၂၀၂၅ မတ်လ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ CRPH နဲ့ NUG အလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိသူတွေ AAC-မဟာမိတ်ဂေဟာက ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို အားပေးစကားပြော
📌 ၂။ ထိန်းချုပ်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM တွေ လုံခြုံရေး ကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြင်ရေး ကော်မတီ တိုက်တွန်း
📌 ၃။ ICC က ဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင်ရုပ်ပုံတွေကပ်တဲ့ လှုပ်ရှားမှု ရန်ကုန်မှာလုပ်
========================
၂၀၂၅ ခုနှစ် မတ်လ ၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ဒဂုံ ၁၄၁ ရပ်ကွက်ရုံးကို ရန်ကုန်မြို့ပြအဖွဲ့တွေ ဖောက်ခွဲတိုက်ခိုက်
🚩 ၂။ မင်းလှမြို့နယ်မှာ မရှိဆင်းရဲသားတွေဆီကနေ စစ်မှုထမ်းကြေးတွေ အဓမ္မကောက်ခံနေတဲ့ ရာအိမ်မှူးကို ရှင်းလင်း
🚩 ၃။ သံတောင်ကြီးမြို့နယ်က သပြေညွန့်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
🚩 ၄။ ပေါင်းတည်မြို့နယ်မှာ ဆက်ကြေးတောင်းပြီး ပြန်လာတဲ့ မှတ္တိုင်နယ်မြေရဲစခန်းက နယ်ထိန်းရဲကို ပစ်ခတ်တိုက်ခိုက်
🚩 ၅။ တအာင်းပြည်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးသုံးစွဲသူ ၈၅ ဦးနဲ့ ရောင်းဝယ်သူ ၇ ဦး ဖမ်းဆီးနိုင်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ CRPH နဲ့ NUG အလုပ်သမားဝန်ကြီးဌာနကတာဝန်ရှိသူတွေ AAC-မဟာမိတ်ဂေဟာက ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို အားပေးစကားပြော
မတ်လ ၉ရက်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH - အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးဥက္ကာမင်းနဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ NUG အလုပ်သမားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ထွန်းဦးတို့ဟာ AAC-မဟာမိတ်ဂေဟာက ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို လာရောက်အားပေးစကားပြောခဲ့တယ်လို့ AAC မဟာမိတ်အဖွဲ့ ဒါရိုက်တာ ဦးခိုင်ကြီးက ပြောပါတယ်။
ဦးဥက္ကာမင်းနဲ့ဦးနိုင်ထွန်းဦးတို့ဟာ မနေ့ မတ်လ ၈ ရက်နေ့က AAC-မဟာမိတ်ဂေဟာက ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို လာရောက်အားပေး စကားပြောခဲ့တာလို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ ဖျက်မိန့်ကျထားတဲ့ AAC မဟာမိတ်အဖွဲ့ ဂေဟာကိုရောက်ရှိလာတဲ့ ဦးဥက္ကာမင်းနဲ့ဦးနိုင်ထွန်းဦးတို့က ဂေဟာမှာရှိနေတဲ့ မသန်စွမ်း အလုပ်
သမားတွေနဲ့ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့လုပ်သားတွေအပါအဝင် လုပ်ငန်းခွင်မှာသေဆုံးခဲ့သူတွေအတွက် နစ်နာကြေး စောင့်နေကြတဲ့ လုပ်သားတွေကို အားပေးနှစ်သိမ့်စကား ပြောကြားပြီး လက်ဆောင်ပစ္စည်းတွေနဲ့ ထောက်ပံ့အလှူငွေတွေ ပေးအပ်ခဲ့တယ်လို့ အသိပေးပါတယ်။
AAC ဂေဟာကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့မှာဖွှု့်လှစ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ထိုင်းအစိုးရရဲ့ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ DSI က တာဝန်ရှိသူတွေကိုယ်တိုင် လာရောက်ကာ ရုံးခန်းဖွင့်ပေးခဲ့ပေမယ့် အခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အပြီးပတ်သိမ်းဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ သိရပါတယ်။
AAC-ဂေဟာအတွင်းမှာရှိနေတဲ့ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရလုပ်သားတွေအတွက် အရေးပေါ် ပြောင်းရွေ့နေထိုင်ဖို့ စီစဥ်ချိန် မပေးတဲ့အပြင် ရုံးမှာအသုံးပြုနေတဲ့ရေကို ဖေဖော်ဝါရီလ ၂၈ ရက်မှာ နယ်မြေခံတာဝန်ရှိသူများအမိန့်နဲ့ လာပိတ်ခဲ့ တာရှိပါတယ်။
အခုလို ၁ဝ နှစ်ကျော်ကြာတည်ထောင်ထားတဲ့ အလုပ်သမားကူညီစောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ AAC ဂေဟာကို ဆက်ဖွင့်ခွင့်ရဖို့ AAC-မဟာမိတ်အဖွဲ့က အယူခံတင်ထားတယ်လို့ သိရပါတယ်။
========================
📌📌 ၂။ ထိန်းချုပ်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM တွေ လုံခြုံရေး ကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြင်ရေး ကော်မတီ တိုက်တွန်း
မတ်လ ၉ရက်
တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေ လုံခြုံရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်ပေးဖို့ CDM အောင်မြင်ရေးကော်မတီက တိုက်တွန်းလိုက်ပါတယ်။
အမျိုးသာညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ဦးဆောင်တဲ့ CDM အောင်မြင်ရေးကော်မတီက မတ်လ ၈ ရက်နေ့မှာ ကြရောက်တဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု ၄ နှစ်မြောက်နေ့မှာ ကြေညာချက်တစောင် ထုတ်ပြန် ပြီး တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
စစ်အာဏာရှင်တော်လှန်ရေး အခန်းကဏ္ဏအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေရဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာလုံခြုံရေး အာမခံချက်ရှိစေဖို့ မတရားစွပ်စွဲခံ ဖမ်းဆီးခံ သတ်ဖြတ်ခံခဲ့ကြရတဲ့ CDM တွေအတွက် တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါက်စေရေး ပြစ်မှုကျူးလွန်ခဲ့သူတွေ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ အလေ့အထကို အပြီးတိုင်ချုပ်ငြိမ်းစေဖို့နဲ့ တရားမျှတမှုရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်း CDM တွေဟာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ရုံတင်မဟုတ်ဘဲ ဒေသအသီးသီးမှာရှိတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေအပါအဝင် ပြည်သူလူထုနဲ့လက်တွဲပြီး တော်လှန်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍတွေဖြစ်တဲ့ လက်နက်ကိုင်ကဏ္ဍနဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍတွေဖြစ်တဲ့ ကြားကာလ ပြည်သူ့ အုပ်ချုပ်ရေးကဏ္ဍ လူသားချင်းစာနာထောက်ထားရေးကဏ္ဍ စတာတွေမှာ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ CDM အောင်မြင်ရေးကော်မတီကဆိုပါတယ်။
အခုလို ထိန်းချုပ်နယ်မြေတွေက အုပ်ချုပ်ရေးယန္တယားမှာ ပါဝင်ဆောင်ရွက်နေတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေဟာ စစ်တပ်ရဲ့ လေကြောင်းကနေတိုက်ခိုက်တာ နည်းမျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံနေရတာတွေကြောင့် နိုင်ငံ့ဝန်ထမ်း CDM တွေရဲ့ အသက်အန္တရာယ်နဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာအာမခံနိုင်မှုဟာ အလွန်စွာစိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့လည်း အသိပေးထားပါတယ်။
CDM အောင်မြင်ရေးကော်မတီအနေနဲ့ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ အမြန်ဆုံး အပြီးတိုင် ကျဆုံးချုပ်ငြိမ်း ပြီး စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့လက်တွဲပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်း CDM တွေဟာ အာဏာသိမ်းမှု ၄ နှစ်တာကာလ အတွင်း မိမိတို့ရဲ့ ရာထူး၊ အဆောင်အယောင်နဲ့ ရပိုင်ခွင့်တွေကို စွန့်လွှတ်ခဲ့ကြတဲ့အတွက် CDM မာတွေနဲ့ သူတို့မိသားစု တွေဟာ လုံခြုံရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး စတဲ့ ထိခိုက်နစ်နာမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
========================
📌📌 ၃။ ICC က ဝရမ်းထုတ်ထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတပူတင်ရုပ်ပုံတွေကပ်တဲ့ လှုပ်ရှားမှု ရန်ကုန်မှာလုပ်
မတ်လ ၉ရက်
နိုင်ငံတကာရာဇဝတ်ခုံရုံး - ICC က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ပူတင်တို့ရဲ့ ရုပ်ပုံတွေ ရန်ကုန်မြို့ နေရာအနှံ့မှာကပ်တဲ့ လှုပ်ရှားမှုတခု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother Y4B က ပြောပါတယ်။
အဲဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ နေရာအနှံ့မှာ ဒီနေ့ မတ်လ ၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
အကြမ်းဖက် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်တာနဲ့ အကြမ်းဖက်စစ်တပ်ကို ကြိုဆိုလက်ခံတဲ့ ရုရှားသမ္မတပူတင်တို့ရဲ့ ဖမ်းဝရမ်းပုံတွေနဲ့ ယူကရိန်းနဲ့အတူ မြန်မာပြည်သူတွေ အတူတကွရပ်တည်ကြောင်း ရန်ကုန်မြို့နေရာအနှံ့အပြားမှာ စာရွက်တွေ လိုက်ကပ်တဲ့ လှုပ်ရှားမှု ပြုလုပ်ဆောင်ရွက်ခဲ့တာလို့ Y4B အဖွဲ့က ထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင်နဲ့ ပူတင်တို့ရဲ့ ဓာတ်ပုံတွေပေါ်မှာ "WANTED" အလိုရှိသည်ဆိုတဲ့ စာသားရိုက်နှိပ်ထားပြီး ယူကရိန်းနိုင်ငံနဲ့ အတူ ရပ်တည်ပါတယ်ဆိုတဲ့ စာတွေပါတဲ့ စာရွက်တွေကို ရန်ကုန်မြို့နေရာအမှားအပြားမှာ ကပ်ခဲ့တာလို့ သိရပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ - Yangon 4 brother Y4B မှာပါတဲ့ LinnYaungNiYouth Organizatio - LYNYO၊ MayangoneDemocraticFront - MDF၊ KyimyindaingNetworks - KMD18 နဲ့ Owl Community တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ဒဂုံ ၁၄၁ ရပ်ကွက်ရုံးကို ရန်ကုန်မြို့ပြအဖွဲ့တွေ ဖောက်ခွဲတိုက်ခိုက်
မတ်လ ၉ရက်
ရန်ကုန်မြို့တော် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာရှိတဲ့ ၁၄၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို မနေ့ မတ်လ ၈ ရက် ည ၁၀ နာရီခန့်မှာ လက်ပစ်ဗုံး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army-YA အဖွဲ့က ပြောပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးဟာ လူမိုက်တွေနဲ့ပေါင်းပြီး ပြည်သူလူထုကို ဖိနှိပ်အနိုင်ကျင့် ဗိုလ်ကျနေတဲ့အတွက် YA နဲ့ အနောက်ပိုင်းခရိုင်-ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဒဂုံမြို့သစ်တောင်ပိုင်းမှာ မနေ့ညက ပေါက်ကွဲသံကြားတွေရတယ်လို့ ဒေသနေပြည်သူတွေကလည်း ပြောဆိုကြပါတယ်။
ရန်ကုန်တမြို့လုံး စစ်သားတွေခြေရှုပ်နေတဲ့အတွက် အုပ်စုဖွဲ့ပြီး ပြန်ပေးဆွဲနေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်တွေကို ခက်ခက်ခဲခဲတိုက်ခိုက်ခဲ့ရပြီး ထိခိုက်ဆေုံးမှုတွေရှိမှာသေချာသလောက်ရှိတယ်လို့ Yangon Army-YA အဖွဲ့က အသိပေးပါ တယ်။
အကြမ်းဖက်စစ်အာဏာရှင်မပြုတ်မခြင်း နောက်ထပ်ပစ်မှတ်ကြီးတွေကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့ YA က သတိပေးထားပါတယ်။
========================
🚩🚩 ၂။ မင်းလှမြို့နယ်မှာ မရှိဆင်းရဲသားတွေဆီကနေ စစ်မှုထမ်းကြေးတွေ အဓမ္မကောက်ခံနေတဲ့ ရာအိမ်မှူးကို ရှင်းလင်း
မတ်လ ၉ရက်
ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းမှာ မရှိဆင်းရဲသားတွေဆီကနေ စစ်မှုထမ်းကြေးတွေ အဓမ္မ ကောက်ခံနေတဲ့ ရာအိမ်မှူးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
မင်းလှမြို့နယ် ထန်းပင်ကုန်းအုပ်စု နတ်ထမင်းကျေးရွာမှာနေတဲ့ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂၊ တပ်ခွဲ၃ နဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး မနေ့ မတ်လ ၈ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။
တော်လှန်ရေးအဖွဲ့တွေဟာ ရာအိမ်မှူးဖြစ်တဲ့ အငယ်လေး (ခ) သက်နိုင်စိုးရဲ့ အိမ်ထဲအထိ ဝင်ရောက်ရှင်းလင်းခဲ့တာကြောင့် သေနတ်ကျည် ၃ ချက်ထိမှန်ပြီး သေဆုံးသွားတယ်လို့ အသိပေးထားပါတယ်။
ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုးဟာ စစ်မှုထမ်းကြေးဆိုပြီး မရှိနွမ်းပါးတဲ့ ဒေသနေပြည်သူတွေဆီက အတင်းအကြပ် ငွေကြေးကောက်ခံပြီး ငွေမပေးသူတွေကို စစ်တပ်ခေါ်ပြီး ဖမ်းခိုင်းတာ၊စစ်ကောင်စီထံ မမှန်သတင်းပေးပြီး ပြည်သူလူထုကို ဖမ်းခိုင်းတာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဂရုမစိုက်ဘူးဆိုပြီး စိန်ခေါ်နေတာတွေအတွက် အခုလို အရေးယူရတာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၂ ကလည်း ထုတ်ပြန်ထားပါတယ်။
ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုတွေရှိတဲ့နေရာကို သွားလာနေထိုင်တာမျိုး မလုပ်ကြဖို့ ဒေသတော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၃။ သံတောင်ကြီးမြို့နယ်က သပြေညွန့်စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ
မတ်လ ၉ရက်
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ သပြေညွန့်စစ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်မဟာ ၂ နယ်မြေမှာရှိတဲ့ သပြေညွန့် စစ်စခန်းကို မတ်လ ၇ ရက် နေ့လည် ၁ နာရီကစပြီး တိုက်ခိုက်ခဲ့ခဲ့ရာ မနေ့ မတ်လ ၈ ရက်နေ့မှာ သိမ်းပိုက်ရရှိခဲ့တယလို့ဆိုပါတယ်။
ဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်သား ၁ဝ ဦးထက်မနည်းသေဆုံးသွားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် စခန်းစွန့်ခွာထွက်ပြေး သွားတာကြောင့် စစ်ကောင်စီတပ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့လည်း အသိပေးပါတယ်။
သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်းတွေအရေအတွက်နဲ့ အမျိုးအစားတွေကိုတော့ အသေးစိတ်မသိရသေးဘူးလို့လည်း ပြောပါတယ်။
မနေ့က မနက် ၇ နာရီခွဲမှာ သပြေညွန့်တပ်စခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးကလည်း အတည်ပြုပါတယ်။
လက်ရှိမှာ KNLA နဲ့ PDF ပူးပေါင်းတပ်တွေဟာ သပြေညွန့်စခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ပေါင်းတည်မြို့နယ်မှာ ဆက်ကြေးတောင်းပြီး ပြန်လာတဲ့ မှတ္တိုင်နယ်မြေရဲစခန်းက နယ်ထိန်းရဲကို ပစ်ခတ်တိုက်ခိုက်
မတ်လ ၉ရက်
ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်း ရွာစဉ်လှည့်ကာ ဆက်ကြေးတောင်းပြီး ပြန်လာတဲ့ မှတ္တိုင်နယ်မြေရဲစခန်းက နယ်ထိန်းရဲတဦးကို ပစ်ခတ်တိုက်ခိုက်ပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြည်ခရိုင် တပ်ရင်း-၃၆၀၁ က ပြောပါတယ်။
မှတ္တိုင်နယ်မြေရဲစခန်းက နယ်ထိန်းရဲတပ်ကြပ်သိန်းလွင်ဆိုသူ ကျေးရွာတွေမှာ ဆက်ကြေးကောက်ပြီးပြန်လာတဲ့အချိန် မနေ့ မတ်လ ၈ ရက် နေ့လည် ၃ နာရီအချိန်မှာ တပ်ရင်း - ၃၆၀၁ တပ်ခွဲ ၅ က ရဲဘော်တွေ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သဲမဲရွာနဲ့ ကုန်းသာကျေးရွာကြားမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲတပ်ကြပ်သိန်းလွင်ဟာ တော်လှန်ရေးရဲဘော်တွေကို မြင်သွား တဲ့အတွက် မောင်းလာတဲ့ဆိုင်ကယ်ကိုရပ်ပြီး ဆည်ပေါင်ပေါ်ကနေခုန်ဆင်းသွားတာကြောင့် လိုက်လံပစ်ခတ်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ အသိပေးပါတယ်။
နယ်ထိန်းရဲတပ်ကြပ်သိန်းလွင် ထွက်ပြေးလွတ်မြောက်သွားပေမယ့် သူမောင်းလာတဲ့ဆိုင်ကယ်တစီး၊ လက်ပစ်ဗုံး ၃ လုံး၊ ကျည်မျိုးစုံ ၆ တောင့်၊ လက်ထိပ်တစုံ၊ ငွေကျပ် တသိန်း၃သောင်းနဲ့အတူ စာရွက်စာတန်းအချို့ သိမ်းယူနိုင်ခဲ့တယ်လို့ တပ်ရင်း - ၃၆၀၁ က ထုတ်ပြန်ထားပါတယ်။
နယ်ထိန်းတပ်ကြပ်သိန်းလွင်ဟာ မှတ္တိုင်နယ်မြေရဲစခန်းနယ်မြေမှာရှိတဲ့ ကျေးရွာအုပ်စုတွေမှာ အဓမ္မစစ်သားစုဆောင်းတာ ငွေကြေးချမ်းသာသူတွေကို ဖမ်းစီးချုပ်နှောင်ကာ ငွေတောင်းပြီး ပြန်လွှတ်တာတွေလုပ်ခဲ့တဲ့အပြင် သူကိုယ်တိုင်ဦးဆောင် ဖမ်းစီးပြီး ညှင်းပန်းနှိုပ်စက်တာကြောင့် သေဆုံးသူတွေနဲ့ ထောင်ချခံရသူတွေလည်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
ပြည်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ ပျူစောထီးတွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုရပ်တန်းက ရပ်ပြီး ပြည်သူလူထုနဲ့ အမြန်ဆုံးပူးပေါင်းဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီမှာ အလင်းဝင်ကြဖို့ ပြည်ခရိုင် တပ်ရင်း - ၃၆၀၁ က အသိပေး တိုက်တွန်းထားပါတယ်။
========================
🚩🚩 ၅။ တအာင်းပြည်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလအတွင်း မူးယစ်ဆေးသုံးစွဲသူ ၈၅ ဦးနဲ့ ရောင်းဝယ်သူ ၇ ဦး ဖမ်းဆီးနိုင်ခဲ့
မတ်လ ၉ရက်
ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလအတွင်းမှာ မူးယစ်ဆေး သုံးစွဲသူ ၈၅ ဦးနဲ့ ရောင်းဝယ်သူ ၇ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါတယ်။
နမ့်ခမ်း၊မိုးကုတ်၊ကွတ်ခိုင်၊ကျောက်မဲ၊နမ့်ဆန်နဲ့ မိုင်းယော်မြို့နယ်တို့ကနေ မူးယစ်ဆေးဝါးသုံးစွဲသူတွေနဲ့ ရောင်းဝယ်သူတွေကို ဖမ်းဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။
တအာင်းပြည်ရဲတပ်ဖွဲ့က နမ့်ခမ်းမြို့နယ်မှာ မူးယစ်ဆေးသုံးစွဲသူ ၂၇ ဦးနဲ့ ရောင်း၀ယ်သူ ၅ ဦး ဖမ်းဆီးရမိခဲ့ပြီး မိုးကုတ်မြို့ နယ်မှာ မူးယစ်ဆေးသုံးစွဲသူ ၂ ဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ အသိပေးပါတယ်။
ထို့အတူ ကွတ်ခိုင်မြို့နယ်မှာ မူးယစ်ဆေးသုံးစွဲသူ ၇ ဦး ဖမ်းဆီးနိုင်ခဲ့ပြီး ကျောက်မဲမြို့နယ်က မူးယစ်ဆေးသုံးစွဲသူ ၁၇ ဦးနဲ့ ရောင်းဝယ်သူ တဦး၊ နမ့်ဆန်မြို့နယ်က မူးယစ်ဆေးသုံးစွဲသူ ၂၃ ဦး၊ မိုင်းယော်မြို့နယ်မှာ မူးယစ်ဆေးသုံးစွဲသူ ၉ ဦးနဲ့ ရောင်းဝယ်သူတဦး ဖမ်းဆီးနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။
မူးယစ်ဆေးသုံးသူတွေနဲ့ရောင်းဝယ်သူတွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည် ရဲတပ်ဖွဲ့က အကျင့်စာရိတ္တပြုပြင်ရေးစခန်းကို ၆ လကြာ ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကြီးတဲ့သူတွေကို ထောင်မှာ ထိန်းသိမ်း မယ်လို့ သိရပါတယ်။
ပြီးခဲ့နတဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့က မူးယစ်ဆေးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း ၁၉၂၃ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်
No comments:
Post a Comment