၂၀၂၅ မတ်လ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ NUG ယာယီသမ္မတ ဒူဝါလရှီးလမှ ရမဒါန် ဥပုသ်လ အခါသမယအတွက် ဆုတောင်းမေတ္တာပို့
📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် တအာင်းပြည် ပညာရေးအထောက်အကူပြုထီ တွတ်ဆုခူး
📌 ၃။ မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းမှုလိုအပ်ကြောင်း ဦးကျော်မိုးထွန်း ပြောကြား
📌 ၄။ ပြည်သူတွေကို အဓမ္မစစ်တိုက်ခိုင်းနေပြီး အလုပ်သမားသမဂ္ဂတွေကို ရက်ရက်စက်စက်ဖြိုခွင်းနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO article 33 အရ အရေးယူမှုမှာ နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ပေးဖို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တွန်း
📌 ၅။ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနှင့် နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်း၊ ကုန်းကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်
📌 ၆။ (၄) နှစ်ပြည့် ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း၏ နှစ်ပတ်လည်နေ့အခမ်းအနားသို့ NUG MOWYCမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
========================
၂၀၂၅ ခုနှစ် မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ KIA နှင့် TNLAတပ်ဖွဲ့များအကြား မြေပြင်ပဋိပက္ခများ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် လက်နက်ဖြင့် မဖြေရှင်းရန် TNLA နှင့် KIA ထုတ်ပြန်
🚩 ၂။ သိန်းခွန်းရွာဘက်ကို စစ်ကူသွားမယ့် စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့
🚩 ၃။ ခလယ်လွီထူခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်းနဲ့ အရပ်သား နေအိမ် ၂ လုံး ထိခိုက်ပျက်စီး
🚩 ၄။ တအာင်းပြည်တွင် ဖေဖော်ဝါရီလအတွင်း မိုင်းကြောင့် ကလေးငယ်အပါအဝင် (၈)ဦး သေဆုံး၊ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိ
🚩 ၅။ ကော့နွဲ့ကျေးရွာ တိုက်ပွဲအတွင်း Special Operation Group - SOG မှ ရဲဘော် တစ်ဦး ကျဆုံး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ NUG ယာယီသမ္မတ ဒူဝါလရှီးလမှ ရမဒါန် ဥပုသ်လ အခါသမယအတွက် ဆုတောင်းမေတ္တာပို့
မတ် ၁
Radio NUG
မတ်လ ၁ရက်နေ့တွင် စတင်ကျရောက်သော ရမဒါန် ဥပုသ်လ အခါသမယတွင် ပြည်တွင်းပြည်ပ အစ္စလာမ်ဘာသာဝင်များ၊ စစ်အာဏာရှင် အမြစ်ပြတ်ရေးအတွက် တိုက်ပွဲဝင်နေကြသော မွတ်စလင် တော်လှန်ရေး ရဲဘော်များ၊ တတ်စွမ်းသည့် ကဏ္ဍအသီးသီးမှ ပါဝင် စွမ်းဆောင်နေကြသော မွတ်စလင် ရောင်းရင်း မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များအားလုံး တည်ငြိမ်အေးချမ်းစွာ ဥပုသ်သီလ စောင့်ထိန်းနိုင်ကြပြီး ကောင်းချီးအဖြာဖြာ ရရှိပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ဆုတောင်းမေတ္တာ ပို့သထားပါတယ်။
========================
📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် တအာင်းပြည် ပညာရေးအထောက်အကူပြုထီ တွတ်ဆုခူး
မတ် ၁
Radio NUG
မတ်လ ၁ ရက်တွင် (၂၁) ကြိမ်မြောက်အဖြစ် ဖွင့်လှစ်သည့် တအာင်းပြည် ပညာရေးအထောက်အကူပြုထီမှ အမြင့်ဆုံးဆုကြီး ကျပ်သိန်း ၅၀၀ ၏ ကိန်းဂဏန်းတူ တွတ်ဖြင့် ငါးရာခိုင်နှုန်းဆု ကျပ် ၂၅ သိန်းဆုကို အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ဆုခူးသွားကြောင်း သတင်းရရှိပါတယ်။
ဖေဖော်ဝါရီလအတွင်း တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်နယ်မြေသို့ ရောက်ရှိခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်သည် ပညာရေးအတွက်ဆိုပြီး ၁၀ သိန်းကျပ် တန်ဖိုးရှိ ထီ ငါးအုပ်အား ကိုယ်တိုင်ထိုးခဲ့တယ်လို့ TNLA နိုင်ငံရေးသိပ္ပံကျောင်းမှ လွေးဒီဒီခိုင်ခိုင်အေးက ပြောပြထားပါတယ်။
သိန်း ၅၀၀ ကံထူးရှင်မှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်အမျိုးသား တစ်ဦးဖြစ်တယ်လို့ သိရပါတယ်။
တအာင်းထီအား ၂၀၂၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ရရှိလာသည့် ရန်ပုံငွေအား တအာင်းပြည် ပညာရေးကောင်စီ(TLEC) ဖွင့်လှစ်ထားသည့် ကျောင်းပေါင်း ၆၀၀ ကျော်မှ ဆရာ၊ ဆရာမများ၏ လစာများအား ထောက်ပံ့ပေးနေကာ တအာင်းဒေသတွင်း အခမဲ့ပညာရေး ရရှိရန်နှင့် ပညာရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် ရည်ရွယ်ထားပါတယ်။
========================
📌📌 ၃။ မြန်မာ့အရေးဖြေရှင်းဖို့ နိုင်ငံတကာ ပူးပေါင်းမှုလိုအပ်ကြောင်း ဦးကျော်မိုးထွန်း ပြောကြား
မတ် ၁
Radio NUG
ရိုဟင်ဂျာအရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံ ပြဿနာ တစ်စုံလုံးအတွက် ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်မည့်နည်းလမ်းကို ရှာဖွေရာ၌ မြန်မာပြည်သူများ၏ စိတ်ဆန္ဒနှင့် အကျိုးစီးပွားတို့ဖြင့် ကိုက်ညီမှုရှိသည့် ထိရောက်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် ထောက်ခံအားပေးမှု တို့ကို မြန်မာပြည်သူများအနေဖြင့် လိုအပ်ကြောင်း ဖေဖော်ဝါရီလ ၂၈ရက်နေ့က ပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်ဆလင်များနှင့် အခြားသော လူနည်းစုများဆိုင်ရာ အဆင့်မြင့် နိုင်ငံတကာကွန်းဖရင့် ကျင်းပပြုလုပ်ရေးနှင့်ပတ်သက်၍ Modality အဆိုမူကြမ်းအား ပထမအကြိမ် အလွတ်သဘော ဆွေးနွေးသည့် အစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာများ ဘေးကင်းလုံခြုံစွာ၊ ဆန္ဒအလျောက်နှင့် သိက္ခာရှိစွာ နေရပ်ပြန်လည်ရောက်ရှိနိုင်ရေး အပါအဝင် ရိုဟင်ဂျာ အရေးကိစ္စအား ရေရှည်တည်တံ့သော အဖြေရရှိရေး ဆောင်ရွက်မှုသည် မိမိတို့အားလုံးအတွက် အလွန် အရေးကြီးတယ်လို့ ဆိုခဲ့ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ရေရှည် တည်တံ့သော အဖြေ ရရှိရေးအတွက် ပြဿနာ၏ ဇစ်မြစ်အား ကိုင်တွယ်ဖြေရှင်းရန်နှင့် နိုင်ငံရေးအရ အဖြေ ရရှိရန် လိုအပ်ပြီး စစ်တပ်နှင့် စစ်အာဏာရှင်စနစ်တို့က ပြဿနာ၏ ဇစ်မြစ်ဖြစ်တယ်လို့ သံအမတ်ကြီးက ပြောခဲ့ပါတယ်။
စစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ မဆင်မခြင် ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ပြီး ကျူးလွန်နေတာကြောင့် စစ်အာဏာသိမ်း လေးနှစ်ကျော်အတွင်း ရခိုင်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးက ပြည်သူတွေဟာ နေ့တိုင်း အကြောက်တရားနဲ့ နေထိုင်နေကြရပြီး စိတ်လုံခြုံမှု မရှိကြတဲ့အကြောင်းလည်း ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံ ငြိမ်းချမ်းတည်ငြိမ်ဖို့ အားလုံးထက် မြန်မာပြည်သူတွေက လိုလားပြီး နိုင်ငံတကာ အသိုက်အဝန်း အပါအဝင် အိမ်နီးချင်းနဲ့ ဒေသတွင်း နိုင်ငံတွေဆီက အပြုသဘောဆောင်တဲ့ အကူအညီတွေ လိုအပ်တယ်လို့လည်း ပြောခဲ့ပါတယ်။
========================
📌📌 ၄။ ပြည်သူတွေကို အဓမ္မစစ်တိုက်ခိုင်းနေပြီး အလုပ်သမားသမဂ္ဂတွေကို ရက်ရက်စက်စက်ဖြိုခွင်းနေတဲ့ အကြမ်းဖက်စစ်တပ်ကို ILO article 33 အရ အရေးယူမှုမှာ နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ပေးဖို့ အလုပ်သမားဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တွန်း
မတ် ၁
Radio NUG
ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ ကျင်းပခဲ့တဲ့ Public Forum & Solidarity Ceremony – Free Myanmar Now: Diaspora Resistance and the Fight for Democracy to hear firsthand testimonies from Myanmar’s diaspora and stand in solidarity အခမ်းအနားတွင် ILO COI's အကြံပြုတိုက်တွန်းချက်တွေကို လုံးဝ လေးစားလိုက်နာခြင်းမရှိတဲ့ အကြမ်းဖက်စစ်တပ်ကို ILO article 33 အရ အရေးယူမှုမှာ နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းပါဝင်ပေးဖို့ မိတ်ဆွေအာဆီယံနိုင်ငံတွေနဲ့ ILO အဖွဲ့ဝင်နိုင်ငံများအားလုံးကို လေးလေးနက်နက်တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အဆိုပါအခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက “မြန်မာနိုင်ငံကို တည်ငြိမ် အေးချမ်းလိုတယ်။ ဒီမိုကရေစီ အသီးအပွင့်တွေ ဖြစ်ထွန်းလိုတယ်။ လူအခွင့်အရေး ၊ အလုပ်သမားအခွင့်အရေး၊ အမျိုးသမီးကလေးသူငယ် အစရှိသည့် အခွင့်အရေးများ ဖွံ့ဖြိုးလိုသည် ဆိုပါက ကျွန်တော်တို့နွေဦးတော်လှန်ရေးကို အားပေးကူညီပြီးတော့ အကြမ်းဖက်စစ်ကောင်စီကို နည်းမျိုးစုံဖြင့် ပိတ်ပင်တားဆီးဖို့ အရေးယူဖို့ လိုအပ်ပါကြောင်း၊ အာဆီယံပြည်သူလူထုတွေအနေဖြင့် မိမိတို့နိုင်ငံအသီးသီး၏ ရာဇဝင်မှာလည်း ကြုံခဲ့ဖူးသည့် အဖိနှိပ်ခံရသည့် သမိုင်းတွေကိုလည်း ပြန်လည်သုံးသပ်ပြီးတော့ ကျွန်တော်တို့ မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ အဖိနှိပ်ခံနေရတာတွေ မြန်မာပြည်ကနေပြီးတော့ ထွက်ပြေးနေရတာတွေ တိုင်းပြည်တွင်းမှာဘဲ ဒုက္ခမျိုးစုံကြုံတွေ့နေရတာတွေအတွက် နွေဦးတော်လှန်ရေးကို ထောက်ပံ့ပေးဖို့၊ အကြမ်းဖက် စစ်ကောင်စီနှင့် မပူးပေါင်းဖို့၊ အကြမ်းဖက်စစ်ကောင်စီအားအရေးယူပေးဖို့ ဒီလိုနည်းလမ်းတွေကို ကျွန်တော်တို့ အာဆီယံအသိုင်းအဝိုင်း၊ အာဆီယံနိုင်ငံခေါင်းဆောင်တွေ၊ မိမိတို့ရဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီး၊ လူမှုအဖွဲ့အစည်းအသီးသီးကနေပြီးတော့ တိုက်တွန်းပေးဖို့ မေတ္တာရပ်ခံလိုပါကြောင်း၊ မကြာခင် နွေဦးတော်လှန်ရေး အောင်မြင်ပြီး နောက်ပိုင်းမှာ အာဆီယံ လူ့အသိုင်းအဝိုင်းကို ညီညီညွတ်ညွတ်ဖြင့် ပိုမို ဖွံ့ဖြိုး တိုးတက်အောင် အတူတကွ တည်ဆောက်နိုင်မည်ဟု ယုံကြည်ကြောင်း စသည့်အချက်များပါဝင်သည့် Video Message ပေးပို့ခဲ့ပါတယ်။
အခမ်းအနားသို့ မလေးရှားတွင် နေထိုင်သော မြန်မာ လူမှုအသိုင်းအဝိုင်းများမှ ကိုယ်စားလှယ်များ၊ လုပ်သားသမဂ္ဂများ၊ လူမှုအဖွဲ့အစည်းများ (CSOs)၊ မလေးပြည်သူများနှင့် အီယူ၊ နော်ဝေ၊ ဂျာမနီ၊ ဇင်ဘာဘွေ၊ ရုရှားနှင့် အီရန်အပါအဝင် နိုင်ငံ ၁၀ခုမှ သံတမန်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၅။ ချောင်းဦးမြို့နယ်၊ ချောင်းမရွာနှင့် နွယ်ခွေရွာကို အကြမ်းဖက်စစ်အုပ်စုမှ လေကြောင်း၊ ကုန်းကြောင်းဖြင့် တိုက်ခိုက်မှုဖြစ်စဉ် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်
မတ် ၁
Radio NUG
ဖေဖော်ဝါရီလ(၂၅)ရက်တွင် ချောင်းဦးမြို့နယ်၊ ချောင်းမရွာနှင့် နွယ်ခွေရွာတို့ကို အကြမ်းဖက်စစ်အုပ်စုမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် လေကြောင်း၊ ကုန်းကြောင်းတို့မှပါ တိုက်ခိုက်မှုတို့ကြောင့် အပြစ်မဲ့ပြည်သူ ကလေး (၃)ဦး အပါအဝင် ပြည်သူ (၁၁)ဦး သေဆုံးခဲ့ပြီး အပြစ်မဲ့ ပြည်သူ (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ လူနေအိမ် (၉)လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနမှ အသေးစိတ်ထုတ်ပြန်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ မြပုလဲစစ်ဆေးရေးဂိတ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နံနက်(၈)နာရီခန့်အချိန် ချောင်းဦးမြို့အရှေ့ဘက် ၄မိုင်ခန့်ဝေးသော ချောင်းမရွာနှင့် နွယ်ခွေရွာတို့အား လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ နံနက်(၁၁)နာရီ (၄ဝ)မိနစ်ဝန်းကျင်တွင် အကြမ်းဖက်စစ်အုပ်စု၏ လေတပ်မှ ဂျက်ဖိုက်တာ တစ်စီးဖြင့် ချောင်းမရွာသို့ ပေါင် ၃ဝဝ(ခန့်မှန်း) ၂လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ နေ့လယ်(၁၂)နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ မြပုလဲ စစ်ဆေးရေးဂိတ်မှ ၁၂ဝ မမ လက်နက်ကြီး (၁၂) လုံးကျော် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ နေ့လယ်(၁)နာရီခွဲဝန်းကျင်တွင် ချောင်းဦးမှ ထွက်လာသော အကြမ်းဖက်စစ်အုပ်စုသည် မြပုလဲ စစ်ဆေးရေးဂိတ်မှ ထုတ်နုတ်အင်အား(၈ဝ)ခန့်ဖြင့် ချောင်းမရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ချောင်းမရွာမှတဆင့် နွယ်ခွေရွာသို့ စစ်ကြောင်းထိုးရာ လမ်းတွင် ပြည်သူတချို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
========================
📌📌 ၆။ (၄) နှစ်ပြည့် ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း၏ နှစ်ပတ်လည်နေ့အခမ်းအနားသို့ NUG MOWYCမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့
မတ် ၁
Radio NUG
ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ကျရောက်ခဲ့တဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း၏ (၄) နှစ်ပြည့် နှစ်ပတ်လည်နေ့အား ဝမ်းမြောက်စွာ ဂုဏ်ပြုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။
နွေဦးတော်လှန်ရေးနှင့် အတူ မွေးဖွားလာသော ရေဘဝဲပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း၏ တော်လှန်ရေးကာလအတွင်း လူငယ့်အရေး၊ ဒီမိုကရေစီအရေးနှင့် တရားမျှတမှု ရရှိနိုင်ရေးတို့အတွက် အစဉ်တစိုက် ပြုလုပ်နေသော အကြမ်းမဖက် တော်လှန်ရေး လမ်းစဉ်အား ဂုဏ်ပြုပါကြောင်း၊ ယခု နွေဦးတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး ကာလအတွင်း လူငယ့်အရေးများ တရာမျှတမှုရရှိရေးများအတွက် လှုပ်ရှားသော လုပ်ဆောင်ချက်များတွင် ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းအနေဖြင့် အစဉ်တစိုက် ဆက်လက်ပါဝင်နိုင်ရန် ဆန္ဒပြုပါကြောင်း၊ (၄) နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာအထိ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ဝင်များအားလုံး ဘေးကင်းလုံခြုံစွာဖြင့် လူငယ့်အရေး၊ နိုင်ငံ့အရေးတို့ကို စံနမူနာကောင်းအဖြစ် ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ KIA နှင့် TNLAတပ်ဖွဲ့များအကြား မြေပြင်ပဋိပက္ခများ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်နှင့် လက်နက်ဖြင့် မဖြေရှင်းရန် TNLA နှင့် KIA ထုတ်ပြန်
မတ် ၁
Radio NUG
တအာင်းပြည်၊ တပ်မဟာ(၃)နယ်မြေ၊ မန်တုံမြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA နှင့် မဟာမိတ် KIA တို့အကြား ယခုရက်ပိုင်း၌ မြေပြင်တပ်ဖွဲ့ဝင်များ အပြန်အလှန် အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိပြီး တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်- TNLA နှင့် မဟာမိတ် KIA တို့အကြား မြေပြင် ပွတ်တိုက်မှုများ၊ ပဋိပက္ခတင်းမာမှုများ ဆက်လက် မကြီးထွားစေရန်အတွက် PSLF/TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်မှ မန်တုံမြို့သို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က သွားရောက်ကာ လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့စဥ် တိုက်တွန်းခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မဟာမိတ်နှစ်ဖွဲ့အကြား အပြန်အလှန်အသိအမှတ်ပြုရန်နှင့် မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့်အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် မဟာမိတ်နှစ်ဖက်လုံးမှ သတိထားဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် ဆက်ဆံရေးတင်းမာမှုများအား ညှိနှိုင်းဖြေရှင်းရမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။
အလားတူ တအာင်းတပ်မတော် (TNLA) နှင့် လတ်တလော ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ညွှန်ကြားစာထုတ်ပြန်ခဲ့ရာ ပြဿနာကို လက်နက်ဖြင့် မဖြေရှင်းရန်နှင့် လုံခြုံရေးစနစ် တိုးမြှင့်ထားရန် ကချင်ဘာသာနှင့် အမိန့်ညွှန်ကြားစာ ထုတ်ပြန်ထားပါတယ်။
KIO ဗဟိုအနေဖြင့် ယခုကဲ့သို့ ညွှန်ကြားစာ မထုတ်ပြန်မီကတည်းက TNLAနှင့် KIA အကြား ပြဿနာများကို စိတ်ရှည်သည်းခံပြီး မဟာမိတ် စည်းကို ဆက်လက်စောင့်ထိန်းရန် ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။
KIA နှင့် TNLA တို့သည် မန်တုံမြို့နယ်တွင်သာမက နမ့်ဖက်ကာ အပါအဝင် ရှမ်းမြောက်ဒေသ နေရာအချို့၌ ယခုနှစ်ဆန်းအတွင်း နယ်မြေဆိုင်ရာ အငြင်းပွားမှုနှင့်ပတ်သက်ပြီး အောက်ခြေတပ်များအကြား တင်းမာမှု၊ပဋိပက္ခဖြစ်ပွားမှုများ ဆက်တိုက်ရှိခဲ့ရာ ထိုးကြိတ်ရိုက်နှက်သည့် အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သော်လည်း နှစ်ဖက်တပ်များက လက်နက်အသုံးပြုပစ်ခတ်ခြင်း လုံး၀မရှိခဲ့ပါဘူး။
========================
🚩🚩 ၂။ သိန်းခွန်းရွာဘက်ကို စစ်ကူသွားမယ့် စစ်ကောင်စီ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့
မတ်လ ၁ ရက်၊
Radio NUG
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့ကနေ သိန်းခွန်းရွာဘက်ကို စစ်ကူတက်လာတဲ့ စစ်ကောင်စီရဲ့ ခြေလျင်စစ်ကြောင်းနဲ့ ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ တောင်ပံနီ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲ ၁ နာရီခန့်မှာ တောလမ်းကနေ ထိုးတက်လာတဲ့ အဆိုပါ စစ်ကြောင်းကို တမုတ်ချုံးရွာအနီးတနေရာမှာ တနင်္သာရီမြို့နယ် (ပ.က.ဖ) ဇုန် (၄) အဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ အပြင်းအထန် ထိခိုက်မှုရှိခဲ့ကာ လက်နက်ခဲယမ်း တချို့ ကျန်နေခဲ့ပြီး ထိခိုက်သေဆုံးမှု အတိအကျကိုတော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။
ယခု စစ်ဆင်ရေးကို မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၂) နဲ့ တနင်္သာရီမြို့နယ် (ပကဖ) ဇုန် (၄) အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
========================
🚩🚩 ၃။ ခလယ်လွီထူခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် စာသင်ကျောင်းနဲ့ အရပ်သား နေအိမ် ၂ လုံး ထိခိုက်ပျက်စီး
မတ်လ ၁ ရက်၊
Radio NUG
ကရင့်အမျိုးသား အစည်းအရုံး၊ KNU ထိန်းချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် စာသင်ကျောင်း ၂ ဆောင် နဲ့ အရပ်သား နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် ညနေ ၄ နာရီ ၁၀ မိနစ်အချိန်မှာ ကျောက်တံခါးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့က ဖျံတလင်း ကျေးရွာထဲကို ဒရုန်းဖြင့် လာရောက်ပစ်ခဲ့ရာ အရပ်သား နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၆ ရက် နေ့လည် ၁ နာရီ ခန့်ကလည်း ဖျံတလင်း ကျေးရွာကို ဒရုန်းနဲ့ လာရောက်ပစ်ချခဲ့ရာ စာသင်ကျောင်းဆောင် ၂ လုံးနဲ့ ရေစင်၊ ခန်းမဆောင်၊ စတိုဆောင်တို့ ပျက်စီးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်ကလည်း စစ်ကောင်စီတပ်က ခင်တိုကျေးရွာကနေ ၁၂၀ မမ တစ်လုံး ပစ်ခတ်ခဲ့ရာ အရပ်သား နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
စစ်ကောင်စီက ခလွယ်လီထူ ခရိုင်၊ မူးမြို့နယ်၊ လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်ထဲက ကျေးရွာများကို နေ့စဉ် လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်နေတာကြောင့် အရပ်သား ပြည်သူများ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် နေထိုင်နေကြရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ တအာင်းပြည်တွင် ဖေဖော်ဝါရီလအတွင်း မိုင်းကြောင့် ကလေးငယ်အပါအဝင် (၈)ဦး သေဆုံး၊ (၆)ဦး ပြင်းထန်ဒဏ်ရာရရှိ
မတ် ၁
Radio NUG
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များတွင် ဖေဖော်ဝါရီလ တစ်လအတွင်း မိုင်းကြောင့် ကလေးငယ်အပါအဝင် (၆)ဦး သေဆုံး၊ (၈)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ထားပါတယ်။
ကွတ်ခိုင်မြို့နယ်၊ နမ့်ဆိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂ရက်တွင် ကလေးငယ် (၄)ဦးသည် ရေချောင်းတွင် ငါးသွားဖမ်းချိန် လက်လုပ်မိုင်းကိုနင်းမိကာ (၂)ဦး သေဆုံးခဲ့ပြီး (၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အတူ ဖေဖော်ဝါရီလ ၅ရက်လည်း နမ့်ခမ်းမြို့နယ်၊ ဟိုဆိုင်းကျေးရွာတွင် အသက် (၆၁)နှစ်အရွယ် ဦးစိုင်းငို့သည် ကြံခင်းအတွင်း ယခင်စစ်ကောင်စီထောင်ထားသည့်မိုင်းကို ခုတ်မိသောကြောင့် ပေါက်ကွဲပြီး ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ သီပေါမြို့လည်း ဖေဖော်ဝါရီလ ၆ရက်တွင် ဒေသခံအမျိုးသားတစ်ဦးမှ ယခင်စစ်ကောင်စီတပ်စခန်းချဖူးခဲ့သည့် မြရွှေဂူဘုန်းကြီးကျောင်းဘေးတွင် လက်ကျန်မိုင်းကိုတွေ့ရှိပြီး ကောက်ယူဆော့မိရာမှ ပေါက်ကွဲမှုဖြစ်ကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထို့အပြင် မုံးစီးမြို့နယ် ဆိုင်ခေါင်ကျေးရွာလည်း ကလေးငယ် (၂)ဦးသည် လက်ပစ်ဗုံးတစ်လုံးကို ကောက်ယူဆော့ရာမှ ပေါက်ကွဲကာ (၁)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁၁ရက်လည်း သီပေါမြို့နယ် ကုန်းစုံကျေးရွာတွင် ယခင်စစ်ကောင်စီတပ် ထောင်ထားသည့်မြေမြှုပ်မိုင်းကို နင်းမိပြီး ကလေးငယ် (၂)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ထိုကျေးရွာမှာပဲဖေဖော်ဝါရီလ ၂၁ရက်တွင်လည်း မိသားစုမှ ကောက်လာသည့် ဗုံးတစ်လုံးကို နေအိမ်အတွင်း ဆော့ကစားရာမှ ပေါက်ကွဲကာ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကော့နွဲ့ကျေးရွာ တိုက်ပွဲအတွင်း Special Operation Group - SOG မှ ရဲဘော် တစ်ဦး ကျဆုံး
မတ်လ ၁ ရက်၊
Radio NUG
ကော့ကရိတ် မြို့နယ်၊ ကော့နွဲ့ရွာ တိုက်ပွဲအတွင်း Special Operation Group - SOG စစ်ကြောင်းမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ တိုက်ပွဲစတင် ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီ ခန့်အထိ ၆ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကာ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၁၀ ဦး ထပ်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ကျဆုံးခဲ့ရသူဟာ Special Operation Group - SOG စစ်ကြောင်း၊ တပ်ခွဲ (၁) မှ ရဲဘော် ရန်နိုင်စိုး (ခ) CDM ရဲဘော် ဟင်္သာတ ဖြစ်တယ်လို့ သိရပြီး ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ သက်ပျောက်ဆွမ်းသွတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ကျဆုံးရဲဘော်ရဲ့ ကြိုးစားမှု အမိန့်နာခံမှု အနစ်နာခံမှု စွန့်လွှတ်မှုတို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ကြောင်း၊ တပ်ခွဲနဲ့ ညီနောင် ရဲဘော်ရဲဘက် အားလုံးက အသိမှတ်ပြု ဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။
အဆိုပါ တိုက်ပွဲမှာ Special Operation Group-SOG စစ်ကြောင်း၊ KNLA နဲ့ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ ပါဝင်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment