၂၀၂၄ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို "ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ" ဟု တရုတ်အပါ မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး ပြောဆို
📌 ၂။ CDF မတူပီ က ဒေသတွင်းရှိ လမ်းများကို ပြုပြင်ဖောက်လုပ်နေ
📌 ၃။ ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းအတွက် လူငယ် ၁၀၀ ခန့် ဖမ်းဆီးခံရ
📌 ၄။ ဒုတိယအကြိမ်မြောက် “လေယာဉ်တွေမြင်တဲ့အခါ” ပြပွဲ ချင်းမိုင်တွင် ကျင်းပမည်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဆားလင်းကြီးမြို့က စစ်တပ်အထိုင်ချထားတဲ့ နေရာလေးခုကို ပိတ်ဆို့တိုက်ခိုက်
🚩 ၂။ အာယုတောင် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဖွဲ့ကို ရေးဘီလူး တိုက်ခိုက်ခဲ့ရာ ၃ ဦး ထက်မနည်း ဒဏ်ရာရ
🚩 ၃။ လက်ပံတန်းမြို့နယ် သာယာကုန်းရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရမှု ရဲနဲ့ ပျူ ၇ဦး သေဆုံး
🚩 ၄။ ဆီမီးခုံမြို့ လက်ဖက်ရည်ဆိုင်တွင် မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက်သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ
🚩 ၅။ တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်
🚩 ၆။ မင်းတပ်မြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ Cluster ဗုံး အပါအဝင် ဗုံးအလုံးရေ ၁၃၀ ကျော် ကြဲချတိုက်ခိုက်
🚩 ၇။ နမ့်လန်မြို့ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဖွားအို ၁ ဦး ထိခိုက်ဒဏ်ရာရ
🚩 ၈။ ကျဆုံးရဲဘော်များရဲ့ မိဘများကို ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းမှ သွားရောက်ဂါရဝပြု
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို "ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ" ဟု တရုတ်အပါ မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိဟု NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး ပြောဆို
နိုဝင်ဘာ ၂၃
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ - NUG နှင့်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များကို ""ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ" ဟု တရုတ် အပါ မည်သည့်နိုင်ငံကမှ ပြောဆိုပိုင်ခွင့်မရှိကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုဝင်ဘာလ ၂၁ ရက်နေ့ "လူထုလှုပ်ရှားမှု ရက်သတ္တပတ်" အစီအစဉ် ပထမဆုံးနေ့ အမေးအဖြေများကို ဖြေကြားစဉ် သတိပေးပြောဆိုခဲ့ပါတယ်။
"ကျွန်မတို့ နိုင်ငံမှာ ဘယ်လိုနိုင်ငံရေး စနစ်နဲ့ သွားမလဲဆိုတာ ဘယ်သူကမှ လာပြောလို့ မရဘူး။ ဒါအချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံရဲ့ အခွင့်အရေးလည်း ဖြစ်တယ်။ အခု ကျွန်မတို့တွေသည် ပြည်သူလူထုရဲ့ ဒေါသကို ရင်ဆိုင်နေရတယ်။ အထူးသဖြင့် တရုတ်က အကြမ်းဖက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရုတ်ခရီးစဉ် ဖိတ်ကြားမှုနဲ့ ပတ်သက်လို့ ဒီလိုလုပ်လို့ရှိရင် ကျွန်မတို့ ပြည်သူလူထုက အင်မတန်မှ စိတ်ဆိုးလိမ့်မယ်ဆိုတဲ့ဟာကို တရုတ်တာဝန်ရှိတဲ့ လူတွေကို ကျွန်မ ကြိုတင်ပြီးတော့ အကြောင်းကြားခဲ့ပြီး ဖြစ်တယ်။ အဲဒါလည်း အခု ဖြစ်သွားတော့ ဒီကိစ္စရှိတယ်။ နောက်တစ်ခုကကျတော့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေကြတဲ့ အခု တိုင်းရင်းသားနဲ့ NUG နဲ့ မဆက်ဆံရဘူးဆိုတဲ့ ကိစ္စ ။ ကျွန်မ အကြောင်းပြန်ထားတာ ရှိပါတယ်။ ဒါက ပြည်တွင်းရေးဖြစ်တယ်။ ပြည်တွင်းရေးဖြစ်တဲ့အတွက် ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဘူးလို့ ပြောထားတာလည်း ဖြစ်တယ်။ ဆိုတော့ ဒီကိစ္စက ကျွန်မတို့ မဟာမိတ်တိုင်းရင်းသားတွေ ဒီထဲမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကိုရော NUG ကိုရော ဘယ်သူနဲ့ ဆက်ဆံပါ။ ဘယ်သူနဲ့ မဆက်ဆံပါ ဆိုတာကို ဘယ်သူကမှ ပြောပိုင်ခွင့် မရှိဘူး။ ဒါက ကျွန်မတို့ရဲ့ လွတ်လပ်ခွင့်ဖြစ်တယ် ဆိုတဲ့ဟာလည်း ကျွန်မ အကြောင်းပြန်ထားတာ ရှိပါတယ်" ဟု ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောဆိုထားပါတယ်။
ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် လွတ်လွတ်လပ်လပ်သာ ရမယ်ဆိုလို့ရှိရင် ဒီအောင်မြင်မှုဟာ အိမ်နီးနားချင်းနိုင်ငံတွေရဲ့ အောင်မြင်မှုလည်း ဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကိုလည်း အထောက်အပံ့ဖြစ်နိုင်မှာလည်း ဖြစ်သလို အခုစိုးရိမ်နေကြတဲ့ ဟိုရင်းနှီးမြှုပ်နှံမှု ဒီရင်းနှီးမြှုပ်နှံမှုတွေက စစ်အာဏာသိမ်းမှုကြောင့် ဖြစ်တာတွေပဲလို့ ဝန်ကြီးက ဆိုထားပါတယ်။
========================
📌📌 ၂။ CDF မတူပီ က ဒေသတွင်းရှိ လမ်းများကို ပြုပြင်ဖောက်လုပ်နေ
နိုဝင်ဘာ ၂၃ ရက်၊
Radio NUG
ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့-မတူပီ (တပ်မဟာ-၁) အနေဖြင့် ဒေသတွင်းက ပြည်ထောင်စုလမ်းမ၊ ရွာချင်းဆက် ဖွံဖြိုးရေး လမ်းများကို ဖောက်လုပ် ပြုပြင်နေတယ်လို့ CDF Matupi က ထုတ်ပြန်ထားပါတယ်။
လက်ရှိ လုပ်ငန်းဆောင်ရွက်နေတဲ့ လမ်းများမှာ မတူပီ-မင်းတပ်လမ်း၊ မတူပီ-ပလက်ဝလမ်း၊ မတူပီ-လိုင်လင်းပီ/ မီဇိုလမ်း နဲ့ ရွာချင်းဆက် လမ်းများကို ပြုပြင်ဖောက်လုပ်ခဲ့တာလို့ ဆိုပါတယ်။
မတူပီ - မင်းတပ် လမ်းမကြီးရှိ လည်မျို တံတားအတက် ချောက်ကမ်းပါးမြေ ပြိုမှုကြောင့် စစ်ကောင်စီ အုပ်ချုပ်နေတဲ့ ၂၀၂၁ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဆိုင်ကယ်၊ ကားများ တိုက်ရိုက်သွားလာနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
၂၀၂၄၊ ဇွန်လ၊ ၂၉ ရက်နေ့မှာ ချင်းညီနောင် စစ်ဆင်ရေးအဖြစ် မတူပီမြို့ကို သိမ်းယူပြီးနောက် လမ်းပန်းပြုပြင်ရေး လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအချိန်မှာ လူနာတင်ကားနဲ့ ကုန်တင်ယာဉ်များ တိုက်ရိုက် သွားလာနိုင်ပြီလို့ ဆိုပါတယ်။
ထို့အပြင် မတူပီ - မီဇိုးရမ် (အိန္ဒိယနိုင်ငံ) လမ်းကို ဆက်လက် တူးဖော်နေလျက်ရှိရာ ပြီးစီးပါက မီဇိုဒရမ်မှ မတူပီ ကို မော်တော်ယာဉ်များ တိုက်ရိုက်ရောက်ရှိနိုင်မယ်လို့ သိရှိရပါတယ်။
========================
📌📌 ၃။ ဝမ်းတွင်းမြို့တွင် စစ်မှုထမ်းအတွက် လူငယ် ၁၀၀ ခန့် ဖမ်းဆီးခံရ
နိုဝင်ဘာ ၂၃
Radio NUG
နိုဝင်ဘာ ၁၉ ရက်က ဝမ်းတွင်းမြို့နယ်တွင် ၅ ရက်တစ်ကြိမ် ပြုလုပ်သည့် သဲတောစျေးသို့ စျေးဝယ်လာသော လူငယ်များနှင့် အကြောင်းအမျိုးမျိုးဖြင့် သွားလာနေသော လူငယ်များကို စစ်တပ်က ၅ နေရာခွဲ၍ ဖမ်းဆီးရာ တစ်နေရာလျှင် လူငယ် ၂၀ ခန့် ဖမ်းဆီးသွားကြောင်း Voice Of Wundwin က သတင်းထုတ်ပြန်ထားပါတယ်။
သီးကုန်း၊ ဘုရားစု၊ ဆပ်ခင်း၊ ဆည်၊ ကျွတ်ကန်ကျေးရွာတို့မှ လူငယ်များ အများဆုံး ဖမ်းဆီးခံရပြီး မိတ္ထီလာမြို့ အမှတ် ၉၉ ခြေမြန်တပ်မဌာနချုပ်လက်အောက်ခံ ခမရ ၁၁၃ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း၊ ဖမ်းဆီးခံရသူများအနက် ငွေပေးနိုင်သူအချို့ ပြန်လည်လွတ်မြောက်ခဲ့သော်လည်း စစ်မှုထမ်းဆင့်ခေါ်လျှင် လိုက်ပါမည်ဟု သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ ကိုယ်တိုင် ခံဝန်လက်မှတ်ထိုးခဲ့ရတယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဒုတိယအကြိမ်မြောက် “လေယာဉ်တွေမြင်တဲ့အခါ” ပြပွဲ ချင်းမိုင်တွင် ကျင်းပမည်
နိုဝင်ဘာ ၂၃
Radio NUG
ဒုတိယအကြိမ်မြောက် “လေယာဉ်တွေမြင်တဲ့အခါ” ပြပွဲကို ဒီဇင်ဘာလ ၅ရက်နေ့မှ ၁၅ရက်နေ့အထိ ချင်းမိုင် Some Space Gallery တွင် ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
“လေယာဉ်တွေမြင်တဲ့အခါ” ပြပွဲ ဟာ မြန်မာနိုင်ငံရဲ့ အပြစ်မဲ့ပြည်သူတွေအပေါ် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘယ်လောက်အထိ ထိတ်လန့်စရာတွေ အပျက်အစီးတွေ ဖြစ်စေခဲ့တဲ့ အကြောင်းတွေကို မီးမောင်းထိုးပြနိုင်ဖို့ ရည်ရွယ်တယ်လို့ ဖော်ပြထားတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကြားမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ပြည်သူတွေကို အထိမ်းအမှတ်ပြုတဲ့ အနေနဲ့ရော၊ ခက်ခက်ခဲခဲ အသက်ဆက်ကြရတဲ့ ဘဝပုံရိပ်တွေကိုပါ ပြသမယ့် ပြပွဲတွေဟာ မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ စဉ်းမျဉ်းတွေကို ဘယ်လောက်အထိ ချိုးဖောက်ခံနေရတဲ့ အကြောင်း လှုံ့ဆော် အသိပေးခြင်းအားဖြင့် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်လို့ ဆိုထားပါတယ်။
သတင်းဓာတ်ပုံ ဆရာတွေ၊ ပန်းချီပညာရှင်တွေ၊ ရုပ်ရှင်သဘင် ပညာသည်တွေ၊ animation နဲ့ graphic အနုပညာရှင်တွေ၊ ဖျော်ဖြေတင်ဆက်မှု အနုပညာရှင်တွေရဲ့ ကာယ၊ ဉာာဏ၊ အနုပညာ အားတွေကို စုစည်းပြီး “လေယာဉ်တွေ မြင်တဲ့အခါ” ရဲ့ အတိမ်အနက်နဲ့ ထူးခြားမှု ဖြစ်စဉ်တွေကို ဇာတ်ကြောင်း ပုံဖော် တင်ဆက်သွားမှာ ဖြစ်ပြီး မတူကွဲပြားတဲ့ ရှုထောင့်များစွာကို အသေးစိတ် တလေးတစား ဖန်တီးထားတဲ့ အနုပညာရှုထောင့် တစ်ခုချင်းစီ အဖြစ် မြင်တွေ့ ခံစားမိစေဖို့ ရည်ရွယ်တယ်လို့ သိရှိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဆားလင်းကြီးမြို့က စစ်တပ်အထိုင်ချထားတဲ့ နေရာလေးခုကို ပိတ်ဆို့တိုက်ခိုက်
နိုဝင်ဘာ ၂၂ ရက်၊
Radio NUG
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့တွင် စစ်ကောင်စီတပ် အထိုင်ချထားတဲ့ ရဲစခန်း၊ မင်းကြီးကန်၊ တာဝတိံသာ၊ ထွေအုပ်ရုံး စတဲ့နေရာလေးခုကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့ (Salingyi) က သတင်းထုတ်ပြန်ထားပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီ ခွဲခန့်ကနေ ညနေ ၅ နာရီခွဲ အချိန်ထိ ၄၀ မမ၊ ၆၀ မမ၊ ၁၂၀ မမ များ၊ လက်နက်ငယ်များ၊ Fixed Wings Drone များဖြင့် ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ၆၀ မမ၊ ၄၀ မမ၊ RPG၊ စက်လက်များနဲ့ လက်နက်ငယ်များအပြင် ဒရုန်းတစီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
၎င်း တိုက်ခိုက်မှုကို ယင်းမာပင်ခရိုင်၊ တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ (Salingyi)၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၃၅) တပ်ခွဲ (၃) တောင်ပံနီ အထူးပြောက်ကျားတပ်ဖွဲ့ တပ်စိတ် (၁) 5/Fighter group (Monywa) ၊ ချင်းတွင်းဒိုင်းနမိုက် ပြည်သူကာကွယ်ရေးအဖွဲ့ (Salingyi) ၊ G3 အောင်ကြီး(Salingyi) ၊ Royal Broher Forces ၊ ဇာနည်သွေး ၊ ပွဲတိုင်းကျော် ၊ SPDF ၊ တောဘုရင်ဗိုလ်ယက္ခ ၊ ချင်းတွင်းကာကွယ်ရေး(CDF) ၊ Fighter For Fredy ၊ ဒေါင်းသမာန်(GZ) ၊ Eagle ၊ မျိုးဆက်သစ် ၊ C.R.A မုံရွာ ၊ အာဏာရှင်တော်လှန်ရေး ၊ တောသားကြီး ၊ ဒုန်းမင်း ၊ တပ်ရင်း (၁၇) တပ်ခွဲ (၃) M.Y.F ၊ တပ်ရင်း (၁၇) တပ်ခွဲ (၄) G.N.B.F ၊ တပ်ရင်း (၄) တပ်ခွဲ (၂) 5/COMMANDO FORCF ၊ MONYWA UNDERGROUND FORCE MUGF ၊ တပ်ရင်း (၂၅) မုံရွာ သံမဏိ တပ်ခွဲ ဗိုက်ကလေး ၊ ဒေါင်းဖိုက်တာ ၊ တပ်ရင်း (၂၃) တပ်ခွဲ (၂) ကျားညီနောင်နှင့် နောင်ကြီး အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ အာယုတောင် ပြည်သူ့စစ်ခေါင်းဆောင်နဲ့ အဖွဲ့ကို ရေးဘီလူး တိုက်ခိုက်ခဲ့ရာ ၃ ဦး ထက်မနည်း ဒဏ်ရာရ
နိုဝင်ဘာ ၂၃ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင် ကျေးရွာက ပြည်သူ့စစ် ခေါင်းဆောင် လင်းဦးနှင့်အဖွဲ့ တိုက်ခိုက်ခံရကာ လင်းဦး အပါအဝင် ၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့ မနက် ၈ နာရီခန့်တွင် အာယုတောင် အုပ်ချုပ်ရေးမှူးရုံးမှာ ရှိနေတဲ့ အင်အား ၁၀ ဦးခန့်ရှိ ပြည်သူ့စစ် အဖွဲ့ကို ရေးဘီလူးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ရေးဘီလူးအဖွဲ့ခေါင်းဆောင်က “လင်းဦး မင်းပြောတော့ ငါ့ကိုမင်းလက်နဲ့ Shin မယ်ဆို ခုငါ့ကျည်နဲ့ မင်းအိပ်နေရပီးဟုတ်လား။ အာယုတောင်ရွာ ရာသီဥတု အရမ်းပူတယ် နာမည်မှတ်ထားအုန်း ရေးဘီလူး"ဆိုပြီး သူရဲ့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။
ပစ်ခတ်မှုအတွင်း ဒဏ်ရာရခဲ့တဲ့ ပြည်သူစစ်ခေါင်းဆောင် လင်းဦးနဲ့ အဖွဲ့ဝင် ၂ ဦးကို ရေးမြို့ရှိ ဆေးရုံကို ပို့ဆောင် ကုသနေတယ်လို့ သိရပြီး ပြည်သူ့စစ် ခေါင်းဆောင်မှာ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
လင်းဦးရဲ့ ပြည်သူ့စစ်အဖွဲ့ဟာ အင်အား ၅၀ ခန့်ရှိပြီး စစ်ကောင်စီက လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားကာ အာယုတောင်၊ နှင်းစုံနဲ့ ချောင်းတောင် ဒေသတဝိုက်မှာ လှုပ်ရှားနေတာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ လက်ပံတန်းမြို့နယ် သာယာကုန်းရွာ ရဲကင်းစခန်း တိုက်ခိုက်ခံရမှု ရဲနဲ့ ပျူ ၇ဦး သေဆုံး
နို၀င်ဘာ၂၃
Radio NUG
နို၀င်ဘာလ၂၂ရက်နေ့၊ မနက် ၅နာရီအချိန်တွင် ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ သာယာကုန်းကျေးရွာရှိ စစ်ကောင်စီရဲ့ ရဲကင်းစခန်းကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၃နာရီခန့် ကြာမြင့်ခဲ့ကာ မနက် ၈နာရီအချိန်တွင် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ စစ်ရေးသတင်းများအရ သိရပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ အဆိုပါရဲစခန်းကို သိမ်းပိုက်ဖို့ ရည်ရွယ်ထားတဲ့ မစ်ရှင်ဟာ သတင်းပေါက်ကြားခဲ့တာကြောင့် ရဲစခန်းကို မသိမ်းနိုင်ခဲ့ဘဲ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်အပါအဝင် ရဲနဲ့ ပျူစောထီး ၇ဦးခန့် သုတ်သင်နိုင်ခဲ့ကာ ဒဏ်ရာရရှိသူလည်း များပြားကြောင်း သာယာ၀တီဂဠုန်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်တွင် စစ်ကောင်စီတပ်ဘက်မှ စစ်ကူကားအများအပြား ပို့ဆောင်ပေးခဲ့ပြီး ထိုစစ်ကူကားများ မြင်တာကြောင့် ကြောက်ပြီးထွက်ပြေးတဲ့ မှော်အင်းကျေးရွာသား ကြက်ခြံ လုပ်ငန်း လုပ်ကိုင်တဲ့လူငယ်ကို စစ်ကောင်စီတပ်သားများမှ ရမ်းသန်းပစ်ခတ်လို့ သေဆုံးခဲ့ကာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်မှုကြောင့် နေအိမ်အများအပြား ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့နေ့တွင် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်လို့ သာယာကုန်ကျေးရွာတွင် အလုပ်လုပ်ကိုင်နေတဲ့ အခြားကျေးရွာမှ လင်မယားနှစ်ယောက်နဲ့ ဈေးသည် အမျိုးသားတစ်ယောက်တို့ သေဆုံးခဲ့ရသလို တိုက်ပွဲကြောင့် ထွက်ပြေးသူအချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
၎င်းတိုက်ခိုက်မှုကိုတော့ သာယာ၀တီခရိုင် တပ်ရင်း ၃၈၀၂ လက်အောက်ခံ တပ်ခွဲ(၂)၊တပ်ခွဲ(၃) ၊ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၃ တို့နဲ့အတူ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာ၀တီဂဠုန်တပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၄။ ဆီမီးခုံမြို့ လက်ဖက်ရည်ဆိုင်တွင် မူးယစ်သောက်စားနေတဲ့ ရဲတွေကို ဝင်ရောက် ပစ်ခတ်ရာ ၂ ယောက်သေပြီး သေနတ် ၃ လက် သိမ်းဆည်းရမိ
နိုဝင်ဘာ ၂၃
Radio NUG
နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့က ကောင်းမြတ်အောင် လက်ဖက်ရည်ဆိုင်မှာ မူးယစ်သောက်စားနေတဲ့ ရဲ ၃ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း MP-9 PDF က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုအတွင်း နယ်ထိန်းရဲ ၁ ယောက်နဲ့ ရဲတပ်သား ၁ ယောက် သေဆုံးပြီး ကျန် ၁ ယောက် ပြင်းထန်ဒဏ်ရာရရှိကာ G-3 သေနတ် ၃ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မိုင်းဇာနည်ပြောက်ကျားတပ်ဖွဲ့၊ MP-9 အဖွဲ့၊ တလုပ်-PDF နဲ့ ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) အဖွဲ့တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ တာမွေမြို့နယ် လျှပ်စစ်မီတာရုံးရှိ စစ်တပ် နှစ်ထပ်ဘန်ကာကို ဗုံးဖောက်ခွဲတိုက်ခိုက်
နိုဝင်ဘာ ၂၃
Radio NUG
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ ဒေါက်တိုင် လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ခံ တာမွေ EPC ဝင်းထဲရှိ စစ်တပ်၏ လုံခြုံရေး နှစ်ထပ်ဘန်ကာကို Freeland Attack Force (FLA )နှင့် Anonymous Fighters Force ( AFF ) တို့က ဗုံးအသုံးပြု၍ ၂ ကြိမ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
တာမွေ EPC ရုံးသည် နယ်ခံ အများပြည်သူအပေါ် နည်းမျိုးစုံဖြင့်ဗိုလ်ကျ အနိုင်ကျင့်ပြုမှုနေတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၆။ မင်းတပ်မြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံးနဲ့ Cluster ဗုံး အပါအဝင် ဗုံးအလုံးရေ ၁၃၀ ကျော် ကြဲချတိုက်ခိုက်
နိုဝင်ဘာ ၂၂ ရက်၊
Radio NUG
ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က ၂ ရက်အတွင်း ပေါင် ၅၀၀ ဗုံး ၉ လုံးနဲ့ Cluster ဗုံး ၃ လုံးအပြင် ၁၂၀ မမ အလုံးရေ ၁၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းထောက် တဦးဖြစ်တဲ့ Hkl Mindat မှ ဖော်ပြထားပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ ညနေ ၆ နာရီ ၂၉ မိနစ်နဲ့ ၃၄ မိနစ်တို့မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး၊ ၆ နာရီ ၄၉ မိနစ်၊ ၅၄ မိနစ်နဲ့ ၇ နာရီ ၂၅ မိနစ်တို့မှာ Cluster ဗုံး ၂ လုံးကို ဂျက်ဖိုက်တာများဖြင့် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ထို့အပြင် Y12 လေယာဉ် ၂ စီးဖြင့် ၁၂၀ မမ ဗုံးသီးများကို ညနေ ၇ နာရီ ၁၃ မိနစ်မှ ၈ နာရီ ၃ မိနစ်အတွင်း အလုံး ၇၀ ခန့်နှင့် ည ၁၁ နာရီ ၁၉ မိနစ်ကနေ ၁၂ နာရီ ၁၃ မိနစ် အတွင်း အလုံး ၅၀ ကျော်ကို ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ထို့ပြင် နိုဝင်ဘာ ၂၃ ရက်နေ့ မနက် ၆ နာရီကျော်ခန့်မှာ မကွေးလေတပ်မှ Y8 လေယာဉ် တစီးဖြင့် (၂၇၄) တပ်ရင်းထဲကို ခဲယမ်း၊ ရိက္ခာ ၁၁ ထုတ် ချပေးခဲ့ကာ မနက် ၈ နာရီ ၅၃ မိနစ်၊ ၅၈ မိနစ်၊ ၉ နာရီ ၅ မိနစ်နဲ့ ၈ မိနစ် တို့တွင် ပေါင် ၅၀၀ ဗုံး ၄ လုံးကို ထပ်မံကြဲချ တိုက်ခိုက်ခဲ့ပါတယ်။
ထို့နောက် ညနေ ၂ နာရီ ၅၃ မိနစ်ခန့်မှာ ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချခဲ့ပြီး ၂ နာရီ ၅၈ မိနစ်မှာလည်း ပေါင် ၅၀၀ ဗုံး တလုံး ထပ်မံကြဲချ ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ လေကြောင်း တိုက်ခိုက်မှုများကို တံတားဦးလေတပ်၊ အေလာလေတပ်နဲ့ မကွေးလေတပ်တို့က ကျူးလွန်ခဲ့တာ ဖြစ်ပြီး ညနေ ၃ နာရီခွဲ အချိန်ထိ မီးလောင်ပျက်စီးမှုများ ရှိနေသေးတယ်လို့ သိရှိရပါတယ်။
========================
🚩🚩 ၇။ နမ့်လန်မြို့ထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အဖွားအို ၁ ဦး ထိခိုက်ဒဏ်ရာရ
နိုဝင်ဘာ ၂၃
Radio NUG
နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်လန်မြို့ထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ကောင်းလန်းရပ်ကွက်မှ ဒေါ်နိုင်းဆိုင်ဆိုတဲ့ အဘွားအို တစ်ဦးပေါင်မှာ ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံများထံမှ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ နမ့်လန်မြို့ထဲကို မြို့ပြင်ကနေ ပစ်လာတဲ့ လက်နက်ကြီး ၃ လုံးထဲမှ တစ်လုံးဟာ ကောင်လန်းရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပြီး မည်သည့် လက်နက်ကိုင်အဖွဲ့က ပစ်ခတ်လဲဆိုတာ မသိရဘူးလို့ သိရပါတယ်။
ဒဏ်ရာရတဲ့ အဘွားအို ဒေါ်နိုင်းဆိုင်ကို နမ့်လန် ဆေးရုံမှာ ကုသမှုခံယူဖို့ ပို့ဆောင်ထားပါတယ်။
========================
🚩🚩 ၈။ ကျဆုံးရဲဘော်များရဲ့ မိဘများကို ဂန့်ဂေါခရိုင် အမှတ် (၆) တပ်ရင်းမှ သွားရောက်ဂါရဝပြု
နိုဝင်ဘာ ၂၂ ရက်၊
Radio NUG
မကွေးတိုင်း ဂန့်ဂေါခရိုင် အမှတ်(၆) တပ်ရင်းမှ တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားတဲ့ ရဲဘော်များရဲ့ မိဘများကို သွားရောက် ဂါရဝပြု ကန်တော့ခဲ့ကြတယ်လို့ Laung She Regional People Defence Force က ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေး အစမှ တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်သွားကြတဲ့ ရဲဘော်များရဲ့ လူကြီး မိဘများအား သွားရောက်အလေးပြုပြီး ဆန်၊ ဆီစတဲ့ လှူဖွယ်ဝတ္ထုများဖြင့် ဂါရဝထားပြီး ကန်တော့ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဆိုပါ လူကြီးမိဘများကလည်း ဆုံးမဩဝါဒပေးကာ ဆုမွန်ကောင်းတောင်းပေးခဲ့ကြပြီး တပ်ရင်းမှ ရဲဘော်များက ကောင်းစွာ လက်ခံနာကြားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အခုလို စွန့်လွှတ်အနစ်နာ ခံခဲ့ကြတဲ့ သူရဲကောင်း ရဲဘော်များနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်များကို ဂန့်ဂေါခရိုင်၊ အမှတ် (၆) တပ်ရင်း အနေဖြင့် အစဉ်အမှတ်ရ လေးစားဂုဏ်ပြုနေ အပ်ကြောင်းကိုလည်း အသိပေး ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment