၂၀၂၅ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုခြင်းနှင့် ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာ
📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ
📌 ၃။ အမေရိကန်နိုင်ငံ Tulsa, Oklahoma ပြည်နယ်တွင် ရောက်ရှိနေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားလူထုများနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံမယ်
📌 ၄။ ပြည်သူ့ရေးရာကော်မတီနှင့် International IDEA တို့ပူးပေါင်း၍ ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာစာအုပ်များ စိုးမိုးဒေသများသို့ ဖြန့်ဝေခဲ့
📌 ၅။ ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကိုအတွက် ထိုင်းနိုင်ငံရှေ့နေများကောင်စီက အမှုလက်ခံ
📌 ၆။ ဒေါပုံမှာ စစ်မှုထမ်းစာရင်းကောက်တဲ့ ရာအိမ်မှူးအပါအဝင် ၃ ဦး ဓာတ်ဆီပက် မီးရှို့ခံရ
📌 ၇။ စစ်ဘေးရှောင်အိမ်ထောင်စု ၈၆စု ခန့်နေထိုင်သောပြည်သူ့မေတ္တာစစ်ဘေးရှောင်စခန်းသို့ အလှူရှင်များက လှူဒါန်းထားသော ငွေ ၇၀ သိန်းကျပ်အား ထောက်ပံ့ပေးအပ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မုံရွာ နမခ က ထွက်လာတဲ့ စစ်ကောင်စီ ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်
🚩 ၂။ ကျိန္တလီမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦး အပါအဝင် ၂ ဦးသေဆုံး
🚩 ၃။ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ဆောင်နဲ့ အဆောက်အဦး ၃ခု ပျက်စီး
🚩 ၄။ မုံရွာ၊ ချောင်းဦးနှင့် ဆားလင်းကြီးတို့တွင် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုတို့ကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးခန့် သေဆုံး
🚩 ၅။ ဒူးသထူ (သထုံ) ခရိုင်အတွင်း စစ်ကောင်စီက တရက်ထဲ သုံးကြိမ်တိုင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်
🚩 ၆။ စလင်းမြို့နယ် ပကဖ အထိုင်ရုံးနှင့် ခဲယမ်း ဂိုဒေါင်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရ
🚩 ၇။ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရက အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အား အသိအမှတ်မပြုခြင်းနှင့် ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာ
ဖေဖော်ဝါရီလ ၁၃ ရက်
Radio NUG
ဖေဖော်ဝါရီ ၁၃ရက် ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတော်အာဏာကို အတင်းအဓမ္မ လုယူသိမ်းပိုက်ပြီးနောက် ပြင်ဆင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်းသည့် ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း မဟုတ်သည့်အပြင် ပဲရစ်အခြေခံမူများနှင့် ကိုက်ညီခြင်းမရှိဘဲ စစ်အုပ်စု၏ အလိုဆန္ဒအတိုင်း ရပ်တည်ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြပါတယ်။
ထို့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသော ပြည်သူများဘက်ကို စိုးစဥ်းမျှရပ်တည်ထုတ်ဖော် ပြောကြားခြင်းမရှိဘဲ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်မှုများကို ရေငုံနှုတ်ဆိတ်နေခဲ့တယ်လို့ ဆိုပါတယ်။
သို့ဖြစ်ပါ၍ အကြမ်းဖက်စစ်အုပ်စု၏ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် အသိအမှတ်မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း ကြေညာပြီး နိုင်ငံတကာအစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း အသိအမှတ်ပြု လက်ခံခြင်း၊တွေ့ဆုံခြင်း၊ အစည်းအဝေးများသို့ ဖိတ်ကြားခြင်းများ မပြုလုပ်ရန် တိုက်တွန်းထားပါတယ်။
========================
📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်ကျင်းပ
ဖေဖော်ဝါရီ လ ၁၃ ရက်
Radio NUG
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၆/၂၀၂၅) ကို ဖေဖော်ဝါရီ ၁၃ရက်မှာ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ကာ တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဟိုကော်မတီအဖွဲ့ဝင်များမှ (၅/၂၀၂၅)တွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နေ့လယ် (၂:၀၀)နာရီအချိန်တွင်အောင်မြင်စွာ ရပ်နားခဲ့ပါတယ်။
========================
📌📌 ၃။ အမေရိကန်နိုင်ငံ Tulsa, Oklahoma ပြည်နယ်တွင် ရောက်ရှိနေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားလူထုများနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ တွေ့ဆုံမယ်
ဖေဖော်ဝါရီ၁၃ရက်
Radio NUG
မတ်လ ၈ရက်နေ့တွင် အမေရိကန်နိုင်ငံ Tulsa, Oklahoma ပြည်နယ်တွင် ရောက်ရှိနေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားလူထုများနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ အထူးတွေ့ဆုံမယ်လို့သိရပါတယ်။
အခမ်းအနားကို The Other Side ခန်းမမှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက် Tulsa, Oklahoma မြို့အပါအဝင် Oklahoma City နဲ့ Arkansas ပြည်နယ်မှာ ရောက်ရှိနေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားလူထုတစ်ရပ်လုံး အတူတကွ လာရောက်ပါဝင် တွေ့ဆုံကြဖို့ ဖိတ်ခေါ်ထားပါတယ်။
========================
📌📌 ၄။ ပြည်သူ့ရေးရာကော်မတီနှင့် International IDEA တို့ပူးပေါင်း၍ ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာစာအုပ်များ စိုးမိုးဒေသများသို့ ဖြန့်ဝေခဲ့
ဖေဖော်ဝါရီ၁၃ရက်
Radio NUG
ဖေဖော်ဝါရီ ၁၃ရက် သတင်းထုတ်ပြန်ချက်အရ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ပြည်သူ့ရေးရာကော်မတီသည် ပြည်သူ့ဝန်ထမ်းသူရဲကောင်း CDM များအတွက် အရေးပေါ် ကူညီထောက်ပံ့မှုများအပြင် ပြည်သူလူထုအတွက် ဖက်ဒရယ်ဆိုင်ရာ အသိအမြင်များ မြှင့်တင်နိုင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိရာ International IDEA ၏ ပံ့ပိုးမှုဖြင့် ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာစာအုပ် အစုံ (၁၀၀) အား အင်တာနက်ဖြတ်တောက်ခံရသည့် စိုးမိုးဒေသများသို့ ဖြန့်ဝေခဲ့တယ်လို့ သတင်းရရှိပါတယ်။
ပြည်သူ့ရေးရာကော်မတီသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်မှုလုပ်ငန်းစဥ်များတွင် ပြည်သူများအနေဖြင့် ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ တူညီသောဗဟုသုတနှင့် အသိအမြင်များ ရရှိစေရန် ရည်ရွယ်လျက် International IDEA က ထုတ်ဝေထားသည့် စာအုပ်များအနက် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများနှင့် အထူးကိုက်ညီအသုံးဝင်မည့် ဖက်ဒရယ်၊ အခွင့်အရေးနှင့် ဖွဲ့စည်းပုံဆိုင်ရာ စာအုပ်(၂၈)အုပ်အပါ အစုံ (၁၀၀) အား ရွေးချယ်၍ ပုံနှိပ်ဖြန့်ဝေခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတွင် အင်တာနက်ဖြတ်တောက်ခံရပြီး နယ်မြေစိုးမိုးမှုအများဆုံးရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များဖြစ်သော ကချင်ပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ သက်ဆိုင်ရာမြို့နယ်များရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ၊ မြေပြင်ဖက်ဒရယ်ကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စစ်ဘေးရှောင်စခန်းများမှ ပြည်သူများ၊ CDM အဖွဲ့များ၊ နယ်စပ်ဒေသရှိ Safe House များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တက္ကသိုလ်ကောင်စီဆရာများ သမဂ္ဂနှင့် အခြားမြေပြင်အစုအဖွဲ့များသို့ ကဏ္ဍစုံ ဖြန့်ဝေနိုင်ခဲ့ပါတယ်။
========================
📌📌 ၅။ ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကိုအတွက် ထိုင်းနိုင်ငံရှေ့နေများကောင်စီက အမှုလက်ခံ
ဖေဖော်ဝါရီ ၁၃
Radio NUG
ထိုင်းစစ်တပ်၏ ရိုက်နှက်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကိုအတွက် တရားမျှတမှုရရှိရန် Fortify Rights က တင်သွင်းသည့် အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ (Lawyers Council of Thailand) က လက်ခံလိုက်ကြောင်း Fortify Rights မှ သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံရှေ့နေ့များကောင်စီ၏ ဥက္ကဋ္ဌက “အရပ်ဘက် သို့မဟုတ် ရာဇ၀တ်မှုဖြင့် ဖြစ်စေ အရေးယူရန်” တွန်းအားပေးမည်ဟု ပြောဆိုကြောင်း သိရပါတယ်။
"လုပ်ငန်းစဥ်က ဘယ်လောက်ကြာမြင့်မယ်ဆိုတာကို ကျွန်တော်တို့ မသိနိုင်ပေမယ့် ကျွန်တော်တို့ မျှော်လင့်တာကတော့ ရှေ့နေများကောင်စီက သူတို့ရဲ့ကိုယ်ပိုင် စုံစမ်းစစ်ဆေးမှုတွေကို အမြန်ဆုံးဆောင်ရွက်ပြီး အထူးစုံစမ်းစစ်ဆေးရေးဌာနကိုလည်း ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် ပိုပြီးလျင်မြန်စွာ တိုက်တွန်းနိုင်ဖို့ပါပဲ။ ထိုင်းနိုင်ငံမှာ အောင်ကိုကို အသတ်ခံရတာ ရက်ပေါင်း ၄၀၀ နီးပါးရှိနေပါပြီ။ ဒီကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုမှာ တာဝန်ရှိတဲ့ စစ်သားတွေကို အာဏာပိုင်တွေက မြန်မြန်ဆန်ဆန် အရေးယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”ဟု Fortify Rights ၏ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောကြားထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၁ နာရီခန့်အချိန် ထိုင်းနိုင်ငံ၊ မဲဆောက် (Mae Sot) ခရိုင်၊ တာ့ခ် (Tak) ပြည်နယ်၊ ရိုင် ၇၀ ဝန်းကျင် သစ်သားတံတားငယ်တစ်ခုအနီးတွင် ထိုင်းစစ်သား လေးဦးက မြန်မာနိုင်ငံသား ကိုအောင်ကိုကိုကို ဖမ်းဆီးခဲ့ပြီးနောက် ထိုင်းစစ်သားသုံးဦးက "ကိုအောင်ကိုကို"ကို သစ်သားတုတ်ရှည်ဖြင့် ပြင်းထန်စွာ ရိုက်နှက်သတ်ဖြတ်ခဲ့ကြောင်း၊ သေဆုံးသူ၏ ခန္ဓာကိုယ်တွင် ပြင်းထန်သော ပွန်းပဲ့ဒဏ်ရာများ ရရှိကာ သွေးထွက်သံယိုဖြစ်နေပြီး နဖူး၊ ပါးရိုးတစ်ဝိုက်နှင့် နှာခေါင်းတို့တွင် ညိုမဲဒဏ်ရာများ ရှိနေကြောင်း၊ ၎င်း၏ နောက်ကျောတစ်ခုလုံးနီးပါး ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့်အပြင် ၎င်း၏ ညာဘက် တံတောင်ဆစ်တွင် တစ်လက်မခန့် နက်ရှိုင်းသော ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံသား ကိုအောင်ကိုကို သည် ငှက်ဖျား ရောဂါ အခံကြောင့် မြန်မာနိုင်ငံ မြ၀တီဖက်တွင် ဆေးခန်းသွားပြပြီး မဲဆောက်သို့ ပြန်လာချိန်တွင် စစ်ဆေးရေးဂိတ်မှ ထိုင်းစစ်သားများက ခေါ်ယူထိန်းသိမ်းပြီး ရိုက်နှက် စစ်ဆေးရာမှ လက်လွန် သေဆုံးသွားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်က သတ်ဖြတ်လိုက်သော မြန်မာနိုင်ငံသား အောင်ကိုကိုသည် ထိုင်းနိုင်ငံတွင် နေထိုင်ခဲ့ပြီး ထိုင်းအာဏာပိုင်များက စီစဉ်လေ့ကျင့်သင်ကြား ပေးထားသည့် ရပ်ရွာလူထုအခြေပြု လုံခြုံရေးတပ်ဖွဲ့ ချော်ရော်ဘော် (Chor Ror Bor) ၏ စေတနာ လုပ်သားဟောင်း တစ်ဦး ဖြစ်ကြောင်း၊ ထိုင်းစစ်သားများက အောင်ကိုကိုအနေဖြင့် ထိုင်းများသာ ဝတ်ဆင်လေ့ရှိသော ချော်ရော်ဘော် (Chor Ror Bor) အပေါ်ထပ်အင်္ကျီ ဝတ်ထားသောကြောင့် အစပိုင်းတွင် ဖမ်းဆီး ထိန်းသိမ်းစစ်ဆေးမေးမြန်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
========================
📌📌 ၆။ ဒေါပုံမှာ စစ်မှုထမ်းစာရင်းကောက်တဲ့ ရာအိမ်မှူးအပါအဝင် ၃ ဦး ဓာတ်ဆီပက် မီးရှို့ခံရ
ဖေဖော်ဝါရီ ၁၃
Radio NUG
ဖေဖော်ဝါရီလ ၁၂ရက်နေ့က ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်၊ ဓမ္မရိပ်သာလမ်းသွယ်ထဲမှာ စစ်မှုထမ်းအသက်နဲ့ အကျုံးဝင်သူစာရင်းကောက်ခံခဲ့တဲ့ ရာအိမ်မှူးအပါအဝင် ၃ ဦးကို စာရင်းပေးသူ အမျိုးသားက ဓာတ်ဆီနဲ့ပက်ပြီး မီးရှို့ခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။
မီးလောင်တဲ့ ရာအိမ်မှူးအဖွဲ့ကတော့ ရပ်ကွက်တွင်းနေထိုင်သူတွေက မီးငြှိမ်းပေးတာကြောင့် ဒဏ်ရာသာရရှိပြီး အသက်မသေဆုံးခဲ့ဘူးလို့ သိရပါတယ်။
" သန်းခေါင်စာရင်းထဲကအတိုင်း အိမ်မှာ နေလား ဘာညာ ကောက်တာလို့ပြောတယ်။ အဲဒါကို ဓာတ်ဆီနဲ့ ရှေ့ရောနောက်ရော ပက်ပြီး မီးရှို့သွားတာ။ အစက ရေနဲ့ ပက်တယ်ထင်တာတဲ့ မီးရှို့မှ နောက်မှ ဓာတ်ဆီနဲ့ ပက်တာမှန်း သိတာ။ မီးလောင်တာမှာ ဆယ်အိမ်မှူးရဲ့ ဇနီးက တခြမ်းလုံးလောင်တယ်။" လို့ ဒေါပုံမြို့နယ်က လူမှုကူညီရေးအဖွဲ့ဝင်တစ်ယောက်က ပြောဆိုထားပါတယ်။
ဓာတ်ဆီနဲ့လောင်းပြီး မီးရှို့ခံရသူတွေကတော့ ကြည်စုရပ်ကွက်က ရာအိမ်မှူး၊ ဆယ်အိမ်မှူးရဲ့ မိန်းမနဲ့ စာရေးမတို့ဖြစ်ပြီး ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးရဲ့ ဇနီးမှာ တစ်ကိုယ်လုံးမီးလောင်ပြီး ဒဏ်ရာများတယ်လို့ သိရပါတယ်။
မီးလောင်ဒဏ်ရာရခဲ့တဲ့ ၃ ဦးစလုံးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီး ဖေဖော်ဝါရီ ၁၃ ရက်အထိ ပြင်ပအရေးပေါ်ကြပ်မတ်ကုသဆောင်(ICU) မှာ ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
မီးရှို့ခဲ့သူ အမျိုးသားကတော့ ဓာတ်ဆီနဲ့လောင်းကာ မီးရှို့ပြီးကတည်းက ထွက်ပြေးသွားတယ်လို့ သိရပါတယ်။
========================
📌📌 ၇။ စစ်ဘေးရှောင်အိမ်ထောင်စု ၈၆စု ခန့်နေထိုင်သောပြည်သူ့မေတ္တာစစ်ဘေးရှောင်စခန်းသို့ အလှူရှင်များက လှူဒါန်းထားသော ငွေ ၇၀ သိန်းကျပ်အား ထောက်ပံ့ပေးအပ်
ဖေဖော်ဝါရီ ၁၃
Radio NUG
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် လူစာနာတာဝန်ခံ၊ တရားရေးအဖွဲ့တို့သည် ယင်းမာပင်ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေမှူး၊ လူစာနာတာဝန်ခံ၊ ဆည်မြောင်းတာဝန်ခံတို့နှင့်အတူ စစ်ဘေးရှောင်အိမ်ထောင်စု ၈၆စု ခန့်နေထိုင်သော ပြည်သူ့မေတ္တာစစ်ဘေးရှောင်စခန်းသို့ သွားရောက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူများအား အားပေးစကားများ၊ စစ်ရေးနိုင်ငံရေး အခြေအနေများ ပြောကြားခဲ့ကြပြီး အလှူရှင်များက လှူဒါန်းထားသော ငွေ ၇၀ သိန်းကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုလဲမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်ပြည်သူများနှင့် အပြန်အလှန်ဆွေးနွေကြရာ စစ်ရှောင်စခန်းမှ ကလေးငယ်များ အရေပြားယားသည့် ရောဂါအတွက် ဆေးဝါးလိုအပ်သည့်အကြောင်း၊ စစ်ရှောင်စိုက်ခင်းအသုံးပြုရန် ရေစုပ်စက်တို့ အရေးပေါ်လိုအပ်ကြောင်း သိရပါတယ်။
စစ်ရှောင်စခန်းအတွက် တစ်လလျှင် ဆန် တင်း ၁၁၀ တင်းခန့်နှင့် ဆီ ၁၀၀ ပိဿာခန့်တို့ ကုန်ကျသည့်အတွက် ရိက္ခာပြက်လက်သွားမှာလည်း အလွန်စိုးရိမ်ပူပန်နေကြတယ်လို့ ဖော်ပြထားပါတယ်။
ယခုလိုလှူဒါန်းပေးကြပါသော အလှူရှင်များကိုလည်း များစွာကျေးဇူးတင်ရှိသလို ဆက်လက်ပြီး ကူညီပံ့ပိုးပေးကြပါရန်လည်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ လေးစားစွာ မေတ္တာရပ်ခံထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မုံရွာ နမခ က ထွက်လာတဲ့ စစ်ကောင်စီ ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်
ဖေဖော်ဝါရီ ၁၃၊
Radio NUG
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ကောင်စီ ဖောကား ၄ စီးထဲက နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area71 PDF Monywa အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီခန့်မှာ မုံရွာ နမခ ကနေ တောပု ပျူရွာကို အင်အားဖြည့်တင်းဖို့ ဖောကား ၄ စီး ထွက်လာကြောင်း သတင်းရတာကြောင့် အသင့်စောင့်ကြိုပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ကင်းပုန်းတွေ အထပ်ထပ်ကြားမှ ဖောက်ခွဲရေး ရဲဘော်များဟာ မိုင်းပွိုင့်များ ရှိရာကို ခက်ခက်ခဲခဲ သွားရောက်ခဲ့ပြီး ၁၁ နာရီခန့်မှာ မိုင်းကွင်းထဲ ရောက်လာတဲ့ စစ်ကောင်စီရဲ့ ဖောကား နှစ်စီးကို ပြင်းအားမြင့် ၄ လုံးတွဲ မိုင်းဖြင့် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကားနှစ်စီးနှင့်အတူ လမ်းပိုင်းလုံခြုံရေး ကင်းပုန်း ယူထားတဲ့ တောပုပျူများနဲ့ စစ်ကောင်စီ တပ်သားများ မိုင်းထိမှန်ခဲ့ကာ ငြီးညူ ဆဲဆိုသံများကို ကြားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပကဖ ဖောက်ခွဲရေး အဖွဲ့နဲ့ Area 71 PDF Monywa အဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပြီး စစ်ကောင်စီ တပ်နဲ့ ပျူစောထီးများ ထိခိုက်သေဆုံးမှု စာရင်းကို ဆက်လက်စုံစမ်းဆဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ကျိန္တလီမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး တစ်ဦး အပါအဝင် ၂ ဦးသေဆုံး
ဖေဖော်ဝါရီ ၁၃၊
Radio NUG
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ကို စစ်ကောင်စီက ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာနက ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက် ၁၁ နာရီ ၄၅ မိနစ်မှာ ကျိန္တလီမြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးသုံးလုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
၎င်းဗုံးသီးဟာ အမှတ် (၁) သဖန်းကွင်း ရပ်ကွက်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ အမေဖြစ်သူ အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အသက် (၆၃, ၃၇, ၃၅) နှစ်အရွယ် အမျိုးသား ၃ ဦးနဲ့ ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ကျိန္တလီမြို့၊ အမှတ် (၂) ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး ထိိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
========================
🚩🚩 ၃။ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ဆောင်နဲ့ အဆောက်အဦး ၃ခု ပျက်စီး
ဖေဖော်ဝါရီ ၁၃
Radio NUG
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၂ နာရီ ၃၀ မိနစ် နှင့် ၃ နာရီကြားတွင် ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ရာ စာသင်ဆောင်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့ကြောင်း 𝐤𝐚𝐦𝐋𝐚𝐚𝐭-𝐊𝐚𝐲𝐚𝐡 𝐈𝐃𝐏𝐬 𝐀𝐬𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 𝐍𝐞𝐭𝐰𝐨𝐫𝐤မှ သတင်းဖော်ပြထားပါတယ်။
လေယာဉ်နဲ့ ၃ကြိမ် လာရောက်ကြဲချခဲ့ပြီး စာသင်ဆောင် ၁ ဆောင်နဲ့ အဆောက်အဦး ၄ လုံး ပျက်စီးခဲ့ကာ ပြည်သူတွေ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
========================
🚩🚩 ၄။ မုံရွာ၊ ချောင်းဦးနှင့် ဆားလင်းကြီးတို့တွင် စစ်တပ် လေယာဉ်ဖြင့် ဗုံးကျဲမှု၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှု၊ စက်တပ်လေထီးများဖြင့် တိုက်ခိုက်မှုတို့ကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၁၆ ဦးခန့် သေဆုံး
ဖေဖော်ဝါရီ ၁၃
Radio NUG
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညပိုင်းမှစတင်၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မုံရွာမြို့နယ် တောင်ခြမ်းနှင့် ချောင်းဦးမြို့နယ် အနောက်ခြမ်းနေရာများကို စစ်တပ်က Y12 လေယာဉ်ဖြင့် ၉ ကြိမ် ဗုံး အလုံး ၃၀ ကျဲချတိုက်ခိုက်ခဲ့ကြောင်း Sagaing Scout Network မှ သိရပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းတွင်လည်း မုံရွာမြို့နယ် တောင်ခြမ်းနှင့် ဆားလင်းကြီး မြို့နယ်အတွင်းရှိ နေရာများကို Y-12 လေယာဉ်ဖြင့် ဗုံး ၉ ကြိမ်၊ စုစုပေါင်း ဗုံးသီး ၄၈ လုံး ကျဲချတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
ညောင်ဖြူပင်ရွာမှ ၃ ဦး၊ သစ်စိမ့်ရွာမှ ၅ ဦး၊ ဘုဘရွာမှ ၂ ဦး ၊ ကုလားကြီးစစ်ရှောင်စခန်းမှ ၃ ဦး၊ ကိုးရှင်းကျွန်းရွာမှ ကလေးငယ် ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၁၅ဦးခန့် ရှိတယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် လူအများ အိပ်စက်အနားယူချိန် ညပိုင်းနှင့် နံနက်အစောပိုင်းအချိန်တို့ကို တမင်ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ကာ ပြည်သူလူထုနေထိုင်ရာ နေအိမ်များ၊ စစ်ရှောင်စခန်းများကို လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကာ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းတိုင်းပြည်သူ့အကျိုးပြုကင်းထောက်ကွန်ယက် - SSN က ထုတ်ပြန်ထားပါတယ်။
အလားတူ ဖေဖော်ဝါရီလ ၁၃ရက်နေ့ မွန်းလွဲပိုင်း မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ ညောင်ဖြူပင်နှင့် ညောင်ပင်သာ ကျေးရွာတို့ကို စစ်တပ်က စက်တပ်လေထီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ရာ ကလေး ၁ ဦးနှင့် လူကြီး ၁ ဦး သေဆုံးကြောင်း ချောင်းဦးဆရာတော်က မိန့်ကြားထားပါတယ်။
========================
🚩🚩 ၅။ ဒူးသထူ (သထုံ) ခရိုင်အတွင်း စစ်ကောင်စီက တရက်ထဲ သုံးကြိမ်တိုင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်
ဖေဖော်ဝါရီ ၁၃၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဒူးသထူ ခရိုင်မှာ တစ်ရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒူးသထူ (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်း ချောင်းဖျား ကျေးရွာထဲကို ညနေ ၃ နာရီ ၄၃ မိနစ်နဲ့ ၄၈ မိနစ်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ခရစ်ယာန်ဘုရားကျောင်း ၁ လုံးနဲ့ ပြည်သူ့နေအိမ် ၁၇ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် မွန်းလွဲ ပိုင်းမှာလည်း ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ကျေးရွာ စာသင်ကျောင်းကို တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
အလားတူ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ အနီးမှာလည်း တော်လှန်ရေး အဖွဲ့တွေ အစည်းအဝေး လုပ်နေချိန် မနက် ၁၀ နာရီ ၄ မိနစ်ခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံး ၂ လုံး ကြဲချခဲ့ပြီး စက်လက်တွေနဲ့ ပစ်ခတ်သွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း PDF အဖွဲ့ဝင် ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့တာတွေလည်း ရှိတယ်လို့ မြေပြင် သတင်းရင်းမြစ်တွေဆီက ကြားသိရပြီး သက်ဆိုင်ရာ တပ်ဖွဲ့တွေဘက်ကတော့ တရားဝင် ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
========================
🚩🚩 ၆။ စလင်းမြို့နယ် ပကဖ အထိုင်ရုံးနှင့် ခဲယမ်း ဂိုဒေါင်ကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် PDF ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၃
Radio NUG
ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စလင်းမြို့နယ်အတွင်းရှိ စလင်း ပကဖ အနောက်အထိုင်ရုံးနှင့် ခဲယမ်း ဂိုဒေါင်ကို အကြမ်းဖက် စစ်တပ်က ပေါင် ၂၅၀ ဗုံး ၂ လုံး လေကြောင်းဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ပကဖ စလင်း မှ သတင်းထုတ်ပြန်ထားပါတယ်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ပကဖ အထိုင်ရုံးအတွင်းရှိ ရုံးသုံးပစ္စည်း ကိရိယာများ၊ စုဆောင်း ရိက္ခာများနှင့်ခဲယမ်းများ ပျက်စီးခဲ့ပြီး ကာလ တန်ဖိုး ငွေကျပ် သိန်း ၅၀၀ ကျော် ဆုံးရှုံးခဲ့သည့်အပြင် ရုံးပိုင်းဆိုင်ရာ ရဲဘော် ၁ ဦးလည်း ထိခိုက်ဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း သိရပါတယ်။
========================
🚩🚩 ၇။ ပဲခူးခရိုင် အမှတ် (၂) တပ်ရင်း စိုးမိုးနယ်မြေအတွင်း ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပခဲ့
ဖေဖော်ဝါရီ ၁၃၊
Radio NUG
ပဲခူးခရိုင်၊ အမှတ် (၂) တပ်ရင်း၊ P2-3702 စိုးမိုးနယ်မြေ အတွင်းမှာ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၁၀ ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ကိုယ်ကျိုးမဖက်ဘဲ အနစ်နာခံ စွန့်လွှတ်ပြီး တိုင်းပြည် အကျိုးကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦးကို လူငယ်လူရွယ်များ လေးစားအတုယူ နိုင်ကြစေဖို့ ရည်ရွယ်ပြီး ဒီနေ့ ကျရောက်တဲ့ နှစ် ၁၁၀ ပြည့် ဗိုလ်ချုပ်မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ အခမ်းအနားအတွင် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ သီချင်းဆို ပြိုင်ပွဲနဲ့ အားကစားပြိုင်ပွဲတို့ကို ပြုလုပ်ကျင်းပခဲ့ပြီး တော်လှန်ရေး ရဲဘော်များက တော်လှန်ရေး သိချင်းများဖြင့် သီဆိုဖျော်ဖြေ ခဲ့ကြပါတယ်။
ထို့အပြင် ပြိုင်ပွဲဝင် လူငယ်များနဲ့ အခမ်းအနား တက်ရောက်လာတဲ့ ဧည့်သည်များကို နံနက် အဆာပြေ ပဲပြုတ်နဲ့ နံပြားများကို လည်းကောင်း၊ နေ့လည်စာ ဒန်ပေါက် ထမင်းများနဲ့ လည်းကောင်း ကျွေးမွေးခဲ့ကြပြီး အခမ်းအနား ကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment