၂၀၂၄ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ပခုက္ကူတွင် ကလေးများနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်နဲ့ ပုံပြောပြိုင်ပွဲများ ပြုလုပ်
📌 ၂။ ခင်ဦးတွင် တန်ဆောင်တိုင် အမှတ်တရအနေနဲ့ ပကဖ ရဲဘော်များကို လက်ဆောင်ပစ္စည်းများ ပေးကမ်း ချီးမြှင့်ခြင်းနှင့် သြဝါဒခံယူပွဲ ကျင်းပ
📌 ၃။ PSLF/TNLA အဖွဲ့အစည်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူခြင်းဆိုင်ရာ ထုတ်ပြန်
📌 ၄။ မန္တလေးတွင် အရှိန်လွန်လာတဲ့ကားက ရဲဂိတ်ကို တိုက်မိပြီး ရဲ ၃ ဦး ဒဏ်ရာရ
📌 ၅။ ဘားအံမြို့မှာ တန်ဆောင်တိုင်မီးပုံးပျံ အိမ်ပေါ်ပြုတ်ကျမှုကြောင့် ကား ၁ စီးနဲ့ အဆောက်အဦး၂ လုံး မီးလောင်
📌 ၆။ တောင်ကြီး တန်တောင်တိုင်ပွဲ ၄ ရက်အတွင်း အယောက် ၇၀ ကျော် ထိခိုက်ဒဏ်ရာရ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အောက်တိုဘာလအတွင်း PDF နှင့် ပကဖ (၆) ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ
🚩 ၂။ နွားထိုးကြီး-ပြင်စည် လမ်းပိုင်းအား PDFများမှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခရီးသည်တင် ကားတစ်စီးပေါ်မှ စစ်အသုံးဆောင်ပစ္စည်းအချို့နှင့် ခိုးယူလာသည့် ခိုးရာပါ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိ
🚩 ၃။ နောင်ချိုမြို့တွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် တပ်သားများ သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
🚩 ၄။ ရွှေကျင်တွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ၅ ခုကို ၁၂ ကြိမ်ထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့
🚩 ၅။ ရေဦးတွင် စစ်ကောင်စီတပ် အထိုင်ချထားရာ တိုင်းရင်းဆေးရုံကို လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်
🚩 ၆။ ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ အကြောင်းမဲ့ ပစ်ခတ်
🚩 ၇။ ပြည်သူများ ကူညီထောက်ပို့ပေးတဲ့ ကျည်ကာဝတ်စုံများ ရေဦး PDF ရရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ပခုက္ကူတွင် ကလေးများနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်နဲ့ ပုံပြောပြိုင်ပွဲများ ပြုလုပ်
နိုဝင်ဘာလ ၁၆ ရက်၊
Radio NUG
မကွေးတိုင်း၊ ပခုက္ကူ မြို့နယ်မှာ ကမ္ဘာ့ ကလေးများနေ့ အထိမ်းအမှတ် ပန်းချီ၊ စာစီစာကုံး၊ ကဗျာရွတ်နှင့် ပုံပြောပြိုင်ပွဲများကို CBE 7 တွင် ပြုလုပ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့များမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG), အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ လမ်းညွန်မှုဖြင့် မြို့နယ် ပအဖ အဖွဲ့ဝင်များနဲ့ မြို့နယ် ပညာရေးအဖွဲ့များက ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပခြင်း၊ လက်ကမ်းစာစောင်များ ပေးဝေခြင်းနဲ့ ဆုပေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ကလေးများကို အဟာရဒါန ကျွေးမွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။
ထို့အပြင် တဆောင်မုန်း လပြည့်နေ့မှာလည်း ပခုက္ကူမြို့နယ်၊ ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်းက ရပ်ကွက်နှင့် ကျေးရွာ တချို့တွင် မိဘပြည်သူများရဲ့ အသက်အိုးအိမ် စီးပွားလုံခြုံရေးအတွက် ကင်းပတ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသေးတယ်။
========================
📌📌 ၂။ ခင်ဦးတွင် တန်ဆောင်တိုင် အမှတ်တရအနေနဲ့ ပကဖ ရဲဘော်များကို လက်ဆောင်ပစ္စည်းများ ပေးကမ်း ချီးမြှင့်ခြင်းနှင့် သြဝါဒခံယူပွဲ ကျင်းပ
နိုဝင်ဘာလ ၁၆ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် တန်ဆောင်တိုင် အမှတ်တရအနေနဲ့ မြို့နယ် ပကဖ ရဲဘော်များကို ဆုံးမ သြဝါဒပေးခြင်းနဲ့ ရဲဘော်များ ဆောင်းရာသီမှာ ဝတ်ဆင်နိုင်ဖို့ အနွေးထည်နဲ့ အသုံးဆောင် ပစ္စည်းများကို ပေးကမ်းချီးမြင့်ခဲ့ကြတယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၁၅ ရက် (တန်ဆောင်မုန်း လပြည့်နေ့) မှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ မြို့နယ် ပအဖ နာယက၊ ပအဖ ခေါင်းဆောင်နှင့် ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ခံများက အခြေခံ နိုင်ငံရေး သဘောတရားများ၊ ဆုံးမစကားများ၊ သြဝါဒများနဲ့ လမ်းညွှန်မှုများ အသီးသီး ပြောကြားခဲ့ကြတာပါ။
ထို့နောက် ရဲဘော်များ ဆောင်းရာသီမှာ ဝတ်ဆင်နိုင်ရန် အနွေးထည် (ပကဖ တံဆိပ်ရိုက် track suit) များ ကိုယ်စီ ပေးအပ်ခဲ့ပြီး ရဲဘော်များ မဖြစ်မနေ လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများကို မဲဖောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အခမ်းအနားကို ခင်ဦးမြို့နယ် ပအဖ နာယက/ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် ပအဖ ခေါင်းဆောင်၊ ဒု-ခေါင်းဆောင်၊ တရားရေး ဥက္ကဋ္ဌ၊ တရားရေး အဖွဲ့ဝင် ၁၊ အဖွဲ့ဝင် ၂၊ အခွန်တော် အရာရှိ၊ ဘဏ္ဍာရေး၊ တွဲဖက် ဘဏ္ဍာရေး၊ သယံဇာတ၊ ပြည်သူ့ရင်ခွင်၊ လူသားစာနာ၊ လူ့အခွင့်အရေး၊ မွေးမြူရေးနှင့် ကုသရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်၊ သတင်းပြန်ကြားရေး၊ ဆက်သွယ်ရေး တာဝန်ခံများ ပအဖ အဖွဲ့ဝင် ပညာရေး စု ၁ စုမှူး၊ မြို့နယ် ပကဖ အင်အားစုဖွဲ့ရေးနှင့် လေ့ကျင်ရေး တာဝန်ခံ၊ စစ်လက်နက် စုဆောင်းရေး တာဝန်ခံ၊ ပအဖ ရုံးအဖွဲ့မှူး၊ မြို့နယ် ပကဖ ရဲဘော်/ ရဲမေများ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
========================
📌📌 ၃။ PSLF/TNLA အဖွဲ့အစည်းနှင့် ပတ်သက်ပြီး အတည်ပြုချက်ရယူခြင်းဆိုင်ရာ ထုတ်ပြန်
နိုဝင်ဘာ ၁၆
Radio NUG
PSLF/TNLA အဖွဲ့အစည်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ နိုင်ငံရေး၊ စစ်ရေး၊ မူပေါ်လစီနှင့် ရပ်တည်ချက်များအားလုံး ပတ်သက်ပြီး အတည်ပြုချက်ရယူရာတွင် PSLF/TNLA ပြောရေးဆိုခွင့်ရှိသူမှ အတည်ပြုခြင်းနှင့် PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ချက် ထုတ်လွှင့်မှသာ အတည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ထို့ကြောင့် အထက်ပါ၂ခု အတည်ပြုချက်မှလွဲပြီး မည်သူများ၏ မေးမြန်းခြင်း ဖြေကြားခြင်းသည် PSLF/TNLA နှင့် သက်ဆိုင်ခြင်း မရှိကြောင်း၊ မေးမြန်းဖြေကြားမှုကြောင့် ကိစ္စတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက PSLF/TNLAနှင့် သက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ထားပါတယ်။
========================
📌📌 ၄။ မန္တလေးတွင် အရှိန်လွန်လာတဲ့ကားက ရဲဂိတ်ကို တိုက်မိပြီး ရဲ ၃ ဦး ဒဏ်ရာရ
နိုဝင်ဘာလ ၁၆ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မဟာအောင်မြေ မြို့နယ်မှာ အရှိန်လွန်လာတဲ့ ကားက ရဲဂိတ်ကို ဝင်တိုက်မိခဲ့တာကြောင့် ရဲ ၃ ဦး အပါအဝင် ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။
နိုဝင်ဘာလ ၁၆ ရက်နေ့ မနက် ၂ နာရီခန့်မှာ ၆၂ လမ်း၊ ၃၇ x ၃၈ လမ်းကြားရှိ မိုင်တဲရုံး အရှေ့က ရဲဂိတ်ကို Toyota Kluger ကား တစီးက ဝင်တိုက်မိခဲ့တာပါ။
ဖြစ်စဉ်အတွင်း ဂိတ်မှာ တာဝန်ကျနေတဲ့ ရဲ ၃ ဦး ဒဏ်ရာရခဲ့ပြီး ယာဉ်ပေါ်ပါလာတဲ့ အသက် ၃၀ အရွယ် အမျိုးသား တဦးနဲ့ အသက် ၁၈ မှ ၂၀ ကြား အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကားပေါ်မှာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၅ ဦး လိုက်ပါလာပြီး ညအချိန်မတော် ပြန်လာတာကြောင့် KTV ဒါမှမဟုတ် ကလပ်တခုခုက ပြန်လာတာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ယာဉ်မောင်းဖြစ်သူ အမျိုးသားနဲ့ ကားကိုတော့ ရဲက သိမ်းဆည်းသွားခဲ့ကာ မဟာအောင်မြေ ရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ဘားအံမြို့မှာ တန်ဆောင်တိုင်မီးပုံးပျံ အိမ်ပေါ်ပြုတ်ကျမှုကြောင့် ကား ၁ စီးနဲ့ အဆောက်အဦး၂ လုံး မီးလောင်
နိုဝင်ဘာ ၁၆
RadioNUG
နိုဝင်ဘာလ ၁၅ ရက် တန်ဆောင်မုန်းလပြည့်နေ့ ည ၈ နာရီဝန်းကျင်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ မွေးမြူရေးဇုန် နတ်သြဇာ မြေသြဇာစက်ရုံရှိဝန်ထမ်းအိမ်ရာရဲ့ အိမ်ခေါင်မိုးပေါ် မီးပုံးပျံပြုတ်ကျပြီး မီးလောင်မှုဖြစ်ပွားကာ အဆောက်အဦး ၂ လုံးနဲ့ ကား ၁ စီး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
မီးသတ်တွေ ရောက်လာပြီး မီးငြှိမ်းသတ်နိုင်ပေမယ့် အဆောက်အဦး ၂ လုံးနဲ့ ကား တစ်စီးကတော့ မီးလောင်ကာ လူထိခိုက်မှု မရှိဘူးလို့ သိရပါတယ်။
========================
📌📌 ၆။ တောင်ကြီး တန်တောင်တိုင်ပွဲ ၄ ရက်အတွင်း အယောက် ၇၀ ကျော် ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၁၆
RadioNUG
တောင်ကြီးတန်ဆောင်တိုင်ပွဲ ၄ ရက်အတွင်း ထိခိုက်ဒဏ်ရာရှိသူ အယောက် ၇၀ ကျော်ရှိကြောင်း ခမ်းသားငေါဝ်းမှာ သတင်းဖော်ပြထားပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်နေ့အထိ မီးပုံးပျံ ယမ်းထိခိုက်မိခြင်း၊ အမူးလွန် သတိလစ်မေ့မြောခြင်း၊ ရန်ဖြစ်ခြင်း၊ ယာဥ်တိုက်မှု စသည်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၇၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ပင်မ ဝင်ပေါက်လမ်းကြောင်း တစ်ခုပဲ ပေးဝင်ပြီး ပြည့်ကြပ်နေတာကြောင့် မိန်းကလေးတွေ ၊ ကလေးငယ်တွေအချို့ သတိလစ်ခြင်း၊ မီးပုံးပျံ အနီးကပ် ကြည့်တဲ့ လူတွေ ယမ်းထိခြင်း၊ စတိတ်စင်ရှေ့မှာ ရန်ဖြစ်ခြင်းတို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ အများစုသည် စစ်ရှောင်များနှင့် နယ်ဝေးက လူများ ဖြစ်ကြကြောင်း သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အောက်တိုဘာလအတွင်း PDF နှင့် ပကဖ (၆) ဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ
နိုဝင်ဘာ ၁၆
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို အဆင့်ဆင့် စည်းကမ်းထိန်းသိမ်းမှုနှင့် အရေးယူမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနစ်၊ အောက်တိုဘာလအတွင်း PDF နှင့် ပကဖ စုစုပေါင်း (၆) ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
အကျဉ်းစစ်တရားရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စစ်ခုံရုံးဖြင့် စစ်ဆေး၍ ပြည်သူ့ကာကွယ်ရေးတပ်မတော်သား (၁) ဦးကို ထောင်ဒဏ်ချမှတ်စီရင်ခြင်း၊ စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် စုံစမ်းစစ်ဆေး၍ ပေါ်ပေါက်ချက်အရ စီမံခန့်ခွဲမှု နည်းလမ်းဖြင့် ပြည်သူကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင် (၄) ဦး အနက်မှ (၁) ဦးကို ရာထူးမှ ထုတ်ပယ်ခြင်း၊ (၂) ဦးကို တာဝန်မှ (၆) လ ယာယီ ရပ်ဆိုင်းခြင်း၊ (၁) ဦး ကို စာဖြင့် သတိပေး အရေးယူခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ကို စည်းကမ်းသေဝပ်ကာ ပြည်သူကို အလုပ်အကျွေးပြုသည့် တပ်မတော်တရပ် ဖြစ်လာစေရန် ရည်ရွယ် တည်ဆောက်လျက်ရှိပြီး၊ လိုအပ်သည့် ထိန်းကြောင်းမှုများကို အဆင့်ဆင့်ဆောင်ရွက်လျက်ရှိကာ မျှတသည့် တရားစီရင်မှုများ (fair trial)၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ နွားထိုးကြီး-ပြင်စည် လမ်းပိုင်းအား PDFများမှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခရီးသည်တင် ကားတစ်စီးပေါ်မှ စစ်အသုံးဆောင်ပစ္စည်းအချို့နှင့် ခိုးယူလာသည့် ခိုးရာပါ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရမိ
နိုဝင်ဘာ ၁၆
Radio NUG
နိုဝင်ဘာလ ၁၄ရက် ညနေ ၄ နာရီ၀န်းကျင်အချိန်၌ နွားထိုးကြီးမြို့နယ် နွားထိုးကြီး-ပြင်စည် လမ်းပိုင်းအား Natogyi People Defence Force မြင်းခြံခရိုင်အမှတ် (၄-၁၀)မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခရီးသည်တင် ကားတစ်စီးပေါ်မှ စစ်အသုံးဆောင်ပစ္စည်းအချို့နှင့် ၎င်းတို့ခိုးယူလာသည့် ခိုးရာပါ အသုံးဆောင်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
NPDF သည် နွားထိုးကြီးမြို့နယ်နှင့် ဆက်စပ်ရာလမ်းပိုင်းများအား ရှောင်တခင် စစ်ဆေးမှုများအား မကြာခဏဆိုသလို စစ်ဆေးလျက်ရှိပါသဖြင့် ပြည်သူများအနေဖြင့် စစ်ဆေးမှုများအား ကြည်ဖြူစွာ လက်ခံပေးပါရန်နှင့် စစ်ကောင်စီအဖွဲ့များနှင့် စစ်ကောင်စီ ပစ္စည်းများအား သယ်ဆောင်ခြင်း မပြုလုပ်ကြရန် တောင်းဆိုထားပါတယ်။
========================
🚩🚩 ၃။ နောင်ချိုမြို့တွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် တပ်သားများ သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
နိုဝင်ဘာ ၁၆
Radio NUG
နိုဝင်ဘာလ (၁၆)ရက်နေ့တွင် နောင်ချိုမြို့ရှိ တောင်ခမ်း အမြောက်တပ်စခန်း (၃၅၄) နှင့် (၉၀၂) တပ်စခန်းတွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ် တပ်မ(၁၁) ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများလည်း သိမ်းဆည်းရမိခဲ့သည့်အပြင် လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင်(၄)ဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။
နောင်ချိုမြို့ရှိ တောင်ခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်အားဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည့်အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၄။ ရွှေကျင်တွင် စစ်ကောင်စီ တပ်စွဲထားရာ နေရာ ၅ ခုကို ၁၂ ကြိမ်ထက်မနည်း ဒရုန်းဖြင့် တိုက်ခိုက်ခဲ့
နိုဝင်ဘာလ ၁၆ ရက်၊
Radio NUG
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာ ၅ ခုကို နိုဝင်ဘာလ ၃ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ဒရုန်းဖြင့် ၁၂ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Night hawks အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
ရွေကျင်မြို့နယ်၊ ကွမ်းဆိပ်ဆေးရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၆ နာရီနဲ့ ၅ မိနစ်တွင် တကြိမ်၊ သံဆိပ် စစ်ကောင်စီ စခန်းကို နိုဝင်ဘာ ၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်နဲ့ ည ၁၁ နာရီမှာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကွမ်းဆိပ် စစ်ကောင်စီ တပ်စခန်းကို နိုဝင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်၊ ၅ ရက်နေ့ နေ့လည် ၁၂ နာရီ ၃၄ မိနစ်၊ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၄၀ မိနစ်၊ ၁၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်၊ ည ၉ နာရီ ၁၅ မိနစ်နဲ့ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တို့မှာ တိုက်ခိုက်ခဲ့ပါတယ်။
ထို့အပြင် နိုဝင်ဘာ ၅ ရက်နေ့ မနက် ၁၁ နာရီ ကျောက်တန်းကျေးရွာက စစ်ကောင်စီ တပ်ဖွဲ့နဲ့ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် အင်္ဂနီကျေးရွာ၊ ဆင်နှစ်ကောင် ဘုရားဝင်းအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့တို့ကို တိုက်ခိုက်ခဲ့ပါသေးတယ်။
အဆိုပါ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်မှုများကို KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ KNLA Nighthawks အဖွဲ့က ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရန်သူ ထိခိုက်မှုကို မသိရသေးပေမယ့် ပူးပေါင်းတပ်မှ ရဲဘော်များ အထိအခိုက် မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၅။ ရေဦးတွင် စစ်ကောင်စီတပ် အထိုင်ချထားရာ တိုင်းရင်းဆေးရုံကို လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်
နိုဝင်ဘာလ ၁၆ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲထားတဲ့ တိုင်းရင်းဆေးရုံး ဝင်းအတွင်းကို လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Wolf Guerrilla LDF Ye .U Air Force က ထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီအချိန်မှာ ဗိုလ်ရုပ်ကဆိုး ဦးဆောင်တဲ့ Wolf Guerrilla LDF Ye. U Air Force အဖွဲ့က လက်နက်ကြီး (မမ) ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
၎င်းလက်နက်ကြီးများဟာ စစ်ကောင်စီရဲ့ Mi 17 ရဟတ်ယာဉ် ဆင်းသက်တဲ့ ကွင်းထဲကို ကျရောက်ခဲ့ပြီး ကွင်းအနည်းငယ် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုအပြီး စစ်ကောင်စီ တပ်ဘက်မှ ၈၁ မမ ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေး ရဲဘော်များ ဘေးကင်းစွာဖြင့် ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာကို စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များ အကြောင်းမဲ့ ပစ်ခတ်
နိုဝင်ဘာ ၁၆
Radio NUG
နိုဝင်ဘာလ ၁၆ ရက်၊ ညနေ ၃နာရီဝန်းကျင်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ နွားဘန်းကြီးရွာကို စစ်ကောင်စီက အင်အား ၁၀၀ ကျော်နဲ့ လက်နက်ကြီး၊ လက်နက်ငယ်များ အကြောင်းမဲ့ ပစ်ခတ်နေသလို ကျေးရွာအတွင်းကိုလည်း ကားနဲ့ လှည့်လည်ပြီး လက်နက်ငယ်တွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေထံက သိရပါတယ်။
နိုဝင်ဘာလ ၁၅ရက် မနက်ပိုင်းကလည်း နွားဘန်းကြီးရွာက အမျိုးသမီးငယ်တစ်ဦးကို စစ်တပ်က အကြောင်းမဲ့ဖမ်းဆီးသွားသလို ညနေပိုင်းမှာ အဲဒီအမျိုးသမီးငယ်ရဲ့ မိခင်ဖြစ်သူကိုပါ လာရောက်ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးတာ မရှိသေးဘူးလို့လည်း သိရပါတယ်။
========================
🚩🚩 ၇။ ပြည်သူများ ကူညီထောက်ပို့ပေးတဲ့ ကျည်ကာဝတ်စုံများ ရေဦး PDF ရရှိ
နိုဝင်ဘာ ၁၆
Radio NUG
တော်လှန်ပြည်သူများ၏ ရေဦး PDF ရဲဘော်များအပေါ် အန္တရာယ်ကင်းစေလိုသော စိတ်ဆန္ဒများဖြင့် ကူညီထောက်ပို့ပေးခဲ့သောကြောင့် တိုက်ခိုက်ရေးရဲဘော်များအားလုံး ကျည်ကာဝတ်စုံကိုယ်စီရရှိခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ရဲဘော်များမှလည်း ယခုရရှိခဲ့သော အသက်ကယ် ကျည်ကာဝတ်စုံများဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို အမြစ်ပြတ် မြေလှန်တိုက်ထုတ်သွားမည်ဖြစ်ကြောင်း၊ ကူညီပါဝင်ပေးကြသော တော်လှန် ထောက်ပို့ပြည်သူတစ်ဦးချင်းစီအား အလေးအနက် ဂုဏ်ပြုကျေးဇူးတင်ပါကြောင်း ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment