဘက်မှာလည်း ဇူလိုင် ၄ ရက်ကနေ လက်ရှိအချိန်ထိ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတယ်လို့ သိရပါတယ်။
အခုလို တိုက်ပွဲတွေ နေ့စဉ်နီးပါးဖြစ်နေပေမယ့် စစ်ကောင်စီဘက်က လွိုင်ကော်မြို့ကြီး တည်ငြိမ်နေသယောင် ဝါဒဖြန့်နေပြီး ၎င်းတို့ရဲ့ယန္တရားများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် မြို့နေလူထုကို နေရပ်ပြန်ကြဖို့ စည်းရုံးလှုံ့ဆော်နေတာလည်း ရှိနေ ပါတယ်။
ဒါဟာ လူထုကိုအသုံးချပြီး အကာအကွယ်ယူဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဒါကို အထူးသတိ ထားဖို့ KNDF က တိုက်တွန်းထားပါတယ်။
ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေနေတွေနဲ့ နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ တိုက်ပွဲတွေကြောင့် ပြည်သူလူထု အနေနဲ့ နေအိမ်ပြန်တာတွေ မလုပ်ကြဖို့၊ သက်ဆိုင်ရာတာဝန်ရှိသူတွေဆီက မှန်ကန်တဲ့သတင်းအချက်အလက်တွေ ရယူကြ ဖို့နဲ့ မိမိတို့လုံခြုံရေးအတွက် စစ်ရေးသတိရှိကြဖို့လည်း နှိုးဆော်ထားပါတယ်။
ထောက်ပို့ပြည်သူများအနေနဲ့လည်း စစ်ဆင်ရေးရည်မှန်းချက်တွေအောင်မြင်စေဖို့ လိုအပ်နေတာတွေ ကူညီထောက်ပံ့ပေးဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က တောင်းဆိုထားပါတယ်။
========================
🚩🚩 ၃။ ရေစကြိုနယ်မှာရှိတဲ့ ခလရ ၂၅၈ တပ် စစ်ဆေးရေးဂိတ်ကို အနီးကပ်တိုက်ခိုက်
ဇူလိုင်လ ၂၈ရက်
မကွေးတိုင်း ရေစကြိုမြို့က ရေစကြို-ပခုက္ကူလမ်းမကြီးဘေးမှာရှိတဲ့ အကြမ်းဖက်စစ်ကာင်စီရဲ့ ခလရ-၂၅၈ တပ် စစ်ဆေးရေးဂိတ်ကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
ဇူလိုင်လ ၂၆ ရက် နေ့လည်ပိုင်းက ရေစကြို -ပခုက္ကူလမ်းမကြီးဘေးရှိတဲ့ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၈ တပ်ရင်းရှေ့မှာရှိတဲ့ စစ်ဆေးရေးဂိတ်ကို အနီးကပ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ ခန့်ကြာခဲ့ တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို သိနိုင်ဖို့ စုံစမ်းနေဆဲ လို့ အသိပေးထားပါတယ်။
ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးခန့်က ပြန်လည်ပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့ဘက် က ထိခိုက်တာမရှိဘူးလို့လည်း သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် - ရေစကြို ပကဖနဲ့ ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်း တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ လားရှိုးရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် "၀" တပ်ဖွဲ့များ ဝင်ရောက်လာ၊ အားလုံးကို ကြိုတင်ညှိနှိုင်းပြီး ဝင်ရောက်ခြင်းဖြစ်ပြီး လားရှိုးတိုက်ပွဲများတွင် မည်သည့်ဘက်မှ ဝင်ပါမည်မဟုတ်ဟုဆို
ဇူလိုင်လ ၂၈ရက်
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းရှိ UWSA ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန် "၀" တပ်ဖွဲ့များ မြို့အတွင်းဝင်ရောက်လာမှုမှာ မှန်ကန်ပါကြောင်း UWSA၏ ပြင်ပဆက်ဆံရေးအရာရှိ ဦးညီရမ်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားကြောင်း ထုတ်ပြန်ထားပါတယ်။
ယမန်နေ့ ညပိုင်း UWSA တပ်မှ အင်အား ရာချီ၍ လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ "၀" တပ်မတော် ၏ အလံများ လွှင့်တင်၍ စစ်ကားများဖြင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ လားရှိုးတိုက်ပွဲတွင် မည်သည့်ဘက်မှ ပါဝင်မည်မဟုတ်ကြောင်း သိရှိရသည်။
"လားရှိုးမြို့ရှိတိုင်းရင်းသားပေါင်းစုံများရဲ့ လိုလားချက်အရ လားရှိုးမြို့နယ်ရှိ ကျနော်တို့ ပြင်ပဆက်ဆံရေးရုံးများနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်အတွက် “ဝ”ပြည်နယ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ၂၇ရက်နေ့ ညက လားရှိုးမြို့သို့ တရားဝင် ဝင်ရောက်ခဲ့တာ မှန်ပါတယ်။ မြို့သို့ မဝင်မီတွင် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို အကြောင်းကြားခဲ့ပြီး ၎င်းတို့၏သဘောတူညီချက်နှင့် အဆင်ပြေစွာဝင်ရောက်ခဲ့တာဖြစ်တယ်။ လားရှိုးမြို့တွင် တပ်စွဲထားတဲ့ကျနော်တို့ “ဝ”လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တိုက်ပွဲဖြစ်ပွားနေတဲ့ အဖက်ဖက်တို့ကို ဝင်ရောက်စွက်ဖက်ခြင်း၊ ပူးပေါင်းခြင်းနဲ့ ပံ့ပိုးပေးခြင်းများ လုပ်ဆောင် မှာမဟုတ်ပါ။ လားရှိုးမြို့နှင့် တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအမြန်ဆုံးရဖို့ကို “ဝ”ပြည်နယ်ကမျှော်လင့်ပါတယ်" ဟု ဦးညီရမ်းက ပြောဆိုထားပါတယ်။
လက်ရှိတွင်MNDAA တပ်များက လားရှိုးမြို့နယ်ကို သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်း ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာခဲ့ပြီး လားရှိုးမြို့ အုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကာ အုပ်ချုပ်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။
လားရှိုးရှိ MNDAA ၏ ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်တစ်ဦးကမူ UWSA တပ်ဖွဲ့ဝင်များ လားရှိုးမြို့အတွင်းသို့ ဝင်ရောက်လာမည်ကို ကြိုတင်သိရှိထားပြီး UWSA နှင့် MNDAA တို့သည် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ များဖြစ်ကြောင်း ပြောဆိုသည်။
"ကျနော်တို့ကို ကြိုတင် အကြောင်းကြားမှုရှိပါတယ်။ UWSA က မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်" ဟု MNDAA ၏ ရှေ့တန်းမြေပြင်တပ်ဖွဲ့ဝင်က ရှင်းပြတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ ထန်တလန်မြို့က စစ်ကောင်စီတပ် စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာမှာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းမိ
ဇူလိုင်လ ၂၈ရက်
ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီရဲ့ အမာခံရှေ့တန်းစခန်းတွေဖြစ်တဲ့ Auto တောင် စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၅ ဦးသေဆုံးပြီး ၂ ဦး ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိတယ်လို့ Chinland Information Center က ထုတ်ပြန်ပါတယ်။
ဒီနေ့ ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ဟားခါးနဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံစခန်းတွေဖြစ်တဲ့ Auto တောင် စခန်း ၃ ခုကို Chinland Council ပူးပေါင်းတပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစခန်းတွေဟာ တပ်မ ၇၇ လက်အောက်ခံ တပ်ရင်းတွေ အထိုင်ချတဲ့နေရာဖြစ်တယ်လို့လည်း သိရပါတယ်။
Chinland Council အောက်က ပူးပေါင်းတပ်ဖွဲ့ဟာ ဟားခါး-ထန်တလန်ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ ရှေ့တန်းအမာခံစခန်း တွေကို ဇူလိုင်လ ၂၂ ရက်နေ့က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့အထိဆိုရင် တပတ်အတွင်း စခန်း ၆ ခု သိမ်းပိုက်ရရှိကာ လက်နက်ခဲယမ်းတွေအပြင် စစ်သုံ့ပန်း ၃ ဦးကိုလည်း ဖမ်းဆီးရမိထားတယ်လို့ အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment