15th SEP 2024 - Morning Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရာဂိတိုင်ဖွန်း မုန်တိုင်းအရှိန်ကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ညှိနှိုင်းအစည်းအဝေးကျင်းပ

📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ အစည်းအဝေးတွင်ရှင်းလင်းတင်ပြ

📌 ၃။ သဘာဝဘေး ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေကိုနိုင်ငံတကာက လက်တွေ့ကျတဲ့ နည်းလမ်းပေါင်းစုံနဲ့ ခွဲခြားမှုမရှိဘဲ စနစ်တကျ ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့ လိုအပ်တယ်လို့ဆို

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရေဘေးအတွက်သီးခြားရန်ပုံငွေ လျာထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပါချိတ်ဆက်ဆောင်ရွက်နေပြီလို့ဆို

📌 ၅။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏လက်ပတ်နာရီကိုပြန်လည်ရောင်းချကာ ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မယ်

📌 ၆။ တရုတ်သံရုံးက မြန်မာပြည်တွင်းရေးကို စွက်ဖက်ခြင်း မရှိကြောင်း ငြင်းဆို

📌 ၇။ ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှု အလောင်း ၅၀ ခန့် တွေ့ရှိ

📌 ၈။ ရမည်းသင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူငါးဆယ်ခန့် သေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိနဲ့စစ်သားတွေ ထိခိုက်မှုရှိနိုင်

🚩 ၂။ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာကို ရိက္ခာနဲ့လူအင်အားသွားဖြည့်တဲ့ စစ်ရေယာဉ်အုပ်ကို ကြိမ် တိုက်ခိုက်ခဲ့ရာ ဖလက်ခွန် သင်္ဘောတစင်း ပျက်စီး

🚩 ၃။ တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေချိန် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းကတစ်ဆင့် ပေါင်(၅၀၀) ဗုံး()လုံးနှင့် ရော့ကတ်ဒုံးအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်

🚩 ၄။ ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှုကို ကြိုတင်ပြင်ဆင်နိုင်ရန်နဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီဆောင်ရွက်နိုင်ဖို့ ပကဖ၊ ပအဖ ရဲဘော်များ လုပ်ဆောင်နေ

🚩 ၅။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန် စကစဘက်ကကန့်သတ်ပိတ်ပင်မှုများ ရှိနေတယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရာဂိတိုင်ဖွန်း မုန်တိုင်းအရှိန်ကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ညှိနှိုင်းအစည်းအဝေးကျင်းပ


စက်တင်ဘာလ ၁၄ရက်။

Radio NUG

ရာဂိတိုင်ဖွန်း မုန်တိုင်းအရှိန်ကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီက ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ပါတယ်။


စက်တင်ဘာလ ၁၄ ရက် (စနေနေ့)မြန်မာစံတော်ချိန် နံနက် (၁၀)နာရီအချိန်တွင် အမျိုးသားညီညွတ်ရေးအစိုးရ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (Emergency Operation Coordination Committee - EOCC)အစည်းအဝေးကျင်းပခဲ့ပြီး ရာဂိတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ တုံ့ပြန်ဆောင်ရွက်မည့် အစီအစဉ်များကို ဖော်ထုတ်ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အစည်းအဝေးတွင် လက်ရှိရင်ဆိုင်ကြုံတွေ့နေရသော ရေဘေးအန္တရာယ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုပ်ငန်းအဖွဲ့အသီးသီး၏ လုပ်ကိုင်ဆောင်ရွက်ထားမှုများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆက်လက်ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်များကို ကြိုတင်ရှောင်ရှားနိုင်ရေး အသိပညာပေးခြင်းနှင့် သတိပေးခြင်း ကိစ္စများ၊ ဘေးအန္တရယ်ကြုံတွေ့လာရသည့် အချိန်များတွင် အသက်အန္တရယ်ထိပါးဆုံးရှုံးမှု နည်းနိုင်သမျှနည်းရေးအတွက် ကူညီကယ်ဆယ်မှုကိစ္စများ၊ သဘာဝဘေးအန္တရာယ်များအတွင်း ကွဲကွာပျောက်ဆုံးသွားကြသည့် မိသားစုဝင်များ ပြန်လည်တွေ့ဆုံပေါင်းစည်းရေး ဆောင်ရွက်နိုင်မည့် ကိစ္စများ၊ ဘေးအန္တရာယ် ကျရောက်ပြီးကာလ ပြန်လည်ထူထောင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားသင့်သည့်ကိစ္စများ၊ အဆိုပါ ကိစ္စများအား ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတကာ၏ အကူအညီများ ထိရောက်စွာရရှိနိုင်ရေး ကိစ္စများ စသည်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


ဒါ့အပြင်လိုအပ်သော နောက်ဆက်တွဲ လုပ်ငန်းများကို အချိန်မဆိုင်းဘဲ ဆက်လက်လုပ်ကိုင်သွားကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် လူကပြုလုပ်သော ဘေးအန္တရယ်များကို ရင်ဆိုင်နေရသည့် ပြည်သူလူထုတရပ်လုံးအား အစွမ်းကုန် ပံ့ပိုးကူညီဆောင်ရွက်သွားကြရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး၊ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးနှင့်ဒုဝန်ကြီးများ၊ အစိုးရတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ အစည်းအဝေးတွင်ရှင်းလင်းတင်ပြ


စက်တင်ဘာလ ၁၄ရက်။

Radio NUG

နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ အစည်းအဝေးတွင်ရှင်းလင်းတင်ပြခဲ့ပါတယ်။


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထို့နောက်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဝန်ကြီးဌာန၏ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာတွင် သံတမန်ဆက်ဆံရေးအခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေး အခြေအနေများတွင် ဖြစ်ပေါ်တိုးတက်မှုများ၊ မိတ်ဖက်မဟာမိတ်နိုင်ငံများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ၊ ချိတ်ဆက်ဆောင်ရွက်နေမှုများနှင့် ရှေ့လုပ်ငန်းစဥ်များအား ပြောကြားခဲ့ပါတယ်။


၎င်းနောက် တက်ရောက်လာသည့် ကော်မတီဝင်များက အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများအား မေးမြန်းဆွေးနွေးကာ လက်ရှိတွေ့ကြုံနေရသည့် အခြေအနေများနှင့် စပ်လျဥ်း၍ သုံးသပ်အကြံပြုခဲ့ကြပါတယ်။


ဆက်လက်၍ ရေးရာကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်ချက်များ တင်ပြဆွေးနွေးရာတွင် ပညာရေးဆိုင်ရာကိစ္စရပ်များ၊ ဥပဒေရေးရာကိစ္စရပ်များ၊ ဖက်ဒရယ်သင်တန်းကိစ္စရပ်များနှင့် NUCC ရေးရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ သဘာဝဘေး ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေကိုနိုင်ငံတကာက လက်တွေ့ကျတဲ့ နည်းလမ်းပေါင်းစုံနဲ့ ခွဲခြားမှုမရှိဘဲ စနစ်တကျ ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့ လိုအပ်တယ်လို့ဆို


စက်တင်ဘာလ ၁၄ရက်။

Radio NUG

သဘာဝဘေး ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေကိုနိုင်ငံတကာက လက်တွေ့ကျတဲ့ နည်းလမ်း ပေါင်းစုံနဲ့ခွဲခြားမှုမရှိဘဲ စနစ်တကျ ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့ လိုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


စက်တင်ဘာ၁၄ရက်မှာ ရေဘေးနဲ့ပတ်သက်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။


"စစ်ရေး ပဋိပက္ခတွေကြားမှာ လူသားစာနာ အကူအညီတွေကို ထိထိရောက်ရောက်ပေးဖို့ နိုင်ငံတကာက တွန့်ဆုတ်ခဲ့ကြပေမယ့် အခုလို သဘာဝဘေး ဆိုးဆိုးရွားရွား ခံစားနေရတဲ့ ပြည်သူတွေကိုတော့ လက်တွေ့ကျတဲ့ နည်းလမ်း ပေါင်းစုံ နဲ့ခွာခြားမှုမရှိဘဲနဲ့ စနစ်တကျ ထိရောက်တဲ့ အကူအညီတွေပေးနိုင်ဖို့ လိုအပ်ပါတယ်"လို့ပြောပါတယ်။


ဒါ့အပြင်ယခုကျရောက်နေတဲ့ ရေဘေးဟာ စစ်ကောင်စီ ထိန်းချုပ်နေရာမကဘဲနဲ့ ရှမ်းပြည်၊ ရခိုင်ပြည်၊ ကရင်နီပြည် ကရင်ပြည်၊ ချင်းပြည် အဲဒီနေရာတွေမှာလည်း ထိခိုက်ခံစားရတာတွေ ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရေဘေးအတွက်သီးခြားရန်ပုံငွေ လျာထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပါချိတ်ဆက်ဆောင်ရွက်နေပြီလို့ဆို


စက်တင်ဘာလ ၁၄ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရေဘေးအတွက်သီးခြားရန်ပုံငွေ လျာထားသည့်အပြင် နိုင်ငံတကာအဖွဲ့အစည်းများနဲ့ပါ ချိတ်ဆက်ဆောင်ရွက်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


စက်တင်ဘာ၁၄ရက် ပြည်သူမှပြည်သူသို့အစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။


"အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့အနေနဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေ ဖွဲ့ပြီးတုံ့ပြန်ဖို့ဆောင်ရွက်နေတယ်။ အရေးပေါ်အစည်းအဝေးတွေခေါ်တယ်။ အရေးပေါ်အစည်းအဝေးတွေလုပ်တယ်။ တိုင်းရင်းသားတွေနဲ့ ပါဝင်ပြီးဖွဲ့စည်းထားတဲ့ ကော်မရှင်ရှိပါတယ်။ အဲဒီကော်မရှင်ကိုလည်းအကြောင်းကြားပြီး အမြန်ဆုံးဆောင်ရွက်နေတယ်။ အရင်တုန်းက မိုခါမုန်တိုင်း တိုက်ခတ်တုန်းကလည်း ရန်ပုံငွေသီးခြားလျာထားချက် ရှိသလိုအခုလည်း ရန်ပုံငွေကအစသီးခြား လျာထားပြီးတော့ ရေဘေးကိုအစွမ်းကုန် လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးစပြီးလုပ်နေပါပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒါနဲ့ပတ်သက်ပြီးအကြောင်းကြားပြီး ချိတ်ဆက်လုပ်နေပြီ"လို့ဝန်ကြီးကပြောပါတယ်။


နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ သဘာဝဘေးကျရောက်သောနိုင်ငံများကို ကူညီထောက်ပံ့မှုများလုပ်ဆောင်ရန် တာဝန်ရှိကြောင်းလည်းသိရှိရပါတယ်။


========================


📌📌 ၅။ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏လက်ပတ်နာရီကိုပြန်လည်ရောင်းချကာ ရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မယ်


စက်တင်ဘာလ ၁၄ရက်။

Radio NUG

ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်၏လက်ပတ်နာရီကို ပြန်လည်ရောင်းချကာရေဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၄ရက် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က မွေးနေ့အမှတ်တရစကားပြောကြားရာမှာထည့်သွင်းပြောပါတယ်။


"ကျွန်မဒီမွေးနေ့မှာတော့ အစောပိုင်းကတည်းက မွေးနေ့အတွက် ကြိုပြီးတော့ အလှူလေးလုပ်ထားတာရှိတယ်။ ကျွန်မသဘောကျတဲ့ လက်ဆောင်ရထားတဲ့ တီးနေကျ ဂီတာလေးကိုပဲ အလှူလေးပြန်လုပ်ခဲ့တာရှိတယ်။ ဒါ့အပြင် ဒီကြားထဲမှာ အခုမွေးနေ့ရောက်တဲ့အချိန်မှာကိုပဲ ရေးဘေးဒုက္ခနဲ့ကြုံတွေ့နေရတဲ့ ပြည်သူလူထုတွေ ရံပုံငွေလိုအပ်ချက်တွေလည်း အများကြီးမြင်နေတွေ့နေရတယ်။ ပြန်ပြီး recovery ဖြစ်ဖိုဆိုတာ၊ ဆုံးရှုံးသွားတဲ့ အသက်တွေဆိုတာကတော့ အစားထိုးလို့မရဘူး။ သို့သော်လည်းပဲ ကျန်ရှိနေတဲ့သူတွေနဲ့ ပြန်လည်ထူ ထောင်ရေးအတွက်နဲ့ ဒီဒုက္ခတွေ ခုသာခံသာဖြစ်ဖို့ ရေဘေးကယ်ဆယ်ရေး ကူညီရေးနဲ့ ပြန်လည် ထူထောင်ရေးကိစ္စတွေမှာ လိုအပ်နေတာလေးလည်းတွေ့ရတော့ မွေးနေ့နဲ့ကြုံကြိုက်တုန်း ကျွန်မခရီးတွေသွားတုန်းက နိုင်ငံတကာခရီးစဥ်တွေသွားတုန်းက  ကျွန်မပုံလေးပါတဲ့နာရီလေး လက်ဆောင်ပေးလိုက်တာ ရှိတယ်။ Special Edition ဆိုပြီးတော့ပါ။ အဲ့လက်ပတ်နာရီလေးကို ပြန်ပြီးတော့ ရေဘေးရံပုံငွေအတွက်ပြန်လှူဖို့ ဒီနာရီလေးကို လေလံတင်တာလား အခုလုပ်ကြတယ်ပေါ့"လို့ဝန်ကြီးကပြောပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံရေဘေးသင့် ခံစားနေရသည့်ဒုက္ခများကို နိုင်ငံတကာသို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းစကားပါးတင်ပြမည်ဖြစ်ပြီး အထောက်အပံများရရှိအောင်လည်းပြောကြားသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကပြောပါတယ်။


========================


📌📌 ၆။ တရုတ်သံရုံးက မြန်မာပြည်တွင်းရေးကို စွက်ဖက်ခြင်း မရှိကြောင်း ငြင်းဆို


စက်တင်ဘာလ ၁၄ရက်။

Radio NUG 

ဆိုရှယ်မီဒီယာများတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရပုဂ္ဂိုလ်၏ သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း မြန်မာမီဒီယာများနဲ့ မြန်မာအရေးစိတ်ဝင်စားသူ လူပုဂ္ဂိုလ်များက တရုတ်အစိုးရကို မြန်မာပြည်တွင်းရေးကို ဝင်စွက်ဖက်နေကြောင်း၊ မြန်မာစစ်ကောင်စီကို အားပေးထောက်ခံမှုများ လုပ်နေကြောင်း ဝေဖန် ပြစ်တင် ရှုံချမှုများပေါ်ထွက်နေခြင်းကို ပြန်လည် တုန့်ပြန်တဲ့ သဘောထားကို ဖတ်ရှုရပါတယ်။


၎င်း၏ ပြောကြားချက်တွင် - မြန်မာပြည်၏ ပြည်တွင်းရေးကို ဝင်မစွက်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ စစ်ပွဲများကို ဆန့်ကျင်ကြောင်း၊ ပြည်ပက ဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင့်ကြောင်းကို ထပ်လောင်း ပြောကြားလိုတယ်လို့ ဖော်ပြထားပါတယ်။ အကြောင်းမဲ့ တရုတ်နိုင်ငံကို ပြစ်တင်တဲ့ ပြောဆိုမှုတွေကို ဆန့်ကျင်တယ်လို့လည်း ပြောထားပါတယ်။  တရုတ်သံရုံး၏ ထုတ်ပြန်ချက်မှာ အဓိကအားဖြင့် မြန်မာပြည်မြောက်ပိုင်း ပြန်လည် တည်ငြိမ်ရေးကို အားပေးကြောင်း၊ အဲသည်အတွက် တရုတ်အစိုးရက ပါဝင်မယ်လို့လည်း ဖော်ပြထားတာကြောင့် မြန်မာပြည်တွင်းရေးကို တရုတ်အစိုးရက ဆက်လက် ပတ်သက်နေမယ်လို့ ဆိုထားသလို ဖြစ်နေပါတယ်။


တရုတ်အစိုးရကို နွေဦးတော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီဘက်က ထောက်ခံနေတယ်လို့  ဝေဖန်နေကြတာ ဖြစ်ပါတယ်။ အခုလို သဘာ၀ဘေးဒဏ်ကြောင့် မြန်မာပြည်သူတွေအားလုံး အသက်အန္တရာယ် ရင်ဆိုင်နေရချိန်မှာလည်း တရုတ်အစိုးရက သူတို့နိုင်ငံရေးရပ်တည်ချက်ကိုပဲ အာရုံပြု ကာကွယ်တဲ့ သဘောထားကို ထုတ်ပြန်လိုက်တာကို တွေ့ရပါတယ်။


========================


📌📌 ၇။ ကလောမြို့တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှု အလောင်း ၅၀ ခန့် တွေ့ရှိ


စက်တင်ဘာလ ၁၄ရက်။

Radio NUG

ကလောမြို့နယ်တွင် တောင်ကျချောင်းရေနှင့်အတူ ရေကြီးမှုများဖြစ်ပွားပြီးနောက် အလောင်းများကို ပြန်လည်တွေ့ရှိရနေပြီး အများစုအလောင်းများကို မည်သူမည်ဝါမှန်း ခွဲခြားနိုင်ခြင်းမရှိဘဲ စုဆောင်းကောက်ယူ သဂြိုလ်နေရကြောင်း ကယ်ဆယ်ရေး လုပ်ဆောင်နေသူတချို့ထံမှ သိရပါတယ်။


အင်တာနက်နှင့် ဖုန်းလိုင်းများ မရရှိသေးသည့်အပြင် စက်တင်ဘာလ ၁၁ ရက်နေ့နှင့် စက်တင်ဘာလ ၁၂ ရက်နေ့  တောင်ကျ ချောင်းရေများနှင့်အတူ မြေပြိုခြင်း၊ ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ပြိး စက်တင်ဘာလ ၁၃ ရက်နေ့နှင့် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကူညီရေးနှင့် ရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ရာ အလောင်းများ တွေ့ရှိရခြင်းဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ အလောင်း ၅၀ နီးပါး ရရှိထားကြောင်း သိရပါတယ်။


လတ်တလော ပျောက်ဆုံးနေသူ အရေအတွက်သည် မိသားစုများ၏ စာရင်းပေးချက်အရ  ၁၀၀ နီးပါး ရှိနေပြီး ကယ်ဆယ်ရေး အဖွဲ့များလည်း ထင်သလောက် ကူညီရေး မလုပ်နိုင်ကြောင်း၊ အိမ်အလုံးလိုက် မျောပါသွားခြင်း၊ မိသားစုလိုက် ပျောက်နေဆုံးနေခြင်း များအပါအဝင် ရေဘေးသင့် ပြည်သူများ ကူညီရေး အကူအညီများစွာ လိုအပ်နေကြောင်း သိရှိရသည်။


========================


📌📌 ၈။ ရမည်းသင်းမှာ ရေကြီးမြေပြိုမှုတွေကြောင့် လူငါးဆယ်ခန့် သေဆုံး၊ ရာနဲ့ချီ ပျောက်ဆုံးနေ


စက်တင်ဘာလ ၁၄ရက်။

Radio NUG

ရမည်းသင်းမြို့နယ် အရှေ့ဘက်ခြမ်းက တောင်ပေါ်ရွာတွေနဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးက ရွာတွေမှာ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် ရုပ်အလောင်း ရှာတွေ့ထားတဲ့ သေဆုံးသူ ငါးဆယ်ခန့် ရှိနေပြီး ရေစီးနဲ့ မျောပါ ပျောက်ဆုံးနေသူတွေက လူနှစ်ရာခန့် ရှိနေတယ်လို့ ဒေသခံတွေက စက်တင်ဘာ ၁၄ ရက် ပြောဆိုကြောင်း RFA သတင်းဌာနမှာ ဖော်ပြထားပါတယ်။


တောင်ပေါ်ရွာတွေက မျောလာတဲ့ ရုပ်အလောင်းတွေကို တောင်အောက်ဘက် မြင်းနားရွာက ဒေသခံတွေက စက်တင်ဘာလ ၁၄ရက်နေ့ မနက်အထိ ဆယ်ယူရရှိတဲ့ ရုပ်အလောင်း နှစ်ဆယ်ခန့်ကို သင်္ဂြိုဟ်ပြီးသွားပြီလို့ ပြောဆိုထားပါတယ်။


ဒီ့အပြင် သပြေပင်ရွာမှာ သင်္ဂြိုဟ်ပြီးစီးတဲ့ ရုပ်အလောင်း ကိုးခု၊ ငါးတဲစုရွာကကနေ မျောသွားပြီး ဆယ်ယူရရှိတဲ့ ရုပ်အလောင်း ၁၅ ခုခန့်နဲ့ မီးသတ်ဌာနက ဆယ်ယူရရှိတဲ့ ရုပ်လောင်း ခုနစ်ခုလည်း ရှိတယ်လို့ သိရပါတယ်။


တောင်ပေါ်ရွာတွေက မျောလာတဲ့အလောင်းတွေဟာ မြေပြန့်ရွာတွေဖြစ်တဲ့ မြင်းနားနဲ့ တောင်တဲကုန်းရွာတွေမှာရှိတဲ့ လယ်ကွက်တွေထဲမှာ လာစုနေတယ်လို့ မြင်းနားဒေသခံတစ်ဦးက RFA ကို ပြောဆိုထားပါတယ်။


လယ်ကွက်တွေထဲမှာ မဖော်ရသေးတဲ့ အလောင်းတွေရှိနေပြီး အလောင်း ၂၀၀ ကျော်လောက် လယ်ကွင်းတွေ၊ တောင်တဲကုန်း အနောက်သိမ်ကုန်းဘက်တွေမှာ စုနေတယ်လို့ သိရပါတယ်။ 


အိမ်ခြေခြောက်ရာကျော်ရှိတဲ့ သပြေပင်ရွာမှာဆိုရင် စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကလွဲပြီး တောင်ကျချောင်းရေစီးနဲ့ လူရော၊ နေအိမ်တွေပါ မျောပါသွားတယ်လို့ သပြေပင် ဒေသခံတွေက ပြောပါတယ်။ ပျောက်ဆုံးနေတဲ့ သပြေပင်ရွာခံ လူလေးဆယ်ခန့် ရှိနေတယ်လို့လည်း ဆိုပါတယ်။ 


မိုးထိမိုးမိရွှေတူးဖော်ရေး လုပ်ကွက်အတွင်းမှာလည်း ရွှေလုပ်သားတွေ ရေးစီးနဲ့ မျောပါပျောက်ဆုံးနေတာတွေလည်း ရှိနေပြီး အရေအတွက်ကိုတော့ အတိအကျမသိရေသးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 


ရေကြီးပြီး မြေပြိုတာတွေကြောင့် လမ်းပန်းဆက်သွယ်ရေးတွေခက်ခဲနေသလို အင်တိုင်း၊ ကင်းရွာ၊ ချောင်းဖျား စတဲ့ ဝေးလံခေါင်သီတဲ့ရွာတွေနဲ့လည်း အဆက်အသွယ်တွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။


မိုးထိမိုးမိ ရွှေလုပ်ကွက်ကိုသွားတဲ့ လမ်းဘေးမှာရှိတဲ့ ငါးတဲစုရွာဘက်မှာလည်း လမ်းတွေပိတ်နေပြီး ကယ်ဆယ်ရေးအဖွဲ့တွေ မရောက်နိုင်တာကြောင့် ရေဘေးသင့်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ငါးတဲစု ရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။


မိုးထိမိုးမိ ရွှေလုပ်ကွက်ကို သွားမဲ့ ရိက္ခာအပြည့်တင်ထားတဲ့ ကားတွေအပါအဝင် ကားအစီး နှစ်ဆယ်ခန့်လည်း ရေစီးနဲ့ မျောပါသွားတယ်လို့ သူက ပြောပါတယ်။ 


ရေဘးဒုက္ခသည်တွေအထဲ ထိခိုက်ဒဏ်ရာ ကြီးကြီးမားမား ရသူတွေရှိတာကြောင့် ဆေးဝါးလိုအပ်မှုတွေ ရှိနေတဲ့အပြင် သောက်ရေနဲ့ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။


လက်ရှိမှာ ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိနေတာကြောင့် သေဆုံးသူ အရေအတွက် ထပ်တိုးလာနိုင် တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။


စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်းမှာ ရေဘေးကြောင့် သေဆုံးသူ ၃၃ ဦးသာရှိတယ်လို့ စက်တင်ဘာလ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

📌📌 ၁။ မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုမှာ အရာရှိနဲ့စစ်သားတွေ ထိခိုက်မှုရှိနိုင်


စက်တင်ဘာလ ၁၄ရက်။

Radio NUG

စစ်ကိုင်းတိုင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ခမရ ၁၆ က အရာရှိတွေအပါအဝင် စစ်သားတွေ ထိခိုက်သေဆုံးမှုရှိတယ်လို့ Chindwin Brothers အဖွဲ့က စက်တင်ဘာ ၁၄ မှာ ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက 107 MM ရှော့တိုက်ဒုံး လုံးနဲ့ လက်လုပ် ရှော့တိုက်ဒုံး အလုံး ၂၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရောက်နေတဲ့ ခမရ ၁၆ က အရာရှိနဲ့ စစ်သားအချို့ ထိခိုက်သေဆုံးမှု တွေရှိခဲ့ပြီး ဒဏ်ရာရသူများလည်းရှိတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကုတင် ၃၀၀ တပ်မတော် ဆေးရုံကို ပို့ဆောင်ထားတယ်လို့လည်း အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက် ဦးဆောင်ပြီး အထူးအစည်းအဝေးခေါ်ယူကာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရမှုနဲ့ပတ်သတ်ပြီး သတင်းဖုံးကွယ်ထားကြဖို့ ထပ်ခါထပ်ခါမှာကြားခဲ့ပေမယ့် သတင်းပေါက်ကြားမှုတွေ ရှိခဲ့တယ်လို့ Chindwin Brothers အဖွဲ့က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Rockets Brothers တပ်ဖွဲ့ ယင်းမာပင်ခရိုင်တပ်ရင်း Chindwin Brothers တပ်ဖွဲ့ ဇာမဏီ ချင်းတွင်းအဖွဲ့နဲ့ မုံရွာမြို့နယ် တိုက်နယ် တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၂။ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာကို ရိက္ခာနဲ့လူအင်အားသွားဖြည့်တဲ့ စစ်ရေယာဉ်အုပ်ကို ကြိမ် တိုက်ခိုက်ခဲ့ရာ ဖလက်ခွန် သင်္ဘောတစင်း ပျက်စီး


စက်တင်ဘာလ ၁၄ရက်။

Radio NUG

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာကို ရိက္ခာနဲ့လူအင်အားသွားပို့တဲ့ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေယာဉ်အုပ်ကို ကြိမ် တိုက်ခိုက်ရာ ဖလက်ခွန်သင်္ဘောတစင်း ထိမှန်ပျက်စီးသွားတယ်လို့ Chindwin Dynamite -Salingyi အဖွဲ့က ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ အမြန်ရေယာဥ်တစင်းနဲ့ဖလက်တစင်းဟာ စက်တင်ဘာ ၁၄ ရက် မနက် နာရီခန့်အချိန်က အုန်းပင်ဆိပ်ကမ်းကနေ ကံကြီးကုန်းပျူစောထီးရွာကို ရိက္ခာနဲ့လူအင်အား သွားရောက်ပို့ဆောင်ဖို့ ထွက်ခွာလာတာကို ဆားလင်းကြီးမြို့နယ် တနေရာမှာ Chindwin Dynamite-Salingyi နဲ့ ညီနောင်မဟာမိတ်တွေက ရှေ့ထွက် ပြောင်းတိုက်၊ အဖူးထွက်များ၊ လက်နက်ငယ်များနဲ့ ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့လိုက်ပါလာတဲ့ ဖလက်ခွန်တစင်း နံရံပေါက်ထွက်ပြီး စက်ပျက်သွားခဲ့ တာကြောင့် အမြန်ရေယာဉ်ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က စက်လက်များ၊ လက်နက်ငယ်များနဲ့ ပစ်ခတ်ခဲ့ ပေမယ့် တော်လှန်ရေး မဟာညီနောင်တွေ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။

အဲဒီစစ်ရေယာဉ်တွေ ကံကြီးကုန်းမှာ လူနဲ့စားနပ်ရိက္ခာတွေချပြီး အုန်းပင်ဆိပ်ကမ်းကို အမြန်ယာဥ်တစင်းနဲ့ ပြန်တက်လာချိန်မှာလည်း ဆားလင်းကြီးမြို့နယ် တနေရာမှာ ရှေ့ထွက်ပြောင်းတိုက်၊ အဖူးထွက်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှု ကြိမ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို Chindwin Dynamite-Salingyi ယင်းမာပင်ခရိုင်တပ်ရင်း ၃၅ တပ်ခွဲ- တောင်ပံနီ အထူး ပြောက်ကျားတပ်ဖွဲ့-Salingyi Fighter Nine Force-Salingyi နဲ့ SRA အောင်ကြီး-Salingyi အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

တော်လှန်ရေး ညီနောင်မဟာမိတ်တွေ ရေကြောင်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲများ အဆက်မပြတ် ဆင်နွှဲနေတဲ့အတွက် ပြည်တွင်းပြည်ပက တော်လှန်ထောက်ပို့ မိသားစုများအနေနဲ့ ကျည်တတောင့်ဖိုးဖြစ်စေ ပါဝင်ကူညီထောက်ပံ့ပေးကြပါဖို့ Chindwin Dynamite -Salingyi အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၃။ တစ်နိုင်ငံလုံး ရေဘေးအန္တရာယ်ကျရောက်နေချိန် နောင်ချိုမြို့တွင် စစ်ကောင်စီတပ်မှ လေကြောင်းကတစ်ဆင့် ပေါင်(၅၀၀) ဗုံး()လုံးနှင့် ရော့ကတ်ဒုံးအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာလ ၁၄ရက်။

Radio NUG

စက်တင်ဘာလ (၁၄)ရက် နေ့လည်(:၀၀)နာရီအချိန်မှ (:၃၀)နာရီအချိန်ထိ စစ်ကောင်စီတပ်မှ Jet fighter ဖြင့် နောင်ချိုမြို့ သပြေရပ်ကွက်တွင် စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းအသုံးပြုပြီး ပေါင်(၅၀၀) ဗုံး()လုံးနှင့် ရော့ကတ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


ပေါင် (၅၀၀)ဗုံး နှစ်လုံးအနက် တစ်လုံးပေါက်ကွဲခဲ့ပြီး တစ်လုံးမှာ ပေါက်ကွဲခြင်းမရှိဘူးလို့ သိရပါတယ်။


ထို့အပြင် ရော့ကတ်ဒုံးဖြင့် ()ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။


စက်တင်ဘာလ ၁၃ရက်နေ့ကလည်း လေကြောင့်အသုံးပြုကာ နောင်ချိုမြို့အတွင်း ဗုံး(၁၃)လုံး လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှုကို ကြိုတင်ပြင်ဆင်နိုင်ရန်နဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီဆောင်ရွက်နိုင်ဖို့ ပကဖ၊ ပအဖ ရဲဘော်များ လုပ်ဆောင်နေ


စက်တင်ဘာလ ၁၄ရက်။

Radio NUG

ပဲခူးတိုင်းအတွင်း စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှုကို ကြိုတင်ပြင်ဆင်နိုင်ဖို့နဲ့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီဆောင်ရွက်နိုင်ဖို့ ပကဖနဲ့ ပအဖ ရဲဘော်တွေ လုပ်ဆောင်နေတယ်လို့ ပဲခူးတိုင်း ပကဖက ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့မှာ စစ်တောင်းမြစ်ဝှမ်း ရေတိုက်စားမှု အခြေအနေကို ကြိုတင်ပြင်ဆင်နိုင်ကြရန်နဲ့ ဒေသလူထုအတွက် ရေဘေးကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့တပြေး ညီဆောင်ရွက်နိုင်ရေး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပဲခူးတိုင်း စစ်ရေးတာဝန်ခံ ဦးဆောင်တဲ့အဖွဲ့က မြို့နယ်ပကဖ၊ ပအဖအဖွဲ့များနဲ့ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ ဆည်ရေဖောက်ချနေတာတွေကြောင့် ပဲခူးတိုင်းအတွင်းက အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည် ထန်းတပင် သုံးဆယ်နဲ့ ဇီးကုန်းမြို့တို့အပါအဝင် အဲဒီမြို့နယ်တွေမှာရှိတဲ့ ကျေးရွာတွေက ဒေသခံ ပြည်သူတွေ ရေဘေးသင့်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


📌📌 ၅။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန် စကစဘက်ကကန့်သတ်ပိတ်ပင်မှုများ ရှိနေတယ်လို့ဆို


စက်တင်ဘာလ ၁၄ရက်။

Radio NUG

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန် စကစဘက်ကကန့်သတ်ပိတ်ပင်မှုများ ရှိနေတယ်လို့ဆိုပါတယ်။


စက်တင်ဘာလအတွင်း ရေတာရှည်အခြေစိုက် ၃၅၀၁ တပ်ရင်း တပ်ခွဲ ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ပွန်ဒီရာကဆိုရှယ်မီဒီယာမှာ ဆိုထားပါတယ်။


"လက်ရှိရေဘေးကာလအတွင်း အကြမ်းဖက်စကစမှ လူသားချင်းစာနာမှုကင်းစွာဖြင့် ကယ်ဆယ်ရေးပရဟိတအဖွဲ့များကို စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ မဆောင်ရွက်နိုင်စေရန်ကန့်သတ်ပိတ်ပင်မှုများရှိနေတယ်လို့သိရပါတယ်"လို့ဆိုပါတယ်။


ယခင်ကလည်းစစ်တောင်းမြစ် အရှေ့ဘက်ကမ်းမှဒေသခံပြည်သူများအား"သူပုန်လား သူလျှိုလား"မင်းတို့က PDF ထောက်ပို့လား"ဆိုသောမေးခွန်းများဖြင့် 

မိသားစုစားဝတ်နေရေးအတွက်ဝယ်ယူလာသော ဆန်နှင့်စားသောက်စရာများ ကျန်းမာရေးအတွက် ဝယ်ယူခဲ့သောဆေးဝါးပစ္စည်းများကို နိုင်ထက်စီးနင်း သိမ်းဆည်းခြင်းများ၊ ဖမ်းဆီးခြင်းများကို အကြိမ်များစွာ လုပ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment