၂၀၂၅ ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင်မတိမ်းစောင်းရန်နှင့် CDMတွေကို မျက်နှာလွှဲခဲပစ်လုပ်နေတာလည်း မဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပန်ကြား
📌 ၂။ CRPH ပြည်သူ့ရေးရာကော်မတီမှ တစ်နှစ်အတွင်း CDM ပြည်သူ့ဝန်ထမ်း (၁,၁၅၀) ဦးအတွက် မြန်မာငွေကျပ် (၇၂၈.၅) သိန်းကျပ်အား ထောက်ပံ့ကူညီနိုင်ခဲ့
📌 ၃။ CDM အင်အား လေးသိန်းကျော် ရှိနေသေးပြီး အာဏာရှင်ကို တော်လှန်နေဆဲ ဖြစ်တယ်လို့ ဆို
📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး
📌 ၅။ ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စနစ်ဟောင်း ဒဿမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်
📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ပြည့် မွေးနေ့အမှတ်တရ ပြက္ခဒိန်ရောင်းချမှုမှ ရရှိငွေကြေးများကို မြန်မာပြည်တွင်းမှာ လိုအပ်တဲ့နေရာများအတွက် ကူညီထောက်ပံ့ပေးသွားမယ်
📌 ၇။ အကျဉ်းထောင်များတွင် အကျဉ်းဦးစီးဝန်ထမ်းများမှ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်မှုများ ဆိုးရွားစွာကျူးလွန်လာ
📌 ၈။ ရန်ကုန်မြို့ လူစည်ကားရာ ဈေးတစ်ခုတွင် “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူး ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ” စာသားဖြင့် လှုပ်ရှားမှု ပြုလုပ်
========================
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတစီးကို ပူးပေါင်းမဟာမိတ် တပ်ဖွဲ့က တိုက်ခိုက်ခဲ့
🚩 ၂။ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေး ပျူရွာအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့
🚩 ၃။ တောင်ပိုင်း စစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီ တပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရ
🚩 ၄။ မိုးဗြဲ တိုက်ပွဲတွင် ဝံပုလွေ စစ်ကြောင်းမှ တပ်စိတ်မှူး တစ်ဦးနဲ့ ရဲဘော် တစ်ဦး ကျဆုံးခဲ့
🚩 ၅။ သထုံခရိုင် KNU နယ်မြေအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရ
🚩 ၆။ ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို PNAပြည်သူ့စစ်မှ မီးလောင်ဗုံးဖြင့် ပစ်ခတ်ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ် အားပြုရပ်တည်နေရသဖြင့် တိုင်းရင်းသားတော်လှန်ရေးတပ်များအပေါ် အမြင်မတိမ်းစောင်းရန်နှင့် CDMတွေကို မျက်နှာလွှဲခဲပစ်လုပ်နေတာလည်း မဟုတ်ဘူးလို့ ယာယီသမ္မတ ဒူဝါလရှီးလ ပန်ကြား
ဖေဖော်ဝါရီ ၈
RadioNUG
စစ်အာဏာရှင်ကို တော်လှန်နေသော တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့များမှာ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မျဉ်းပေါ်တွင် အားပြုကာ ရပ်တည်နေရသဖြင့် တိုင်းရင်းသား တော်လှန်ရေးတပ်များအပေါ် အမြင်မတိမ်းစောင်းရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM လှုပ်ရှားမှု) ၄ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာတွင် ထည့်သွင်းပြောကြားပန်ကြားခဲ့ပါတယ်။
“ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျွန်တော်တို့နဲ့အတူ ပူးပေါင်းလှုပ်ရှားနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တွေဟာ အိမ်နီးချင်းတွေရဲ့ နယ် စပ်မျဉ်းတွေပေါ်မှာ အားပြုပြီး ရပ်တည်နေကြရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ နိုင်ငံအပေါ် မှာ ကျရောက်တဲ့ ပထဝီနိုင်ငံရေး အကျပ်အတည်းကြားမှာ မြေဇာပင်မဖြစ်ရအောင် ဒေသတွင်း နိုင်ငံရေး ရာသီဥတုကို ကြည့်ပြီး တော်လှန်ရေး လီဗာ အဖိအဖော့ပြုလုပ်ကြရတာ ရှိပါတယ်။ ဒါကြောင့် တစ်ခါ တစ်ရံနည်းနာအရ အလှည့်အပြောင်းလုပ်ပြီး ကျင့်သုံးရတာတွေ ရှိနေတယ်လို့ နားလည်သဘောပေါက် ထားဖို့ လိုပါတယ်။ နည်းနာအရ အပြောင်းအလဲတွေ လုပ်တာဟာ ပန်းတိုင်နဲ့ ရည်မှန်းချက်ကို ပြောင်းလဲ ပစ်လိုက်တာ မဟုတ်ဘူးဆိုတာကိုလည်း ကျွန်တော်တို့ သတိချပ်ဖို့ လိုပါတယ်။” လို့ ယာယီသမ္မတက ပြောကြားထားပါတယ်။
ဒါ့အပြင် “တော်လှန်ရေး ခရီးလမ်းမှာ ပြည်သူကို အခြေခံတဲ့ လုပ်ငန်းတိုင်းဟာ အရေးကြီးတယ်ဆိုပေမယ့် အဲဒီ အရေးကြီးတဲ့ လုပ်ငန်းစဉ်အတွင်းကနေ ဦးစားပေးလုပ်ဆောင်ခဲ့ရတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အထူးသဖြင့် ခုခံတော်လှန်ရေးကိစ္စမှာ အရေးပေါ်ဦးစားပေးလုပ်ဆောင်ရတာတွေ ရှိပါတယ်။ ဒါကြောင့် ကျွန် တော်တို့အနေနဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူ အားလုံးအပေါ်မှာ လိုလေသေးမရှိ အပြည့်အဝ မကူညီနိုင်ခဲ့တာတွေ ရှိတယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးက ကိုယ့်ကိုယ်ကိုယ် အားမလို အားမရ ဖြစ်မိပါတယ်။ ကျွန်တော်တို့လည်း CDM လှုပ်ရှားမှုမှာ ဇွဲနပဲသန်သန်နဲ့ ပါဝင်ခဲ့သူတွေ အားမလို အားမရဖြစ်တာလည်း ရှိကောင်းရှိမယ်လို့ ယူဆပါတယ်။ ဒါဟာ ကျွန်တော့်အနေနဲ့ ဆင်ခြေပေးနေတာ မဟုတ်သလို မျက်နှာလွှဲခဲပစ်လုပ်နေတာလည်း မဟုတ်ဘူးလို့ ပြောချင်ပါတယ်။”လို့ ဆိုထားပါတယ်။
========================
📌📌 ၂။ CRPH ပြည်သူ့ရေးရာကော်မတီမှ တစ်နှစ်အတွင်း CDM ပြည်သူ့ဝန်ထမ်း (၁,၁၅၀) ဦးအတွက် မြန်မာငွေကျပ် (၇၂၈.၅) သိန်းကျပ်အား ထောက်ပံ့ကူညီနိုင်ခဲ့
ဖေဖော်ဝါရီ ၈
Radio NUG
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ ပြည်သူ့ရေးရာကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ CDM ပြည်သူ့ဝန်ထမ်း (၁,၁၅၀) ဦးအတွက် မြန်မာငွေကျပ် (၇၂၈.၅) သိန်းကျပ်အား ထောက်ပံ့ကူညီနိုင်ခဲ့ကြာင်း "အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement-CDM) (၄) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနား" တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်မှ ပြောကြားခဲ့ပါတယ်။
စားဝတ်နေရေးနှင့် လူသားချင်းစာနာထောက်ထားမှု အရေးပေါ်ထောက်ပံ့မှု တင်ပြလာခြင်းများအား အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ Ahlu Shin application နဲ့ Spring Legends Youtube channel တို့မှ ရရှိသည့် ဝင်ငွေများဖြင့် CDM ထောက်ပံ့မှုများအတွက် ကြိုးစားဆောင်ရွက်နေတယ်လို့ ပြောဆိုထားပါတယ်။
CDM ဝန်ထမ်းတစ်ဦးစီအတွက် ထောက်ပံ့မှုမျိုး စီစဥ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ နယ်မြေတာဝန်ခံများမှတစ်ဆင့် လမ်းကြောင်း အသီးသီးကနေ ဆက်သွယ်ချိတ်ဆက်လာသည့် အရေးပေါ်ကူညီပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက် ရှိတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ လျော့ပါးကာ စိတ်ဓာတ်ခွန်အား တိုးပွားစေနိုင်ရန် ရည်ရွယ်လျက် စိတ်ကျန်းမာရေးဆိုင်ရာသင်တန်း (၉) ကြိမ်ကိုလည်း နိုင်ငံရေးအကျဥ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) နှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း ပူးပေါင်းစီစဉ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း ဆက်လက်ပြီးလည်း စီစဥ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း အသိပေးထားပါတယ်။
========================
📌📌 ၃။ CDM အင်အား လေးသိန်းကျော် ရှိနေသေးပြီး အာဏာရှင်ကို တော်လှန်နေဆဲ ဖြစ်တယ်လို့ ဆို
ဖေဖော်ဝါရီ ၈
Radio NUG
CDM အင်အား လေးသိန်းကျော် ရှိနေသေးပြီး အာဏာရှင်ကို တော်လှန်နေဆဲဖြစ်တယ်လို့ ဖေဖော်ဝါရီ ၈ရက်မှာ ပြုလုပ်တဲ့ CDM ၄နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုပါတယ်။
"ကျွန်တော်တို့ CDM လေးသိန်းကျော်ရှိနေသေးတာဖြစ်ပါတယ်။ တချို့က ပေါ်ပေါ်ထင်ထင် ရှိသလို တချို့က ပုန်းရှောင်နေကြရတာ ဖြစ်ပါတယ်။ နေရာအသီးသီးမှာ ရှိနေတာ ဖြစ်ပါတယ်။ လေးနှစ်ပြည့်တဲ့အထိ လစာ တပြားတချပ်မှ မယူဘဲ ဒီနေ့အထိတော်လှန်ရေးမှာ အသက်၊ သွေး၊ ချွေးနဲ့ ဘဝတင်သာမက သူတို့မိသားစုတွေနဲ့ အတူတူအာဏာရှင်ကို တော်လှန်နေကြတာ ဖြစ်ပါတယ်" လို့ဝန်ကြီးက ဆိုပါတယ်။
ဒါ့အပြင် CDMများဟာ တော်လှန်ရေးရဲ့ကဏ္ဍအသီးသီးမှာ တက်ကြွစွာပါဝင်နေဆဲ ဖြစ်တယ်လို့ ဝန်ကြီးက ဆိုပါတယ်။
========================
📌📌 ၄။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီအစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး
ဖေဖော်ဝါရီ၈ရက်
Radio NUG
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယဗဟိုကော်မတီ၏ ကြားကာလပဉ္စမအကြိမ်အစည်းအဝေးကို Zoom မှတဆင့် ၂၀၂၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် စတင်၍ ကျင်းပခဲ့ပါတယ်။
၆နာရီကြာမျှ ကျင်းပရာတွင် သဘာပတိအဖွဲ့ဝင် (၁)ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၃) ဦး၊ ဗဟိုကော်မတီဝင်(၃၉) ဦး၊ အရန်ဗဟိုကော်မတီဝင် (၁၃) ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင် (၂၀) ဦး၊ ဗဟိုရေးရာကော်မတီများ၊ အခြေခံဥပဒေလေ့လာသုံးသပ်ရေးအဖွဲ့၊ လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့၊ နိုင်ငံတကာဆက်ဆံရေးအကြံပေးအဖွဲ့တို့ မှ (၁၄) ဦး စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြပါတယ်။
မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဥ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေး လုပ်သင့်လုပ်ထိုက်သည်များကို နည်းလမ်းမျိုးစုံသုံး၍ ကြိုးပမ်းဆောင်ရွက်ရန်၊ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းခြင်းမပြုရန် အပါအဝင် ဆုံးဖြတ်ချက် ၉ရပ် ချမှတ်နိုင်ခဲ့ပါတယ်။
========================
📌📌 ၅။ ၂၀၂၄ ခုနှစ်၊ အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း စနစ်ဟောင်း ဒဿမတန်း ဖြေဆိုခွင့်ကာလ ထပ်မံအသိပေးနှိုးဆော်
ဖေဖော်ဝါရီ၈ရက်
Radio NUG
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့မှ စတင်ဖွင့်လှစ်ပေးထားခဲ့သည့် ''အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း [Basic Education Completion Assessment (BECA)]" စနစ်ဟောင်း ဒဿမတန်းဖြေဆိုခွင့်သည် လာမည့် "၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈) ရက်နေ့" တွင် သုံးလတာဖြေဆိုခွင့် သတ်မှတ်ကာလပြည့်ပြီဖြစ်သောကြောင့် ဖြေဆိုခွင့်အချိန်ကာလ "အချိန်ကာလ (၂၀) ရက်" သာ ကျန်ရှိတော့ကြောင်း ဖေဖော်ဝါရီ ၈ရက် ပညာရေးဝန်ကြီးဌာနက ဖော်ပြအသိပေးပါတယ်။
BECA ဖြေဆိုရန် စာရင်းတင်သွင်းထားသော ပြည်သူ့ကျောင်းသား၊ ကျောင်းသူများ အချိန်မီသတိပြု ဖြေဆိုနိုင်ရန် ထပ်မံကြိုတင် အသိပေးနှိုးဆော်ထားပါတယ်။
========================
📌📌 ၆။ ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ပြည့် မွေးနေ့အမှတ်တရ ပြက္ခဒိန်ရောင်းချမှုမှ ရရှိငွေကြေးများကို မြန်မာပြည်တွင်းမှာ လိုအပ်တဲ့နေရာများအတွက် ကူညီထောက်ပံ့ပေးသွားမယ်
ဖေဖော်ဝါရီ ၈
Radio NUG
ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရ ပြက္ခဒိန် ရောင်းချမှုမှ ရရှိငွေကြေးများကို မြန်မာပြည်တွင်းမှာ လိုအပ်တဲ့နေရာများအတွက် ကူညီထောက်ပံ့ပေးသွားမယ်လို့ သားငယ်ကိုထိန်လင်းက ဖေဖော်ဝါရီ ၈ရက်မှာ ရုပ်သံနဲ့တကွ အသိပေးဆိုပါတယ်။
"ကမ်ပိန်းပထမပိုင်းမှာ မေမေ့ရဲ့ နှစ် ၈၀ ပြည့်ပြက္ခဒိန်ကို ရောင်းချသွားပါမယ်။ ကမ်ပိန်းက ရရှိငွေများကို မြန်မာပြည်တွင်းမှာ လိုအပ်တဲ့နေရာများအတွက် ကူညီမှုများကို ထောက်ပံ့သွားပါမယ်။ မေမေ့ရဲ့ဆန္ဒနဲ့ထပ်တူကျမယ်ဆိုတာ ကျွန်တော်သိတယ်" လို့ ဆိုပါတယ်။
အဆိုပါ ပြက္ခဒိန်ကို အရေအတွက်နဲ့ ကန့်သတ်ရောင်းချသွားမှာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ ဖေဖော်ဝါရီ ၁၃ရက်မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်က ဖမ်းဆီးထားတာဟာ ၅နှစ်တာကာလအတွင်း ရောက်ရှိခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၇။ အကျဉ်းထောင်များတွင် အကျဉ်းဦးစီးဝန်ထမ်းများမှ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ငွေကြေးလိမ်လည်မှုများ ဆိုးရွားစွာကျူးလွန်လာ
ဖေဖော်ဝါရီ ၈
Radio NUG
၂၀၂၅ခုနှစ် ဇန်နဝါရီလအစောပိုင်းမှစ၍ အကျဉ်းဦးစီးဝန်ထမ်းများသည် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များထံ ဖုန်းဖြင့်ဆက်သွယ်၍ အကြောင်းပြချက် အမျိုးမျိုးပြောဆိုကာ ငွေကြေးလိမ်လည်တောင်းဆိုမှုများရှိနေကြာင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ သတင်းထုတ်ပြန်ထားပါတယ်။
မန္တလေးအိုးဘိုအကျဥ်းထောင်၊ ဒိုက်ဦးအကျဥ်းထောင်၊ မြိတ်အကျဥ်းထောင်တို့တွင် တာဝန်ထမ်းဆောင်နေသည့် အကျဉ်းဦးစီးဝန်ထမ်းများမှ မိသားစုဝင်များထံ ဖုန်းဖြင့် ဆက်သွယ်၍ ယနေ့အထိ ငွေကြေးလိမ်လည်တောင်းခံနေသည်ကို စီစစ်တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။
ဒိုက်ဦးထောင်တွင် အိပ်ဆောင်(၄)၏ အဆောင်မှူး မျိုးသီဟအောင်မှ နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များကို ၎င်းတို့၏ မိသားစုဝင် ဆေးရုံတက်နေရ၍ ငွေကြေး အရေးပေါ်လိုအပ်လျက်ရှိကြောင်း ပြောဆိုကာ ငွေကြေးတောင်းခံခြင်းများကို မိသားစုဝင်များထံ မကြာခဏဆက်သွယ်၍ လိမ်လည်တောင်းခံလျက်ရှိကြောင်း၊ မိသားစုဝင်များကိုလည်း ဆေးရုံတက်ရောက်နေရသည့် ကိစ္စများကို ဧည့်တွေ့ခွင့်ရချိန် မမေးရန်နှင့် ဧည့်တွေ့ချိန်တွင် မေးပါက နောက်အမှု ထပ်ကပ်ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်၍ ငွေကြေးလိမ်လည်နေမှုများကို အခြားသူများမသိရှိစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊ အဆောင်မှူး မျိုးသီဟအောင် အပါအဝင် ဒိုက်ဦးထောင်ရှိ ဝန်ထမ်းများသည် မိသားစုဝင်များထံမှ ငွေကြေးအနည်းဆုံး တစ်သိန်းမှစ၍ သိန်းတစ်ရာဝန်းကျင်အထိ လိမ်လည်တောင်းခံသည့် အခြားကိစ္စရပ်များလည်း ရှိကြောင်း သက်သေများရရှိစုဆောင်းထားကြောင်း အသိပေးထားပါတယ်။
ထို့အပြင် မြိတ်အကျဉ်းထောင်မှ အကျဉ်းဦးစီးဝန်ထမ်းအမျိုးသားတစ်ဦးသည် နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုများထံ ပိုက်ဆံတောင်းခိုင်းသည်ဟု ဆက်သွယ်၍ ငွေကြေးလိမ်လည်တောင်းဆိုနေမှုများ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ညောင်ဦးအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားတစ်ဦးမှ ပစ္စည်းမှာခိုင်းသည်ဟု ဆိုကာ မိသားစုဝင်များထံ ငွေလိမ်လည်တောင်းခံခြင်းနှင့် ငွေကြေးများကို ဖုန်းဆက်တောင်းခံခြင်းများကို ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။
ပခုက္ကူအကျဉ်းထောင်တွင်း၌လည်း ငွေကြေးကို ပျမ်းမျှ တစ်သိန်းမှ သုံးသိန်းအထိ တောင်းခံလျက်ရှိသူမှာ ကျော်လေးဆိုသူ ဝန်ထမ်းဖြစ်ပြီး ဆရာသော် အမည်ဖြင့် အကျဉ်းဦးစီးဝန်ထမ်း တစ်ဦးကလည်း ငွေကြေးလိမ်လည်လျက်ရှိတယ်လို့ ဆိုထားပါတယ်။
ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များအနေဖြင့် အထူးသတိထားရန်နှင့် သေချာစီစစ်မေးမြန်းပြီးမှသာ ငွေလွှဲရန်၊ ငွေကြေးလိမ်လည် တောင်းခံလျက်ရှိသည့် အကျဉ်းဦးစီးဝန်ထမ်းများအနေဖြင့်လည်း လိမ်လည်တောင်းခံနေသည့် လုပ်ရပ်များအား ရပ်တန့်လိုက်ရန်နှင့် ယခုလိုလိမ်လည် တောင်းခံနေမှုများထက် အခြေအနေဆိုးရွားလာပါက လူမှုရေးပြစ်ဒဏ်များပါ ပေးနိုင်ရေးအတွက် ကျုးလွန်သူကို ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သတိပေးထားပါတယ်။
========================
📌📌 ၈။ ရန်ကုန်မြို့ လူစည်ကားရာ ဈေးတစ်ခုတွင် “စစ်အာဏာရှင်ကိုတော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူး ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ” စာသားဖြင့် လှုပ်ရှားမှု ပြုလုပ်
ဖေဖော်ဝါရီ ၈
Radio NUG
ဖေဖော်ဝါရီလ ၈ရက်နေ့ ရန်ကုန်မြို့တွင် စစ်ကောင်စီမှ လုံခြုံရေး အင်မတန်တင်းကြပ်ထားသည့်ကြားမှ “စစ်အာဏာရှင်ကို တော်လှန်နေတာ သင်တို့နဲ့မဆိုင်ဘူး ကျော်သွားကြပါ၊ စစ်မှုထမ်းဖို့ သွားကြပါ” စာသားဖြင့် လူစည်ကားရာ စျေးတစ်ခုတွင် ပြည်သူလူထုအား လှုံ့ဆော်သည့် လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
ထိုလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် (၄)ဖွဲ့နှင့် စမ်းချောင်းပင်မသပိတ်စစ်ကြောင်း (SC Strike)တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများကလည်း အားပေးဝန်းရံခဲ့ကြတယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးသည့်အချိန်မှစ၍ ယခုကာလအထိ ပြည်သူလူထုအပေါင်း ရင်ဆိုင်တွေ့နေရသည့် အထွေထွေကြပ်တည်းမှု၊ မလုံခြုံမှု၊ ဖိနှိပ်ခံရမှု၊ အခြေခံလူ့အခွင့်အရေးများ ဆုံးရှုံးမှုအပြင် အတင်းအဓမ္မ စစ်သားစုဆောင်းမှုများ၊ ပေါ်တာဆွဲမှုများ စသည့် အခက်အခဲ အကြပ်အတည်းပေါင်းများစွာ၏ အဓိကလက်သည်တရားခံမှာ မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာရှင်တစ်စုကြောင့်ဖြစ်ပြီး ဤ အခက်အခဲ၊ အကြပ်အတည်းများစွာမှ လွတ်မြောက်ရန်မှာမူ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းသည်အထိ ရသည့်နည်းလမ်းဖြင့် တော်လှန်ရန်မှလွဲ၍ အခြားမရှိတာကြောင့် ပြည်သူလူထုကြီးအနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိ အင်တိုက်အားတိုက်ဖြင့် ဆက်လက်ဝန်းရံ တော်လှန်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ဧရာဝတီ မြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတစီးကို ပူးပေါင်းမဟာမိတ် တပ်ဖွဲ့က တိုက်ခိုက်ခဲ့
ဇန်နဝါရီလ ၈ ရက်၊
Radio NUG
မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း မင်းဘူးဘက်မှ ဆန်တက်လာတဲ့ စစ်သင်္ဘော တစ်စီးကို ပူးပေါင်းမဟာမိတ် တပ်ဖွဲ့များက တိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းစစ်အောင် (LPDF) က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့မှာ မင်းဘူးကနေ ဆန်တက်လာတဲ့ သင်္ဘော ၁၃ စီး အနက် ၁၂ စီးဟာ ကုန်ဇောင်း၊ သံကိုင်း သင်္ဘောဆိပ်များမှာ ကျန်ခဲ့ပြီး တစ်စီးထဲ ဆက်တက်လာရာ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက် အများအပြား ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို စလင်းမြို့နယ် (ပကဖ)၊ ဒေါင်းစစ်အောင် (LPDF)၊ မင်းဘူးခရိုင် လက်ရုံးအဖွဲ့၊ ဧရာဘီလူး (LPDF)၊ Tiriger Freighter (LPDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
========================
🚩🚩 ၂။ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေး ပျူရွာအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့
ဇန်နဝါရီလ ၈ ရက်၊
Radio NUG
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်က ရေပုတ်ကလေး ပျူစောထီး ကျေးရွာကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနဲ့ ပျူစောထီး သေဆုံးမှု များပြားခဲ့ပြီး လက်နက် ၅ လက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ Generation Z Army ထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၈ နာရီ အချိန်ခန့်မှာ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့တာ ဖြစ်ပြီး ကာဘိုင် သေနတ် ၄ လက်နဲ့ ၁၂ ဗို့ တစ်လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုဟာ အညာညီနောင်အနေဖြင့် ပွင့်ဖြူမြို့နယ်အတွင်းမှာ ပထမဆုံး စီးနင်းတိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တဲ့ စစ်ရေးအောင်မြင်မှု ဖြစ်ပြီး “အညာညီနောင်” အနေဖြင့် လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ဖေဖေါ်ဝါရီ ၁ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာလည်း မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်းကို စလင်းမြို့ အခြေစိုက် ခလရ (၂၅၃, ၂၅၄, ၂၅၅) တပ်များ၊ ပွင့်ဖြူအခြေစိုက် ဝါတပ်၊ ငဖဲအခြေစိုက် ကပစ ၁၄ နဲ့ ပျူစောထီးများ ပူးပေါင်းထားတဲ့ အင်အား ၃၀၀ ကျော် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
မဒဲကျေးရွာနဲ့ ရေပုတ်ကလေး ရွာကြားမှာ စောင့်ကြိုပြီး စနစ်တကျ ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ ၁၅ ဦး ထက်မနည်း သေဆုံးခဲ့ကာ ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အဆိုပါ တိုက်ခိုက်မှုကို အညာညီနောင် စစ်ဆင်ရေး (၂/၂၀၂၅) အနေဖြင့် ပြုလုပ်ခဲ့တာ ဖြစ်ပြီး အညာညီနောင်မှ ရဲဘော် ၂ ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါ စစ်ဆင်ရေးများကို မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း၊ ပေါက်/မြိုင် စုဖွဲ့မှု (ပကဖ)၊ Young Force (PKU) ၊ Earthquake Defence Force (PKU)၊ Joker (ပျောက်ကြားတပ်ဖွဲ့)၊ မြိုင် (ပကဖ) ဒရုန်းအဖွဲ့တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
========================
🚩🚩 ၃။ တောင်ပိုင်း စစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီ တပ်သား ၅၀ ကျော် သေဆုံးခဲ့ပြီး ၂၀ ခန့် ဒဏ်ရာရ
ဇန်နဝါရီလ ၈ ရက်၊
Radio NUG
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်း စစ်ဒေသမှာ ဖေဖော်ဝါရီလ ပထမ တစ်ပတ်အတွင်း စစ်ကောင်စီ တပ်သား ၅၀ ကျော် သေဆုံးခဲ့ကာ ၂၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF, KNU/KNLA, BPLA, FFD နဲ့ တခြား တော်လှန်ရေး ပူးပေါင်းအဖွဲ့များ ပူးပေါင်းကာ စစ်ကောင်စီ တပ်အား ၁၈ ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၇ ရက်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၅၀ ထက်မနည်း သေဆုံးကာ၊ ၂၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအနေနဲ့ ဘီးလင်းမြို့နယ် မဲပလီ ဗျူဟာစခန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းပိုက် ရရှိခဲ့ကာ စစ်သုံ့ပန်း ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲကို တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ ဗျူဟာ ၂၇ တပ်ရင်းတပ်ဖွဲ့များ၊ နဂါးဖြူ စစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ မဟာမိတ်များဖြစ်ကြတဲ့ KNLA၊ BPLA၊ FFD ဒရုန်းအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ထို့အပြင် တစ်ပတ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၁၈ ဦး ရှိခဲ့တယ် လို့ သိရပါတယ်။
========================
🚩🚩 ၄။ မိုးဗြဲ တိုက်ပွဲတွင် ဝံပုလွေ စစ်ကြောင်းမှ တပ်စိတ်မှူး တစ်ဦးနဲ့ ရဲဘော် တစ်ဦး ကျဆုံးခဲ့
ဇန်နဝါရီလ ၈ ရက်၊
Radio NUG
ကရင်နီပြည်၊ မိုးဗြဲမြို့၊ ရှေ့တန်း စစ်မြေပြင် တနေရာမှာ စစ်ကောင်စီ တပ်နဲ့ အပြန်အလှန် တိုက်ခိုက်ရင်း ဝံပုလွေ စစ်ကြောင်းမှ တပ်စိတ်မှူး တစ်ဦးနဲ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည် ဝံပုလွေစစ်ကြောင်းမှ တပ်စိပ်မှူး ကော့ကော နဲ့ တပ်သား ဂေလ်ဘတ် တို့ ၂ ဦးဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က မိုးဗြဲစစ်မြေပြင်မှာ ကျဆုံးခဲ့ရတာဖြစ်ပြီး ဇန်နဝါရီ ၈ ရက်နေ့မှာ နာရေးအခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တာဝန်ထမ်းဆောင်တဲ့ နေ့မှစ နောက်ဆုံးအချိန်ထိ ပေးအပ်တဲ့ တာဝန်များကို အသီးသီး ကျေပွန်စွာ ထမ်းဆောင် ခဲ့ကြကာ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေး တိုက်ပွဲဝင်သွားခဲ့တဲ့ ရဲဘော် ၂ ဦးကို အာဇာနည် သူရဲကောင်း အဖြစ် မှတ်တမ်းတင် အလေးနီ ပြုကြောင်း ဝံပုလွေ စစ်ကြောင်းက အသိပေး ထားပါတယ်။
========================
🚩🚩 ၅။ သထုံခရိုင် KNU နယ်မြေအတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ၇ ဦး ဒဏ်ရာရ
ဇန်နဝါရီလ ၈ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင်စီရဲ့ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၇ ရက် မနက် ၂ နာရီမှ ၃ နာရီခွဲ အချိန်အတွင်း စစ်ကောင်စီက Y-12 တိုက်လေယာဉ်ဖြင့် ၆ ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘီးလင်းမြို့နယ်၊ ရွှေလောင်းအင်း အုပ်စု၊ နတ်ကြီးရွာ၊ ရှမ်းစုဘက်ခြမ်းနဲ့ အစူးချောင်းအုပ်စု၊ အစူးချောင်း ကျေးရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ထို့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက် ၇ နာရီ ၃၅ မိနစ်ကလည်း ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမတ ၃၁၀ တပ်ကနေ လက်နက်ကြီး တစ်လုံး ပစ်ခတ်ခဲ့ရာ ခရွဲကျေးရွာ အုပ်စုအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရာဘာခြံ အလုပ်သမား ၂ ဦး (ကျား ၁ မ ၁) ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ထို့အပြင် နေ့လည် ၁၁ နာရီခွဲ အချိန်မှာလည်း စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်ရင်းက ခရွဲ ကျေးရွာအုပ်စု၊ သုံးခွရွာအတွင်းကို ဒရုန်းတိုက်ခိုက်မှု တစ်ကြိမ် ပြုလုပ်ခဲ့ပြီး ညနေ ၅ နာရီ ၇ မိနစ်မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်မံဗုံးချ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ဒရုန်း တိုက်ခိုက်မှုအတွင်း ဒေသခံ ၅ ဦး လက်နက်ကြီး ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် ကမမောင်း တပ်စခန်းကလည်း ဇန်နဝါရီလ ၃၁ ရက်နေ့ မနက် ၇ နာရီ ဝန်းကျင်မှာ လက်လုပ် အသေခံ ဒရုန်း ၅ စင်းဖြင့် ဘီလင်းမြို့နယ်၊ တာအိုခီး ကျေးရွာအုပ်စု၊ ဒေါင်းဇံကြီးကျေးရွာကို တိုက်ခိုက်ခဲ့ပြီး ညနေ ၄ နာရီ ဝန်းကျင်မှာလည်း နောက်ထပ် တစ်စီးဖြင့် ထပ်မံတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ညောင်ရွှေမြို့နယ် ရေပူကျေးရွာကို PNAပြည်သူ့စစ်မှ မီးလောင်ဗုံးဖြင့် ပစ်ခတ်ရာ နေအိမ်တစ်လုံး မီးလောင်ပျက်စီး
ဖေဖော်ဝါရီ ၈
Radio NUG
ဖေဖော်ဝါရီလ ၇ ရက် ညနေ ၃ နာရီ အချိန်တွင် ညောင်ရွှေမြို့နယ် ၊ ရေပူကျေးရွာအုပ်စု၊ ရေပူကျေးရွာကို အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ PNA ပြည်သူ့စစ်တို့က ညောင်ရွှေမြို့ စံကားအင်း အနောက်ကမ်းမှနေ၍ လက်နက်ကြီး (မီးလောင်ဗုံး)ဖြင့် ပစ်ခတ်ခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးမှ သတင်းထုတ်ပြန်ထားပါတယ်။
လူထိခိုက်မှုမရှိသော်လည်း ပြည်သူနေအိမ် ၁ လုံး မီးလောင်ပြီး မီးကူးသွားသည့်အတွက် နေအိမ်ထိခိုက် ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment