၂၀၂၄ နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်တပ်စစ်ကြောင်း လှုပ်ရှားမှုမရှိဘဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ မြိုင်ပကဖ သတိပေး
📌 ၂။ ကနီမြို့နယ် ပြညသူ့အုပ်ချုပ်ရေးအဖွဲ့က ညမထွက်ရအမိန့်ထုတ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မင်းတပ်မြို့ပေါ် မှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
🚩 ၂။ ကန့်ဘလူ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး
🚩 ၃။ TNLA က အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်ပြီး မူးယစ်ဆေးသုံးသူ ၃၀၀ ကျော်ကို ပြုပြင်ပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်တပ်စစ်ကြောင်း လှုပ်ရှားမှုမရှိဘဲ လက်နက်ကိုင်ဆောင်သွားလာတာမလုပ်ဖို့ မြိုင်ပကဖ သတိပေး
နိုဝင်ဘာလ ၁၀ရက်။
မကွေးတိုင်း မြိုင်မြို့နယ်အတွင်းနဲ့ ထိစပ်မြို့နယ်တွေမှာ မလိုလားအပ်တဲ့ပြသနာတွေမဖြစ်စေဖို့ စစ်တပ်စစ်ကြောင်း လှုပ်ရှားတာမရှိဘဲ လက်နက်ကိုင်ဆောင်သွားလာတာတွေမလုပ်ဖို့ မြိုင်ပကဖ က သတိပေးပြောဆို လိုက်ပါတယ်။
လက်နက်နဲ့ ပဋိပက္ခမဖြစ်စေရေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိဖို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဇုန်တာဝန်ခံတွေကို နိုဝင်ဘာ ၉ ရက်နေ့က ညွှန်ကြားလိုက်တာဖြစ်ပါတယ်။
မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်တွေကို ပြင်းပြင်းထန်ထန်တော်လှန်တိုက်ခိုက်နေတာ ပြည်တွင်းပြည်ပတင်မဟုတ်ဘဲ အဖွဲ့အစည်းအားလုံး သိရှိပြီးဖြစ်ပေမယ့် မြို့နယ်အတွင်းနဲ့ ထိစပ်မြို့နယ်တွေမှာ မလိုလား အပ်တဲ့ ပြသနာတွေဖြစ်လာတဲ့အတွက် အဖွဲ့အစည်းအခြင်းခြင်းနဲ့လူပုဂ္ဂိုလ်တွေကြား ပြသနာမဖြစ်ရအောင် စည်းကမ်း သတ်မှတ်လိုက်တာလို့ ရှင်းပြထားပါတယ်။
ဒါကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကြောင်းထိုးတာ ဒါမှမဟုတ် စစ်ရေးလှုပ်ရှားတာတွေရှိနေချိန်ကလွဲပြီး လက်နက်ကိုင် ဆောင် သွားလာလှုပ်ရှားတာတွေမလုပ်ဖို့၊ ကျေးရွာ ဒါမှမဟုတ် ဇုန် တိုက်နယ်တာဝန်ခ့တွေ စစ်ဆေးတာကို ကြည်ဖြူစွာ လက်ခံပြီး မြို့ရွာနဲ့ လိပ်စာအပြည်အစုံ စာရင်းပေးဖို့၊ ထိစပ်မြို့နယ်တွေက တော်လှန်ရေးတပ်တွေ လှုပ်ရှားသွားလာရာမှာ သယ်ဆောင်လာတဲ့ လက်နက်ခဲယမ်းတွေကို စစ်ဆေးရာမှာ ကြည်ဖြူစွာလက်ခံဖို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က တိုက်တွန်းထားပါတယ်။
ကုန်သွယ်စီးဆင်းမှုလမ်းကြောင်းနဲ့ လှုပ်ရှားမှုလမ်းကြောင်းတွေဟာ ဘယ်အချိန်မဆို ပျက်စီး ပြောင်းလဲသွားနိုင်တဲ့သဘောရှိ တာကြောင့် ဒေသတွင်းအာဏာပိုင်တွေထံ သတင်းပို့အကြောင်းကြားမထားဘဲ ဖြတ်သန်းသွားလာခွင့်မပေးဖို့လည်း စည်းကမ်းသတ်မှတ်ထားပါတယ်။
အခုထုတ်ပြန်တဲ့ စည်းကမ်းချက်တွေကို မလိုက်နာလို့ ဖြစ်လာမယ့်ပြသနာတွေအတွက် တာဝန်ယူဖြေရှင်းမှာမဟုတ်ဘူးလို့ လည်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
အခု အသိပေးထုတ်ပြန်တဲ့စာဟာ နိုဝင်ဘာ ၉ ရက်ကစပြီး အသက်ဝင်တာဖြစ်တဲ့အတွက် လိုက်နာပေးကြဖို့ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၂။ ကနီမြို့နယ် ပြညသူ့အုပ်ချုပ်ရေးအဖွဲ့က ညမထွက်ရအမိန့်ထုတ်
နိုဝင်ဘာလ ၁၀ရက်။
စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာ လုံခြုံရေးအားနည်းနေတဲ့အတွက် ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ က ညမထွက်ရ အမိန့် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီအမိန့်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့ နိုဝင်ဘာ ၉ ရက်မှာ အမိန့်ကြေညာချက်အနေနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့တွေ အရေးပေါ် အစည်းအဝေးက ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဒေသနေပြည်သူများအနေနဲ့ ည ၁၀ နာရီကနေ မနက် ၅ နာရီအတွင်း မိမိနေထိုင်ရာ နေအိမ်ကနေ အပြင်ကို လုံးဝမထွက်ဖို့ သတိပေးတားမြစ်ထားပါတယ်။
ဒါ့အပြင် ကနီမြို့နယ်အတွင်း ခရီးသွားလာနေတဲ့ပြည်သူများ၊မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအနေနဲ့ သက်ဆိုင်ရာဂိတ်တွေကနေ ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြည်သူလူထုအနေနဲ့ ကျန်းမာရေးကိစ္စနဲ့ အရေးပေါ်သွားလာရမယ်ဆိုရင် သက်ဆိုင်ရာ ပအဖ၊ ပကဖ၊ ပလဖတွေကို အသိပေးအကြောင်းကြား သွားဖို့ ကနီမြို့နယ် ပအဖက အသိပေးထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ ကနီမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ၊ကျေးရွာအုပ်စုတွေမှာ ကျေးရွာအလိုက် လုံခြုံရေး ဆောင်ရွက်ထားရှိမှုတွေ လျော့နည်းနေပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ထားဖို့ အရေးတကြီးလိုအပ်လာတယ်လို့ ကနီဒေသခံတွေကလည်း ပြောဆိုနေတာရှိပါတယ်။
ကနီမြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ကျေးရွာအားလုံးကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်တယ်ဆိုပေမယ့် စစ်ကောင်စီ သူသျှိုတွေ၊ ပျူစောထီးတွေ ယိုစိမ့်ဝင်ရောက်လာနိုင်ပြီး တော်လှန်ရေးကို ဦးဆောင်ဦးရွက်ပြုလုပ်နေတဲ့ ခေါင်းဆောင်များအပါအဝင် တော်လှန်ရေးအင်အားစုရဲ့လုံခြုံရေးအတွက် ကျေးရွာတိုင်းမှာ လုံခြုံရေး၊ ကာကွယ်ရေးလုပ်ငန်းတွေ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ဖို့ ကနီမြို့နယ်ပအဖက တိုက်တွန်းထားပါတယ်။
အခုထုတ်ပြန်ထားတဲ့ညမထွက်ရအမိန့်ကို လိုက်နာမှုမရှိသူတွေဟာ တော်လှန်ရေးကိုအနှောက်ယှက်ပြုသူတွေဖြစ်တယ်လို့ သတ်မှတ်ပြီး အရေးပေါ် စစ်ရေး၊စီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့ ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့လ ကနီပအဖအဖွဲ့က ထပ်ပြီးသတိပေးထားပါတယ်။
အခု နိုဝင်ဘာ ၄ ရက်ညက တပုန်းကျေးရွာမှာ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံဦးဝင်းဌေးတို့မိသားစု ၃ ဦး သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ကိုနမူနာယူကာ အများပြည်သူလုံခြုံရေးအတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ညမထွက်ရ အမိန့် ထုတ်ပြန်ကြေညာလိုက်တာလည်းဖြစ်ပါတယ်။
ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ဒီ ညမထွက်ရအမိန့်ကို စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကာလအတွင်း ပထမဆုံး ထုတ်ပြန်တာလို့ သိရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မင်းတပ်မြို့ပေါ် မှာတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ
နိုဝင်ဘာလ ၁၀ရက်။
ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ မနေ့ နိုဝင်ဘာ ၉ ရက်ကစပြီး တိုက်ပွဲတွေပြင်းထန်နေကာ စစ်တပ်က ပြည်သူပိုင်အိမ် တွေကို မီးရှို့ဖျက်ဆီးနေသလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေလုပ်နေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့-ပအဖ ကပြောပါတယ်။
မင်းတပ်မြို့ပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ် တပ်စွဲထားတဲ့နေရာတွေမှာ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲကာ အပြင်းအထန် ခုခံနေတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုယောမန်က အတည်ပြုပါတယ်။
လက်ရှိမှာ မြို့ပေါ်တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေပြီး စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေနဲ့ ၆ ကြိမ်ခန့် လာရောက်ပစ်ခတ်ခဲ့သလို Y12 လေယာဉ်တွေလည်း မြို့ပေါ်တဝိုက် ပျံဝဲနေတယ်လို့ ဆိုပါတယ်။
မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေက မနေ့ နိုဝင်ဘာ ၉ရက် မနက်ကစပြီး မင်းတပ်မြို့ ရဲစခန်းရှေ့က ခေါနူးရိပ်သာ အနီးတစ်ဝိုက်၊ ဆောက်လုပ်ရေးလမ်းခွဲ ကားလမ်းမဘေးနဲ့ဆောက်လုပ်ရေးဝင်းအတွင်းက ပြည်သူပိုင်အိမ်တွေကို ဆက်တိုက် မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ် CDF-Mindat အနေနဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် မင်းတပ်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး ဖော်ဆောင်မည်လို့ အသိပေးထားပြီး ဒီစစ်ဆင်ရေးအတွက် ရန်ပုံငွေ ရှာဖွေတဲ့ တောင်ဇလပ်မြေကမ်ပိန်းကို နိုဝင်ဘာ ၁ ရက်ကစပြီး လုပ်ဆောင်နေပြီပဲဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကန့်ဘလူ ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်အုပ်စု မီးရှို့ဖျက်ဆီး
နိုဝင်ဘာလ ၁၀ရက်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းတိုက်နယ်အတွင်းက ကျေးရွာ ၃ ရွာကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။
ဇီးကုန်းသကြားစက်ကထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၂၀ ခန့်ဟာ မနေ့ နိုဝင်ဘာ ၉ ရက် မနက် ၈ နာရီကစပြီး ဇီးကုန်းတိုက်နယ်အတွင်းက ကျောင်းကုန်း၊ဖိုလ်ကုန်းနဲ့ သပြေသာရွာတို့ကို အကြမ်းဖက်ဝင်ရောက် ကာ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးတွေပါတဲ့ စစ်ကြောင်းတွေဟာ ကန့်ဘလူမြို့နယ်အတွင်းကို အောက်တိုဘာလကုန်ပိုင်းက စပြီး စစ်ကြောင်းထိုးကာ ပြည်သူလူထုကို ဖမ်းဆီးတာ၊ ကျေးရွာတွေကအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်လုပ် နေပြီး ဖမ်းဆီးခံထားရတဲ့သူတွေလဲ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ အသိပေးပါတယ်။
အောက်တိုဘာ ၃၀ ရက်နေ့မှာ ကာဘိုးပျူအထိုင်ကထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းရဲ့ မီးရှို့ဖျက်ဆီးမငကြောင့် ကျီစုရွာက အိမ် ၁၇၃ လုံး၊ ကျောက်တိုင်ရွာက အိမ်အလုံး ၂၀၀၊ နိုဝင်ဘာ ၁ ရက်နေ့မှာ ဝက်တိုးတောင်ရွာက အိမ် ၈၄ လုံး၊ နိုဝင်ဘာ ၅ ရက်နေ့မှာ ဇီးကုန်းမြို့ လက်ဆည်ရပ်ကွက်က အိမ် ၆၂ လုံး၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျွန်းလှမြို့နယ် ဘအင်းသရက်တောရွာ က အိမ် ၁၃ လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် မှတ်တမ်းတွေအရ သိရပါတယ်။
နိုဝင်ဘာ ၉ ရက်နေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့တဲ့ ကျောင်းကုန်း၊ဖိုလ်ကုန်းနဲ့သပြေသာရွာတို့က ဆုံးရှုံးသွားတဲ့အိမ်အရေ အတွက်ကိုတော့ မသိရသေးဘဲ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဖိုလ်ကုန်းရွာဟာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးတာကို ၂ကြိမ်ခံထားရပြီး အိမ် ၃၉ လုံးနဲ့ စာသင်ဆောင်တဆောင် မီးလောင်ပျက်ဆီးဆုံးရှုံးထားတဲ့ရွာလို့ သိရပါတယ်။
ကျောင်းကုန်း၊ဖိုလ်ကုန်းနဲ့သပြေသာရွာတို့ကို မီးရှို့ဖျက်ဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ညနေ ၅ နာရီဝန်းကျင်မှာ ကန့်ဘလူ ၆၀၀၆ တကရတပ်ကိုပြန်သွားပြီး ည ၆ နာရီခွဲမှာ ကား ၃ စီးနဲ့ အင်အားဖြည့်ကာ ပြန်ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့နဲ့ ပျူစောထီးတွေပါတဲ့စစ်ကြောင်းကာ ကျွန်းလှမြို့သို့ ရောက်ရှိနေတဲ့အတွက် ကျွန်းလှမြို့အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေက ဒေသနေပြည်သူများအနေနဲ့ သတိနဲ့နေထိုင်ကြဖို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ TNLA က အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်ပြီး မူးယစ်ဆေးသုံးသူ ၃၀၀ ကျော်ကို ပြုပြင်ပေး
နိုဝင်ဘာလ ၁၀ရက်။
တအာင်းပြည် တပ်မဟာ ၂ နယ်မြေ ကျောက်မဲမြို့နယ်မှာရှိတဲ့ PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ -မူးယစ်ဆေး ဝါးတိုက်ဖျက်ရေးဌာနက အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်ပြီး မူးယစ်ဆေးသုံးစွဲသူ ၃၂၀ ဦးကို ပြုပြင်ပေးခဲ့တယ်လို့ သိရပါတယ်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ မှာ သိမ်းပိုက်အုပ်ချုပ်ခဲ့တဲ့ နယ်မြေတွေကနေ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူ ၃၂၀ ဦး ဖမ်းဆီးနိုင်ခဲ့တာကြောင့် အကျင့်စာရိတ္တပြုပြင်ရေးကျောင်းဖွင့်ပြီး ပြုပြင်ပေးခဲ့တာလို့ တအာင်းတပ်မတော်-TNLA က ပြောပါတယ်။
ကျောက်မဲမြို့နယ်မှာ စစ်ကောင်တပ်ထိန်းချုပ်ထားတဲ့အချိန်တုန်းက သူတို့ခွင့်ပြုချက်နဲ့ မူးယစ်ဆေးဝါးရောင်းဝယ်တာ မူးယစ်ဆေးသုံးစွဲသူတွေ အများအပြားရှိခဲ့တယ်လို့လည်း အသိပေးထားပါတယ်။
မူးယစ်ဆေးသုံးစွဲတာကြောင့် ဖမ်းဆီးရမိခဲ့သူတွေကို အကျင့်စာရိတ္တပြုပြင်ရေးကျောင်းမှာ ၆ လတိတိ အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကိုတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဥပဒေအတိုင်း အရေးယူ ဆောင်ရွက်တာတွေရှိတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ဆိုပါတယ်။
အခုလို မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးအရေးယူပြီးနောက်ပိုင်း ကျောက်မဲမြို့ အပါအဝင် PSLF/TNLA အုပ်ချုပ်တဲ့နယ်မြေတွေမှာ မူယစ်ဆေးဝါးကင်စင်နယ်မြေတွေဖြစ်လာပြီး မိဘပြည်သူတွေလည်း အေးချမ်းသာယာစွာနေထိုင်နိုင်ကြပြီလို့ သိရပါတယ်။
PSLF/TNLA တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဟာ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုး၊ ပြည်သူ့အကျိုးပြုလုပ်ငန်း များဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါးတားဆီးတိုက်ဖျက်ရေး၊ ပြည်သူ့လုံခြုံရေး စတဲ့လုပ်ငန်းစဥ် ၅ ရပ်ကို ဆောင်ရွက်နေ တဲ့ တပ်ဖွဲ့တဖွဲ့ဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment