၂၀၂၄ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဥပဒေထုတ်ပြန်တယ်ဆိုတာ ခံစားချက်နဲ့ ထုတ်ပြန်လို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဆို
📌 ၂။ ဆက်သေမြေမဲသို့ မူလွန်နှင့် အထက်တန်းကျောင်းသွားတက်သည့် ကျောင်းသား/သူများ SSPP/SSAထံ သွားလာခွင့်လက်မှတ် အခွန်ခ ပေးဆောင်ရ
📌 ၃။ PRF Page / Tiktok အကောင့် အတုတွေနဲ့ ကြားခံတဆင့် လိမ်လည်ကောက်ခံနေတာကြောင့် ထောက်ပို့တပ်သားများသို့ သတိပေးကြေညာ
📌 ၄။ ဂျပန်နိုင်ငံတွင် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲနှင့် မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ချီတက်ဆန္ဒပြပွဲ ပြုလုပ်
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ AA ထုတ်ပြန်
🚩 ၂။ ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး စတင်ပြီဟု ကြေညာပြီးနောက် ကန်ပက်လက်မြို့ကို စစ်ကောင်စီနဲ့ ရဲများ စွန့်ခွာလို့ ကျည် တစ်ချက် မဖောက်ရဘဲ မြို့ကို ရရှိ
🚩 ၃။ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် မင်းတပ်မြို့သိမ်း တိုက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
🚩 ၄။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုများကို ထုတ်ပြန်
🚩 ၅။ မြိုင်မြို့နယ်၊ သရက်ကွ ပျူရွာကို အပြီးသတ် သိမ်းပိုက်ရရှိ
🚩 ၆။ စစ်တပ် စရဖဗိုလ်မှူး အမျိုးမင်္ဂလာဆောင်တွင် ပစ်ခတ်ရှင်းလင်းခံရ
🚩 ၇။ ရွာငံ ပျူခေါင်းဆောင်ရဲ့ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မင်းပလောင် ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်
🚩 ၈။ ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့က DNLA၏ တိုက်ခိုက်ရေး ဒရုန်းတပ်ခွဲအဖြစ် ပူးပေါင်း
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဥပဒေထုတ်ပြန်တယ်ဆိုတာ ခံစားချက်နဲ့ ထုတ်ပြန်လို့ မရဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းဆို
ဒီဇင်ဘာ ၂၂
Radio NUG
ဥပဒေထုတ်ပြန်တယ်ဆိုတာ ခံစားချက်နဲ့ ထုတ်ပြန်လို့ မရဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက Human Rights Barometer Ep-55 တွင် ပြောဆိုခဲ့ပါတယ်။
"ဥပဒေထုတ်ပြန်တယ်ဆိုတာ ခံစားချက်နဲ့ ထုတ်ပြန်လို့မရဘူး။ တရားဥပဒေကို ချိုးဖောက်ဖို့အတွက် အားပေးတဲ့ ဥပဒေမျိုးလည်း မဖြစ်စေရဘူး။ ဥပဒေရဲ့ကောင်းကျိုးက အများပြည်သူကို ဦးတည်နေရမှာဖြစ်တယ်။ ဒီဥပဒေထုတ်ပြန်လိုက်မှ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်သွားစေတဲ့ ဥပဒေမျိုး မဖြစ်ရဘူး။ "လို့ ဝန်ကြီးက ဆိုထားပါတယ်။
"တစ်ချို့နေရာတွေမှာ လူ့အခွင့်အရေးကို လေးစားဖို့ တာဝန်ရှိတဲ့သူတွေက မလေးစားတဲ့အခြေအနေမျိုးတွေ ကြုံတွေ့နေရပါတယ်။ အာဏာလေးနည်းနည်းရလာရင် အာဏာကို အလွဲသုံးစားလုပ်ပြီး အနိုင်ကျင့်တဲ့ အနေအထားတွေ ကြုံတွေ့နေရတတ်တယ်။ ဒါတွေကို ဘယ်လိုတားဆီးရမလဲဆိုတာ စဉ်းစားလုပ်ဆောင်မှ ဖြစ်မယ်။" လို့ ထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၂။ ဆက်သေမြေမဲသို့ မူလွန်နှင့် အထက်တန်းကျောင်းသွားတက်သည့် ကျောင်းသား/သူများ SSPP/SSAထံ သွားလာခွင့်လက်မှတ် အခွန်ခ ပေးဆောင်ရ
ဒီဇင်ဘာ ၂၂
Radio NUG
ရပ်စောက်မြို့နယ် ဆက်သေမြေမဲသို့ ဘေးရွာမှ ကျောင်းသွားတက်သည့် မူလွန်နှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများ သွားလာခွင့်လက်မှတ် အခွန်ခ ပေးဆောင်ရနေရကြောင်း ခမ်းသားငေါဝ်းသတင်းဌာနမှ ဖော်ပြထားပါတယ်။
ဆက်သေမြေမဲရွာအနီးတစ်ဝိုက် ကျေးရွာတစ်ချို့တွင် မူလတန်းထိသာ ရှိနေကြပြီး မူလွန်နှင့် အထက်တန်းအား ဆက်သေမြေမဲသို့ ကျောင်းလာတက်ရခြင်းများရှိပြီး SSPP/SSA ထံတွင် သွားလာခွင့်လက်မှတ်အတွက် အခွန်ပေးဆောင်နေရတယ်လို့ သိရပါတယ်။
SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ အုပ်ချုပ်ရေးဌာနမှ ထုတ်ပေးထားသည့် သွားလာခွင့်လက်မှတ်သည် ရှမ်းဘာသာ၊ မြန်မာဘာသာနှင့် တရုတ်စာ ဝ ဘာသာဟု ယူဆရသည့် သုံးဘာသာနှင့် ထုတ်ထားခြင်း ဖြစ်ပြီး ကဲန်တာ ၁၄ ပေ တစ်စီး ၆ သောင်း၊ ထော်လာဂျီ တစ်စီး ၄ သောင်း၊ ၂ သောင်းနှင့် PNO ပြည်သူ့စစ်အကြီးအကဲမိသားစုအပါအဝင် ရွာသားများအားလုံးနှင့် ကျောင်းသားများလည်း သွားလာခွင့်လက်မှတ်ခွန် တစ်ဦး ၃ ထောင်ကျပ်နှင့် ပေးဆောင်နေရတယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ PRF Page / Tiktok အကောင့် အတုတွေနဲ့ ကြားခံတဆင့် လိမ်လည်ကောက်ခံနေတာကြောင့် ထောက်ပို့တပ်သားများသို့ သတိပေးကြေညာ
ဒီဇင်ဘာ ၂၂
Radio NUG
လတ်တလောမှာ PRF ထောက်ပို့အတွက်ဆိုပြီး Page / Tiktok အကောင့် အတုတွေနဲ့ ကြားခံတဆင့် လိမ်လည်ကောက်ခံနေတာတွေ တွေ့နေရတာကြောင့် PRF မှာ တာဝန်ထမ်းဆောင်တဲ့အခါ PRF မှ ကြေညာထားတဲ့ တရားဝင် ထောက်ပို့တပ်သားစုဆောင်းရေးမှူး Fundraiser များ (သို့မဟုတ်) Blue Mark ပါတဲ့ PRF page / PRF Telegram များကနေပဲ ပါဝင်ထောက်ပို့ကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။
PRF ရဲ့ Official Social Media တွေနဲ့ Official Fundraisers များကလွဲပြီး တခြား နာမည်တူ Page /Channel/ account တွေကနေ ထောက်ပို့ငွေ ကောက်ခံနေတာမျိုး မရှိဘဲ PRF အမည်ခံ Page / အကောင့်တွေနဲ့ ကြားကနေတစ်ဆင့် ကောက်ခံနေတာမျိုးသည် စစ်ကောင်စီဘက်က ထောက်လှမ်းနေတဲ့လူတွေလည်း ဖြစ်နိုင်တာမို့ ရဲဘော်တို့ လုံခြုံရေးအတွက်လည်း သတိထားရမှာဖြစ်သလို ရဲဘော်တို့ရဲ့ ထောက်ပို့ငွေဟာလည်း အလကား သပ်သပ် ဆုံးရှုံးနိုင်စရာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ရရှိထားတဲ့ ထောက်ပို့တပ်သားကတ်တွေဟာ စစ်မှန်မှု ရှိ/ မရှိကို ကတ်မှာပါတဲ့ QR Code ကို Scan ဖတ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အသိမှတ်ပြုထုတ်ပေးထားတဲ့ ကတ်ဖြစ်ကြောင်း အချက်အလက်မှန်ကန်ကြောင်းကို စစ်ကြည့်နိုင်တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဂျပန်နိုင်ငံတွင် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်နေတဲ့ တရုတ်ကွန်မြူနစ်အစိုးရကို ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲနှင့် မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း အတည်ပြုပေးဖို့ ချီတက်ဆန္ဒပြပွဲ ပြုလုပ်
ဒီဇင်ဘာ ၂၂
Radio NUG
ဒီဇင်ဘာလ ၂၂ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လူစည်ကားရာနေရာလမ်းများတွင် မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်ကာ မြန်မာပြည်သူများ၏ ဆန္ဒသဘောထားနှင့် ဆန့်ကျင်၍ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံကူညီ ပံ့ပိုးပေးနေသော တရုတ်ကွန်မြူနစ်အစိုးရအား ကန့်ကွက်ဆန္ဒဖော်ထုတ်ပွဲကို လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
အဆိုပါ လမ်းလျှောက်ကန့်ကွက် ဆန္ဒထုတ်ဖော်ခြင်းကို ဂျပန်ရောက်မြန်မာနိုင်ငံသားများ၊ မြန်မာ့ဒီမိုကရေစီအရေး တက်ကြွသူများက ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ အာဏာရှင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတာကြောင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ ဖမ်းဝရမ်း အတည်ပြုပေးဖို့ ဂျပန်ရောက်မြန်မာတွေက နာဂိုယာမြို့ Yabacho ပန်းခြံကနေ စတင်ချီတက် ဆန္ဒပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
"အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမျိုးတုံးသတ်ဖြတ်မှု့နဲ့ ICC တရားရုံးက အမြန်ဆုံးအတည်ပြုပေးပို့ တောင်ဆိုခဲ့ကြတာဖြစ်ပါတယ်။ ဂျပန်နိုင်ငံ နာဂိုရာမြို့မှာရှိတဲ့ မီးရထားဘူတာနားက Yabacho ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်နိုင်အောင် ပြုလုပ်ခဲ့တာပါ။ ဖမ်းဝရမ်းထုတ်နိုင်ခဲ့ရင် နံပတ် ၁ အချက်အနေနဲ့ ၂၀၂၅မှာ သူတို့ကျင်းပချင်တဲ့ အတုအယောင်ရွေးကောက်ပွဲကို မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် အခြားနိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် အသိအမှတ်ပြုလို့မရ ဖြစ်သွားမယ်။ နောက်တစ်ချက်က တရုတ်က မင်းအောင်လှိုင်ကို ဆက်ဆံရေးတွေ လျော့ကျသွားမယ်။ မင်းအောင်လှိုင်က ရာဇဝတ်ကောင်ဖြစ်သွားတဲ့အတွက် နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံအတွင်း စစ်တပ် တပ်တွင်းမှာ ပြိုကွဲမှုတွေဖြစ်နိုင်တာမို့ အခုလိုပွဲကို စီစဉ်လုပ်ဆောင်ခဲ့တာပါ” လို့ ဆန္ဒပြပွဲမှာ ပါဝင်သူ အိုမိုတာမွန်ချီက ပြောပါတယ်။
ဂျပန်ရောက်မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကို တိုက်ထုတ်နေတဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူရှိနေတယ်ဆိုတာ ပြသတာလည်း ဖြစ်တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ AA ထုတ်ပြန်
ဒီဇင်ဘာ ၂၂
Radio NUG
ဒီဇင်ဘာ ၂၂ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို အာရက္ခတပ်တော် AA ထုတ်ပြန်ထားပါတယ်။
ရက္ခိုင်ပြည်၊ တောင်ကုတ်အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) တပ်မဌာနချုပ်၊ ခမရ ၅၄၄ ၊ ခမရ ၃၄၆ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို ဒီဇင်ဘာလ ၁၄ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်တွင် အာရက္ခတပ်တော်က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ပလက်ဝ၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲ၊ တောင်ကုတ်နှင့် မောင်တောတို့ကို AAမှ သိမ်းပိုက်ထားပြီးဖြစ်ပြီး ဂွမြို့သုံးပုံနှစ်ပုံခန့်ကိုလည်း သိမ်းပိုက်ရရှိထားပြီ ဖြစ်ပါတယ်။
========================
🚩🚩 ၂။ ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး စတင်ပြီဟု ကြေညာပြီးနောက် ကန်ပက်လက်မြို့ကို စစ်ကောင်စီနဲ့ ရဲများ စွန့်ခွာလို့ ကျည် တစ်ချက် မဖောက်ရဘဲ မြို့ကို ရရှိ
ဒီဇင်ဘာ ၂၂
Radio NUG
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့သိမ်း စစ်ဆင်ရေး စတင်ပြီဟု ကြေညာပြီးနောက် ကန်ပက်လက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်များမှ မြို့ကိုစွန့်ခွာကြလို့ ကန်ပက်လက်မြို့ကို ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF-Kanpetlet နဲ့ Kanpetlet Council က သတင်းထုတ်ပြန်ပါတယ်။
ကန်ပက်လက်မြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ရဲသားများကို ပြည်သူများက ညှိနှိုင်းနိုင်ခဲ့လို့ ဒီဇင်ဘာလ ၂၁ ရက် ည ၁၂ နာရီမှာ မြို့ကိုအကုန်လုံး စွန့်ခွာကြတယ်လို့ သိရပါတယ်။
ဒါ့ကြောင့် ကန်ပက်လက်မြို့ကို ပြည်သူများက ပြန်လည်ထိန်းချုပ်ပြီးတော့ ဒါဟာ ပြည်သူများ ပူးပေါင်းပါဝင်မှုရဲ့ အကျိုးဖြစ်ကြောင်း သက်သေထူခြင်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာပဲ ကန်လက်လက်မြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်စစ်ဆင်ရေးအဖြစ် စတင်တယ်လို့ CDF Kanpelet က အသိပေးခဲ့ပြီး သေနတ် တစ်ချက် မဖောက်ရဘဲ မြို့ကို ရရှိခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ ချင်းညီနောင် စစ်ဆင်ရေး Operation CB အဖြစ် မင်းတပ်မြို့သိမ်း တိုက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့
ဒီဇင်ဘာ ၂၁၊
Radio NUG
ချင်းညီနောင်နဲ့ မဟာမိတ် အင်အားစုများ ပူးပေါင်း ဖော်ဆောင်ခဲ့တဲ့ “ချင်းညီနောင်စစ်ဆင်ရေး (Operation CB)” အနေဖြင့် မင်းတပ်နဲ့ ဖလမ်းမြို့တို့ကို နိုဝင်ဘာလ ၉ ရက်နေ့မှာ မြို့သိမ်းတိုက်ပွဲ စတင်ဖော်ဆောင်ခဲ့ရာ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ မင်းတပ်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီလို့ CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။
မင်းတပ်မြို့က နောက်ဆုံး စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ အမှတ် (၂၇၄) ခြေလျင်တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက် နေ့မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ကာ တမြို့နယ်လုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီ ကင်းစင်တဲ့ မြို့နယ်တခု ဖြစ်လာပြီလို့ ဆိုပါတယ်။
ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ဖော်ဆောင်ခဲ့တဲ့ မင်းတပ်မြို့သိမ်း တိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ် တပ်များ ဖြစ်ကြတဲ့ Yaw Defense Force (YDF)၊ Yaw Army (YA) နဲ့ မုံရွာခရိုင် တပ်ရင်း (၃) တို့က ဟန်ချက်ညီ ဆင်နွှဲ ခဲ့ကြတာ ဖြစ်ပါတယ်။
မင်းတပ်မြို့သိမ်း တိုက်ပွဲမှာ အာရက္ခတပ်တော် (AA) က စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာ အကြံဉာဏ်များနှင့် လိုအပ်သောအကူအညီများကို ပံပိုးကူညီခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့ပြင် စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားတဲ့ နိုင်ငံရေး အကျဉ်းသား ၁၃ ဦးကိုလည်း အောင်မြင်စွာ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) မင်းတပ်မြို့သိမ်း တိုက်ပွဲအတွင်း အသက်ပေးသွားခဲ့တဲ့ အာဇာနည် သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်များနဲ့ အောင်ပွဲရတဲ့အထိ စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့ကြတဲ့ တပ်မှူး တပ်သားများရဲ့ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံလ တို့ကို လှိုက်လှဲစွာ လေးစား ဂုဏ်ပြုကြောင်းနဲ့ ချင်းညီနောင် အနေဖြင့် ချင်းပြည်နယ်က မြို့နယ်များမှာ ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ် စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ် တပ်များနဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန် ထားပါတယ်။
========================
🚩🚩 ၄။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးမှုများကို ထုတ်ပြန်
ဒီဇင်ဘာ ၂၁၊
Radio NUG
တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ BWM Mission 27 အတွင်း စစ်ကောင်စီ တပ်ဘက်က ထိခိုက်ပျက်စီး သေဆုံးမှုများကို Brave Warrior for Myanmar အဖွဲ့က ထုတ်ပြန် ထားပါတယ်။
ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် အစောပိုင်းမှာ BWM, MKCDF, ACPLF နဲ့ သံတောင်မြောက်ပိုင်းအဖွဲ့တို့ ပူးပေါင်းပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ခိုက်မှုအတွင်း တိုင်းစစ်ဌာနချုပ်၊ စစ်ဦးစီးဌာန စစ်ဆင်ရေး ရုံးခန်း မီးလောင်ပြီး အရာရှိ ၂ ဦး သေဆုံးခဲ့ကာ တပခ စခန်းရုံးကို ထိမှန်ခဲ့ပြီး အရာရှိ ၂ ဦးနဲ့ တခြားအဆင့် စစ်သား ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ထို့အပြင် အရာရှိငယ် နေအိမ် ၂ လုံး ပြိုကျပျက်စီးပြီး အရာရှိ လိုင်းခန်းမှာ နေထိုင်သူတချို့ ထိခိုက်သေဆုံးမှု ရှိခဲ့ ကာ အိမ်စီးကား ၂ စီးနဲ့ တပခ စစ်မှုထမ်းသုံး လန်းဂျန်းကားတစီး၊ ပေါင်း ကားသုံးစီး မီးလောင်ပျက်စီး ခဲ့တယ်လို့ ကနဦး သိရကြောင်း ဖော်ပြထားပါတယ်။
========================
🚩🚩 ၅။ မြိုင်မြို့နယ်၊ သရက်ကွ ပျူရွာကို အပြီးသတ် သိမ်းပိုက်ရရှိ
ဒီဇင်ဘာ ၂၁၊
Radio NUG
မြိုင်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ လက်ပါးစေ ပျူစောထီး ကင်းစင်ရေး အလိုငှာ သရက်ကွ ပျူရွာကို ဒီဇင်ဘာ ၂၁ ရက်နေ့မှာ အပြီးသတ် သိမ်းဆည်းရရှိခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၆ နာရီ အချိန်မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က စခန်းမကျစေဖို့ လေကြောင်းပစ်ကူ အကြိမ်ရေများစွာ ပေးခဲ့ပေမယ့် ဒီဇင်ဘာ ၂၁ ရက်မှာ အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း မြိုင်မြို့နယ်မှ စစ်ကူပို့ပေးခဲ့တဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းကိုလည်း ဒီဇင်ဘာ ၁၉ ရက်၊ မနက် ၇ နာရီခန့်မှာ တကြိမ်၊ နေ့လည် ၁၂ နာရီခန့်မှာ တကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ဗိုလ်တဦး အပါအဝင် ၁၄ ဦး သေဆုံးခဲ့ကာ ၃၀ ဦးခန့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ကာ မြိုင်မြို့နယ်ထဲသို့ ပြန်ဆုတ်ပြေးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဘက်မှလည်း ရဲဘော် ၂ ဦး ကျဆုံးခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
သရက်ကွပျူရွာသိမ်းတိုက်ပွဲကို မြိုင် ပကဖ ၊ ပေါက် ပကဖ ၊ (မြိုင်၊ ပေါက်၊ ကမ္မ ) ပကဖ တပ်ရင်း အမှတ် ( ၁၊ ၂ ) တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၂/၆/၇/၁၄/၁၅/၁၇) တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှု တပ်ရင်း ၊ ဝံပုလွေ ပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ ကိုအောင်ကြီး တပ်ဖွဲ့တို့က ကျရာတာဝန် အသီးသီး ပူးပေါင်းလုပ်ဆောင် ခဲ့ကြတာ ဖြစ်ပါတယ်။
========================
🚩🚩 ၆။ စစ်တပ် စရဖဗိုလ်မှူး အမျိုးမင်္ဂလာဆောင်တွင် ပစ်ခတ်ရှင်းလင်းခံရ
ဒီဇင်ဘာ ၂၂
Radio NUG
ဒီဇင်ဘာလ ၂၂ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းပေါ်ရှိ Apollo Hotel ရှေ့တွင် အကြမ်းဖက် စစ်တပ်၏ စရဖဗိုလ်မှူး ဇေယျာမင်းကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း Yangon Phoenixမှ သတင်းထုတ်ပြန်ပါတယ်။
ဗိုလ်မှူးဇေယျာမင်းသည် ၎င်း၏ အမျိုးဖြစ်သူ မင်္ဂလာဆောင်သို့ ညီမနှင့်အတူ ပွဲလာတက်ခြင်းဖြစ်ပြီး ပွဲပြီး၍ Hotel မှ ထွက်ခွာစဉ် အထက်ဗဟိုလမ်းပေါ်တွင် သေနတ်ဖြင့် ၄ ချက်ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။
စရဖဗိုလ်မှူးထံတွင် သေနတ်ကျည် ၃ ချက်ထိမှန်ပြီး ၎င်းညီမဖြစ်သူ၏ ခါးကို ၁ ချက် ရှပ်ထိ၍ မင်္ဂလာဒုံ စစ်တပ်အရိုးဆေးရုံသို့ ပို့ထားတယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်တိုက်ခိုက်မှုကို Yangon Phoenix နှင့် Together Urban Force မြို့ပြပြောက်ကျားတပ်ဖွဲ့တို့မှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၇။ ရွာငံ ပျူခေါင်းဆောင်ရဲ့ နေအိမ်အား ဝင်ရောက်စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မင်းပလောင် ကျေးရွာကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်
ဒီဇင်ဘာ ၂၁၊
Radio NUG
ရှမ်းပြည်နယ်၊ တောင်ပိုင်း ရွာငံမြို့နယ်၊ ရေလှကျေးရွာမှ ပျူစောထီးခေါင်းဆောင် ဌေးလွင်ရဲ့ အိမ်ကို ဝင်ရောက် စီးနင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ DSNDA က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး ဝင်ရောက်ချိန်မှာ ပျူခေါင်းဆောင် ဌေးလွင်ဟာ အိမ်မှာ ရှိမနေတာကြောင့် လွတ်မြောက်သွားခဲ့ပြီး ကာဘိုင်သေနတ် တလက်၊ ကျည်ဘောက်နဲ့ ကျည်များ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဌေးလွင်ဆိုသူဟာ ပြည်သူများကို သေနတ်နဲ့ ချိန်ပြီး ချိန်းခြောက်တာ၊ မကျေနပ်တဲ့သူကို လက်နက် အားကိုးဖြင့် ထိုးကြိတ်တာ အနိုင်ကျင့်တာ၊ သေနတ်ထောင် ဖောက်ပြီး ခြောက်လှန့်တာတွေ အမြဲ လုပ်လေ့ရှိပြီး စစ်ကောင်စီ စစ်ကြောင်းထိုးချိန်မှာလည်း အမြဲလိုက်ပါကာ ပြည်သူ့ အိမ်တွေကို မွှေနှောက် ပစ္စည်းခိုးယူတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ရှမ်းပြည်နယ် တောင်ပိုင်း၊ ရေလှကျေးရွာကနေ စစ်ကောင်စီ စစ်ကြောင်းဟာ မင်းပလောင် ကျေးရွာကို မဝင်ရောက်မှီ ဓနုပြည်နယ် အမျိုးသား ကာကွယ်ရေးတပ်တော် DSNNDA က ဖျက်အားပြင်း ပဒေသာမိုင်းများဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အင်အား ၁၁၀ ခန့်ရှိတဲ့ ၎င်း စစ်ကောင်စီ စစ်ကြောင်းဟာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပေမယ့် ဆက်လက်ထိုးဖောက် ဝင်ရောက်လာတာကြောင့် နှစ်ရက်တိတိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ ၃ ဦးခန့် ကျဆုံးခဲ့ပြီး ၅ ဦးခန့် ဒဏ်ရာရခဲ့ကာ မိမိတို့ဘက်မှ ယခုချိန်ထိ ထိခိုက် ကျဆုံးမှု မရှိဘဲ ဆက်လက် နေရာယူထားကာ စစ်ကောင်စီဘက်မှ ဆုတ်ခွာမှု မရှိသေးတဲ့အတွက် တိုက်ပွဲများ ထပ်မံဖြစ်ပွား နိုင်တယ်လို့ ဖော်ပြထားပါတယ်။
၎င်းစစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် ၁၀ နာရီခန့်မှ စတင်ပြီး ပြည်သူ နေအိမ် အလုံး ၁၇၀ ခန့်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။
နေအိမ်မီးရှို့ ဖျက်ဆီးခံခဲ့ရတဲ့ စစ်ဘေးရှောင် ပြည်သူများဟာ စားဝတ်နေရေးနဲ့ ကျန်းမာရေး အကြပ်အတည်းများ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။
========================
🚩🚩 ၈။ ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့က DNLA၏ တိုက်ခိုက်ရေး ဒရုန်းတပ်ခွဲအဖြစ် ပူးပေါင်း
ဒီဇင်ဘာ ၂၂
Radio NUG
ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) နှင့် ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့၏ တာဝန်ရှိသူများသည် စစ်အာဏာရှင်စနစ် ကျဆုံးရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေးအတွက် တနင်္သာရီတိုင်း၊ ဓဝယ်ခရိုင်အတွင်း၌ ဖက်ဒရယ် ဓူဝံကြယ်တပ်ဖွဲ့အား ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၏ စစ်ရေး၊ နိုင်ငံရေး ဦးဆောင်မှုအောက်တွင် တိုက်ခိုက်ရေး ဒရုန်းတပ်ခွဲ တခုအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
သို့ဖြစ်ပါသောကြောင့် စစ်အာဏာရှင်စနစ် အကုန်အစင်တိုက်ဖျက်ရေးနှင့် အမိမြေ လွတ်မြောက်ရေး တိုက်ပွဲတွင် ဖက်ဒရယ် ဓူဝံကြယ် ဒရုန်းတပ်ခွဲသည် ဓဝယ်လွတ်မြောက်ရေးတပ်တော်၏ တိုက်ခိုက်ရေး ဒရုန်းတပ်ခွဲအနေဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း ပြည်သူလူထုထံသို့ အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment