၂၀၂၄ စက်တင်ဘာလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ TNLA နဲ့ မြန်မာပြည်သူများအပေါ် ခြိမ်းခြောက်စော်ကားမှုကို NUCC ပြင်းပြင်းထန်ထန်ရှုံ့ချ
📌 ၂။ အသက်သွေးများစွာ အရင်းပြုထားတဲ့ တော်လှန်ရေးကို ပန်းဝင်ခါနီးမှာ ဘယ်ခြိမ်းခြာက်မှုအတွက်မှ အပျက်ခံမှာ မဟုတ်ဟု ဦးမင်းကိုနိုင် ဆို
📌 ၃။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိ AFP သတင်းဌာန မေးမြန်းမှုကို တရုတ်သံရုံး ပြန်လည်ဖြေကြားချက် ထုတ်ပြန်
📌 ၄။ စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုဟု NLD ချမှတ်
📌 ၅။ မင်းတုန်းနယ်ကို စစ်တပ်ထုတ်ကုန် ကင်းစင်တဲ့ နယ်မြေအဖြစ် ဆောင်ရွက်နေပြီး လိုက်နာခြင်း မရှိပါက ဖမ်းဆီး အရေးယူမယ်လို့ ပကဖ အသိပေး
📌 ၆။ မန္တလေးမှာ ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီး
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကလေးမှာ ရွာတွေကို စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်
🚩 ၂။ မုံရွာမြို့အဝင်က စစ်ကောင်စီ အထိုင်နေရာအား ၄၀ မမ ဖြင့် ပစ်ခတ်
🚩 ၃။ ခင်ဦးမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၉ ကြိမ် တိုက်ခိုက်
🚩 ၄။ မြိုင်မြို့နယ်တွင် နယ်မြေရှင်းလင်းရင်း စစ်ကောင်စီ ရိက္ခာထုတ်တချို့ သိမ်းဆည်းရမိ
🚩 ၅။ ကျုံပျော်မှာ စစ်မှုထမ်းစာရင်းထဲပါလို့ ရှောင်တိမ်းနေသူကို ဖမ်းဆီးအပ်နှံ
🚩 ၆။ လက်ပံတန်းမြို့နယ်မှာ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို မုဒိမ်းကျင့်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အကြမ်းဖက်စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ TNLA နဲ့ မြန်မာပြည်သူများအပေါ် ခြိမ်းခြောက်စော်ကားမှုကို NUCC ပြင်းပြင်းထန်ထန်ရှုံ့ချ
ဩဂုတ်လ ၃၁ရက်။
RadioNUG
မဟာမိတ် တော်လှန်ရေး အင်အားစုတစ်ခုဖြစ်သည့်အပြင် အချုပ်အခြာအာဏာပိုင် လူမျိုးတစ်မျိုးဖြစ်သည့် တအာင်းအမျိုးသားတို့၏ တပ်မတော်အပေါ်နှင့် ပြည်သူများ၏ တော်လှန်ရေးအပေါ် ရိုင်းပျစွာ ခြိမ်းခြောက်စော်ကားမှုကို ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC မှ သတင်းထုတ်ပြန်ပါတယ်။
မြန်မာပြည်သည် ပြည်တွင်းနိုင်ငံရေး ပဋိပက္ခများ ရှိနေသော်လည်း နိုင်ငံတွင်း မှီတင်းနေထိုင်ကြသော လူမျိုးဘာသာစုံ ပြည်သူများ၏ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခု ဖြစ်ပြီး နိုင်ငံ၏ ဒေသအသီးသီးရှိ လူမျိုးများနှင့် ၎င်းတို့၏ ပြည်နယ်များ၊ နယ်မြေများသည်လည်း သက်ဆိုင်ရာလူမျိုးများနှင့် ဒေသခံပြည်သူများ၏ အချုပ်အခြာအာဏာပိုင် ပြည်နယ်များ၊ နယ်မြေပိုင်နက်များ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကိုသော်လည်းကောင်း၊ နိုင်ငံအတွင်းရှိ လူမျိုးတစ်မျိုး၊ ပြည်နယ်တစ်ခု၊ နယ်မြေဒေသ တစ်ခုကိုသော်လည်းကောင်း မည်သည့် တိုင်းတစ်ပါးနိုင်ငံကမှ နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ၊ ခြိမ်းခြောက်အကျပ်ကိုင် ကန့်သတ်ပိတ်ပင် ဟန့်တားခြင်းများ ပြုလုပ်ခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။
မြန်မာတအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်ဟု လိပ်မူ၍ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ(၂၉)ရက် ရက်စွဲဖြင့် ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီမှ စစ်ရေးလေ့ကျင့်မှု အကြောင်းကြား ကြော်ငြာချက်ဟု ခေါင်းစဉ်တပ်ထားသည့် သတိပေး ခြိမ်းခြောက်စာပါ အချက်အလက်များအရ ကြောက်ရွံ့ကျိုးနွံမှုနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်ဟု ရိုင်းပျစော်ကားသည့် အသုံးအနှုန်းများဖြင့် ရေးသားထားသည်ကို တွေ့ရကြောင်း၊
အဆိုပါစာကို ပေးပို့ခဲ့သော ရွှေလီမြို့ အမျိုးသားလုံခြုံရေးကော်မတီ အနေဖြင့် စာပေးပို့မှုကို ပြန်လည်ရုတ်သိမ်းရန်၊ မြန်မာနိုင်ငံနှင့် သက်ဆိုင်ရာ လူမျိုးများ၊ ပြည်သူများအပေါ် နိုင်ငံတကာဥပဒေများ၊ ကျင့်ဝတ်များနှင့်အညီ လေးစားအသိအမှတ်ပြုရန် တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံရှိ လူမျိုးစုံ ပြည်သူများသည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးတို့အပြင် အိမ်နီးချင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အထူးတန်ဖိုးထား လိုလားသူများဖြစ်ပြီး၊ စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများ မတရားဖိနှိပ်မှုများကြောင့် မလွှဲမရှောင်သာဘဲ တော်လှန်ရေး ဆင်နွှဲနေရခြင်းသာ ဖြစ်ကြောင်း၊
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် နယ်စပ်ဒေသ အာဏာပိုင်များအနေဖြင့် မြန်မာနိုင်ငံမှ လူမျိုးစုံပြည်သူများ စစ်တပ်၏ မတရားအနိုင်ကျင့်ခံနေရမှုကို စာနာနားလည်၍ ကူညီပံ့ပိုးပေးခြင်းဖြင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေရန် ကြိုးစားသင့်ကြောင်း အကြံပြုတိုက်တွန်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၂။ အသက်သွေးများစွာ အရင်းပြုထားတဲ့ တော်လှန်ရေးကို ပန်းဝင်ခါနီးမှာ ဘယ်ခြိမ်းခြာက်မှုအတွက်မှ အပျက်ခံမှာ မဟုတ်ဟု ဦးမင်းကိုနိုင် ဆို
ဩဂုတ်လ ၃၁ရက်။
RadioNUG
အနိုင်ကျင့် ဗိုလ်ကျမှုမှန်ရင် ဘယ်အင်အားကြီးကိုမှ အညံ့ခံမှာမဟုတ်၊ အထူးသဖြင့် အသက်သွေးများစွာ အရင်းပြုထားတဲ့ တော်လှန်ရေးကို ပန်းဝင်ခါနီးမှာ ဘယ်ခြိမ်းခြာက်မှုအတွက်မှ အပျက်ခံမှာ မဟုတ် ဆိုတာပါပဲ ဟု ဩဂုတ်လ ၃၁ရက်နေ့ ညပိုင်းမှာ ဦးမင်းကိုနိုင်က လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားပါတယ်။
" ဓားပြဗိုလ်ရဲ့ ငိုချင်းရှည်ကြီးအပြီးမှာ ဒီစာ ထွက်လာတာ ဖြစ်တယ်။ မဟာမိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နဲ့ တရုတ်အထူးကိုယ်စားလှယ် တွေ့ဆုံဖို့ ကြေညာအပြီး ဒီစာထွက်လာတယ်။
တွေ့ကရာလူတွေဖမ်း စစ်သားစု၊ လောင်စာဆီ စားသုံးဆီ အကျပ်တည်းတွေ ကြုံ၊ ကုန်ဈေးနှုန်းတွေ အဆမတန်တက်၊ မီတာခတွေ အဆများစွာ တိုးကောက်ချိန်မှာ ဒီစာထွက်လာတယ်။
တော်လှန်ရေးက တိုက်တိုင်းအောင်၊ စစ်ဓားပြတွေ တိုက်တိုင်းရှုံး၊ မေမြို့/မန္တလေး အဝိုင်းခံထားရပြီ၊ သိမ်းရရင် ပြီးပြီ ဆိုတဲ့ အခြေအနေမှာ ဒီစာထွက်လာတယ်" လို့ ဆိုထားပါတယ်။
"အာရုံလွှဲချင်တာလား အချိန်ဆွဲချင် စိတ်ဝမ်းကွဲစေချင်တာလား၊ တော်လှန်ရေးသမား အင်အားစုတွေဟာ သာမန်အချိန်သာ မတူကွဲပြား ရှိချင်ရှိမယ်
အရေးကြုံလာရင်တော့ "အရေးကြီးပြီ ညီနောင်အပေါင်းတို့" ဆိုဖို့ အသင့်ရှိပြီးသားပါဆိုတာ သိစေချင်တယ်" လို့ ဦးမင်းကိုနိုင်က ရေးသားထားပါတယ်။
"လက်တချောင်းစီချိုးဖို့ သူတို့ကြံတာလား လက်သီးဆုပ် မဖြည်ဘူး၊ ဘယ်သူကို ခြိမ်းခြောက်သည်ဖြစ်စေ ဒါ တော်လှန်ရေးအင်အားစုအားလုံးကို ခြိမ်းခြောက်တာပဲ၊ ခြိမ်းခြောက်သူတွေအနေနဲ့ အရှိတရားကိုနားလည်ပါ၊ သူတို့ အကျိုးစီးပွားတွေ စစ်ကောင်စီ မကာကွယ်နိုင်တော့ဘူး၊ ပြည်သူတွေ လက်ထဲ ရောက်နေပြီ၊ ပိုက်လိုင်းဖြတ်သန်းတဲ့ မြေပေါ်စုံရပ်ပြီး ဒါတို့ပြည် ဒါတို့မြေ လက်ရုံးဆန့်တန်းပြရမလား၊ အသင့်ပါပဲ" လို့ ဖော်ပြထားပါတယ်။
"ဒေသတွင်း အင်အားကြီး နိုင်ငံရဲ့ ခြေလှမ်းကိုကမ္ဘာကြီး မြင်ဖို့ လိုတယ်၊ ဒီခြိမ်းခြောက်စာနဲ့ ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေ အရေးပေါ်တိုင်ပင်/ ချမှတ်နေကြပြီ၊ seal တံဆိပ်မပါ ဒေသန္တရလိုလို ပေးစာ ပစ်စာ လိုလို ဝေဝါးနေပေမယ့် သွေးတိုးစမ်းတာလား မေးစရာရှိတယ်၊ ခေါ်သံရှိရင်ထူးသံရှိမှာပဲ၊ တော်လှန်ပြည်သူတွေက ဘာမဆိုရင်ဆိုင်ဖို့ အသင့်ရှိတယ်၊ သံရုံး page အောက်က မြန်မာပြည်သူတွေရဲ့comments တွေ ကြည့်လိုက်ပေါ့" ဟု ဆိုထားပါတယ်။
"တကယ်ရင်ဆိုင်ကြရပြီဆိုရင် ညီနောင်မဟာမိတ်တွေ ကြုံရမယ့် အခက်အခဲတွေကိုပါ ထည့်စဉ်းစားနေတယ်၊ ကူဖြေရှင်းနည်းလမ်းရွေးနေတယ်၊ ဘဏ္ဍာ ရိက္ခာ စစ်ရေးလိုအပ်ချက် အစုံပါမယ်၊ အခုလည်း ဒီခြိမ်းခြောက်မှုကို ကိုယ်စီသဘောထား ထွက်ပြော ထွက်ရပ်ပြကြမှာပါ"ဟုလည်း ဖော်ထားပါတယ်။
လူမျိုးရေးမုန်တီး မဟုတ် အကြောက်တရားနဲ့ငုံ့ခံမှာ မဟုတ် စိတ်ခံစားမှုအလျောက် ရမ်းသမ်းမှာ မဟုတ် ဉာဏ်ပညာ သတ္တိနဲ့ တုန့်ပြန်မှာ ဖြစ်တယ်
နောက်ဆုံးပြောချင်တာက ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ပြီး အင်အားကြီးနိုင်ငံအနေနဲ့ သူတို့စကားတွေ ဘယ်လိုပင် အဓိပ္ပာယ်နှစ်ခွ ယူသော်ရ၏တွေ ပြောပြော မြန်မာပြည်သူတွေက ရှင်းပြတ်စကားပဲ ရှိတယ်" လို့ မင်းကိုနိုင်က ရေးသားထားပါတယ်။
========================
📌📌 ၃။ တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိ AFP သတင်းဌာန မေးမြန်းမှုကို တရုတ်သံရုံး ပြန်လည်ဖြေကြားချက် ထုတ်ပြန်
ဩဂုတ်လ ၃၁ရက်။
RadioNUG
တရုတ်နိုင်ငံဟာ TNLA ကို မြန်မာ-တရုတ်နယ်စပ်ဒေသနဲ့ နီးစပ်တဲ့နေရာမှာ စစ်ရေးလှုပ်ရှားမှုရပ်တန့်ရန် သတိပေးတယ်လို့ မြန်မာမီဒီယာအချို့မှာ သတင်းဖော်ပြထား ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က TNLA ကို စစ်ဆင်ရေးရပ်တန့်ရန် တောင်းဆိုမှုရှိမရှိကို အတည်ပြုပေးနိုင်ပါသလား။ လက်ရှိ တရုတ်-မြန်မာနယ်စပ်ဒေသ အခြေအနေဘယ်လိုရှိပါသလဲဆိုတဲ့ AFP သတင်းဌာန သတင်းထောက် မေးမြန်းချက်ကို တရုတ်သံရုံးက ဩဂုတ်လ ၃၁ရက်နေ့မှာ ပြန်လည်ဖြေကြားချက် ထုတ်ပြန်ထားပါတယ်။
"တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် မြန်မာနိုင်ငံမြောက်ပိုင်း ပဋိပက္ခလှုပ်ရှားမှုအခြေအနေကို များစွာဂရုပြုပြီး ဆွေးနွေးရန်နဲ့ အပစ်အခတ်ရပ်စဲရန် လုပ်ငန်းအမြဲလုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်က မြန်မာနိုင်ငံ တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် အမြဲတစေ စိတ်ရင်းအမှန်ဖြင့် မျှော်လင့်ပြီး တက်တက်ကြွကြွ ကူညီဆောင်ရွက်ပေးနေပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်မှုလုပ်ငန်းစဉ်အတွက် အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းအခြေအနေ အရှိန်လျော့ကျလာစေရန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်" လို့ ပြောဆိုထားပါတယ်။
========================
📌📌 ၄။ စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုဟု NLD ချမှတ်
ဩဂုတ်လ ၃၁ရက်။
RadioNUG
ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် အမျိုးသားဒီမိုကရစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလစတုတ္ထအကြိမ် အစည်းအဝေးကို Zoom မှတစ်ဆင့် ကျင်းပခဲ့ပြီး အစည်းအဝေးတွင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်ပါသောကြောင့် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးကို လုပ်ဆောင်သင့်လုပ်ဆောင်နိုင်သည့် နည်းလမ်းမျိုးစုံအသုံးပြု၍ ကြိုးပမ်းဆောင်ရွက်ရန်နှင့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင်ရွေးကောက်ပွဲကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် စသည့်အချက်များအပါအဝင် ဆုံးဖြတ်ချက် (၁၄) ချက်ကို ကန့်ကွက်သူမရှိ အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။
အစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင်(၁)ဦး၊ ဗဟိုကော်မတီဝင်(၄၀)ဦး၊ အရံဗဟိုကော်မတီဝင် (၁၁)ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်(၂၁) ဦး၊ ဗဟိုရေးရာကော်မတီများမှ (၂၀)ဦး စုစုပေါင်း (၉၃)ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် မန်းဂျော်နီက သဘာပတိ အဖြစ်ဆောင်ရွက်ခဲ့ပြီး ဗဟိုအလုပ်ကော်မတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ဗဟိုကော်မတီဝင်များ၊ ဗဟိုရေးရာကော်မတီများမှ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများ တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဗဟိုအလုပ်ကော်မတီ၏လုပ်ငန်းအစီရင်ခံစာကို အတည်ပြုပြီး၊ တင်သွင်းလာသော အကြံပြုချက်များနှင့် အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (တတိယမူကြမ်း)ကို မှတ်တမ်းတင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၅။ မင်းတုန်းနယ်ကို စစ်တပ်ထုတ်ကုန် ကင်းစင်တဲ့ နယ်မြေအဖြစ် ဆောင်ရွက်နေပြီး လိုက်နာခြင်း မရှိပါက ဖမ်းဆီး အရေးယူမယ်လို့ ပကဖ အသိပေး
ဩဂုတ်လ ၃၁ ရက်။
Radio NUG
မကွေးတိုင်း၊ မင်းတုန်း မြို့နယ်ကို စစ်ကောင်စီ ထုတ်ကုန် ကင်းစင်တဲ့ နယ်မြေ ဖြစ်အောင် ဆောင်ရွက်နေပြီး စစ်ကောင်စီ ထုတ်ကုန်တွေ သယ်ယူပို့ဆောင် ရောင်း၀ယ်တာတွေ မလုပ်ဖို့ တားမြစ်ချက်ကို လိုက်နာခြင်း မရှိပါက လူကိုပါ ဖမ်းဆီး အရေးယူတော့မယ်လို့ မင်းတုန်း ပကဖက အသိပေးထားပါတယ်။
စစ်ကောင်စီ ထုတ်ကုန်တွေနဲ့ ပတ်သက်လို့ ၈ လတိတိ စာထုတ်ပြန်အသိပေးခြင်း၊ မြေပြင်ထိ ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးပြီ ဖြစ်သလို့ ပုသိမ် - မုံရွာ ကားလမ်းနဲ့ ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကိုလည်း လိုက်နာဖို့ အကြိမ်ကြိမ် အခါခါ အသိပေးပြီးသွားပြီလို့ ဆိုပါတယ်။
ထို့ကြောင့် လိုက်နာခြင်း မရှိပါက ပစ္စည်းများ သိမ်းယူဖျက်ဆီး ယုံသာမက လူကိုပါ ဖမ်းဆီးအရေးယူမှာ ဖြစ်တယ်လို့ အသိပေးထားပြီး သတင်းမပို့ဘဲ ညဘက် ကားမောင်းခြင်း၊ ကားမှန် အလုံပိတ် မောင်းနှင်ခြင်းများနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဖြစ်လာမယ့် ပြဿနာများကို တာဝန်ယူမှာ မဟုတ်ဘူးလို့ သတိပေးထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၆ ရက်ကလည်း မင်းတုန်းမြို့နယ်၊ ကြက်လောင်းရွာနဲ့ မင်းတပ်ရွာများမှာ တားမြစ်ထားတဲ့ စစ်ကောင်စီထုတ် အရက်၊ ဘီယာများ ရောင်းချနေတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် သိမ်းဆည်းခဲ့ပြီး ပနီချောင်းအတွင်း မျှောချဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ မန္တလေးမှာ ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီး
ဩဂုတ်လ ၃၁ရက်။
RadioNUG
ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ကံလှရပ်ကွက်၊ အောင်ချမ်းအေးရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် လူငယ်များကို နေရာအတိအကျဖြင့် အကြမ်းဖက် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများထံမှ သိရပါတယ်။
ဖမ်းဆီးခံရသည့် လူငယ်များကို အောင်ချမ်းအေးရပ်ကွက် ရပ်ကွက်ရုံးတွင် စစ်ဆေးပြီး လူငယ် ၄ ဦး ၊ ပြစ်မှုဟောင်းရှိသူ ၁ ဦး ၊ မိခင် ၁ ဦး နန်းတွင်းထဲ ဖမ်းခေါ်သွားတယ်လို့ သိရပါတယ်။
ထို့ပြင် ၂၆ လမ်း၊ ၈၂ လမ်းနှင့် ၈၄ လမ်းကြားမှ လူငယ် ၂ ဦးကိုလည်း အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူများထဲတွင် ပြည်သူ့စစ်ထဲ အတင်းအဓမ္မဝင်ရန် စာရင်းပါသွား၍ ထွက်ပြေးကာ တော်လှန်ရေးထဲ ဝင်ရောက်သွားသူ၏ မိခင်ဖြစ်သူလည်း ပါဝင်ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကလေးမှာ ရွာတွေကို စစ်ကြောင်းထိုးပြီး ဒရုန်းနဲ့ရော လက်နက်ကြီးနဲ့ပါ တိုက်ခိုက်
သြဂုတ် ၃၁ရက်။
RadioNUG
သြဂုတ်လ ၃၁ ရက် မနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကလေးမြို့နယ်၊ ဇင်းကလင်းရွာကနေ မြို့ကြီးကုန်းရွာကို ခန့်မှန်းအင်အား ၄၀ လောက်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီက ဒလန်သတင်းပေးချက်အရ ရွာတွေကို စစ်ကြောင်း ၃ ခုထိုးပြီး ဝင်ရောက်ရင်း နေအိမ်မီးရှို့ဖျက်စီးတာတွေ၊ လက်နက်ကြီး ပစ်ခတ်တာတွေနဲ့ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ အရပ်သားနေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ မြို့ကြီးကုန်းရွာနဲ့ ၁ မိုင်ခန့်ကွာဝေးတဲ့ နဂါးပွက်ကျေးရွာဆီ ဒရုန်း ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ရင်း ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းထိုး ဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြို့ကြီးကုန်းရွာအဝင်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မိုင်းခွဲတိုက်ခိုက်ခဲ့ပေမယ့်လည်း မိုင်းဖြတ်ဂျမ်မာတွေ ယူဆောင်လာတဲ့အတွက် မိုင်းတစ်လုံးသာ ခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးမြို့ GTC ကျောင်းနဲ့ သာစည်ရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း နဂါးပွက်ရွာကို လက်နက်ကြီး ၃ခါ ဆက်တိုက်ပစ်ခတ်ခဲ့တာကြောင့် နဂါးပွက်ရွာထဲက အရပ်သားနေအိမ် ၄ လုံးခန့် ထိခိုက်ပျက်စီးသွားပါတယ်။
========================
🚩🚩 ၂။ မုံရွာမြို့အဝင်က စစ်ကောင်စီ အထိုင်နေရာအား ၄၀ မမ ဖြင့် ပစ်ခတ်
ဩဂုတ်လ ၃၁ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်က နယူးဒေး ဆီဆိုင်မှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာ နတ်ဆိုးမှ သတင်းထုတ်ပြန် ထားပါတယ်။
ဩဂုတ်လ ၃၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်မှာ အဆိုပါ စစ်ကောင်စီ စခန်းချထားရာ နေရာကို ၄၀ မမ လက်နက်ကြီး ၁ လုံးနဲ့ လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုကို စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ အထူး ကွန်မန်ဒိုများက ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ခင်ဦးမှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ၉ ကြိမ် တိုက်ခိုက်
ဩဂုတ်လ ၃၁ရက်။
RadioNUG
ဩဂုတ်လ ၃၁ရက်နေ့ မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီက တိုက်ပွဲမရှိတဲ့ ရွာတွေကို ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မှု ၉ ကြိမ် ပြုလုပ်ခဲ့ပြီး နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ခင်ဦး၊ ရေဦးနဲ့ ဒီပဲယင်းမြို့နယ်တွေက ဒေသခံသောင်းချီ တိမ်းရှောင်နေရတယ်လို့ People’s Defense Comrade မှ သတင်းထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုရဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ခင်ဦးနဲ့ ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်ကြားက မဒေါင်းလှ ပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေက အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေတယ်လို့ ရေးသားထားပါတယ်။
အဲ့ဒီလို တိုက်ခိုက်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေက အနီးပတ်ဝန်းကျင်ကျေးရွာတွေမှာ ခြေကုပ်ယူတာ၊ ဒဏ်ရာရသူတွေကို ဆေးကုသတာတွေ ရှိနေတာကြောင့် လေကြောင်းကနေ တိုက်ခိုက်သင့်တယ်လို့ စစ်အုပ်စု လော်ဘီတွေက လှုံ့ဆော်ထားပါတယ်။
ခင်ဦးနဲ့ ကန့်ဘလူမြို့နယ်အစပ် ခင်ဦးမြို့မြောက်ဘက် ခုနစ်မိုင်ဝန်းကျင်အကွာက မဒေါင်းလှ ပျူစောထီးကျေးရွာကို အခုလလယ်ပိုင်းကတည်းက တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေတာ ရှိပေမယ့် လက်ရှိ တိုက်ပွဲဖြစ်နေတာ ရှိမရှိကိုတော့ ဒေသခံတော်လှန်ရေးအင်အားစုတွေ အတည်ပြုထားတာ မရှိသေးပါဘူး။
========================
🚩🚩 ၄။ မြိုင်မြို့နယ်တွင် နယ်မြေရှင်းလင်းရင်း စစ်ကောင်စီ ရိက္ခာထုတ်တချို့ သိမ်းဆည်းရမိ
ဩဂုတ်လ ၃၁ ရက်။
Radio NUG
စစ်ကိုင်းတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီး ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ကြဲချပေးခဲ့တဲ့ ရိက္ခာထုတ် တချို့ကို နယ်မြေရှင်းလင်းရာမှ သိမ်းဆည်းရမိခဲ့တယ်လို့ 𝐆𝐡𝐨𝐬𝐭 𝐨𝐟 𝐄𝐧𝐞𝐦𝐢𝐞𝐬 - 𝐆𝐎𝐄 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞 က သတင်းထုတ်ပြန်ထားပါတယ်။
ဩဂုတ်လ ၃၀ ရက်က သရက်ကွ ပျူရွာကို Y-12 ထောက်ပို့ စစ်လေယာဉ်ဖြင့် ရိက္ခာထုတ် ၅၀ ခန့် ကြဲချ ခဲ့ရာ ဆန်၊ ပဲဆန်၊ ငါးခြောက်၊ ဆေးလိပ်နှင့် အသင့်စား ဆန်ပြုတ်ထုပ်များကို နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ သိမ်းဆည်းရမိခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် နယ်မြေရှင်းလင်းရေး ဝင်ရာမှာ စစ်ကောင်စီ ကင်းပုန်းများနဲ့လဲ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှု ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ နယ်မြေရှင်းလင်းမှုကို G.O.E. Revolution Force ၊ ဓားမင်းကြီး အဖွဲ့ ၊ ဗိုလ်လင်းမြွေ အဖွဲ့ ၊ ဗိုလ်စတီး အဖွဲ့ ၊ မြိုင်ပ.က.ဖ တပ်ခွဲ(၄)တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၅။ ကျုံပျော်မှာ စစ်မှုထမ်းစာရင်းထဲပါလို့ ရှောင်တိမ်းနေသူကို ဖမ်းဆီးအပ်နှံ
သြဂုတ်လ ၃၁ရက်။
RadioNUG
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့က တေဇလမ်းမှာ နေထိုင်တဲ့ လူငယ် ကျောင်းဆရာတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဖမ်းဆီးပြီး အကြမ်းဖက်စစ်ကောင်စီလက်ထဲ အပ်နှံလိုက်တယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက် ကျောင်းဆရာအလုပ်ကထွက်ကာ စိုက်ပျိုးရေးနဲ့ မွေးမြူရေး လုပ်ဆောင်နေခဲ့ပြီး စစ်မှုထမ်းဥပဒေ ပြဌာန်းပြီးနောက် စစ်မှုထမ်းစာရင်းထဲပါလို့ တိမ်းရှောင်နေတာကို အုပ်ချုပ်ရေးမှူးက နေရာစုံစမ်းလိုက်ရှာပြီး ဖမ်းဆီးကာ အကြမ်းဖက်စစ်တပ်ကို စစ်မှုထမ်းဖို့ အပ်နှံခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ လက်ပံတန်းမြို့နယ်မှာ လင်မယား ၂ ဦး စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို မုဒိမ်းကျင့်
ဩဂုတ်လ ၃၁ရက်။
RadioNUG
ဩဂုတ်လ ၂၇ ရက်နေ့တွင် လက်ပံတန်းမြို့နယ်၊ ရေငံရွာကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်း ထွက်မပြေးပဲ ကျန်ရှိခဲ့သည့် ရေငံရွာ မြောက်ပိုင်းတွင် နေထိုင်သည့် လင်မယား ၂ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အမျိုးသမီးဖြစ်သူကို မုဒိမ်းကျင့်ခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရပါတယ်။
ထို့ပြင် စစ်သားအလောင်းတွေကို လူမနေတဲ့ အိမ်ပေါ်တင်ပြီး မီးရှို့တာတွေလည်း လုပ်ဆောင်တာကြောင့် ရေငံရွာမှ ပြည်သူများသည် လက်ပံတန်းမြို့ပေါ်ရှိ ဗောဓိကုန်းအရပ်ကို လာရောက် စစ်ဘေးတိမ်းရှောင်စဉ် ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များက ပစ်ခတ် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ မည်မျှရှိသည်ကို အတည်မပြုနိုင်သေးကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment