22nd SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

📌 ၂။ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ KNU သဝဏ်လွှာ ပေးပို့

📌 ၃။ မြန်မာစစ်အုပ်စုကို အားပေးထောက်ခံမှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံအခြေအနေအပေါ် ချဉ်းကပ်ပုံ နည်းလမ်းအား အမြန်ဆုံးပြန်လည်သုံးသပ်ရန် အိန္ဒိယဗဟိုအစိုးရထံသို့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်း ၂၆၈ဖွဲ့မှ အိတ်ဖွင့်ပေးစာ ပေးပို့

📌 ၄။ နေပြည်တော်မှာ ရေဘေးလှူဒါန်းတာတွေကို စစ်ကောင်စီရဲ့ အမည်ခံခိုင်းတာကြောင့် အချို့အလှူရှင်တွေ လှည့်ပြန်

📌 ၅။ ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကိုကူညီမယ့် အဆိုတော် ဟန်ထူးလွင်ရဲ့ပန်းချီကား USD 10000 နဲ့ လေလံအောင်မြင်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်ကုန်တော်လှန်ရေးအင်အားစုများမှ ရဲဘော် ၄ဦး ဖမ်းဆီးခံရ

🚩 ၂။ ကျိုက်ထိုတွင် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၃ ဦး သေဆုံး

🚩 ၃။ သထုံတွင် ရဲသတင်းပေး တဦးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ

🚩 ၄။ ငါန်းဇွန်တွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ကလေးငယ် အပါအဝင် ၁၁ ဦးသေဆုံး

🚩 ၅။ သရက်ကန်ပျူရွာမှ တိမ်းရှောင်လာတဲ့ ပြည်သူ ၄၀ ကျော်ရှိလာပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့များမှ ကူညီပေးနေ

🚩 ၆။ ရခိုင်ပြည်သို့ နိုင်ငံခြားထုတ်၊ ပြည်မထုတ်၊ အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှ တင်သွင်းခွင့်မပြုတော့ဘဲ လက်ရှိ ရှိနေသော ရခိုင်ပြည်ရှိ အရက်များအားလုံး လအတွင်း အပြီးသတ်ရောင်းချရမည်ဟု ULA အမိန့်ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ


စက်တင်ဘာလ ၂၁ရက်။ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများအတွက်တိုက်ရိုက်ကူညီ ပြည်သူဆီ၊ လူသားစာနာနှင့်အတူ ဆောင်ရွက်မည်" အစီအစဉ်မှတဆင့် ပေးပို့လှူဒါန်းကြတဲ့  အလှူငွေမှ ရေဘေးသင့် ပြည်သူများထံသို့ မြေပြင်တာဝန်ခံများနှင့်ပူးပေါင်း၍ချိတ်ဆက် ထောက်ပံ့လျက် ရှိပါတယ်။


ဒါ့အပြင် ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ခြင်း၊ ဘေးကင်းသည့်နေရာများသို့ အရေးပေါ်ရွှေ့ပြောင်းပေးခြင်း၊ လက်ရှိရေဘေးသင့်ဒေသများတွင် ဒေသခံပြည်သူများ အရေးပေါ်လူသားချင်းစာနာမှု အကူအညီများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖအဖွဲ့၊ ပကဖအဖွဲ့၊ ကျန်းမာရေးတာဝန်ခံများ၊ လူသားစာနာတာဝန်ခံများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးလျက်‌ရှိပါတယ်။


ယခုလို ပြည်သူမှပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြတဲ့ စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း တင်ပြအပ်ပါတယ်။


========================


📌📌 ၂။ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ KNU သဝဏ်လွှာ ပေးပို့


စက်တင်ဘာလ ၂၁ရက်။ 

Radio NUG

စက်တင်ဘာလ ၂၁ရက်နေ့တွင် ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သို့ ကေအန်ယူဗဟိုမှ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


သဝဏ်လွှာတွင် စက်တင်ဘာလ (၂၁) ရက်နေ့သည် ကမ္ဘာကုလသမဂ္ဂမှ ချမှတ်ထားသော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ ဖြစ်ပြီး ယခုနှစ်အတွက် ကမ္ဘာ့ကုလသမဂ္ဂမှ ချမှတ်ထားသော အဓိကအချက်ဖြစ်သည့်ငြိမ်းချမ်းရေးယဥ်ကျေးမှုကို မျိုးစေ့ချ မွေးမြူကြဆိုသည့်အတိုင်း ဖိနှိပ်ညှင်းပန်းမှုများ၊ ကန့်သတ်ချုပ်ခြယ် ပိတ်ပင်တားမြစ်မှုများ၊ ပျက်စီးပြိုလဲနေသည့် မျှော်လင့်ချက်မဲ့ဘဝများကို တရားမျှတမှု၊ တန်းတူညီမျှမှုနှင့် ဘဝမျှော်လင့်ချက်များ ဖြင့် အစားထိုး တည်ဆောက် သွားကြရန်အတွက် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး မှ ကြိုဆိုထောက်ခံပါတယ်လို့ ဖော်ပြထားပါတယ်။


ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရည်မှန်းချက်များဖြစ်သည့် တန်းတူအခွင့် အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီစနစ်တို့ကို ပြည်နယ်အားကောင်းရေးမှသည် ပြည်ထောင်စု အားကောင်းရေး (Bottom-up Federalism) ဖြင့် တည်ဆောက်သွားနိုင်ရန်အတွက် ရပ်တည် ဆောင်ရွက်နေပြီး ပြည်သူလူထုအတွက် ရသင့်ရထိုက်သော အခွင့်အရေးများ၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဌာန်းခွင့် နှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး မူဝါဒလမ်းစဥ်အတိုင်း ရည်မှန်းချက် ပန်းတိုင်သို့ ပြီးမြောက်အောင်မြင် ရောက်ရှိသည်အထိ ကြိုးပမ်းအားထုတ်သွားပါည်ဖြစ်ပြီး နောင်အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုတွင် ငြိမ်းချမ်းရေးယဥ်ကျေးမှုများကို အောက်ခြေမှစ၍ တည်ဆောက်ချမှတ်ကျင့်သုံးကာ ကမ္ဘာ့ လူသားများ၏ အသက်၊ အိုးအိမ်စည်းစိမ်၊ ရှင်သန်မှု၊ အသက်မွေးဝမ်းကျောင်းမှုနှင့် လုံခြုံမှုအတွက် ကြိုးပမ်း အားထုတ်နေသည့် မည်သည့် ပုဂ္ဂိုလ်၊ မည်သည့် အဖွဲ့အစည်းကိုမဆို လက်တွဲဆောင်ရွက်သွားမည် ဖြစ်တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


ထို့ကြောင့် (၇၉) ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် စုရုံးရောက်ရှိနေသည့် ကမ္ဘာ့ ခေါင်းဆောင်များမှ မြန်မာပြည်သူများ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်၍ ငြိမ်းချမ်းစွာဖြင့် လူ့အခွင့်အရေး နှင့်အညီ လူ့ဂုဏ်သိက္ခာပြည့်ဝစွာဖြင့် ရပ်တည် နေထိုင်နိုင်ရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းမှ ပါဝင်ကူညီ ဆောင်ရွက်ပေးနိုင်သည့် သဘောထား ဆုံးဖြတ်ချက်များ ကြေညာ ချမှတ်နိုင်ရန်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် တိုက်တွန်းကြောင်း ရေးသားဖော်ပြထားပါတယ်။


========================


📌📌 ၃။ မြန်မာစစ်အုပ်စုကို အားပေးထောက်ခံမှုများ ရပ်တန့်ရန်နှင့် မြန်မာနိုင်ငံအခြေအနေအပေါ် ချဉ်းကပ်ပုံ နည်းလမ်းအား အမြန်ဆုံးပြန်လည်သုံးသပ်ရန် အိန္ဒိယဗဟိုအစိုးရထံသို့ မြန်မာ့အရပ်ဘက်အဖွဲ့အစည်း ၂၆၈ဖွဲ့မှ အိတ်ဖွင့်ပေးစာ ပေးပို့


စက်တင်ဘာလ ၂၁ရက်။ 

Radio NUG

အိန္ဒိယဗဟိုအစိုးရအနေဖြင့် စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများ၊ သန်းပေါင်းများစွာသော ပြည်သူများ၏ ဆင်းရဲဒုက္ခများနှင့် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး ရုန်းကန်မှုများကို လစ်လျူရှုကာ ဒေသတွင်းမတည်ငြိမ်မှုကို ခြိမ်းခြောက်နေသည့် မြန်မာစစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်အားပေးနေခြင်းသည် လွန်စွာဝမ်းနည်းဖွယ် ကောင်းလှသည့် ရှက်ဖွယ်လုပ်ရပ်ဖြစ်သလို လျှင်မြန်စွာ ပြောင်းလဲနေသော မြန်မာနိုင်ငံ၏ တော်လှန်ရေးအရွေ့နှင့် နိုင်ငံရေး အခင်းအကျင်းနှင့်လည်း ဆန့်ကျင်နေတာကြောင့် အိန္ဒိယအစိုးရ အနေဖြင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် လူသားချင်း စာနာမှုစံနှုန်းများကို လေးစားလိုက်နာရန်နှင့် မြန်မာနိုင်ငံ အခြေအနေပေါ် ချဉ်းကပ်ပုံနည်းလမ်းကို ပြန်လည်သုံးသပ်ရန် မြန်မာနိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၆၈ ဖွဲ့က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။


အိန္ဒိယအစိုးရက မိမိနိုင်ငံအကျိုးစီးပွားကိုရှေးရှု၍ မြန်မာနိုင်ငံနှင့်ဆက်ဆံခြင်းကို နားလည်သလို မြန်မာဒုက္ခသည်များကို လက်ခံကူညီပေးသည့် မီဇိုရမ်ကဲ့သို့ ပြည်နယ်အစိုးရများ၏ လူသားချင်းစာနာမှုကိုလည်း အသိအမှတ်ပြု မှတ်တမ်းတင်ပါကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ နေပြည်တော်မှာ ရေဘေးလှူဒါန်းတာတွေကို စစ်ကောင်စီရဲ့ အမည်ခံခိုင်းတာကြောင့် အချို့အလှူရှင်တွေ လှည့်ပြန်


စက်တင်ဘာလ ၂၁ ရက်။ 

RadioNUG 


စက်တင်ဘာလ ၂၀ ရက်မှာ မန္တလေး၊ လားရှိုး၊ ပြင်ဦးလွင်တို့ကနေ စက်တင်ဘာ ၂၁ရက်က ကားအစီးရေ ၃၀ လာရောက်ပြီး နေပြည်တော်၊ တပ်ကုန်းမြို့နယ် အရှေ့ပိုင်းက ကျေးရွာတွေမှာ ရေဘေးအတွက် ငွေကျပ် ထောင်အပါအဝင် လှူဖွယ်ဝတ္ထုပစ္စည်းအပြည့်နဲ့ လှူဒါန်းထားတာတွေကို စစ်ကောင်စီအမည်နဲ့ ဖော်ပြခိုင်းတာကြောင့် အလှူရှင်တွေက လှည့်ပြန်ကြတယ်လို့ သိရပါတယ်။


ကိုယ်တိုင်ပေးလှူခွင့်မပြုဘဲ သူတို့က တဆင့် နိုင်ငံတော် လှူဒါန်းပါတယ်ဆိုပြီး ဗီဒီယို ရိုက်ပြီးတော့ MRTVမှာ ထည့်မယ်ဆိုတာကြောင့် အကုန်လုံး ချက်ချင်း ထပြန်ကြတယ်လို့ သိရပါတယ်။


မြန်မာတစ်နိုင်ငံလုံးနီးပါး ရေဘေးကြုံတွေ့နေရပေမယ့် စစ်ကောင်စီဟာ နေပြည်တော်၊ လွိုင်ကော်နဲ့ ကလောမြို့နယ်တို့လောက်မှာသာ တပ်တွင်းဟန်ရေးပြ ထောက်ပံ့မှုတွေ ပြုလုပ်နေပြီး ကျန်တဲ့ ပြည်သူတွေအတွက် မပါဝင်ဘူးလို့ သိရပါတယ်။


မြန်မာနိုင်ငံမှာ ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အပါအဝင် နေရာအများစုမှာ ရေမကျသေးပေမယ့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စက်တင်ဘာလအကုန်မှာ ကျောင်းတွေအမြန်ဆုံး ပြန်ဖွင့်ကြဖို့ နဲ့ အင်းလေးဖောင်တော်ဦးပွဲနဲ့ တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကျင်းပဖို့ကိုလည်း ပြင်ဆင်နေပါတယ်။


========================


📌📌 ၅။ ရေဘေးနဲ့ စစ်ဘေးရှောင်ဒေသတွေကိုကူညီမယ့် အဆိုတော် ဟန်ထူးလွင်ရဲ့ပန်းချီကား USD 10000 နဲ့ လေလံအောင်မြင်


စက်တင်ဘာလ ၂၁ရက်။ 

Radio NUG 


ပြည်ပကို ရောက်ရှိနေတဲ့ တော်လှန်အနုပညာရှင် အဆိုတော် ကျားပေါက် (ဟန်ထူးလွင်)ရဲ့ မြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီး ကျားပေါက်ကိုယ်တိုင် ရေးဆွဲခဲ့တဲ့ ပန်းချီကားကို USD  10000နဲ့ လေလံအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။


လေလံအောင်မြင်သွားသူဟာ အမေရိကန်နိုင်ငံ Los Angelesက ဖြစ်ပြီး မကြာခဏ တော်လှန်ရေးလုပ်ငန်းတွေမှာ ကူညီအားဖြည့်နေတဲ့သူလို့လည်း ဆိုပါတယ်။


မြန်မာပြည် ရေဘေးအတွက် ရည်ရွယ်ပြီး Artist ကျားပေါက် ရေးဆွဲထားတဲ့ Mother Nature (II) အမည်ရှိ ပန်းချီကားကို ကြမ်းခင်းစျေး USD 1000 နဲ့ စက်တင်ဘာ ၁၅ရက်က စတင်ခဲ့တာဖြစ်ပါတယ်။


ပန်းချီကားကနေ ရရှိလာတဲ့ငွေကြေးတွေကိုတော့ ရေဘေးသင့်နဲ့ စစ်ဘေးရှောင်ဒေသတွေမှာ အဓိကလှူဒါန်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက်မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ရန်ကုန်တော်လှန်ရေးအင်အားစုများမှ ရဲဘော် ၄ဦး ဖမ်းဆီးခံရ


စက်တင်ဘာလ ၂၁ ရက်။

Radio NUG 


ရန်ကုန်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ဆောင်ရွက်လျက်ရှိပြီးနောက် စစ်ကောင်စီ၏ တန်ပြန်စစ်ဆေးဖမ်းဆီးမှုများအတွင်း တကသကျောင်းသားဟောင်းများ အင်အားစုနှင့် မဟာမိတ်အဖွဲ့အစည်းများမှ ရဲဘော် ဦး  စက်တင်ဘာလ ၁၉ ရက်နေ့မှစ၍ မိသားစုနှင့် အဆက်အသွယ် ပြတ်တောက်‌သွားခဲ့ကြောင်း တကသ ကျောင်းသားဟောင်းများ အင်အားစုမှ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ၁၉ ရက်နေ့ ညနေပိုင်းအချိန် နောက်ဆုံးအဆက်အသွယ် ရရှိခဲ့ပြီးနောက် - 

တကသ ကျောင်းသားဟောင်းများ အင်အားစု၏ တွဲဖက်တည်ထောင်သူ၊ အလွတ်တမ်း ဓါတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် () ဖိုးသား၊ လူငယ်သပိတ်ကော်မတီ (YSC) ဦးဆောင်သူ ကိုအောင်မင်းခိုင် () မဲကြီး၊ လူငယ်သပိတ်ကော်မတီ (YSC) အဖွဲ့ဝင် မမြမဉ္စူ နှင့် နိုင်ငံရေးအကျဥ်းသူဟောင်း မနှင်းအိခိုင်တို့ လေးဦးမှာ အကြမ်းဖက် စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံရကြောင်း ဖော်ပြထားပါတယ်။


၄င်းရဲဘော်လေးဦးသည် ရန်ကုန်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေး  လူထုလှုပ်ရှားမှုများတွင် ဦးဆောင် ပါဝင်နေသူများ ဖြစ်ကြပြီး မတရားဖမ်းဆီးခံရပြီးနောက် စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုများ ဖြင့် စစ်ကြောမေးမြန်းခံနေရကာ စစ်ကောင်စီလက်အတွင်းရှိ ၎င်းတို့၏ အသက်အန္တရာယ်နှင့် ကျန်းမာရေး အခြေအနေသည် အထူးစိုးရိမ်ရသည့် အခြေအနေဖြစ်တယ်လို့ ဆိုထားပါတယ်။


========================


🚩🚩 ၂။ ကျိုက်ထိုတွင် စစ်ကောင်စီ ယာဉ်တန်း တိုက်ခိုက်ခံရပြီး ၁၃ ဦး သေဆုံး


စက်တင်ဘာလ ၂၁ ရက်။

Radio NUG


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်နဲ့ အင်္ဂဘို ကျေးရွာကြား လမ်းတနေရာတွင် စစ်ကောင်စီ ယာဉ်တန်းကို စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၁၃ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ KRF (ကျိုက်ထိုတော်လှန်ရေး အင်အားစု) က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၈ ရက် နေ့လည် နာရီ ၃၈ မိနစ်တွင် စစ်တောင်း မှ မော်လမြိုင် သို့ ထွက်လာတဲ့ ကား စီးပါ စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က RPG, ၄၀ မမ လက်နက်ကြီး, လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်မှ  ၁၃ ဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာရခဲ့သလို တော်လှန်ရေး ပူးပေါင်းအဖွဲ့ မှ ရဲဘော်တဦးလည်း ခြေထောက်တွင် ဗုံးသီးအစ ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို KNU/KNLA KRF (ကျိုက်ထိုတော်လှန်ရေး အင်အားစု) နဲ့ သေမင်းတမာန် အဖွဲ့တို့က ပူးပေါင်းဆောင်ရွက် ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ သထုံတွင် ရဲသတင်းပေး တဦးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ရှင်းလင်းခံရ


စက်တင်ဘာလ ၂၁ ရက်။ 

Radio NUG


မွန်ပြည်နယ်၊ သထုံမြို့၊ ဂေါ့ ရွာကြီးပိုင်းနေ ရဲသတင်းပေး တဦးနှင့် ဇနီးဖြစ်သူတို့ကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ဖက်တော်သား UG အဖွဲ့က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၁ ရက်နေ့၊ မနက် ၁၀ နာရီခန့်မှာ ရဲသတင်းပေး ဦးကျော်ဟိန်းနဲ့ ၎င်းရဲ့ ဇနီး ဒေါ်သင်းသင်းမြတ်တို့ကို ၎င်းတို့ရဲ့ နေအိမ်က အထွက်မှာ UG ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းခဲ့တာပါ။


၎င်းတို့ လင်မယား ဦးလုံးဟာ  ကျေးရွာနေ ပြည်သူများကို ချိန်းခြောက်ငွေညှစ်ခြင်း၊ စစ်ကောင်စီကို မမှန်မကန် သတင်းများပေးပို့ပြီး ဖမ်းဆီးခိုင်းခြင်း အစရှိတဲ့ ပြစ်မှုများစွာကို ကျူးလွန်ခဲ့တာကြောင့် အကြိမ်ကြိမ် သတိပေးခဲ့ပေမယ့် မလိုက်နာလို့ အခုလို ရှင်းလင်းခဲ့ရတာ ဖြစ်တယ်လို့ အသိပေး ထားပါတယ်။


အဆိုပါ UG အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ‌ ၃၀ ရက်နေ့ က သထုံမြို့နယ်၊ တောင်စွန်းကျေးရွာမှ အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးခင်လေးဇော်ကို ပစ်ခတ်ရှင်းလင်း ခဲ့ပါသေးတယ်။


========================


🚩🚩 ၄။ ငါန်းဇွန်တွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့ရာ ကလေးငယ် အပါအဝင် ၁၁ ဦးသေဆုံး


စက်တင်ဘာလ ၂၁ ရက်။ 

Radio NUG


မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် တဦး အပါအဝင် ၁၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်ထံက သိရပါတယ်။


စက်တင်ဘာလ ၂၀ရက် ညနေ နာရီမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် နှစ်အရွယ်ရှိ မိန်းကလေးငယ် ဦး၊ ပြည်သူ့ကာကွယ်ရေး ရဲဘော် ဦးနဲ့ ဒေသခံ ပြည်သူ ဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။


ဧရာဝတီ မြစ်ကမ်းမှာ တည်ရှိပြီး စစ်ရေးအရ အချက်အချာကျတဲ့ ငါန်းမြာကြီးရွာကို တော်လှန်ရေးတပ်တွေက ဩဂုတ်လ ၁၉ ရက်မှာ သိမ်းပိုက် ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဒုတိယ အကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဩဂုတ်လ ၂၇ ရက်ကနေ့လည်း ငါန်းမြာကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၇၀ ဝန်းကျင် အဖိုးနဲ့ အဖွားအို နှစ်ဦး သေဆုံးခဲ့ ပါသေးတယ်။


ငါန်းမြာကြီး အပါအဝင် ငါန်းဇွန်မြို့နယ်ထဲမှာ အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်သလို စစ်ကောင်စီက ဗုံးကြဲချ သတ်ဖြတ်မှုတွေ ဆက်တိုက် ပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိပြု သွားလာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ သရက်ကန်ပျူရွာမှ တိမ်းရှောင်လာတဲ့ ပြည်သူ ၄၀ ကျော်ရှိလာပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့များမှ ကူညီပေးနေ


စက်တင်ဘာလ ၂၁ ရက်။ 

Radio NUG

မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်း၊ သရက်ကန် ပျူစောထီး ကျေးရွာမှ တိမ်းရှောင်လာတဲ့ ပြည်သူ ၄၀ ကျော်ထိ ရှိလာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ နေ့စဉ်နဲ့မျှ ကူညီပေးနေတယ်လို့ အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၁ ရက်နေ့တွင် သရက်ကန် ပျူစောထီးများမှ ပိတ်ဆို့ထားတဲ့ကြားက ပြည်သူများ  ခက်ခက်ခဲခဲ ထပ်မံ တိမ်းရှောင်လာခဲ့ပြီးနောက် တိမ်းရှောင်လာသူ စုစုပေါင်း ၄၀ ကျော်နေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ ရက်နေ့တွင် တော်လှန်ရေး တပ်ဖွဲ့များက စာထုတ်ပြန် သတိပေးပြီးတဲ့ နောက်မှာ ဒေသခံ ပြည်သူများ အခုလို တိမ်းရှောင်လာကြတာလည်း ဖြစ်ပါတယ်။


ထို့အပြင် သရက်ကန်ရွာမျ ပျူစောထီးများ အနေဖြင့် မိမိတို့ လုပ်ရပ်ကို ပြန်လည် စဉ်းစားချင့်ချိန်ပြီး လက်နက်ချ ပူပေါင်းကြရန်နှင့် အသက် အာမခံချက် အပြည့်အဝ ပေးမယ်လို့ အညာမြေ တပ်ပေါင်းစုက အာမခံထားပါတယ်။


========================


🚩🚩 ၆။ ရခိုင်ပြည်သို့ နိုင်ငံခြားထုတ်၊ ပြည်မထုတ်၊ အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှ တင်သွင်းခွင့်မပြုတော့ဘဲ လက်ရှိ ရှိနေသော ရခိုင်ပြည်ရှိ အရက်များအားလုံး လအတွင်း အပြီးသတ်ရောင်းချရမည်ဟု ULA အမိန့်ထုတ်ပြန်


စက်တင်ဘာလ ၂၁ရက်။ 

Radio NUG 


ရခိုင်ပြည်သို့ ပြည်ပမှတင်သွင်း ဝင်ရောက်နေသည့် နိုင်ငံခြားထုတ်အရက်များနှင့် ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်မှန်သမျှကို စက်တင်ဘာလ ၁၉ ရက်မှစ၍ တင်သွင်းခွင့်မပြုတော့ကြောင်း ULA ဗဟိုဌာနရုံးချုပ် အတွင်းဝန်ရုံးမှ စက်တင်ဘာ ၁၉ ရက်နေ့စွဲဖြင့်  အမိန့်ထုတ်ပြန်စာ ထွက်ပေါ်လာပါတယ်။


အမိန့်ကြေညာချက်အား အာရက္ခဒေသ၏ ပြင်ပမှ ယစ်မျိုးကုန်စည်များ တင်သွင်းနေကြသည့် လုပ်ငန်းရှင်ကုန်သည်၊ ကိုယ်စားလှယ်ယူထားသူများ၊ လက်လီ၊ လက်ကား ရောင်းချနေကြသည့် စီးပွားရေးလုပ်ငန်းရှင်များ သိရှိနားလည်စေရန်နှင့် လိုက်နာဆောင်ရွက်ရန် သက်ဆိုင်ရာ ဒေသ နိုင်ငံရေး၊ အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ရမည်ဟု အမိန့်စာတွင် ဖော်ပြထားပါတယ်။


ရခိုင်တွင် လက်ကျန်ရှိနေကြသည့် ပြည်ပမှဝင်လာသည့် နိုင်ငံခြားထုတ်၊ ပြည်မထုတ် အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန်မှန်သမျှကိုလည်း ဤအမိန့်ကြေညာစာထုတ်ပြန်သည့်နေ့မှ ()လအတွင်း အပြီးသတ် ကုန်အောင်ရောင်းချကြရမည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။


တော်လှန်ရေးကာလအတွင်း ကန့်သတ်တားဆီးထားသည့် ယစ်မျိုးကုန်များအား ထပ်မံ တင်သွင်းခြင်း လုံးဝမပြုလုပ်ရသည့်အပြင် ထပ်မံတင်သွင်းခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဟုလည်း ဖော်ပြထားသည်။ 


နိုင်ငံခြားထုတ်နှင့် ပြည်မထုတ် ယစ်မျိုးကုန်များအစား ရခိုင်ဒေသထွက် အရက်တစ်ခုတည်းကိုသာ ရောင်းချကြရမည်ဖြစ်ပြီး ဒေသထွက် အရက်ကိုလည်း ယခုထက်ပိုမို အဆင့်မီထုတ်လုပ်နိုင်ရန် ပံ့ပိုး ကူညီပေးသွားမယ်လို့ သိရပါတယ်။


စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှစတင်ကာ ပြည်တွင်းထုတ်၊ အထူးသဖြင့် စစ်ကောင်စီလက်အောက်ခံကုမ္ပဏီများကထုတ်လုပ်သည့် အရက်၊ ဘီယာနှင့်ယစ်မျိုးကုန်များကို မသုံးစွဲဘဲ ဆန့်ကျင်သပိတ်မှောက်ကြရန် အာဏာသိမ်းမှုဆန့်ကျင်သူများက တိုက်တွန်းထားကြသော်လည်း ရခိုင်အပါအဝင် တစ်နိုင်ငံလုံးတွင် သုံးစွဲမှု လျော့ကျသွားခြင်း မရှိသေးဘူးလည်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment