၂၀၂၅ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်အား လေကြောင်းမှ တိုက်ခိုက်မှု NUG ပညာရေးဝန်ကြီးဌာနမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
📌 ၂။ "Hope & Resilience" Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်
📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူတောင်းဆိုစာကို ယူကေရှိ မြန်မာသံရုံး လက်မခံ
📌 ၄။ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းသည့် ၄နှစ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင် ၄၅၅ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရပြီး ၂၅၀၀ ကျော်ကို ဖမ်းဆီးထား
📌 ၅။ ပိုင်ဖြိုးသု "အကယ်ဒမီရုပ်" ကမ်ပိန်း ပြုလုပ်
📌 ၆။ ရန်ကုန်၊ ဘုတလင်၊ ဖားကန့်၊ ဘုရားသုံးဆူ၊ တမူးမြို့တို့တွင် နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် လူထုလှုပ်ရှားမှုများ ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ကောဘရာ စစ်ကြောင်းမှု ဗိုလ်မှူး စောဒါဘော ကို KNLA ဗဟိုမှ သူရ ဘွဲ့တံဆိပ် ချီးမြှင့်
🚩 ၂။ မြိုင် ကပစ (စက်မှု ၂) ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
🚩 ၃။ မဲပလီ ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်ရရှိ
🚩 ၄။ တလုပ်မြို့ဟောင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ချီ သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့
🚩 ၅။ မြိုင်မြို့နယ်မှာ တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူများရဲ့ နွား၊ ဆိတ်၊ ဆိုင်ကယ်နဲ့ ဆန် များကို ခိုးယူပြီး ပစ္စည်းများကို ဖျက်ဆီးသွား
🚩 ၆။ ပေါက်မြို့နယ် သရက္ကန်ရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်
🚩 ၇။ တန့်ဆည်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးဝါးရောင်းချသော တရားခံ(၂)ဦးအား ဖမ်ဆီးရမိ
🚩 ၈။ ဇန်နဝါရီလအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သားနှင့် ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်အား လေကြောင်းမှ တိုက်ခိုက်မှု NUG ပညာရေးဝန်ကြီးဌာနမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ
ဖေဖော်ဝါရီ ၁
Radio NUG
(၃၀.၁.၂၀၂၅) ရက်နေ့ သန်းခေါင်ယံ ၀၀း၅၃ အချိန်ခန့်နှင့် ညနေ ၅း၃၀ အချိန်ခန့်တွင် အကြမ်းဖက် စစ်အုပ်စုသည် မကွေးတိုင်းဒေသရှိ အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ်အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် (၈) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ယောဒေသခံ ကျောင်းသူ မမေမြတ်နိုးပွင့် အသက် (၂၀)နှစ်၊ မြန်မာစာ ပထမနှစ်ကျောင်းသူ ကျဆုံးခဲ့ပြီး CDM ပါမောက္ခ (၁) ဦး၊ အပြစ်မဲ့ကျောင်းသား/သူ (၂) ဦး နှင့် အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် အောင်ဆန်းဘာသာရပ်စုံတက္ကသိုလ် ယာယီအဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
ကျဆုံးခဲ့သော ကျောင်းသူနှင့် ထိခိုက်ဒဏ်ရာရခဲ့သော ဆရာ/မ၊ ကျောင်းသား/သူ၊ အရပ်သားပြည်သူများအတွက် မိသားစုနှင့် ထပ်တူ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ယခုကဲ့သို့ စာသင်ကြားသင်ယူနေကြသော အပြစ်မဲ့ ပြည်သူများအပေါ် ဗုံးကြဲတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကျူးလွန်သည့် အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။
ဤကဲ့သို့ အကြမ်းဖက်စစ်အုပ်စုက ကျောင်းများနှင့် လူနေအိမ်များကို အဓိကပစ်မှတ်ထားကာ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်းကဲ့သို့သော နိုင်ငံတကာလူသားချင်း စာနာမှုဥပဒေများ (International Humanitarian Law)၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများ (International Human Rights Law) ကို ချိုးဖောက်ရာကျသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားဖြစ်ထားသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။
ယခုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သော အေးချမ်းစွာပညာသင်ယူရန်ရောက်လာကြသည့် အပြစ်မဲ့ ကျောင်းသားများနှင့် အရပ်သားပြည်သူများအား ရည်ရွယ်ချက်ရှိရှိ ဦးတည်ဗုံးကြဲတိုက်ခိုက်ခြင်း၊ အစုလိုက်အပြုံလိုက် သေစေခြင်း၊ ဒဏ်ရာရစေခြင်းနှင့် အများပြည်သူပိုင် အဆောက်အဦးများဖြစ်သည့် စာသင်ကျောင်းများအပေါ် ဗုံးကြဲ တိုက်ခိုက်ခြင်းကို အသေးစိတ်မှတ်တမ်းတင်လျက်ရှိပြီး မတရားခံရသည့် ကျောင်းသား/သူများ၊ ဆရာများနှင့် ပြည်သူများအတွက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ပြန်လည်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကာ တရားမျှတပြီး ငြိမ်းချမ်းသော အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံးရရှိအောင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့်အတူ တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၂။ "Hope & Resilience" Photo Exhibition ဒုဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်
ဖေဖော်ဝါရီ ၁
Radio NUG
နွေဦးတော်လှန်ရေး လေးနှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် "Hope & Resilience" လေးနှစ်တာကာလ မြန်မာ့ဒီမိုကရေစီခရီးလမ်း မှတ်တမ်းဓါတ်ပုံပြပွဲကို ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့၊ Mulgrave community center ၌ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ဓါတ်ပုံပြပွဲ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးခွန်းဗဟန်းထန်က တက်ရောက်အမှာစကားပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထိုပွဲတွင် တော်လှန်ဓါတ်ပုံပညာရှင် နှစ်ဦးဖြစ်သည့် Ta Mwe နဲ့ Min Htet San တို့၏ နွေဦးတော်လှန်ရေး ဖြစ်ရပ်မှန်များကို ရိုက်ကူးထားပြသထားသည့် ဓါတ်ပုံလက်ရာများကို ပြသထားပြီး Spring Project Melbourne မှ စီစဥ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ သားဖြစ်သူတောင်းဆိုစာကို ယူကေရှိ မြန်မာသံရုံး လက်မခံ
ဖေဖော်ဝါရီ ၁
Radio NUG
စစ်တပ်က အာဏာသိမ်းပြီး မတရားဖမ်းဆီးခံရထားရတဲ့ အမေ့ကို လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ထံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက စာရေးသားတောင်းဆိုချက်ကို ယူကေရှိ မြန်မာသံရုံးသို့ သွားရောက်ပေးပို့ခဲ့တယ်လို့ ကိုထိန်လင်းမှ လူမှုကွန်ယက်စာမျက်နှာမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဖော်ပြထားပါတယ်။
''ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ။ ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို သွားရောက်ပြီး မေမေနဲ့ တွေ့ခွင့်ပေးဖို့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ ရေးသားထားတဲ့စာ သွားရောက်ပေးအပ်ခဲ့တယ်' 'လို့ ကိုထိန်လင်းက ဆိုပါတယ်။
ကိုထိန်လင်း၏ ပေးစာထဲတွင် "ကျွန်တော်၏ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို ချုပ်နှောင်ထားပြီး သူလိုအပ်သည့် ထိရောက်သော ကျန်းမာရေး ဆေးကုသမှုများ မပေးသည်မှာ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် လေးနှစ်တိတိပြည့်ခဲ့ပြီဖြစ်သည်။ အပြည်ပြည်ဆိုင်ရာကြက်ခြေနီအသင်းနှင့် တွေ့ဆုံကူညီခွင့်ကို မပေးသလို မိသားစုဝင်များနှင့်လည်း ဆက်သွယ်ခွင့် မရပါ။ ဤလုပ်ရပ်သည် ၂၀၂၀ နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် မြန်မာပြည်သူများ ရွေးချယ်တင်မြောက်ထားသော ရွေးကောက်ပွဲရလဒ်ကို လေးစားမှုမရှိခြင်း ဖြစ်ပြီး၊ ကျွန်တော့်မိခင်၏ နိုင်ငံသားတစ်ယောက်အပြင် လူသားတစ်ယောက်အနေနှင့် ရထိုက်သော အခွင့်အရေးများကိုလည်း ငြင်းပယ်ခဲ့ခြင်းပင် ဖြစ်ပါသည်။ ကျွန်တော်သည် နိုင်ငံရေးသမားတစ်ယောက် မဟုတ်ပါ။ အသက် ၈၀ ပြည့်တော့မည့် မိခင်၏ ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်သော သားတစ်ယောက်အနေဖြင့်သာ ယခုဤစာကို ရေးသား ပေးပို့ရခြင်းဖြစ်ပါသည်။ မြန်မာပြည်သူပြည်သားများနှင့် တစ်ကမ္ဘာလုံးမှာရှိသည့် လူအများရဲ့ ဆန္ဒနဲ့ထပ်တူ ကျွန်တော်၏မိခင်ကို အချုပ်အနှောင်မှ လွှတ်ပေးဖို့အတွက် တောင်းဆိုအပ်ပါသည်။ ကျွန်တော် နေထိုင်ရာ အင်္ဂလန်မှ မြန်မာပြည်သို့ လာရောက်ပြီး ကျွန်တော်၏ မိခင်နှင့် ကိုယ်တိုင် တွေ့ဆုံခွင့်ပေးရန်ကိုလည်း တောင်းဆိုလိုက်ပါသည်။" ဟု ရေးသားထားပါတယ်။
ကိုထိန်လင်းက လူခေါ်ခေါင်းလောင်းကို အကြိမ်ကြိမ်နှိပ်ခဲ့ပေမယ့် တံခါးမဖွင့်ပေးခဲ့ဘဲ စာကို လက်မခံခဲ့တဲ့အတွက် စာကို သံရုံးထဲကို ထည့်ပေးခဲ့ပြီး စာကို မြန်မာသံရုံးရှေ့မှာ ဖတ်ပြခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းသည့် ၄နှစ်အတွင်း NLD လွှတ်တော်ကိုယ်စားလှယ်နှင့် ပါတီဝင် ၄၅၅ဦး၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရပြီး ၂၅၀၀ ကျော်ကို ဖမ်းဆီးထား
ဖေဖော်ဝါရီ ၁
Radio NUG
အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် (၁၉၉) ဦး နှင့် ပါတီဝင် (၂၅၆) ဦး၊ စုစုပေါင်း အဖွဲ့ချုပ်အဖွဲ့ဝင် (၄၅၅) ဦး တို့၏ ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းယူခံရပြီး နစ်နာဆုံးရှုံးမှုပေါင်း (၅၇၀) ခု ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံး (ရန်ကုန်)ကို ၃ ကြိမ်၊ တိုင်းနှင့်ပြည်နယ်ရုံးများကို ၁၅ ကြိမ်၊ ခရိုင်ရုံးများကို ၆ ကြိမ်၊ မြို့နယ်ရုံးများကို ၁၁၅ ကြိမ်၊ ရပ်ကျေးရုံးများကို ၂၈ ကြိမ် စုစုပေါင်း (၁၆၇) ကြိမ် ဖျက်ဆီးခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် အဖွဲ့ချုပ်ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၁၄၅ ဦး နှင့် အဖွဲ့ချုပ်ပါတီဝင် ၂,၄၉၆ ဦး တို့ကို ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းစွာဆန္ဒပြကြသော သပိတ်အင်အားစုများကို အကြမ်းဖက်ဖြိုခွဲခြင်း၊ ဖမ်းဆီးမိသော ပြည်သူများကို စစ်ကြောရေးစခန်းများတွင် သတ်ဖြတ်ခြင်း၊ ဖမ်းဆီးအကျဉ်းချထားသော နိုင်ငံရေး အကျဉ်းသားများသည် အကျဉ်းထောင်အတွင်းတွင် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းနှင့် လုံလောက်သော အစာအာဟာရများ မရရှိခြင်းတို့ကြောင့် မလိုလားအပ်ဘဲသေဆုံးခြင်း၊ အကျဉ်းထောင်အတွင်းတွင် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် သေဆုံးကြရခြင်း၊ အကျဉ်းထောင်ပြင်ပသို့ ထုတ်ကာသတ်ဖြတ်ခြင်း၊ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာများသို့ ဝင်ရောက်ကာ ပြည်သူများကိုဖမ်းဆီးပြီး အကြောင်းမဲ့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင် အသုံးချပြီးသတ်ဖြတ်ခဲ့ခြင်း၊ ရပ်ရွာရှိအမျိုးသမီးများကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်း စသောကျူးလွန်မှုများအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရပ်ရွာများအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးဖြင့်ကြဲချခြင်း စသော ကျူးလွန်မှုများကြောင့် သေဆုံးကြရသော ပြည်သူ ၅,၁၄၀ ဦးတွင် အဖွဲ့ချုပ် ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ၄ ဦး၊ ပါတီဝင် ၁၀၇ ဦး နှင့် အသက်မပြည့်သော ကလေးသူငယ် ၄၃၆ ဦး နှင့် အမျိုးသမီး ၈၁၁ ဦး တို့ပါဝင်တယ်လို့ သိရပါတယ်။
========================
📌📌 ၅။ ပိုင်ဖြိုးသု "အကယ်ဒမီရုပ်" ကမ်ပိန်း ပြုလုပ်
ဖေဖော်ဝါရီ ၁
Radio NUG
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီရုပ်" ကမ်ပိန်းကို ဖေဖော်ဝါရီလ ( ၁ ) ရက်နေ့ကနေ ဖေဖော်ဝါရီလ ( ၂၀ ) ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ကြောင်း Artists' Shelter မှ အသိပေးထားပါတယ်။
အဆိုပါ ကမ်ပိန်းမှာ နိုင်ငံအလိုက် တာဝန်ယူထားတဲ့ သက်ဆိုင်ရာ Fundraiser တွေဆီကတဆင့် မိမိ စိတ်တိုင်းကျ ငွေကြေးပမာဏကို ထည့်ဝင်လှူဒါန်းနိုင်မှာဖြစ်ပြီး၊ ပါဝင်မှု တစ်ကြိမ်စီတိုင်းအတွက် Serial No. ပါတဲ့ ဂုဏ်ပြုမှတ်တမ်း တစ်စောင်စီ ရရှိနိုင်မှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ကမ်ပိန်းမှာ ပါဝင်လှူဒါန်းကြမယ့် ပရိသတ်ပြည်သူတွေအတွက် ပထမဆုအဖြစ် ရွှေ ၁ ကျပ်သား ရွှေကြယ် ပါဝင်မယ့် ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသု ရဲ့ "အကယ်ဒမီ" ရုပ်တု၊ ဒုတိယဆုအဖြစ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုရဲ့ လက်မှတ်ပါ ရွှေဆွဲကြိုး ၁ ကုံး၊ တတိယဆုအနေဖြင့် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ဝတ်ဆင်ခဲ့ဖူးတဲ့ တွယ်ချိတ်နားကပ်နဲ့ ပုံစံတူ ရွှေနားကပ် ၃ ရံ တို့ကို ဖေဖော်ဝါရီလ ( ၂၁ ) ရက် သောကြာနေ့မှာ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသု ကိုယ်တိုင် ကံထူးရှင်ကို မဲနှိုက်ရွေးချယ်ပြီး ပေးအပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၆။ ရန်ကုန်၊ ဘုတလင်၊ ဖားကန့်၊ ဘုရားသုံးဆူ၊ တမူးမြို့တို့တွင် နွေဦးတော်လှန်ရေး (၄)နှစ်ပြည့် လူထုလှုပ်ရှားမှုများ ပြုလုပ်
ဖေဖော်ဝါရီ ၁
Radio NUG
ရန်ကုန်မြို့အချက်အချာကျသည့် နေရာများတွင် Youth of Anarchy အဖွဲ့က ပစ်တိုင်းထောင်၏ " လဲကျလဲ ပြန်ထ " အဓိပ္ပာယ်ဖြင့် အာဏာရှင်စနစ်အမြစ်ပျက်သုဉ်းရေးအတွက် နည်းမျိုးစုံဖြင့်တိုက်ပွဲ၀င်နေကြသော ရဲဘော်ရဲဖက်များကို ဂုဏ်ပြုသောအားဖြင့် ပစ်တိုင်းထောင်သပိတ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။
ထို့ပြင် ရန်ကုန်မြို့တွင် ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများကလည်း “အထွေထွေဖိနှိပ်မှုကို အံတုကြ၊ ဘုံရန်သူကို ထွက်ပေါက်မပေးနဲ့” စာသား ဓာတ်ပုံကမ်ပိန်းနှင့် မြို့လယ်ခေါင် ဘန်နာချိတ်ဆွဲခြင်းကို စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် ပြုလုပ်ခဲ့ပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် မြို့နယ်ပင်မသပိတ်ကော်မတီ၊ မြို့နယ်ကျောင်းသားသမဂ္ဂနှင့် ဒေသခံ ပြည်သူလူထု ပူးပေါင်းပြီး လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဘုတလင်မြို့နယ်သည် တော်လှန်ရေး (၄)နှစ်ပြည့်သည့်အထိ စစ်ဖိနပ်အောက် ဒူးမထောက်လက်မမြှောက် အရှုံးမပေးဘဲ ဆက်လက် တိုက်ပွဲဝင်လျက်ရှိပြီး မြို့နယ်ပင်မသပိတ်ကော်မတီ၊ မြို့နယ်ကျောင်းသားသမဂ္ဂနှင့် ဒေသခံ ပြည်သူလူထုတို့မှ လူထုလှုပ်ရှားမှုအဖြစ် "လူထုရဲ့တော်လှန်မှုဟာ တစ်ရက်မှရပ်တန့်မသွားခဲ့" ၊ "အထွေထွေဖိနှိပ်မှုကိုအံတုကြ ဘုံရန်သူကိုထွက်ပေါက်မပေးနဲ့" " လူထုအာဏာအသက်သွင်းကြ" "သွေးမကွဲနဲ့ သွေးမအေးနဲ့ ဘုံရန်သူကို မမေ့နဲ့" စသောစာသားများ ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် ကချင်ပြည်နယ် ဖားကန့်မြို့ထဲတွင်လည်း မှော်လှည့်သပိတ်အဖွဲ့က စစ်အာဏာရှင် ဆန့်ကျင်ရေးကြွေးကြော်ကာ လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဘုရားသုံးဆူမြို့တွင် မြို့မစျေးအတွင်းတွင် ဆန္ဒထုတ်ဖော်မှုနှင့်အတူ လူထုများထံကို တော်လှန်ရေး လှုံ့ဆော်ရေးလက်ကမ်းစာစောင်နှင့် ထမနှဲများဝေခြင်းများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် တမူးမြို့ နယ်စပ်တစ်နေရာ လူထုသပိတ်ချီတက်ပွဲတွင် "မြန်မာပြည် ခွေးဆွဲခြင်း"ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကဗျာဆရာ ရင်ရိုး၏ "တမူးပြည်သူ့ တပ်ဖွဲ့ဝင်များသို့ " ကဗျာ ခေါင်းစဥ်ဖြင့်လည်းကောင်း ဆန္ဒ ထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ကောဘရာ စစ်ကြောင်းမှု ဗိုလ်မှူး စောဒါဘော ကို KNLA ဗဟိုမှ သူရ ဘွဲ့တံဆိပ် ချီးမြှင့်
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
ကောဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှု အရည်အချင်းပြည့်မှီတဲ့ ဗိုလ်မှူး တစ်ယောက်အဖြစ် သူရ ဘွဲ့တံဆိပ်ကို ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ဗဟို) စစ်ဌာနချုပ်က ချီးမြှင့်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံတော် အဆင့်ရှိ အောင်ဇေယျ စစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်ဆီးနိုင်ခဲ့တာကြောင့် KNLA ဗဟို စစ်ဌာနချုပ်မှ စစ်ဦးစီး ပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင်က သွားရောက် ဂုဏ်ပြု ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးအနီး၊ စစ်မြေပြင်တနေရာမှာ ဇန်နဝါရီလ ၃၁ ရက်နေ့က ကျင်းပခဲ့တဲ့ (၇၆) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားမှာ ဂုဏ်ပြုချီးမြှင့်ခဲ့တာလို့ သိရပါတယ်။
အဆိုပါ အခမ်းအနားတွင် ကရင့်အမျိုးသား အလံတော်နှင့် တော်လှန်ရေး လုပ်ဆောင်ခဲ့သူများကို အလေးပြုကာ ဖွင့်လှစ်ခဲ့ပြီး သဘာပတိ ဗိုလ်မှူး စောနယ်ဒါးထူးက အဖွင့်မိန့်ခွန်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ အခမ်းအနားကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) (ဗဟို) စစ်ဦးစီး ပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ (၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်ရင်း (၂၇) တပ်ရင်းမှူး ၊ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊ တပ်မှူးများနဲ့ စစ်သားများ တက်ရောက်ခဲ့ ကြပါတယ်။
========================
🚩🚩 ၂။ မြိုင် ကပစ (စက်မှု ၂) ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်ကောင်စီရဲ့ စစ်လက်နက် ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ - ကပစ (စက်မှု - ၂) ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ မြိုင်က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ မနက် ၅ နာရီခွဲ အချိန်မှာ မြိုင် ကပစ ကို ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း အဆောက်အဦးများပေါ်ကို ကျရောက်ပေါက်ကွဲမှုများ ရှိခဲ့တယ်လို့ သိရပြီး ထိခိုက်မှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး “ဖေဖော်ဝါရီ ၁ ရက်နေ့၊ ဘာနေ့လဲ မမေးပါနဲ့ ကျုပ်တို့ရဲ့ အနာဂတ်တွေ ကျုပ်တို့ရဲ့ မျော်လင့်ချက်တွေ ရိုက်ချိုးခံခဲ့ရတဲ့ ( ၄ ) နှစ်ပြည့်တဲ့နေပါပဲ - ဒီနေ့သည် ကျုပ်တို့ ပြည်သူတွေရဲ့ အသဲ နှလုံးသား ဘဝတွေ အဏာရူး တသိုက်ကြောင့် ဒုက္ခတွေနဲ့ နားပမ်းလုံးနေခဲ့ရတာ ဒါကြောင့်မို့ ဒီနေ့ဒီချိန် ကျုပ်တို့ လုပ်နိုင်သလောက် မအလနဲ့ စစ်အာဏာရှင်တစ်သိုက်ကို ပစ်ခက်တိုက်ခိုက်ခဲ့ပါတယ်” လို့ ဘာမထီ ပြောက်ကျား တပ်ဖွဲ့က လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ မဲပလီ ဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်တွေ အပြီးသတ် သိမ်းပိုက်ရရှိ
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီ ကျေးရွာက စစ်ကောင်စီရဲ့ ဗျူဟာစခန်ကို အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ ရှေ့တန်းသတင်း ရင်းမြစ်တွေထံက သိရပါတယ်။
စစ်ကောင်စီဘက် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ အများအပြားဖြင့် အပြင်းအထန် ခုခံခဲ့ပေမယ့် ဖေဖော်ဝါရီ ၁ ရက် နေ့လည် ၁ နာရီခွဲခန့်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာပါ။
စစ်ကောင်စီ တပ်အင်အား ၁၀၀ ခန့် အထိုင်ချထားတဲ့ မဲပလီ ဗျူဟာ စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ပထမအပတ်ကနေ စတင်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁ လခန့် အကြာမှာ ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဟောင်ဝစ်ဇာတွေ အပါအဝင် လက်နက် ခဲယမ်းတွေ သိမ်းပိုက် ရရှိခဲ့သလို စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့သိရပြီး အသေးစိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
“အာဏာသိမ်းမှု (၄) နှစ်ပြည့်တဲ့နေ့မှာ မဟာမိတ်ပူးပေါင်းအဖွဲ့ရဲ့ ညီညွတ်စွာ ကြိုးပမ်းအားထုတ်မှုနဲ့ မဲပလီဗျူဟာ စခန်းကြီးကို အပြီးသတ် သိမ်းပိုက်ကာ ပြည်သူလူထုထံ လက်ဆောင်အဖြစ် ပေးလိုက်ပါတယ်။” လို့ စခန်းသိမ်း တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခ က ၎င်းရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ကြီးများ အကြိမ်ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် အစူးချောင်း၊ ပီတီ၊ မဲပလီ ကျေးရွာအုပ်စုတွေက ဒေသခံ ၃,၀၀၀ နီးပါး နေရပ် စွန့်ခွာထွက်ပြေးနေရကာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ တလုပ်မြို့ဟောင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဆယ်ချီ သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ဟောင်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်က ဆယ်နဲ့ချီပြီး သေဆုံးခဲ့ကာ တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ တလုပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တလုပ် - PDF) ထံက သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၅ နာရီ ဝန်းကျင်မှာ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီး လေကြောင်း ပစ်ကူများ အသုံးပြုကာ စခန်းမကျစေဖို့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက် ဆယ်ဂဏန်းနှင့်အထက် သေဆုံးခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့တွေဘက်ကလည်း တစ်ဦး ကျဆုံးခဲ့သလို ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
ထို့အပြင် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရခဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
တလုပ်မြို့ဟောင်း တိုက်ပွဲဟာ ၄ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီက Mi 35 ဖြင့် ၈ ကြိမ်၊ Jet Fighter ဖြင့် ၂ ကြိမ်၊ Y-12 ဖြင့် ၃ ကြိမ် ဗုံးကြဲပစ်ခတ်ခဲ့သလို လက်နက်ကြီး၊ ဟောင်ဝစ်ဇာ အများအပြား ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း ခဲယမ်းလိုအပ်ချက်တွေ ရှိလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီးချိန်ထိ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ ပစ်ခတ်နေသလို နေအိမ်တွေကို မီးရှို့ ဖျက်စီးတာတွေ လုပ်ဆောင်နေခဲ့ပါတယ်။
လက်ရှိမှာတော့ အိမ်ခြေ ၁၀၀၀ ကျော်ရှိတဲ့ တလုပ်မြို့ဟောင်းက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မြိုင်မြို့နယ်မှာ တပ်ချိန်းပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူများရဲ့ နွား၊ ဆိတ်၊ ဆိုင်ကယ်နဲ့ ဆန် များကို ခိုးယူပြီး ပစ္စည်းများကို ဖျက်ဆီးသွား
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်တွင်းရွာမှာ ဗျူဟာမှူး အပြောင်းအလဲ လုပ်ခဲ့ပြီး ပြန်ဆုတ်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းက ပြည်သူများရဲ့ နွား၊ ဆိတ်၊ ဆိုင်ကယ် နဲ့ ဆန်များကို ခိုးယူပြီး ပစ္စည်းများကို ဖျက်ဆီးသွားတယ်လို့ အညာမြေ တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။
ညောင်တွင်းရွာမှာ ညအိပ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြိုင် စက်မှု (၂) ကို ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရွာတန်းရှည် ကျေးရွာက နေအိမ်များမှ နွား (၅)ကောင်၊ ဆိတ် (၁၀) ကောင်၊ ဆိုင်ကယ် (၆) စီး နဲ့ ဆန်များကို ယူဆောင်ကာ ကျန်ပစ္စည်းများကိုလည်း ဖျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ကြောင်းဟာ မြိုင်မြို့နယ်မှာ လှည့်လည်စစ်ကြောင်းထိုးပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေတာ တစ်လ ခန့် ကြာမြင့်ခဲ့ပြီး ကျောင်းကုန်း ကျေးရွာက နေအိမ် ၂၉ လုံး၊ သံပုရာခြုံ နဲ့ ချောင်းနား ကျေးရွာက နေအိမ် ၁ လုံးစီ ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
တော်လှန်ရေး တပ်ဖွဲ့ဝင်မျာနှင့်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ၆ ဦး သေဆုံးကာ ၂၆ ဦး ဒဏ်ရာရခဲ့ပြီး တော်လှန်ရေး အင်အားစုများမှ ရဲဘော် ၅ ဦးတို့လည်း မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ ကာလအတွင်း ဒေသခံ ကျေးရွာ ၁၀ ရွာထက်မနည်း ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရကာ ၁၃ ရက်ကျော် ရှိပြီလို့ သိရပါတယ်။
========================
🚩🚩 ၆။ ပေါက်မြို့နယ် သရက္ကန်ရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၃ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာပြင်းထန်
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ သရက္ကန်ရွာ လေကြောင်း တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ Successful Force - Pauk က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၁၂ နာရီ ၃၉ မိနစ် ဝန်းကျင်မှာ မိတ္တီလာ ရှမ်းတဲလေတပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လေကြောင်း တိုက်ခိုက်မှုအတွင်း သရက္ကန်ရွာမှာ ကိုဇော်လင်းစိုးနဲ့ ဇနီး၊ သံဘိုရွာကနေ အလုပ် လာလုပ်နေတဲ့ ကိုဝက်ကြီးဆိုသူတို့ သေဆုံးခဲ့ရပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကာ နေအိမ် ၈ လုံး ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီက အခုလို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများ နေထိုင်ရာ ရပ်ရွာတွေထဲ ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်မှုတွေကို ရက်စက်ယုတ်မာစွာ မကြာခဏ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၇။ တန့်ဆည်မြို့နယ်၊ ကျေးရွာတစ်ရွာတွင် မူးယစ်ဆေးဝါးရောင်းချသော တရားခံ(၂)ဦးအား ဖမ်ဆီးရမိ
ဖေဖော်ဝါရီ ၁
Radio NUG
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့မှ ဦးဆောင်၍ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျေးရွာပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ (၃၀.၁.၂၀၂၅)ရက်နေ့ ညနေ (၁၆:၃၀)အချိန်တွင် မူးယစ်ဆေးဝါးရောင်းချနေသော တရားခံ ဦးဖိုးရဲ (ခ) ၀င်းနိုင်နှင့် ဦးမောင်ကျော်တို့၏ နေအိမ်များအား ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးဟု ယူဆရသော ကာလတန်ဖိုး ကျပ်သိန်း ၆၀၀ ကျော်ရှိသည့် တိပ်အကြည်အဝါရောင်ပတ်ထားသော ဘိန်းစိမ်း ၆ ထုပ်၊ ပလပ်စတစ် အကြည်ပတ်ထားသော ဘိန်းစိမ်း အထုတ်ငယ် ၉ ထုပ် စုစုပေါင်း အလေးချိန် ၉၈၉၅.၆ ဂရမ်၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် ငွေသား ကျပ်သိန်း (၂၀) တို့ကို တရားခံ ၂ ဦး နှင့်အတူ လက်ရဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။
တရားခံများအား ဥပဒေနှင့်အညီ ဆက်လက် အရေးယူနိုင်ရေး မြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ (ပ) အမှတ် မယ (ပ) ၁/၂၀၂၅ နှင့် မယ (ပ) ၂/၂၀၂၅၊ မူး/စိတ် ပုဒ်မ ၁၉ (က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၈။ ဇန်နဝါရီလအတွင်း ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်သားနှင့် ရဲ (၁၃၆) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ
ဖေဖော်ဝါရီ ၁ ရက်၊
Radio NUG
၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်မှ အရာရှိအဆင့် ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်သားနှင့် ရဲ ၁၃၆ ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဆိုပါ ၁၃၆ ဦးထဲမှာ လက်နက်နဲ့တကွ အလင်းဝင်လာသူ ၈၂ ဦး ရှိခဲ့ပြီး ယူဆောင်လာတဲ့ လက်နက်အမျိုးအစားအလိုက် ကာကွယ်ရေး ဝန်ကြီးဌာနက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
၎င်းစစ်ကောင်စီ တပ်သားနဲ့ ရဲတပ်ဖွဲ့ဝင်များဟာ အမျိုးသားညီညွတ်ရေး အစိုးရ ပြည်သူ့ရင်ခွင် အကောင်အထည် ဖော်ဆောင်မှုကော်မတီနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနအောက်က PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ပြီး ပြည်သူ့ဘက်ကို ရပ်တည်ကူးပြောင်းလာခဲ့တာလို့ သိရပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ စစ်မှုထမ်းအမိန့် ကြေညာချက်ကြောင့် အဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်က ရပ်တည်လိုတဲ့ တပ်သားနဲ့ ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် Telegram @MyanmarPeople ကို ဖြစ်စေ၊ နီးစပ်ရာ PDF, ပကဖ နဲ့ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြဖို့ တိုက်တွန်းထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment