(ရေနံချောင်းမြိုနယ်ရှိ ဈေးကျနေတဲ့ အပင်စိုက်ကုန်းကြက်သွန်ခင်းအနီးတွင် တောင်သူတစ်ဦးအားတွေ့ရစဥ်...)

 

(ရေနံချောင်းမြိုနယ်ရှိ ဈေးကျနေတဲ့ အပင်စိုက်ကုန်းကြက်သွန်ခင်းအနီးတွင် တောင်သူတစ်ဦးအားတွေ့ရစဥ်...)


အဆင်မပြေတဲ့ အညာမှာ သီးနှံဈေးတွေ တောက်လျှောက်ကျဆင်းနေပြီး တောင်သူတွေ ပိုပြီးကျပ်တည်းလာ 
ရွှေညာမောင်၊ Radio NUG မတ် ၂၈၊ ၂၀၂၅

လတ်တလော မကွေး၊ မန္တလေး၊ စစ်ကိုင်း စတဲ့ အညာဒေသမှာ ပဲစင်းငုံသီးနှံက စလို့ ကြက်သွန်၊ ကုလားပဲ စတဲ့ သီးနှံတွေမှာ ဈေးတွေ တောက်လျှောက်ကျဆင်းနေပြီး တောင်သူတွေမှာ အရှုံးပေါ်နေကြတာ ဖြစ်ပါတယ်။ ရေနံချောင်းမြို့နယ်မှ ကြက်သွန်စိုက် တောင်သူတစ်ဦးကတော့ အပင်စိုက်ကုန်း ကြက်သွန်တွေ ဈေးကျနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“အခုဈေးနဲ့ဆိုရင်တော့ မကာမိဘူး။ ရှုံးတာပေါ့။ ရာသီမကောင်းတော့ ဆေးဝါးကလည်း သုံးရတယ်။ လုပ်အားခကလည်း ကြီးတယ်။ ကုန်တွေကလည်း အထွက်လျော့တယ်။ ကုန်လျှော့တော့၊ ဈေးလျှော့တော့ တောင်သူ ရှုံးတာပေါ့။ ရာသီမကောင်းတာ၊ ဘယ်လို မကောင်းတာလဲ ဆိုတော့ နှင်းတွေ၊ ပြီးခဲ့တဲ့ရက်က နှင်းတွေ တအားကျတော့ ဆေးဝါးက တအားသုံးရတာ၊ နှင်းဆိုးကြီး မိလိုက်တာ တော်တော်ဆိုးသွားတယ်။ အဖျားတွေ ခြောက်ပြီး ဝါကျကုန်တာ” 
လတ်တလောမှာ အပင်စိုက်ကုန်း၊ ကြက်သွန်ဈေးတွေက တစ်ပိဿာကို ကျပ်ထောင့်တစ်ရာ လောက်သာ ရှိပြီး မျိုးဖိုး၊ ထွန်ခ၊ စက်ခ၊ ဒီဇယ်ဖိုး၊ မြေဆီဖိုးနဲ့ အလုပ်သမားခတွေနဲ့ တွက်ကြည့်မယ်ဆိုရင် တောင်သူတွေ အရှုံးပေါ်တဲ့ဈေး ဖြစ်ပါတယ်။
အပင်စိုက်ကုန်း ကြက်သွန်ပေါ်ချိန်မှာပဲ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက ကုလားပဲနဲ့အတူ ပဲကြီး၊ ပဲထောပတ်နဲ့ စားတော်ပဲတွေ ပေါ်ချိန်လည်း ဖြစ်ပါတယ်။ တောင်သူအများစု စိုက်ပျိုးကြတဲ့ ကုလားပဲကတော့ မျိုးဈေးက တစ်တင်းကို ကျပ်တစ်သိန်း ကျော်ပေးခဲ့ရပေမယ့်လည်း သီးနှံဈေးကတော့ ကျပ် ခုနစ်သောင်းကျော်သာ ရှိတဲ့အတွက် တောင်သူတွေ စားစရိတ်တောင်မရဘဲ အရှုံးပေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ စိုက်ပျိုးစရိတ် ကြီးမြင့်တဲ့အပြင် အခုနှစ်မှာ မိုးများလို့ စိုက်ချိန် နောက်ဆုတ်ခဲ့ရတဲ့အတွက် တစ်ဧက တင်းနှစ်ဆယ်လောက် ထွက်ရှိတဲ့ ကုလားပဲတွေ အထွက်နှုန်းထက်ဝက် ကျဆင်းခဲ့ပါတယ်။ ဒီအခြေအနေကို စကုမြို့နယ်မှ ကုလားပဲ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။
“ဒီနှစ် ရှုံးတာပေါ့ အစ်မ။ ဒီနှစ်က အရှုံးဆုံးပဲ။ ဘာနဲ့မှ မတူဘူး။ လုပ်နေကျမို့လို့သာ လုပ်နေရတာ။ အဓိက ဘယ်စရိတ်တွေကြောင့် ဘာကြောင့် ရှုံးရလဲဆိုတော့ စရိတ်တွေက ပေါင်းပြရင်လည်း အများကြီး၊ ရာသီကျတော့လည်း နောက်ကျတယ်။ အလုပ်သမားခရော အကုန်ရှုံးတယ်။ ပဲဈေးက ရှိမှ မရှိတာပဲလေ။ အလုပ်သမားခရော အကုန်ရှုံးတာ” 
ကြက်သွန်၊ ကုလားပဲနဲ့ ပဲစင်းငုံလို ဈေးအတက်အကျရှိတဲ့ သီးနှံတွေအပြင် အရည်အသွေးကောင်း စပါးဖြစ်တဲ့ ဧရာမင်းစပါးတွေလည်း စပါးတင်း တစ်ရာကို သိန်း ၄၀ ကနေ သိန်း ၂၅ အထိ ကျဆင်းနေပြီး ဝယ်သူ မရှိတဲ့အခြေအနေကို ရောက်လာပါတယ်။ စပါးနဲ့ အခြားသီးနှံတွေ ဈေးကျပြီး ဝယ်သူမရှိဖြစ်နေတဲ့ လက်ရှိအခြေအနေကို ပွင့်ဖြူမြို့နယ်မှ  တောင်သူတစ်ဦးက အခုလို သုံးသပ်ပါတယ်။ 
“ကျွန်တော်တို့ စပါးအနေနဲ့ကတော့ ဈေးကွက်ပျောက်နေတယ်။ တောင်သူတွေ စပါးရောင်းချင် တာကို ရောင်းလို့မရဘူး။ ဝယ်တဲ့လူ မရှိဘူး။ ကုန်ချောအဖြစ် ပြန်ပြီးတော့ ထုတ်လုပ်ရောင်းချမယ်ဆိုရင်လည်း ဒေသတိုင်းကို သွားလို့ လာလို့ မရဘူးပေါ့။ ဒေသတိုင်းကို သွားလို့ လာလို့မရတော့ ပြည်တွင်းမှာပဲ တစ်ပတ်လည်နေတော့ မြန်မြန်ဆန်ဆန် ကုန်ချောတွေ မထွက်တော့ တောင်သူတွေမှာ ဈေးကွက်ပျောက်နေတယ်။
စပါးကတော့ ဈေးကွက်ပျောက်နေတယ်။ သို့သော်လည်း ပဲအနေနဲ့ကတော့ ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးနှုန်းအရတော့ အင်မတန်တော့ နည်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စိုက်မိပြီးသား သီးနှံကို ခိုင်မာတဲ့ ဈေးကွက်ရှိရင်ပဲ တောင်သူက ဝမ်းသာတယ်ပေါ့နော်။ ဈေးနှုန်း ဆိုတာကတော့ ကာလပေါက်ဈေးအတိုင်း အဆင်ပြေသလို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ဥစ္စာတွေက ဈေးကွက်ပျောက်သွားတာမျိုးဆိုရင်တော့ သီးနှံတွေက တောင်သူတွေက ဒီသီးနှံတွေ ရောင်းချပြီးမှ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် ဈေးကွက်မပျောက်အောင် ပိုပြီးတော့ ဆောင်ရွက်စေချင်တာပါ” 
တောင်သူတွေက သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကို မိသားစု စိုက်ပျိုးစီးပွားအတွက်အပြင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံအောင် အခက်အခဲတွေကြားက စိုက်ပျိုးထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ကတော့ ဒီလုပ်ငန်းအပေါ်မှာ ကုန်စည်စီးဆင်းမှု မြန်ဆန်မှန်ကန်အောင် တစ်စုံတစ်ရာ တာဝန်ယူ စီစဥ်ဆောင်ရွက်တာမရှိဘဲ ထွက်သမျှသီးနှံကနေ နိုင်ငံခြားဝင်ငွေကို လက်ဝါးကြီးအုပ်ရယူနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မိုးကြိုနှမ်းသီးနှံ ပြီးရင် ဆက်တိုက်စိုက်ပျိုးသွားမယ့်် စပါး အပါအဝင် မိုးနှမ်း၊ မိုးမြေပဲနဲ့တူ အခြားသီးနှံတွေ ဆက်လက်စိုက်ပျိုးဖို့ တောင်သူတွေမှာ အခက်အခဲဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။
Share:

No comments:

Post a Comment