Showing posts with label Article. Show all posts
Showing posts with label Article. Show all posts

ပြီးခဲ့တဲ့ မတ်လ ဆန်းပိုင်း၊ ၂၀၂၅ ပဲတီစိမ်းရာသီမှာ ပဲတီစိမ်းသိမ်းဆည်းနေသူတစ်ဦးအား ခရမ်းမြိုနယ်တွင် တွေ့ရစဥ်...

 

အကြမ်းဖက်စစ်တပ် ရဲ့လူဖမ်း၊ ဆိုင်ကယ်ဖမ်းတာတွေကြောင့် ပဲတီစိမ်းတွေမှာ ဓာတ်ကြွင်းကိစ္စ အသိပညာပေးလုပ်ငန်းတွေလုပ်ကိုင်ဖို့ ခက်ခဲလာ

ကိုမြင့်သူ (Radio NUG) စက်တင်ဘာ ၁၆၊ ၂၀၂၅

အကြမ်းဖက်စစ်တပ်က ရန်ကုန်နဲ့ ပဲခူးနယ်စပ်မြို့နယ်တွေမှာ ပေါ်တာဆွဲတာ ဆိုင်ကယ်ဖမ်းဆီးတာတွေ ကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းမပါအောင် စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ အသိပညာပေးပွဲတွေကိုမလာနိုင်ကြတဲ့အတွက် အဲ့ဒီလုပ်ငန်းတွေဆောင်ရွက်ရာမှာ အခက်အခဲတွေဖြစ်လာပါတယ်။ ဒီအခြေနေကို ပဲတီစိမ်း ပြည်ပတင်ပို့သူတစ်ဦးကအခုလိုပြောပါတယ်။

“ ပွင့်ပွင့်လင်းလင်းပြောမယ်ကွာ အရင်တုန်းက ပညာပေးပွဲလုပ်လို့ရှိရင် တောင်သူတွေအများကြီး တက်တယ်။ အခု နောက်ပိုင်းကျတော့မတက်တော့ဘူး။ ဆိုင်ကယ်ဖမ်းတာနဲ့ ဆိုင်ကယ်တွေက မရှိတော့ တာနဲ့။ အဲ့ဒါ မျိုးနဲ့ကျတော့မတက်ကြတော့ဘူး။ ပွဲလုပ်မယ်ဆိုရင်တောင်မှ ဆိုင်ကယ်မဖမ်းစေရဘူး။ အာမခံတယ်။ ဖမ်းခဲ့လို့ ရှိရင်လည်း တာဝန်ယူပါတယ်ဆိုပြီးပြောမှ အဲ့အဆင့်ကဖြစ်သွားပြီ ” 

ပဲတီစိမ်းက စိုက်ဧက ၃သန်းနီးပါးရှိပြီး တရုတ်နိုင်ငံကို အများဆုံးတင်ပို့တဲ့သီးနှံလည်းဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ အီးယူနိုင်ငံတွေကိုလည်း တင်ပို့နေတာဖြစ်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်း ကန့်သတ်ချက်တွေမှာ ဖြေလျှော့မှုရှိခဲ့တဲ့ တရုတ်နိုင်ငံက ပြီးခဲ့တဲ့ ၂၀၂၅ ပဲတီစိမ်းရာသီမှာ မြန်မာနဲ့ အမည်ခံတရုတ်ကုမ္ပ ဏီ ၂၂ခုက တင်ပို့ခဲ့တဲ့ ပဲတီစိမ်းတန်ချိန်တစ်သောင်းကို အသုံးမပြုဖို့ တားမြစ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဓာတ်ကြွင်းမကျန်ဖို့ အသိပညာပေးလုပ်ငန်းတွေကိုဆောင်ရွက်ဖို့ အကြမ်းဖက်စစ်တပ်လက်အောက်ခံ စိုက်ပျိုးရေးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနကသာ အသည်းအသန်ပြင်ဆင်နေပေမယ့် ဆိုင်ကယ် ဖမ်းတာ၊ ပေါ်တာဆွဲတာ စတဲ့အခြေနေတွေကြောင့် တောင်သူတွေဟာ အသိပညာပေးပွဲတွေဆီ ရောက်မလာနိုင်ကြတာဖြစ်ပါတယ်။ ဒီအခြေနေတွေကို ပဲတီစိမ်းစိုက်ပျိုးသူတောင်သူတစ်ဦးကအခုလိုပြောပါ တယ်။


“ ဒီဘက်လောက်မှာ ဒီပိုးသတ်ဆေးဓာတ်ကြွင်းကျန်မှုတို့ဘာတို့ ကုမ္ပဏီပိုင်းကလည်း စပွန်ဆာတွေပေးပြီးတော့ စိုက်ပျိုးရေးဝန်ကြီးဌာနတို့နဲ့လုပ်တဲ့အခါကျတော့ တောင်သူက အဲ့ဒီသူတို့ လုပ်နေတဲ့ တောင်သူက စနစ်ကျလာတယ်။ စနစ်ကျလာပြီး ဒီဘက်ရောက်လာ၊ ပဲနှမ်းအသင်းကလည်း ကုန်သည်ကုမ္ပဏီပိုင်းကလည်း အဲ့ဒီဟာကို သိပ်ပြီးတော့ လိုက်မလုပ်တာလို့ ထင်တာပဲ။ ဟိုအရင် သုံးခွတို့ ဘာတို့မှာ GAP သင်တန်းကို တစ်ရက်၊ နှစ်ရက် အဲ့အချိန်မှာ တောင်သူကလည်း အများကြီး တက်တယ်။ တောင်သူကတစ်ရွာကို ထောင်ချီပြီးတက်တာမျိုးတွေရှိတယ်။ အခုနောက်ပိုင်းအဲ့ဒီဟာတွေကို သိပ်လုပ် တာမတွေ့ရတော့ဘူး ” 


ဒါကြောင့် ယခင်ပြည်သူ့အစိုးရလက်ထက် ၂၀၁၆ ခုနှစ်ကစတင်လုပ်ကိုင်ခဲ့တဲ့ သီးနှံ ကာကွယ်ရေးလုပ်ငန်းစဥ် တွေဖြစ်တဲ့ စိုက်ပျိုးရေးဆိုင်ရာအလေ့ကျင့်ကောင်းများဖြစ်တဲ့ GAP စနစ်ဟာ အကြမ်းဖက်စစ်တပ်လက် ထက်မှာလျော့လျဲလာသလို ဓာတ်ကြွင်းတွေလည်း ပြန်လည်တွေ့ရှိလာတာဖြစ်ပါတယ်။ ပဲတီစိမ်းဟာ တောင်သူအားထားတဲ့ ဝင်ငွေရသီးနှံတစ်ခုဖြစ်သလို ကမ္ဘာ့ပဲတီစိမ်းတင်ပို့မှုမှာလည်း မြန်မာ့ပဲတီစိမ်းက ထိပ်တန်းနေရာမှာရှိနေတဲ့ ဈေးကွက်ဝင်သီးနှံတစ်ခုဖြစ်ပေမယ့် ဓာတ်ကြွင်းပြသနာကြောင့် ဈေးကွက်ထိ ခိုက်မယ့်အရေးဖြစ်လာတာဖြစ်ပါတယ်။

“ ဈေးကွက်က ပစ္စည်းအရည်သွေးကောင်းရင် ဈေးကွက်ကရှိတယ်လေ။ ဒီပစ္စည်းအရည်အသွေး ကောင်းအောင်လုပ်ပေးရင် ဈေးကွက်ကကျတာမဟုတ်ဘူး။ ဟိုဘက်က ဈေးကျလို့ဖြစ်တာမဟုတ်ဘူး။ ဓာတ်ကြွင်းကြောင့်ဖြစ်တာလေ။ ဈေးကကျတာမဟုတ်ဘူး ” 

လတ်တလောတရုတ်ဈေးကွက်မှာ မြန်မာပဲတီစိမ်းတွေသတ်မှတ်ထားတဲ့ဓာတ်ကြွင်းပမာဏထက် ပိုပြီးပါ ဝင်လာတဲ့အတွက် မြန်မာပဲတီစိမ်းတင်ပို့မှုကို ကန့်သတ်လာပြီးတဲ့နောက် လာမယ့် နိုဝင်ဘာလ ပဲတီစိမ်းစိုက်ပျိုးရာသီမှာ ပဲတီစိမ်းစိုက်ပျိုးဖို့ မရေရာမသေချာဖြစ်လာစေမှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံနည်းတူ၊ ဂျပန်နဲ့ အီးယူနိုင်ငံတွေကလည်း မြန်မာပဲတီစိမ်းတွေဓာတ်ကြွင်းပါဝင်လာတာနဲ့ ပတ်သက်ပြီး သတိပေးလာတာတွေရှိနေပါတယ်။ တစ်နိုင်ငံလုံး ပဲတီစိမ်းစိုက်ဧက ၂၈သိန်းကျော်ရှိပြီး ပဲတီစိမ်းအပါအဝင်ပဲမျိုးစုံတင်ပို့မှုက အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ရရှိခဲ့တဲ့ ထိပ်တန်းသီးနှံအုပ်စုလည်း ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ရဲ့ လူဖမ်း၊ ဆိုင်ကယ်သိမ်းတဲ့ အကြမ်းဖက်လုပ်ရက်တွေက ဆင်းရဲတဲ့ကျေးလက်ဒေသတွေရဲ့ ဝင်ငွေရလမ်းတွေကို ပိတ်ဆို့လာသလို သီးနှံမျိုးစုံဈေးကျဆင်းလာတဲ့အ ပြင် ဈေးကွက်ရှိတဲ့သီးနှံတွေမှာလည်း ဓာတ်ကြွင်းတွေကြောင့် ရောင်းလို့မရတဲ့အခြေနေကိုရောက်ရှိလာ တာက အကြပ်တည်းတွေ ပိုပြီးဖြစ်လာစေမှာဖြစ်ပါတယ်။


#RadioNUGLocalNews

#SpringRevolution

Share:

တောင်ပြိုပြီးနောက် ကျောက်တုံးတွေ၊ သစ်လုံးတွေအပြည့်ဖြစ်သွားတဲ့ ပင်းတယမြိုနယ်၊ ကုန်းစောင်းကျေးရွာမြေအားတွေ့ရစဥ်.

 

ခရီးသွားဒေသရဲ့ သဘာဝဘေးအဖြစ်ဆိုး ကယ်သူမရှိဖြစ်နေ

ကိုမြင့်သူ (Radio NUG) ဩဂုတ် ၄၊ ၂၀၂၅

ဓနုလူမျိုးတွေ အများဆုံးနေထိုင်ပြီး‌ အေးချမ်းသာယာတဲ့ ပင်းတယမြို့လေးဟာ မြန်မာတစ်နိုင်ငံလုံးရဲ့ ခရီးသွားမြို့လေးတစ်မြို့ ဖြစ်ပါတယ်။ 

စိုက်ပျိုးရေးဟာ အဓိက အသက်မွေးလုပ်ငန်းဖြစ်ပြီး စပါးနဲ့ ဂျုံ ကစလို့ ပြောင်း၊ အာလူးနဲ့ ဟင်းသီးဟင်းရွက်တွေအပြင် ကမ္ဘာ့ဈေးကွက်ကြီးတဲ့ လက်ဖက်နဲ့ ကော်ဖီလို သီးနှံတွေ အောင်မြင်ဖြစ်ထွန်းတဲ့ဒေသ ဖြစ်ပါတယ်။ 

ပင်းတယမြို့ရဲ့ ရွှေဥမင်ဘုရား၊ ပုန်းတလုတ်ရေကန်နဲ့ တကုန်းတပြန့် အပြည့်ဖြည့်ထားတဲ့ စိုက်ခင်းတွေဟာ ပင်းတယရဲ့ ကမ္ဘာကျော် အမှတ်အသားတွေပဲ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာပဲ တောင်တန်းပေါ်မှာ လာဘ်ငွေပေးပြီး လုပ်ကိုင်လာတဲ့ သစ်ခုတ်လုပ်ငန်းတွေ၊ ကျောက်မီးသွေးရှာတဲ့ လုပ်ငန်းတွေ တစ်စတစ်စ များပြားလာခဲ့ပါတယ်။

ရွာမရှိတော့တဲ့ တောင်တန်းတွေပေါာမှာ ကျောက်မီးသွေးတူးဖို့ လမ်းတွေဖောက်ခဲ့ပြီး ဒီလမ်းတွေ ဖောက်တာကို ဒေသခံတွေက သဘောမတူခဲ့ဘူးလို့ ဆိုပါတယ်။ တကယ်တမ်း တောင်ပြိုလာတဲ့အခါမှာလည်း ကျောက်မီးသွေးတွေ ပါလာတဲ့အတွက် ဒေသခံတွေရဲ့ စိုးရိမ်မှုဟာ တကယ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ 

“တကယ် ဒုက္ခရောက်တော့မှာလေ၊ သူတို့ တူးတောင်မတူးရသေးဘူး။ လမ်းထိုးတာနဲ့တင် ရွာတွေက ဒုက္ခရောက်နေပြီ။ ပြောမယ်ဆိုရင် ဒီတောင်တန်းကလည်း ထွက်မယ်၊ မထွက်ဘူးဆိုတာ ပြောလို့ မရဘူး။ အဲဒါလုပ်လို့ရှိရင် ပန်းစစ်လည်း ခံရမယ်၊ ကြံခင်းမြောင်လည်း ခံရမယ်။ ကျွန်မတို့ အုံအက် လည်း ခံရမယ်၊ ကုန်းစောင်း၊ ပင်စိမ်းပင်၊ သိမ်ကုန်းခံရမယ်။ ပန်းစစ်၊ ပန်းအိုးကွဲ အဲဒီတောင်တန်းဒေသတွေ အကုန်လုံးခံရမယ်။ အဲဒီတေ့ာ တကယ်ပြောမယ်ဆိုရင် မလုပ်စေချင်ဘူး။ ပြီးတော့ လမ်းထိုးတာလည်း လုံးဝ သဘောမတူဘူး။ ကျွန်မတို့ သောက်သုံးရေယူတာလည်း အဲဒီ တောင်ကြားကပဲ ယူရတာ ဆိုတော့ မပေးချင်ဘူးပေါ့” 

ပင်းတယတောင်တန်းဟာ သစ်ခုတ်လုပ်ငန်းတွေကြောင့် ဟင်းလင်းပွင့်လာတဲ့ တောင်မြေတွေက တစ်နှစ်ထက်တစ်နှစ် များပြားလာခဲ့ပါတယ်။ ဒါ့အပြင် အဲဒီဒေသဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ဒဏ်ကို ခံစားခဲ့ရလို့ မပြုပြင်ရသေးတဲ့ ဘုရားစေတီတွေ ရှိနေသလို မိုးရေချိန်တွေ များလာတာကြောင့်လည်း ဟင်းလင်းပွင့်လာတဲ့ တောင်မြေတွေမှာ ရေစိမ့်ဝင်မှု များလာပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက် ညသန်းခေါင်အချိန်မှာ ပြင်းထန်တဲ့တောင်ပြိုမှု ဖြစ်ပွားခဲ့ပါတယ်။ 

ပန်းစစ်၊ ကြံခင်းမြောင်ကစလို့ ပင်စိမ်းပင်၊ ကုန်းစောင်း၊ သိမ်ကုန်းနဲ့ အုံအက်ကျေးရွာတွေမှာ မြေပြိုမှုကြောင့် လူသေဆုံးတာ၊ အိုးအိမ်ပျက်စီးတာနဲ့ အဓိက အသက်မွေးလုပ်ငန်းဖြစ်တဲ့ သီးနှံစိုက်ပျိုးတဲ့ လုပ်ငန်းတွေ ပျက်စီးခဲ့ရပါတယ်။ 

ရွာတွေနဲ့ စိုက်ခင်းမြေတွေထဲကို တောင်ပေါ်ကကျလာတဲ့ သစ်တုံးကြီးတွေ၊ ကျောက်တုံးကြီးတွေ ပြန့်ကျဲသွားခဲ့ပြီး လူတွေ နေထိုင်ဖို့ ခက်ခဲတဲ့ နေရာအဖြစ် တခဏအတွင်း ပြောင်းလဲသွားခဲ့ပါတယ်။

“လုပ်စားဖို့ မရှိဘူး။ နောက်တစ်နှစ်တာအတွက် မတွေးတတ်တော့ဘူး။ ဘာမှလည်း မရှိတော့ဘူး။ ပျက်စီးကုန်တယ်။ ကျွန်မတို့ခြံလည်း ကျောက်တောင်ဖြစ်သွားပြီ။ ကျောက်တုံး၊ သစ်တုံး အကြီးကြီးတွေ၊ ဖြတ်လည်း မဖြတ်နိုင်ဘူး။ ဘတ်ဖိုးနဲ့ ကော်ရမယ်။ အဲဒီလိုမျိုး ဖြစ်သွားပြီ။ ဘတ်ဖိုးနဲ့ လုပ်မှ၊ စက်တွေနဲ့ ဖြတ်မှ၊ အဲဒါတောင် လုပ်စားဖို့က ရွံ့ကအထပ်ထပ်နဲ့ဆိုတော့ ပျက်စီးသွားတော့ နောက်တစ်နှစ် စားဖို့ရာက ထည့်တွေးရဲတော့ဘူး” 

တောင်ပြိုရာလမ်းကြောင်းတလျှောက်ရှိ ကြံခင်းမြောင်ရွာကစလို့ ပင်စိမ်းပင်၊ ကုန်းစောင်း၊ သိမ်ကုန်းနဲ့ အုံအက်ကျေးရွာတွေမှာ တောင်ပြိုမှုကြောင့် ကုန်းစောင်းကျေးရွာမှာ လူ ၇ ဦး သေဆုံးပြီး၊ တစ်ဦး အလောင်းပြန်မရဘဲ ၂ ဦးကတော့ ဒဏ်ရာရခဲ့ပါတယ်။ ဒါ့အပြင် နေအိမ် ၂၇ လုံး ပျက်စီးခဲ့ပြီး အုံအက်ကျေးရွာမှာတော့ နေအိမ် ၃ လုံး ပျက်စီးခဲ့ပါတယ်။ သိမ်ကုန်းကျေးရွာဟာ လူနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိဘဲ သီးနှံစိုက်ခင်းတွေ ပျက်စီးခဲ့ပေမယ့် သဘာဝဘေးဒဏ်ခံရတဲ့ အခြားကျေးရွာသားတွေကို သိမ်ကုန်း ဘုန်းတော်ကြီးကျောင်းမှာ လက်ခံ ကျွေးမွေးထားတာ ဖြစ်ပါတယ်။ ဒီလိုကူညီဖို့အတွက် မစိုက်ရသေးတဲ့ စပါးခင်းတွေကို ၅ ရက် နောက်ဆုတ်ထားပြီး သဘာဝဘေးဒဏ် ခံစားရတဲ့ ရွာနီးနားချင်း မိသားစုဝင်တွေကို ကူညီဖို့ သဘောတူထားကြတာ ဖြစ်ပါတယ်။ 

သဘာဝဘေးအန္တရယ်ဖြစ်ပွားရာနေရာကို လာရောက်ကြည့် ရှုတဲ့ အခြားရွာသားတစ်ဦးကတော့ အခုလို ပြောပါတယ်။ 

 “ကျွန်တော်တို့က ဒီဘက်မှာတော့ ကိုယ့်ရွာလိုပဲ ခံစားရတာပေါ့။ ဒီလိုဖြစ်သွားတာ တစ်ခါမှ မကြုံဖူးဘူးလေ။ ကိုယ့်စိတ်ထဲမှာလည်း မကောင်းဘူး။ သနားလည်းသနားကြတာပေါ့။ ဒီလိုဖြစ်သွားတာကို ကျွန်တော်တို့ မသိဘူး။ ကျွန်တော်တို့ သိတာက မိုးည ဆယ်နာရီအချိန်မှာ ကျွန်တော်တို့ မအိပ်သေးဘူး။ တောင် အော်ပြီးမှ ကျောက်တုံး ဆင်းလာတာ။ ကျွန်တော်တို့ ကြားတာ။ ကုန်းစောင်းဘက်မှာ တအားအော်နေတာ၊ ကျွန်တော်တို့ မအိပ်ဘူး။ မိုးကလည်း တအားရွာ၊ တစ်မျိုးမျိုးတော့ လာမှာပဲ ဆိုပြီးတော့ ကျွန်တော်တို့နားမှာလည်း ရေတအားကြီးတာ။ ဧကပေါင်း နှစ်ရာကျော် ပျက်စီးတယ်။ စိုက်ထားပြီးသား အကုန်ပျက်စီးတယ်။ ဒါက ဝမ်းနည်းစရာပဲ။ တောင်သူတစ်ဦးမှာ သိန်း လေး ငါး ခြောက်ဆယ် ကုန်ပြီးမှ အရင်းနှီးခံပြီး လုပ်ထားတာ။ ဒီဘက်တွေ အိမ်တွေ ပြိုပျက်ပြီးတော့မှ တချို့လည်း အသက်တွေပါကုန်တာ ဝမ်းနည်းတယ်လေ”

တောင်တန်းပေါ်မှာ မြေပြိုသလို တောင်ခြေမှာရှိတဲ့ ပင်းတယမြို့နယ်အတွင်းမှာလည်း အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ကံ့ကော်တော ကျောင်းရေထွက်ဟာ အဆမတန် ရေများလာပြီး အခုနှစ်မှာလည်း မနှစ်ကထက် ရေပိုများလာသလို ရေထွက်ရက်လည်း ပိုများလာလို့ အဲဒီရေတွေစီးဝင်ရာ ပုန်းတလုတ်ကန်ရေ မြင့်တက်လာသလို ပင်းတယမြို့ထဲက နေအိမ်အချို့ ရေနစ်မြုပ်လာပါတယ်။ ဒါ့အပြင် အမြင့်ပိုင်းက အိမ်တွေမှာလည်း အိမ်ထဲ ရေဝင်တာ ကန်မြောက်ဘက်အခြမ်းရှိ ဈေးပိုင်းအရပ်ထဲကိုလည်း ရေတွေ စတင်ဝင်ရောက်လာပြီး သွားလာရေးတွေ ခက်ခဲလာတဲ့ ဘေးဒုက္ခကို စတင်ခံစားလာရပါတယ်။ 

ဒါ့အပြင် ဇော်ဂျီမြစ်ဖျားခံရာ ဇော်ဂျီရေထွက်ကလည်း အရင့်အရင်နှစ်တွေကနဲ့မတူ၊ ရေများလာလို့ ပင်းတယမြို့မြောက်ဘက်အခြမ်းရှိ သီးနှံစိုက်ခင်းတွေမှာ နုန်းရေနစ်မြုပ် ဖုံးလွှမ်းလာပြီး ပျက်စီးဆုံးရှုံးလာပြီ ဖြစ်ပါတယ်။ 

ဒီအခြေအနေကို ဝမ်းစာစပါးအပြင် သီးနှံစိုက်ပျိုးသူတောင် သူတစ်ဦးက အခုလို ပြောပါတယ်။ 

“လောလောဆယ်က စပါးတွေပေါ့။ စပါးတွေ စိုက်ထားတော့ စပါးတွေ ဆုံးတယ်၊ ငရုတ်ပွတွေ၊ ခရမ်းချဥ်တွေလည်း ဆုံးတယ်။ ဟိုးဘက်မှာ ချောင်းရှိသေးတယ်။ ဆန်ရေက ကုန်းတောက ခရမ်းချဥ်တွေ၊ ငရုတ်ပွတွေ ပါကုန်တာ။ ရေမြုပ်ကုန်တာ။ ခုနှစ်ကပိုဆိုးနေတာ။ ခါတိုင်းက ၃ နှစ် တစ်ကြိမ်၊ ၅ နှစ် တစ်ကြိမ် အဲဒီလို လာတာ။ ဒီနှစ်တွေက ပိုဆိုးလာတာ။ ကြာလေဆိုးလေ ဖြစ်လာတာ။ သီးနှံဆုံးရှုံးမှုက များလာတယ်။ ရေက အတက်ကြာသွားရင် မရတော့ဘူး။ နုန်းတွေ ဖိပြီး ပျက်စီးကုန်တာ။ အပင်တွေ ပေါက်ပြီးတော့၊ ခါတိုင်းက တက်ပြီးရင်ကျသွားတာ။ ခုက ၃၊ ၄ ရက်မကဘူး။ ၄၊ ၅ ရက်ရှိပြီ ရေတင်တာ။ ခါတိုင်းက တစ်ရက်၊ နှစ်ရက် တက်ပြီးရင် ပြန်ကျသွားတာပါ။ အဲဒီလောက် ပျက်စီးမှု မရှိဘူး။ ခုနှစ်က ပိုဆိုးတယ်” 

အကြမ်းဖက်စစ်တပ်ဟာ သဘာဝဘေးခံစားရတဲ့ ဒေသခံတွေကို အသင့်စားစရာနဲ့ ရေအနည်းငယ်သာ ပေးဝေနိုင်ပြီး အများပြည်သူ အားကိုးရလောက်တဲ့ ယုံကြည်မှုမျိုး မပေးနိုင်ခဲ့ပါဘူး။ 

ဒါကြောင့် သာယာအေးချမ်းခဲ့တဲ့ ပင်းတယဒေသက သဘာဝဘေးဒဏ် ခံစားနေရတဲ့ ရိုးသားတဲ့ တောင်ပေါ်တိုင်းရင်းသားတွေဟာ ကျောက်တုံးကြီးတွေနဲ့ သစ်လုံးတွေ ပြည့်နေတဲ့ ရွာမြေနဲ့ ခြံမြေတွေကို ပြုပြင်ဖယ်ရှားဖို့ မတတ်နိုင်သလို ရွာကိုပြောင်းရွှေ့ရမယ့် စရိတ်စကတွေလည်း မရှိရှာတဲ့အတွက် စားဝတ်နေရေးအတွက် ရတက်မအေးနိုင်အောင် ဖြစ်နေရပါတယ်။ 

ဒီသတင်းကို ကိုမြင့်သူက ပေးပို့ထားတာ ဖြစ်ပါတယ်။

Share:

တောင်ပေါ်မြေပြန့်နယ်ချင်းဆက်နေတဲ့ ကျွဲတပ်ဆုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွင် တန်းစီစောင့်ဆိုင်းနေတဲ့ သီးနှံတင်ဆောင်လာသော ယာဥ်များအား ပြီးခဲ့တဲ့ ဩဂုတ်လဆန်းပိုင်းက တွေ့ရစဥ်

 

အကြမ်းဖက်စစ်တပ်ဂိတ်များ တရားမဝင် ငွေကြေးတောင်းခံမှုကြောင့် ကုန်ကားများ အခက်အခဲဖြစ်လာပြီး ကုန်ဈေးနှုန်းလည်းမြင့်မားလာ

ကိုမြင့်သူ (Radio NUG) ဩဂုတ် ၄၊ ၂၀၂၅


အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တစ်နိုင်ငံလုံးကို ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့အတွက် နိုင်ငံတဝန်း ကုန်စည်စီးဆင်းမှုတွေဟာ ပိုပြီးခက်ခဲလာသလို ကုန်ကျစရိတ်တွေလည်း ပိုပြီးများပြားလာတာ ဖြစ်ပါတယ်။ 

ရှမ်းပြည်နယ် တောင်ပေါ်ဒေသနဲ့ မြေပြန့်ဒေသအဆင်းက ကျွဲတပ်ဆုံဂိတ်မှာ ကုန်စိမ်းကား အများအပြား တန်းစီနေရပြီး တရားမဝင် ငွေကြေးပေးဆောင်နေရတဲ့ အခြေအနေကို ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက အခုလို ပြောပါတယ်။ 

“ကျွန်တော်တို့ မကွေး၊ အောင်ပန်း အသွားအပြန်ဝိတ်ပါရင် ခြောက်သောင်း၊ ခုနစ်သောင်းလောက် ကုန်တယ်။ ဆန်ဆို ပိုပေးရတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း မျောစာတွေ ဘာတွေ အကုန်ပါတယ်။ ဒါပေမဲ့ မဆိုင်ဘူး။ ကျန်တာဆို တစ်ထောင်ပဲ ပေးရတယ်။ နှမ်းတို့၊ ပဲတို့ဆိုရင်” သီးနှံပို့ကုန်လုပ်ငန်းတွေမှာ ဆန်၊ ပဲ၊ ပြောင်းထက် ကုန်စိမ်းသီးနှံတွေမှာ ကုန်ကျစရိတ်တွေ မြင့်တက်လာသလို စစ်ဆေးရေးဂိတ်တွေမှာ အချိန်ကြာမြင့်စွာ တန်းစီရတာတွေကြောင့်လည်း ပျက်စီးဆုံးရှုံးရတာတွေလည်း ရှိနေပါတယ်။ ဒါ့အပြင် ဂိတ်တွေမှာ တရားမဝင် ငွေကြေးပေးဆောင်ရတာတွေ ရှိသလို နာနတ်သီး တောင်းယူတာတွေလည်း ရှိနေပါတယ်” 

ဒီအခြေအနေကို သီပေါမြို့နယ်မှ နာနတ်သီးတင်ပို့သူတစ်ဦးက အခုလို ပြောပါတယ်။ 

“တစ်လုံးပေါ့။ တစ်လုံးပဲပေါ့။ တချို့ကျ လက်ဖက်ရည်ဖိုး နှစ်ထောင်၊ သုံးထောင်ပေါ့။ ကျွန်တော်တို့က မန်းလေး ရန်ကုန် ပေးရတာ၊ ရှစ်သောင်း။ တစ်သိန်းတော့ ကုန်တယ်။” 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး စီးပွားရေးကျဆင်းလာပြီးတဲ့နောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်မှာ တိုင်းပြည်စီးပွားရေးဟာ အဘက်ဘက်က ချည့်နဲ့လာတာ ဖြစ်ပါတယ်။ 

ဒီအခြေနေကို ကမ္ဘာ့ဘဏ်ကလည်း သုံးသပ်တွေ့ရှိထားပေမယ့် နိုင်ငံသားအများစု မှီခိုနေကြတဲ့ အခြေခံကျတဲ့ သီးနှံစိုက်ပျိုးရေလုပ်ငန်းမှာလည်း စိုက်ပျိုးစရိတ် အရင်းအနှီးတွေ ကြီးမားပြီး သီးနှံဈေးက မတည်ငြိမ်ပေမယ့် ဘူးလေးရာ ဖရုံဆင့် ဆိုသလို သီးနှံပို့ဆောင်ရေးလုပ်ငန်းတွေမှာလည်း အကြမ်းဖက်စစ်တပ်က တရားမဝင်ငွေကြေး တောင်းခံတာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီသတင်းကို ကိုမြင့်သူက ပေးပို့ထားပါတယ်။

Share:

တောင်ကျရေတွေထိုးဆင်းလာပြီးတဲ့နောက် ပင်ကြွင်းပင်ကျန်တွေဖုံးလွှမ်းသွားတဲ့အခြေနေအား ဒေသခံ မီဒီယာများက ဖော်ပြထားစဥ်

 

ပင်းတယဒေသမှာ မကြုံဖူးတဲ့တောင်ကျရေကြောင့် နေအိမ်တွေပျက်စီးပြီး လူ ၈ဦးသေဆုံးကာ စိုက်ခင်း တွေလည်းအများအပြားပျက်စီးခဲ့ပြီး အကူညီတွေလိုအပ်နေ

သတင်း -  ခွန်ရဲနီ ၊ Radio NUG ဇူလိုင် ၃၁၊ ၂၀၂၅

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့ညသန်းခေါင်အချိန်မှာ တောင်ကျရေရုတ်တရက်ထိုးဆင်းလာပြီး လူနေ အဆောက်အအုံတွေ၊ လက်ဖက်ခင်းတွေ၊ ကော်ဖီခင်းတွေကို တိုက်စားထိုးဆင်းခဲ့လို လူအသေပျောက်ရှိခဲ့ သလို ပျက်စီးဆုံးရှုးတာတွေလည်းရှိနေပါတယ်။ ဒီအခြေနေကို ပင်းတယ ဒေသခံတစ်ဦးက အခုလိုပြော ပါတယ်။ 

“ သဘာဝအရရေစုမိတဲ့နေရာဖြစ်မှာပါ။ ဘာဖြစ်လိုလည်းဆိုတော့ ကန်တွေဘာတွေလည်း အဲ့ လောက်မကြီးဘူး။ အဲ့ဒါကြီးက ပေါက်ကွဲသလို အသံကြားပြီးရေက ထိုးဆင်းလာတာ။ ထိုးဆင်းလာပြီး တော့ ပုံမှန်အတိုင်းချောင်းတစ်ခုကနေ အဲ့ချောင်းကလည်းကျောက်တုံးတွေ သစ်ပင်ပြိုတာတွေနဲ့ ပိတ်မိ နေပြီးတော့ လမ်းကြောင်းက မထင်တဲ့နေရာတွေပေါ့။ ချောင်းဘေးမဟုတ်တဲ့ တစ်ခြားအိမ်တွေလည်း ရေ ထိုးဆင်းတဲ့နေရာတွေရှိသွားတာပေါ့ ” 

လောလောဆယ်မှာ အိမ်ဆယ်လုံးလောက်ထိခိုက်ပျက်စီးသွားသလို ချောင်းရေနဲ့မျောပါသွားတဲ့ လူ ၃ ဦးကိုလည်း အသက်ရှင်ရက်ပြန်တွေ့ခဲ့ပါတယ်။ လောလောဆယ် ပျက်စီးသွားတဲ့ ကော်ဖီခင်းတွေအတွက် ပြန်လည်စိုက်ပျိုးဖို ပြင်ဆင်နေကြသလို ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက်လည်း ရာသီမှီသေးလို ပြန် လည်စိုက်ပျိုးဖို ပြင်ဆင်နေကြပါတယ်။ ပျက်စီးသွားတဲ့အိမ်တွေ၊ ဆိုင်ကယ်တွေနဲ့ သေဆုံးနစ်နာခဲ့သူတွေ အတွက် အကူညီပေးမယ့်အစီစဥ်တွေတော့ မရှိသေးပါဘူး။

ပင်းတယဒေသရေကြီးတောင်ပြိုမှုမှာ မြိုအထွက်မြောက်ဘက်အခြမ်းရှိ ကုန်းစောင်း၊ သိမ်ကုန်း၊ ရွှေပုထိုး၊ ညောင်ကောက်စတဲ့ကျေးရွာတွေမှာ သဘာဝဘေးဒဏ်ကြောင့် ထိခိုက်ခဲ့ရတာဖြစ်ပါတယ်။

ပင်းတယဒေသဟာ တောင်ပေါ် တောင်အောက် တိုင်းရင်းသားမျိုးစုံနေထိုင်တဲ့ဒေသဖြစ်ပြီး စိုက်ပျိုးရေး လုပ်ငန်းနဲ့အဓိက အသက်မွေးကြတာဖြစ်ပါတယ်။ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စိုက်ပျိုးရေးလုပ်ငန်း ကိုလုပ်ကိုင်လာကြပြီး သီးနှံဈေးကွက်မခိုင်မာတာ၊ အထွက်နှုန်းနဲ့အရည်အသွေးကောင်းမွန်အောင်ဆောင် ရွက်နိုင်တဲ့ နည်းပညာချိုတဲ့တာကြောင့် မူလတောင်ယာခင်းတွေနဲ့ စိုက်ပျိုးစားသောက်ဖို မလောက်င တော့ပဲ တောင်ယာတွေကို ချဲ့ထွင်လာတာကလည်း  သစ်တောတွေပြုန်းစေပြီး သဘာဝဂေဟစနစ်ကို ပျက်စီးလာစေတာဖြစ်ပါတယ်။ ဒါကြောင့် ပင်းတယဒေသမှာ ၃ရက်၊ ၃ညတိုင်တိုင် မိုးအဆက်မပြတ်ရွာ သွန်းပြီးတဲ့နောက် တောင်ပြို၊ ရေကြီးလို နေအိမ်တွေပါ ပျက်စီးလာပြီး လူထိခိုက်သေဆုံးတဲ့အထိဖြစ်လာ တာဖြစ်ပါတယ်။

Share:

အကြမ်းဖက်စစ်ခေါင်းဆောင်ကြောင့် အာဇာနည်နေ့ဟာ ဟန်ပြအခမ်းနားဖြစ်လာ



အကြမ်းဖက်စစ်ခေါင်းဆောင်ကြောင့် အာဇာနည်နေ့ဟာ ဟန်ပြအခမ်းနားဖြစ်လာ

ကိုမြင့်သူ Radio NUG ဇူလိုင် ၂၀၊ ၂၀၂၅

အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်စစ်ခေါင်း ဆောင် အာဇာနည်ကုန်းကိုတက်ရောက်လာတဲ့အတွက် ရန်ကုန်မြို့ထဲ လုံခြုံရေးတင်းကြပ်ထားလို့ တစ်နိုင်ငံလုံးဝမ်းနည်းကြေကွဲရတဲ့ အာဇာနည်နေ့မှာ အများ ပြည်သူတွေ လွတ်လပ်စွာဂါရဝပြုသွားလာနိုင်ဖို့အခက်အခဲဖြစ်လာပါတယ်။ 

မဟာဗန္ဓုလလမ်းနဲ့ ကုန် သည်လမ်း ကြားမှာတော့ လုံခြုံရေးတင်းကြပ်လို့ ရှင်းလင်းနေတဲ့လမ်းမှာ ကိုရီးယားယဥ်ကျေးမှုကို မှီငြမ်းထား တဲ့အကအဖွဲ့တစ်ဖွဲ့ကတော့ အကတိုက်နေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ ရန်ကုန်မြို့က အာဇာနည်ဗိမ္မာန်၊ ဝန်ကြီးများရုံးနဲ့၊ နတ်မောက်လမ်းရှိ ဗိုလ်ချုပ်ပြတိုက်တွေမှာ အကြမ်းဖက်စစ်တပ်လက် အောက်ခံ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်၊ ကောလိပ်အသီးသီးက ကျောင်းသားတွေကို ကြိုပို့ကား တွေနဲ့ ဟန်ပြပရိသတ်လုပ်ထားပြီး အာဇာနည်တို့ရဲ့ ဂုဏ်ရည်ကိုလျှော့ကျအောင် ပြုလုပ်နေတာဖြစ်ပါ တယ်။ လုံခြုံရေးအရ တင်းကျပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ အာဇာနည်ခေါင်းဆောင်ကြီးများကို ဂါရဝပြု ဖို့နဲ့ အာဇာနည်စိတ်ဓာတ်ကိုလက်ဆင့်ကမ်းဖို့ သတိတရရှိနေတဲ့ မိခင်ကောင်းဖခင်ကောင်းတွေကတော့ သားသမီးတွေကို အာဇာနည်နေ့အကြောင်းပြောပြဖို့ ဝန်ကြီးများရုံးကိုရောက်ရှိလာခဲ့ပါတယ်။

“အထဲမှာတွေ့ရတာတော့ လုပ်ကြံခံရတဲ့ အခန်းတွေ၊ အစုံပါပဲ။ သူတို့ပြထားတာလေ။ လိုက်ပြဖြစ်တဲ့ ရည် ရွယ်ချက်က ကလေးတွေသိအောင်လို့ပေါ့ဗျာ။ ကျွန်တော်တို့က ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဒီနေ့ဒီလိုနေရာ မှာ လုပ်ကြံခံရတယ်။ မြန်မာပြည်ရဲ့ အထင်ရှားဆုံးပုဂ္ဂိုလ်ဆိုတော့လေ။ ကျွန်တော်တို့ခလေးတွေသိ အောင်လိုက်ပြပေးတာ ” 

ရှေးယခင်နှစ်တွေက အခုလို အာဇာနည်နေ့မှာ ရွှေတိဂုံဘုရားဖူးရင်း မြောက်ဘက်စောင်းတန်းက ဆင်း ကာ အာဇာနည်ဗိမ္မာန်ကိုသွားရောက်ဂါရဝပြုကြပေမယ့် အခုနှစ်မှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင် ရောက်ရှိလာလို့ ဘုရားပေါာ အတက်ဆင်းများတဲ့အရှေ့ဘက်မုခ်ကိုပိတ်ထားသလို အာဇာနည်ဗိမ္မာန်နဲ့ အနီးဆုံးမှာရှိတဲ့ မြောက်ဘက်မုခ်ကိုလည်း ပိတ်ထားခဲ့ပါတယ်။ အာဇာနည်ဗိမ္မာန်ကို ဝင်ရောက်ဂါရဝပြုဖို့ အတွက် လင့်ခ်လမ်းထိပ်၊ အာဇာနည်ကုန်းအတက်မှာ ဂိတ်ချထားပေမယ့် ကိုယ်ရေးအချက်အလက်တွေ ကိုအသေးစိတ်စစ်ဆေးတာကြောင့် အများပြည်သူတွေလာရောက်ဖို့အခက်အခဲဖြစ်ခဲ့ပါတယ်။ အာဇာနည် နေ့မှာ မောင်ငယ်၊ ညီမငယ်တွေကို ရွှေတိဂုံဘုရားလိုက်ပို့ခဲ့တဲ့ အမျိုးသမီးငယ်တစ်ဦးကတော့ အာဇာနည် နေ့မှာ အောက်မေ့သတိတရရှိပုံကိုအခုလိုပြောပါတယ်။

“ အာဇာနည်စိတ်ဓာတ်ကတော့အပြည့်အဝရှိပါတယ်။ ဘယ်အချိန်၊ ဘယ် ကာလပဲဖြစ်ဖြစ်၊ ဘယ်ပဲ ရောက် ရောက်၊ အာဇာနည်စိတ်ဓာတ်အပြည့်ဝရှိပါတယ်။ အာဇာနည်ကုန်းကိုမလာနိုင်ဘူးဆို ပေမယ့် ရင်ထဲမှာ ကိုယ့်အိမ်မှာတတ်နိုင်သလောက် ဂါရဝပြု ပြီးမှ ထွက်လာခဲ့တာ ” 

အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဆင်ဖြူ့မျက်နှာဆင်မည်းမကြည့်ဝံ့သ လို အာဇာနည်နေ့ရောက်တိုင်း ရန်ကုန်မြို့က အာဇာနည်ကုန်းကို တက်ရောက်လာတာမရှိခဲ့ပေမယ့် အာဏာသိမ်းပြီး ၅နှစ်အတွင်း အာဇာနည်ဗိမ္မာန်ကို ပထမဆုံးလာရောက်ခဲ့တာဖြစ်ပါတယ်။ ကုန်းပေါာတင် မက ရေထဲပါမကျန် လုံခြုံရေးအထပ်ထပ်ချပြီးမှလာရောက်ရဲတဲ့အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ ဟန်ပြ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်နေချိန်နဲ့ မကြာမီလပိုင်းအတွင်း ဟန်ပြကျင်းပမယ့် ရွေးကောက်ကြောင့် သာ အာဇာနည်ခေါင်းဆောင်ကြီးများကို ဟန်ပြ အရိုသေပေးခဲ့တာကို ပြည်သူလူထုက ရှင်းရှင်းလင်းလင်း သဘောပေါက်ထားကြတာဖြစ်ပါတယ်။

Share:

သာသနာ့အာဇာနည်ရွှေညဝါဆရာတော်ရှင်ပညာသီဟရဲ့ ကြွင်းကျန်ရစ်တဲ့ ပြာအိုးတော်ကို ပင်လယ်ဝ သို့ရေမျောပူဇော်ခဲ့ကြပြီး




သာသနာ့အာဇာနည်ရွှေညဝါဆရာတော်ရှင်ပညာသီဟရဲ့ ကြွင်းကျန်ရစ်တဲ့ ပြာအိုးတော်ကို ပင်လယ်ဝ သို့ရေမျောပူဇော်ခဲ့ကြပြီး တစ်နိုင်ငံလုံးရှိ တပည့် ဒကာ၊ ဒကာမများ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ကြ

ကိုမြင့်သူ (Radio NUG) ဇူလိုင် ၁၉၊ ၂၀၂၅


ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ဆေးကုသမှု ပြည့်စုံစွာမရရှိခဲ့ပဲ ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ အန္တိမအဂ္ဂိသာဓု ကီဠနပူဇာသဘင်ကိုဇူလိုင်လ ၁၆ရက်နေ့မှာ ကျင်းပခဲ့ပြီး မနေ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ ကြွင်းကျန်ရစ် တဲ့ ပြာအိုးတော်ကို ရေမျောပူဇော်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်ရဲ့တပည့်ရင်းဖြစ်သူ ဒကာတစ်ဦးက အခု  လိုပြောပါတယ်။

Share:

စာရေးဆရာငြိမ်းအေးအိမ်၏ ဈာပန ရေဝေးသုဿန်မှာ ကျင်းပပြီးစီး

 










စာရေးဆရာငြိမ်းအေးအိမ်၏ ဈာပန ရေဝေးသုဿန်မှာ ကျင်းပပြီးစီး

ကိုမြင့်သူ (Radio NUG) ဇွန် ၂၅၊ ၂၀၂၅

နိုင်ငံရေးကို နည်းမျိုးစုံနဲ့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ စာရေးဆရာ ငြိမ်းအေးအိမ်ရဲ့ဈာပနအခမ်းနားကို ရေဝေးသုသန်မှာကျင်းပခဲ့ပြီး နယ်ပယ်အစုံမှလိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။
အာဏာရှင်စနစ်ကို လက်နက်ကိုင်တော်လှန်ခဲ့တဲ့ ငြိမ်းအေးအိမ်ရဲ့ ဈာပန အခမ်းနားကို ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့လည် ၁၁ နာရီမှာ ရန်ကုန်မြို့က ရေဝေးသုသန်မှာကျင်းပ ခဲ့ပါတယ်။ အဲ့ဒီအခမ်းနားမှာ ၁၉၇၄၊ ၇၅၊ ၇၆ ကာလများဆီက လက်နက်ကိုင်တော်လှန်ခဲ့ကြတဲ့ အတွေ့ကြုံတွေကို ဈာပနအခမ်းနားကို တက် ရောက်လာတဲ့ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူက အခုလိုပြောပါတယ်။ 
“ ကိုငြိမ်းဟာ ကျွန်တော်တို့နဲ့ဆိုရင် အတော်လေးကို ဆင်းရဲပင်ပန်းခံပြီးတော့နေခဲ့တာ မညည်းမညူပဲ။ ခက်ခဲကြမ်းတမ်းခဲ့တဲ့ ဘဝတွေအများကြီးကြုံခဲ့ပါတယ် နော်။ အသက်မသေလို့လည်းကျန်တာ ပေါ့။ သံလွင်မြစ်တစ်ဖက်ကမ်းကိုလက်နက်ခဲယမ်းတွေပို့တဲ့အချိန် သံလွင်မြစ်ဆိုတာ ဇောက်ကြီး၊ ရေစီး ကလည်းတအားသန်တယ်။ အဲ့ဒီမှာ ကျွန်တော်တို့ လက်နက်ခဲယမ်းတွေတင်ပြီးပို့တဲ့အချိန်မှာ တော်တော်လေးအသက်အန္တရယ်နီးစပ်ပါတယ်။ ရေထဲလည်းပြုတ်ကျဖူးတယ်။ ဖောင်ကိုတွယ်မိပြီး ပါမသွားပဲနဲ့ကျန် ခဲ့တာပေါ့။ ဖောင်ကို မတွယ်မိရင်သူပါသွားတော့မှာ ” 
စာရေးဆရာ ငြိမ်းအေးအိမ်ဟာ ဗမာပြည်ကွန်မြူနစ်ပါတီ အဖွဲ့ဝင်ဟောင်းဖြစ် လို့ သူ့ဈာပနမှာလည်း ဗမာပြည်ကွန်မြူနစ်ပါတီက အခြားအဖွဲ့ဝင်တွေလည်း နောက်ဆုံးလာရောက်နှုတ်ဆက်ခဲ့ပါတယ်။ ငြိမ်းအေးအိမ်ဟာ နိုင်ငံရေးအကျဥ်းသားဘဝကလွတ်မြောက်လာပြီးတဲ့နောက် လက်နက်ကိုင်တော်လှန်ရေး မဝင်ခင် ၁၉၈၀ ကာလမှာ ကျောင်းဆရာဖြစ်ခဲ့ပါသေးတယ်။  သူကျောင်းဆရာလုပ်ခဲ့တဲ့ ပညာရဲရင့်ကျုရှင် ကနေ ဆယ်တန်းအောင်သည်အထိ ငါးနှစ်ကြာတက်ရောက်ခဲ့တဲ့ကျောင်းသားဟောင်းတွေကလည်း ဈာပနကိုလိုက်ပါပို့ဆောင်ခဲ့ကြပြီး ဆရာဟောင်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကိုလည်းအခုလို ပြော ဆိုခဲ့ပါတယ်။
“ ကျွန်တော်တို့ အမက ၁၈ ကျောင်းကနေ အလက ၅ ဖြစ်သွားတယ်။ တွဲဘက်ကျောင်းရတယ်။ တွဲ ဘက်ကျောင်းစဖြစ်တော့ အနောက်အုတ်ကျင်း၊ ၁၄ ရပ်ကွက်ပေါ့၊ ၁၄ ရပ်ကွက်မှာ ပညာရဲရင့်ဆိုပြီး ကျူ ရှင်လေးဖွင့်တယ်။ အဲ့ကိုကျွန်တော်တို့စရောက်ကြတယ်။ ငါးတန်းကနေစရောက်ကြတယ်။ ဆရာဦးသန်းမြင့် ဆုံးတုန်းကတော့ကျွန်တော်တို့ မမှီလိုက်ဘူး။ ဆရာ့ကိုတော့ Facebook ကနေစပြီး အမြဲမပြတ်တွေ့ နေတော့ ဆရာ့ကျန်းမာရေးဘာညာ သိခဲ့ကြတယ်။ ဆရာ့သင်ကြားမှုကနေ ကျွန်တော်တို့ ဆယ်တန်း အောင်ခဲ့ကြတယ်။ အဲ့ထဲမှာ ၈၅ မှာအောင်ခဲတဲ့ထဲမှာ ဆရာဝန်ဖြစ်သွားတဲ့တစ်ယောက်ပါတယ်။ ဆရာ့ ကျေးဇူးတွေ” 
ကျောင်းဆရာအသည်းနှလုံးနဲ့ လက်နက်ကိုင်တော်လှန်ခဲ့ပြီး ပို့စ်မော်ဒန်စာရေးဆရာနဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်လည်းဖြစ်ခဲ့သူ ငြိမ်းအေးအိမ်ရဲ့ နောက်ဆုံးခရီးမှာ မောင်ကြည်သစ်ရဲ့ ဒသနအလင်းစာအုပ်ကို သူအသုံးပြုခဲ့တဲ့ မျက်မှန်တစ်လက်နဲ့အတူ ထည့်သွင်းသင်္ဂြိုဟ်ခဲ့ကြပါတယ်။

Share:

ခရမ်းမြိုနယ်ရှိ အခြောက်ကြဲစိုက်ပျိုးထားသော မိုးစပါးခင်း (ဇွန် ၁၊ ၂၀၂၅)


 အကြမ်းဖက်စစ်တပ်က စပါးပိုထွက်ဖို့ ဖိအားပေးနေပေမယ့် တောင်သူတွေ လယ်ယာလုပ်ငန်းကို စွန့်ခွာလာကြ
ကိုမြင့်သူ (Radio NUG) ဇွန် ၃၊ ၂၀၂၅


အကြမ်းဖက်စစ်တပ်က မိုးစပါးအထွက်ပိုလာဖို့ ဖိအားပေးနေသော်လည်း တစ်နိုင်ငံလုံးမှာ စိုက်ပျိုးနေတဲ့ မိုးစပါးဧက ၁၅ သန်းခန့်ထဲက ၃ သန်းကျော်သာ ချေးငွေချထားပေးနိုင်ခဲ့ပြီး လယ်လုပ်အရင်းအနှီးကြီးလာသည့်အတွက် တောင်သူအများအပြား လယ်ယာလုပ်ငန်းကိုစွန့်ခွာလာကြပါပြီ။

“တောင်သူတွေ တနှစ်ထက်တစ်နှစ်ပိုပြီး ခက်ခဲလာပြီ”

ရာသီဥတု မမှန်ခြင်းနဲ့ ပိုးမွှားဖျက်ဆီးမှုကြောင့် တောင်သူအချို့မှာ စပါးတစ်ဧကက ၅ တင်းလောက်သာရလာပါတယ်။ ထိုအချိန်မှာ အကြမ်းဖက်စစ်တပ်ကတော့ တစ်ဧက တင်း ၁၀၀ ထွက်ဖို့ ဖိအားပေးနေသည်။ ချေးငွေထုတ်ပေးမှုမှာလည်း မျှတမှုမရှိဘဲ စိုက်ဧက ၃ သန်းကျော်ကိုသာ ချေးငွေချထားပေးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

ရန်ကုန်မြို့မှ တစ်ဦးက လယ်သမားက ဒီလိုပြောပါတယ်—

“ဒီနှစ်မှာ အခက်အခဲတွေ တော်တော်များပါတယ်။ အပင်ပေါက်နှုန်းနည်းတာ၊ ကုန်ကျစရိတ်နဲ့ ရောင်းတဲ့ဈေးကြားမှာ တော်တော် ဟနေတာ၊ သွင်းအားစုများပေးရလျှင် ရရှိမယ့်အကျိုးကောင်းလာမှာ။ တောင်သူတွေ အကြပ်အတည်းတွေ မဖြစ်ပေါ်သွားအောင် လုပ်ဖို့ လိုပါတယ်။”

ချေးငွေအခြေအနေ

စိုက်ဘဏ်အနေဖြင့် စပါးတစ်ဧကကို ကျပ် ၁.၅ သိန်း၊ အခြားသီးနှံတစ်ဧကကို ကျပ် ၁ သိန်းနှုန်းဖြင့် ချေးငွေ ထုတ်ထားပြီး တစ်ဦးလျှင် ဆယ်ဧကအထိသာ ချေးနိုင်သည်။ အတိုးနှုန်းသည် တစ်လ ၅% ဖြစ်ပြီး သီးနှံပေါ်ချိန်တွင် ပြန်လည်ပေးဆပ်ရပါသည်။

ဈေးနှုန်းမတည်မငြိမ်ကြောင့် ငွေကုန်ချမရ

ဘိုကလေးမြို့နယ်မှ တောင်သူတစ်ဦးကဆိုသည်—

“တောင်သူတွေအတွက် အရင်းအနှီးနည်းသွားတဲ့အတွက် တဧကပြည့်လယ်လုပ်မယ်ဆိုတာမဖြစ်တော့ဘူး။ ငွေမရှိတဲ့သူတွေက ၃၊ ၄ဧက လုပ်လောက်ရင်ရမယ်။”

အာဏာသိမ်းမှုကြောင့် ကျပ်ငွတန်ဖိုးကျဆင်းမှု၊ သွင်းအားစုဈေး မြင့်လာမှုသည်လည်း တောင်သူတွေအတွက် ပိုမိုခက်ခဲစေသည်။ မိုးစပါးဈေးမတည်ငြိမ်မှုနှင့်အတူ ရင်းနှီးကုန်ကျစရိတ်မြင့်လာခြင်းကြောင့် တချို့တောင်သူများ လယ်မစိုက်တော့တဲ့အခြေအနေထိရောက်လာသည်။

အချို့ မလယ်လုပ်တော့ကြောင်း ပြောကြား

ရန်ကုန်တိုင်းမှ တောင်သူတစ်ဦးက—

“ကိုယ်ပိုင်လယ် ၃၀ ကျော်တောင် မလုပ်တော့ဘူး။ သီးစားလုပ်တဲ့သူတွေလည်း အကုန်ပြန်အပ်ကုန်ပြီ။ စျေးမညီတော့ ဘယ်သူမှ မလုပ်တော့ဘူး။”

အဆုံးသတ်

အကြမ်းဖက်စစ်တပ်အုပ်ချုပ်တဲ့ ခေတ်အဆက်ဆက်မှာ လယ်ယာမူဝါဒမှားမှုများ၊ လုပ်ဆောင်ချက်မညီမှုများကြောင့် တောင်သူများ အခြေအနေ ဆိုးဝါးလာပြီး ယနေ့မှာတော့ တစ်နှစ်ထက်တစ်နှစ် ပိုပြီးလယ်မစိုက်နိုင်တော့တဲ့ အခြေအနေထိ ရောက်လာခဲ့ကြပါပြီ။

Share:

မန္တလေးမြိုရှိ ငလျှင်ကြောင့် ပြိုကျသွားပြီးသရက်ကင်းလှေကားကြီးသာကျန်ရစ်ခဲ့သော ရွှေကျောင်းတော်ကြီးအားတွေ့ရစဥ်...

 

ငလျင်ကြောင့် ပျက်စီးသွားတဲ့ ဘုရားစေတီ၊ ရှေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ဖို့အရေး မရေမရာဖြစ်နေပြီး တန်ဖိုးတွေ မပျောက်ပျက်အောင် ရှင်းလင်းပြင်ဆင်တည်ဆောက်ဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြ 

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးကြောင့် ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ အမရပူရ၊ မန္တလေးမြို့ဟောင်းများရှိ ၁၄ ရာစုကနေ ၁၉ ရာစုအထိ နှစ်ပေါင်း ၆၀၀ အတွင်း တည်ဆောက်ခဲ့ကြတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဘုရားစေတီနဲ့ အဆောက်အအုံတွေ စနစ်တကျ ပြန်လည်ပြုပြင်တည်ဆောက်ဖို့က မရေမရာဖြစ်နေပြီး ငလျင်လှုပ်ခတ်ပြီး ၂ လနီးပါးရှိတဲ့အချိန်ထိ ရှင်းလင်းပြုပြုဖို့က မရေရာတဲ့ အခြေနေမှာပဲ ရှိနေပါတယ်။

“အရင်ပြင်ထားတဲ့ ဘုရားဒကာတွေကတော့ သူတို့ တစ်ဦး တစ်ယောကတည်းတော့ မပြင်နိုင်ဘူးလို့ ပြောတယ်။ အခုခေတ်ကုန်ကျစရိတ်နဲ့ဆိုရင် သူတို့လည်း မပြင်နိုင်တော့ဘူးပေါ့နော်။ အဲဒီလိုတော့ လာပြောသွားတယ်။ ဒီပြင် တခြားလှူမယ့်လူတွေလည်း ရှိပါတယ်။ ဘယ်လောက်ကုန်ကုန် ပြင်မယ်လို့ ပြောတယ်။ လာတော့ လာပါတယ်။ မစနိုင်သေးဘူး။ အဲဒါလည်း သူတို့ဘက်က ဘာမှန်းမသိသေးဘူးလေ”

ငလျင်ကြောင့် ထိခိုက်သွားတဲ့ ရှေးဟောင်းအဆောက်အအုံတွေ မပျက်စီးခင်က သမိုင်းတန်ဖိုး၊ အနုပညာတန်ဖိုး၊ ဗိသုကာတန်ဖိုး၊ မြတ်နိုးမှုတန်ဖိုး၊ အစစ်အမှန်တန်ဖိုးတွေကြောင့် ပြည်တွင်းသာမက နိုင်ငံခြားသားတွေကပါ လာရောက်လည်ပတ်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီတန်ဖိုးတွေ ပျောက်ပျက်မသွားအောင် အမြော်အမြင်ရှိတဲ့ မူဘောင်တွေချမှတ်ပြီး စနစ်ကျတဲ့ စီမံကွပ်ကဲမှုတွေနဲ့အတူ စေ့စပ်သေချာတဲ့ ကြီးကြပ်မှုအောက်မှာ လုံလောက်တဲ့အချိန်ကိုယူပြီး စေတနာအပြင် ဒီအဆောက်အဦတွေကို လေးစားမြတ်နိုးစိတ်ကလေးနဲ့ ဆောင်ရွက်သွားသင့်တယ်လို့ ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။ 

တစ်နိုင်ငံလုံး ဗုံးကြဲပြီးအရပ်သားပြည်သူပေါင်းများစွာကို သတ်ဖြတ်နေတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ရှေးအမွေနှစ်တွေကို ပြန်လည်ပြုပြင်နိုင်ဖို့ သမိုင်းတန်ဖိုးအသီးသီးကို သိမြင်နားလည်တဲ့ နှလုံးသားနဲ့ ဉာဏ်ပညာမရှိတာကြောင့် အမွေအနှစ်ကို စောင့်ရှောက်ထိန်းသိမ်းဖို့ ပျက်ကွက်သူအဖြစ် သမိုင်းတရားခံတွင်ဦးမှာ ဖြစ်ပါတယ်။

ရွှေညာမောင် (Radio NUG) မေ ၂၄ ၊ ၂၀၂၅

Share:

မန္တ လေးမြို့ ဈေးချိုတော် ပုံမှန်လည်ပတ်ရောင်းချနေတယ်လို့ အကြမ်းဖက်စစ်တပ်က ဝါဒဖြန့်




မန္တ လေးမြို့ ဈေးချိုတော် ပုံမှန်လည်ပတ်ရောင်းချနေတယ်လို့ အကြမ်းဖက်စစ်တပ်က ဝါဒဖြန့်ထားပေမယ့် ဝင်ငွေနည်းပါးလာလို့ ရောင်းအားတွေ ကျဆင်းပြီး ပြည်သူတွေ ကိုယ်စိတ်နှစ်ပါး ညှိုးနွမ်းလာကြ

ရွှေညာမောင်၊ Radio NUG, မေ ၁၃၊ ၂၀၂၅


မန္တလေးမြို့မှာ ငလျင်လှုပ်ခတ်သွားပြီးတဲ့နောက် ဝင်ငွေနည်းပါးလာကြတဲ့ မြို့ခံအများစုဟာ အစားအသောက်အတွက် မဖြစ်မနေ ဈေးလာရပေမယ့် ဝယ်နိုင်ခြမ်းနိုင်တဲ့ အခြေအနေကတော့ သိသိသာသာကို လျော့ကျလာခဲ့ပါတယ်။ ဈေးချိုတော်မှာ တစ်ရက်ခြား တစ်ခါ ဈေးလာဝယ်လေ့ရှိပေမယ့် အခုအခါမှာတော့ သုံးရက်ခြား ဆိုသလိုသာ လာဝယ်နိုင်တော့တဲ့ မန္တလေးသူတစ်ဦးက အရောင်းဝယ်အခြေအနေကို အခုလို ပြောပါတယ်။

“အဲဒါကတော့ အဆင်မပြေသေးဘူး။ လုပ်ငန်းကိုင်ငန်းတွေကလည်း ထိခိုက်တော့၊ ညီမတို့ ရွာဘက်တွေလည်း ထိခိုက်တဲ့သူ ရှိတယ်။ ညီမအစ်ကိုကြီးကလည်း တိုက်ပြိုသွားရှာတယ်။ သူ့မိန်းမလည်း အဲဒီထဲမှာ ပါသွားတယ်။ ဆုံးသွားတယ်။ ညီမဆို ဈေးချိုကို ခါတိုင်းဆို တစ်ရက်ခြား တစ်ခါ လာရတယ်။ ခုဟာက နှစ်ရက်ခြား၊ သုံးရက်ခြားမှ တစ်ခေါက်လောက် အဲဒီလိုမျိုးလေး လာရတာပေါ့။ ၀.၄၄ ခါတိုင်း ရောင်းရတာထက်စာရင် နည်းနည်းနှေးသွားတာပေါ့”

မန္တလေးမြို့ ၂၉ လမ်းရှိ သစ်သီးပွဲရုံတန်းတွေမှာ ရုံတိုင်းလိုလို သရက်သီးတောင်းတွေနဲ့ အပြည့်ဖြစ်နေပြီး အရောင်းအဝယ်ပါးလို့ သစ်သီးတွေ ပျက်စီးစပြုလာတာကို တွေ့ရပါတယ်။ အဲဒီလမ်းပေါ်က ပွဲရုံပိုင်ရှင် အမျိုးသမီးကြီးတစ်ဦးကတော့ အရောင်းအဝယ် အခြေအနေကို အခုလို ပြောပါတယ်။



“ပါးတယ်။ အရောင်းအဝယ်ပါးတယ်။ ဆိုင်ပုံနေတာသာ ကြည့်လိုက်တော့”

သစ်သီးမှ မဟုတ်ဘဲ ကြက်သွန်ပွဲရုံကစလို့ အခြားပွဲရုံတွေ၊ ဈေးချိုတော်အတွင်းက လူသုံးကုန်၊ အလှကုန် စတဲ့ အရောင်းဆိုင်တွေကလည်း အရောင်းအဝယ်တွေ အေးနေပြီး ကျောင်းဖွင့်ရာသီနီးလာပေမယ့် ဒေသတွင်း ရက်လုပ်တဲ့ ကျောင်းစိမ်းပုဆိုးတွေ ဈေးကွက်တွင်း ဝင်ရောက်လာတာ မရှိသေးပါဘူး။ ငလျင်အပြီး မန္တလေးမြို့ စီးပွားရေးဟာ ပြန်လည်ထူထောင်ဖို့ နှစ်နဲ့ချီ ကြာမြင့်နိုင်ပြီး တိုက်ဟောင်းတွေ ပြိုပျက်သွားသလို ဒေသခံ မန္တလေးသူ၊ မန္တလေးသားတွေ မြို့စွန်ကို ပြောင်းရွှေ့ရမှာကို စိုးရိမ်နေကြပါတယ်။ 

အကြမ်းဖက်စစ်တပ်ရဲ့ မြို့တော်စည်ပင်ကတော့ စာအမျိုးမျိုးထုတ်ပြီး မြို့ခံတွေကို ဝန်ပိစေသလို ပြန်လည်တည်ဆောက်ရေးအတွက် ဘိလပ်မြေ၊ သံ၊ သွပ်၊ ရောင်းချပေးဖို့ကိုပဲ အစည်းအဝေးမပြီးပြတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

Share:

အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး


အပစ်ရပ်သက်တမ်းတိုးထားတဲ့ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် နောင်ချိုမှာ ကလေးငယ်အပါအဝင် ၄ ဦး သေဆုံး 


အပစ်ရပ်သက်တမ်း တလ ထပ်တိုးထားတဲ့ စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် နောင်ချိုမြို့နယ်မှာ အသက် ၅ နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၄ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။  

စစ်ကောင်စီလက်အောက်ခံ ၉၀၂ အမြောက်တပ်က မနေ့ မေလ ၈ ရက်မှာ နောင်ချိုမြို့နယ် သရက်ချိုကျေးရွာကို လက်နက် ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

မင်္ဂလာဆောင်အခမ်းအနားကျင်းပနေချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်နက်ကြီးကျည်ကြောင့် အသက် ၅ နှစ် အရွယ် ကလေးငယ်အပါဝင် ဒေသနေပြည်သူ ၄ ဦးသေဆုံးကာ ၇ ဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီဟာ မေလ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ထားမယ်လို့ ကြေညာထားပေမယ့် တအာင်း ပြည်ထဲကကို ထိုးစစ်ဆင်တာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ ဒရုန်းအပါအဝင် လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ် နေတာပဲဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အမှတ် ၉၀၂ အမြောက်တပ်က မနေ့ မေလ ၈ ရက် မနက် ၉ နာရီခွဲဝန်းကျင်မှာ သရက်ချိုရွာကို ဒရုန်းနဲ့ ဗုံး ၂ လုံးကြဲကာ လက်နက်ကြီးနဲ့ ၁၆ ကြိမ် ပစ်ခတ်ပြီး တအာင်းတပ်ဖွဲ့တွေရှိရာနေရာကို ထိုးစစ်ဆင်လာတာကြောင့် သရက်ချိုရွာအနီးတဝိုက် နေ့လည် ၁၂ နာရီမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ တအာင်းတပ် TNLA က အသိပေးပါတယ်။ 

ဒါ့အပြင် နေ့လည် ၁ နာရီခန့်မှာလည်း ယာပြင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးသီး ၂ လုံးကြဲပြီး လက်နက်ကြီးနဲ့ ၂ကြိမ်ပစ်ခတ်ကာ စစ်ကြောင်းထိုးလာတာကြောင့် နေ့လည် ၃ နာရီခန့်အချိန်မှာ ယာပြင်ကျေးရွာအနီးမှာ တိုက်ပွဲတပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ထို့အတူ ညနေ ၄ နာရီ ကျော်အချိန်မှာ ဒရုန်းနဲ့ ဗုံး ၈ လုံး၊ အဆိပ်ငွေ့ဗုံး ၅ လုံး၊ လက်နက်ကြီးနဲ့ ၃၁ ကြိမ်ပစ်ခတ်ကာ နောင်တလင်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့အတွက် ညနေ ၆ နာရီခန့်အချိန်မှာလည်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် PSLF/TNLA တပ်တို့ နောင်လင်ကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ တဲခေါ်ရွာနေပြီး ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတလုံး အုမ္မတီးကျေးရွာကို လာရောက်ကြဲချခဲ့သလို PSLF/TNLA တပ်ဖွဲ့ရှိရာ တောင်လှကျေးရွာကိုလည်း လက်နက်ကြီးနဲ့ ၁၈ ကြိမ်၊ အဆိပ်ငွေ့ဗုံးနဲ့ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်အောင် တိုက်ပွဲဖြစ်နေရာ တွေမှာ ထိုးစစ်ဆင်မှာမဟုတ်ဘူးလို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က မေလ ၁ ရက်နေ့မှာ အပစ်ရပ်ကာလတလ ထပ်တိုးထား ပေမယ့် စစ်ကောင်စီဘက်က အခုလိုတိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

အခုလို စစ်ကောင်စီဘက်က ထိုးစစ်ဆင်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စစ်ရေး သတိ အမြဲရှိဖို့လိုပြီး လေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်ကြဖို့ PSLF/TNLA သတင်းနှင့်ပြန့်ကြားရေးဌာနက နှိုးဆော်ထားပါတယ်။

Share:

WFP အဟာရမုန့်ထုတ်တွေ ပြန်လည်ရောင်းချဖို့ မသင့်ကြောင်း WFP က ထုတ်ပြန်


WFP အဟာရမုန့်ထုတ်တွေ ပြန်လည်ရောင်းချဖို့ မသင့်ကြောင်း WFP က ထုတ်ပြန်

ကိုမြင့်သူ (Radio NUG) ဧပြီ ၂၆၊ ၂၀၂၅


လူမှုကွန်ယက်အတွင်း WFP ကဖြန့်ဝေတဲ့ အဟာရဖြည့် ဘီစကစ်မုန့်ထုတ်ရောင်းချနေကြောင်းပိုစ်တင်ပြီး တဲ့နောက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖိုမသင့်ကြောင်း WFP ကထုတ်ပြန်လာပါတယ်။ ဒီသတင်းကို ကိုမြင့်သူကပေးပိုထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က WFP က ငလျှင်ဒဏ်ခံ မိသားစုဝင်တွေကို ဖြန့်ဝေပေးနေတဲ့ အဟာရဖြည့် ဘီစကစ်ထုတ်တွေကို ပြန်လည်ရောင်းချနေကြောင်း လူမှုကွန်ယက်စာမျက်နှာကနေဖော်ပြပြီးတဲ့နောက် ၃ ရက်အကြာ ဧပြီလ ၂၅ ရက်နေ့မှာ WFP ဘက်က အခုလိုပြန်လည်တုန့်ပြန်လာတာပဲဖြစ်ပါတယ်။ 

“ တကယ်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို မသင့်ပါဘူး။ WFP အနေနံ ပုံမှန်လေ့လာစောင့်ကြည့်နေသလို ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင် ရွက်သွားမှာပါ” လို WFP ကထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ 

WFP ကဘီစကစ်ထုတ်တွေကို ပြန်ရောင်းချဖို မသင့်တော်ဘူးလို ဖြောင်းဖြထားသလို ရောင်းချလာရင် ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပစ္စည်းတွေကိုပြန် လည်ရောင်းချတဲ့အခါ ရောင်းချသူကို အလှူပေးမယ့် စာရင်းထဲက ပယ်ဖျတ်ပြီး Black List သွင်းတာ၊ အရပ်ဖက်အဖွဲအစည်းတွေ၊ ဒေသခံအစိုးရတွေနဲ့ပူးပေါင်းပြီး တရားစွဲဆိုသွားမယ်လိုလည်း ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ 


ပြီးခဲ့တဲ့ မတ်လ  ၂၈ ရက်နေ့မှာ စစ်ကိုင်းငလျှင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲအစည်းအသီးသီးက အကူအညီများပေးကြရာမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ WFP ကလှူဒါန်းတဲ့ အာ ဟာရဖြည့်ဘီစကွတ်မုန့်တွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက WFP ကလှူဒါန်းတဲ့ အဟာရ ဖြည့် ဘီစကစ်မုန့်ထုတ်တွေ နေပြည်တော်မှာ တထုတ်ကျပ် ၅၀၀ နဲ့ရောင်းချနေကြောင်း WFP ကတင်ထားတဲ့ဓာတ်ပုံကို ပြန်အသုံးပြုပြီး လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ပိုစ်တင်ခဲ့တာဖြစ်ပါတယ်။


WFP က အဟာရဖြည့်ဘီစကစ်တွေကို ငလျှင်လှုပ်ပြီးဘေးအန္တရယ်ဖြစ်ပြီးပြီးချင်း ၄၈ နာရီအတွင်းဖြည့် ဝေခဲ့တာဖြစ်ပါတယ်။ ဘီစကစ်တွေရောင်းချတယ်လို့  ပိုစ်တင်ခဲ့တဲ့ နေပြည်တော်မှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ထဲက နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်တယ်လို WFP ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 


WFP ရဲ့ အဟာရဖြည့် ဘီစကစ်တွေမှာ ဂျုံမှုန့်၊ ပဲပုတ်ပဲအမှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နိုမှုန့်၊ ကယ်လ ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1, B2, B6, B12 စတဲ့ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ဘေးအန္တာရယ်ဖြစ်ပြီးပြီးချင်းချက်ပြုတ်စားသောက်ဖိုအခက် အခဲရှိလာရင် ချက်ချင်းအသုံးပြုလိုရအောင် ဖြန့်ဝေထားတာဖြစ်ပါတယ်။

Share:

စစ်ကိုင်း ငလျင်ဒဏ်သင့်ဒေသများသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကြေးနဲ့ ရိက္ခာ ဆေးဝါးအထောက်ပံ့များ ထောက်ပံ့




စစ်ကိုင်း ငလျင်ဒဏ်သင့်ဒေသများသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ငွေကြေးနဲ့ ရိက္ခာ ဆေးဝါးအထောက်ပံ့များ ထောက်ပံ့

ခွပ်ဒေါင်းနီ၊ Radio NUG

(သတင်းနှင့်အတူ လူထုစကားသံ)-(တင်ဆက်)နွေဦးလေပြေ


ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့ မွန်းမတည့်ခင် မိနစ်ပိုင်းအလို လှုပ်ခတ်သွားတဲ့ စစ်ကိုင်းငလျင်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးသွားတဲ့ ပြည်သူတွေနဲ့ ပြိုပျက်သွားတဲ့ နေအိမ်တွေ အခြေခံအဆောက်အအုံတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က အကူအညီများ ပေးအပ်နေတာ ဖြစ်ပါတယ်။ စစ်ကိုင်းမြို့၊ စာရေးအနောက်ရွာမှာ ရိက္ခာလာရောက်ထောက်ပံ့တဲ့ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စစ်ကြောင်း ၁ တာဝန်ခံ ကိုတောက်ဆစ်က ထောက်ပံ့ကယ်ဆယ်ရေးလုပ်ငန်း အခြေအနေကို အခုလို ပြောပါတယ်။

"ကျွန်တော်တို့ ပြည်သူ့အစိုးရအနေနဲ့ကတော့ ဘေးအန္တရာယ်ကျရောက်နေတဲ့ နေရာတိုင်းကိုတော့ လိုက်လုပ်ပေးတာပေါ့နော်။ တချို့ ဝေးလံခေါင်ပါးတဲ့ နေရာကျတော့ အချိန်တစ်ခုတော့ စောင့်ရတာပေါ့။ အဲဒီလိုမျိုး ပြည်သူ့အစိုးရကတော့ နယ်ပေါင်းစုံကို လိုက်လုပ်ပေးတာပေါ့နော်"

NUG က ငလျင်ဒဏ်သင့် ပြည်သူတွေကို ဆန်၊ ဆီ၊ ကုလားပဲနဲ့ ငါးသေတ္တာ စတာတွေကို ကူညီထောက်ပံ့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိမှုအလိုက် ငါးသောင်း၊ တစ်သိန်း၊ သုံးသိန်း စသဖြင့် ငွေသား ထောက်ပံ့ပေးတာတွေလည်း ရှိပါတယ်။ စာရေးအနောက်ကျေးရွာသူ တစ်ဦးကတော့ NUG ရဲ့ ထောက်ပံ့ကူညီတဲ့ အစီအစဥ်နဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ညီမတို့ဘက်က ဒီလိုမျိုး မကြုံဖူးဘူး။ ဒီလိုမျိုး ဖြစ်လိုက်တော့ တရားကို စိတ်လည်း ထိခိုက်ရတယ်၊ စိတ်လည်း မကောင်းဘူး။ ပျက်စီးမှုတွေ ရှိတော့လည်း အဆင်မပြေတော့ ဒီအတိုင်း ပစ်ထားရတယ်။ စားဝတ်နေရေးကို မနည်းကို လုံးပန်းနေရတယ်။ ဒီလို ကူညီတော့ ဝမ်းသာတယ်"

ငလျင်လှုပ်ခတ်ပြီးတဲ့နောက် လမ်းမကြီးများ၊ မြစ်ရေတင်မြောင်းများ ပြတ်ထွက်တာ၊ မြောင်းဘောင်များ အက်ကွဲနိမ့်ဆင်းတာ သာသနိကအဆောက်အအုံများ ပျက်စီးတာတွေ ဖြစ်ပွားခဲ့ပါတယ်။ ဝက်လက်မြို့နယ် စမောကျေးရွာမှ NUG လူသားစာနာအဖွဲ့ဝင် ဦးသောင်းဌေးက အခုလို ပြောပါတယ်။

"မင်းကွန်းစစ်ရှောင်တွေနဲ့ ငလျင်ဒဏ်သင့် ပြေးလာတဲ့ လူတွေကို ဆီက အစိတ်သား၊ ဆန်က တစ်စိတ်၊ ဒါကလည်း ရွာသာယာတို့၊ ကျောက်ပနန်တို့ အကုန်လုံး လှူခဲ့တယ်။ လှူပြီးသွားပြီ။ ဒါကလည်း ထပ်ဆင့်ပဲ။ မနေ့တုန်းကလည်း တလိုင်းရွာမှာ အလှူရှင် ဆက်သွယ်ပြီးတော့ NUG လက်အောက်ခံတွေကလည်း ငွေရေးကြေးရေးတွေနဲ့ပေါ့။ ဒဏ်ရာရတဲ့သူကိုလည်း ငါးသောင်း၊ အသေပျောက် ဆိုရင်လည်း လက်ငင်း ၃ သိန်း ပေးကမ်းပါတယ်”

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ ငလျင်ဒဏ်သင့်ဒေသတွေရှိ မိဘပြည်သူတွေကို စားရေရိက္ခာ၊ ဆေးဝါး၊ ငွေကြေး စတာတွေကို ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာ ပကဖ၊ ပလဖ များကို ငလျင်ကြောင့် ပျက်စီးသွားတဲ့ လမ်းတွေကို အမြန်ဆုံး ပြန်လည် ပြုပြင်ပေးကြသလို ငလျင်လှုပ်ခတ်ချိန်မှာ သွားလာနေတဲ့ ကားများ၊ ဆိုင်ကယ်တွေ တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူ မိဘပြည်သူတွေကိုလည်း ကယ်ဆယ်ဆောင်ရွက်ခဲ့ကြပါတယ်။
Share:

အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့ ငလျင်ဘေးတွင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မီ မဆောင်ရွက်နိုင်သည့်အပြင် အလောင်းတွေကို ကောင်းမွန်စွာ မသင်္ဂြိုဟ်နိုင်




အကြမ်းဖက်စစ်တပ်က စစ်ကိုင်းမြို့ ငလျင်ဘေးတွင် ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်မီ မဆောင်ရွက်နိုင်သည့်အပြင် အလောင်းတွေကို ကောင်းမွန်စွာ မသင်္ဂြိုဟ်နိုင်ဘဲ နေရာအနှံ အပုပ်နံ့များ ပြင်းထန်လာ …

ရွှေညာမောင် Radio NUG, April 8th 2025

အကြမ်းဖက်စစ်တပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်မီ မဆောင်ရွက်နိုင်လို့ စစ်ကိုင်းမြို့ လူအသေအပျောက် ပိုများခဲ့ပြီး စစ်ကိုင်းတစ်မြို့တည်း လူဦးရေ ၁,၀၀၀ လောက် သေဆုံးဖွယ်ရှိတယ်လို့ လတ်တလော ဒေသခံတွေက ခန့်မှန်းထားပါတယ်။

ပြိုကျအဆောက်အအုံတွေထဲက အလောင်းတွေနဲ့ အပျက်အစီးတွေကို ရှင်းလင်းဖို့ စက်ကိရိယာ မလုံလောက်ဘူးလို့ ပြိုကျသွားတဲ့ အုတ်တံတိုင်း အပျက်အစီးတွေကို လက်နဲ့ တစ်ခုချင်း သယ်ထုတ်နေရတဲ့ စစ်ကိုင်းမြို့ခံတွေက အခုလို ပြောပါတယ်။

“စက်တွေကတော့ မရှိသေးပါဘူး။ ပိနေတဲ့ သူတွေတောင် အနံ့တွေ ထွက်နေတယ်။ ပိနေတဲ့ လူတွေတောင်မှ ထုတ်လို့မရတဲ့သူတွေ တော်တော်ရှိတယ်။ လုပ်နေဆဲပါပဲ။ ဒါပေမဲ့ အဲဒီနားတွေတော့ အနံ့တွေ တော်တော်ထွက်နေပြီ။ စက်ကိရိယာက အဲဒီလောက်ကြီး မလုံလောက်ဘူး ဖြစ်နေတယ်။ စစ်ကိုင်းမှာ။ လူအားနဲ့ပဲသွား နေရတာ၊ အကုန်လုံးက စက်က အဲဒီလောက်ကြီး သိပ်ပြီးတော့ မလောက်ဘူး။ အဲဒီလောက်ကြီးလည်း မရှိဘူး ဖြစ်နေတာ။ အဲဒါကြောင့်မို့ ခုချိန်ထိ။ ခုဆို ၃ ရက်လောက် ရှိပြီလေ။ ထုတ်လို့မရတဲ့ လူတွေက အနံ့တွေ ထွက်နေပြီပေါ့”

စစ်ကိုင်းတံတားဟောင်း ပြိုကျရာ အနီးရှိ မင်းလမ်းရပ်ကွက်ဟာ ငလျင်ဒဏ်ကြောင့် အထိနာရဆုံး ရပ်ကွက်တွေထဲမှာ ပါဝင်ပြီး ငလျင်ကြော ဖြတ်သန်းသွားရာ လမ်းကြောင်းတလျှောက် နေအိမ်နဲ့ သာသနိက အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပါတယ်။ ဧပြီလ ၁ ရက်နေ့အထိ ငလျင်တွေကလည်း လှုပ်ခတ်နေဆဲဖြစ်တာမို့ အိမ်အပြင်မှာ ထွက်နေကြရပြီး အပျက်အစီးတွေကို ပြုပြင်ဖို့က သိပ်တော့မလွယ်ဘူးလို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

“ပြန်လည်တည်ဆောက်ဖို့ အခြေအနေကတော့ သိပ်တော့မလွယ်ဘူး။ စစ်ကိုင်းကလည်း သိပ်ပြီးစီးပွားရေးကောင်းတာမဟုတ်ဘဲ။ မန်းလေး မှီနေတာကိုး။ စစ်ကိုင်းအနေနဲ့က စီးပွားရေးဖြစ်တဲ့မြို့ မဟုတ်ဘူး။ လက်လုပ်လက်စား၊ နေ့စား သူဌေးဖြစ်လောက်အောင်အထိ မြို့ မဟုတ်ဘူး။ အရောင်းအဝယ် ဘာညာ ဒီလိုပဲ စားနေတာပဲ။ စစ်ကိုင်းက ဒီတစ်ခုတည်း မဟုတ်ဘူး။ ဟိုး ဦးတို့ငယ်ငယ်ကလည်း ဒီလို ငလျင်ကြီးမျိုး ဖြစ်ခဲ့ဖူးတယ်။ ၃ ကြိမ်ရှိနေပြီ။ တော်တော်လေးကို နာပါတယ်။ စစ်ကိုင်းက သိပ်ပြီးတော့ မလွယ်ဘူး။ ရှင်းရှင်းပြောရင် စစ်ကိုင်းက စည်ကားမယ် ကြံလိုက်ရင်း မလွယ်ပါဘူး။ စစ်ကိုင်းက ခပ်ခြောက်ခြောက် တောမြို့လိုပါပဲ”

လတ်တလောမှာ အကြမ်းဖက်စစ်တပ်က ငလျင်ဒဏ်ခံရတဲ့ စစ်ကိုင်းမြို့ခံတွေကို စာရင်းကောက်ယူနေပြီး ဘာအကူအညီပေးမယ် ဆိုတာတော့ ပြောဆိုခြင်း မရှိပါဘူး။ စစ်ကိုင်းမြို့ပေါ်မှာ အသင့်စား စားသောက်စရာ ဆိုင်တွေ ဖွင့်လှစ်နိုင်တာမရှိဘဲ လျှပ်စစ်မီးနဲ့ သောက်သုံးရေတွေလည်း ပြတ်တောက်နေတဲ့အပြင် နေစရာ အခက်အခဲကြောင့် ဘုန်းကြီးကျောင်းဝိုင်းတွေ၊ လမ်းမဘေးတွေမှာ ဖြစ်သလို နေထိုင်နေကြရပြီး စားဝတ်နေရေး အကျပ်တည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။

၂၀၂၅ခုနှစ် မတ်လ ၂၈ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားတဲ့ ထူပါရုံစေတီတော်နဲ့ စောင်းတန်းအားတွေ့မြင်ရစဥ်

Share:

၂၀၂၅၊ မတ်လ ၂၈ ရက်နေ့ ငလျှင်ကြောင့် ရတနာသိင်္ဂီ ပရဟိတ သီလရှင်စာသင်တိုက်ကြီး ပြိုကျသွားသော ငါးထပ်ကျောင်းဆောင်အားတွေ့ရစဥ်

 

စစ်ကိုင်းတောင်ရိုးရှိ ရဟန်းသံဃာ၊ သီလရှင်ဆရာလေးများ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျံလွန်တော်မူ တာတွေရှိနေပြီး ကူညီကယ်ဆယ်ရေးတွေလည်း မလုံမလောက်ဖြစ်နေ

ရွှေညာမောင် ၊ Radio NUG, APril 08,2025


စစ်ကိုင်းငလျင်ကြောင့် စစ်ကိုင်းတောင်ရိုးမှာလည်း ထိခိုက်ပျက်စီးတာတွေ အများအပြား ရှိနေပြီး အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာကတော့ စစ်ကိုင်းနဲ့ မင်းဝံတောင်ရိုးရှိ ချောင်ပေါင်း ၂,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့တယ်လို ထုတ်ပြန်ပါထားပါတယ်။ 

စစ်ကိုင်းတောင်ရိုးရှိ ပညာသိင်္ဂီ ငါးထပ်ကျောင်းဆောင်မှာ ဆရာလေးတွေ၊ စစ်ဘေးရှောင်တွေ နေထိုင်ကြတာဖြစ်ပြီး ပျက်စီးဆုံးရှုံးမှု အခြေအနေကို သိမြင်လိုက်သူ သီလရှင်ဆရာကြီးတစ်ပါးက အခုလို မိန့်ကြားပါတယ်။

“ကျောင်းတွေထဲ ဝင်လို့မရဘူး။ အက်ကျကွဲ၊ ဟိုဘက်ကျတော့ သူတို့ကတော့ ဆရာလေးတွေ၊ ကိုရင်တွေ။ လူတွေ ခပ်များများပေါ့။ စစ်ဘေးရှောင်တွေ လာနေကြတာလေ။ အဲဒါတွေ ခပ်များများ၊ အလယ်ထပ်တို့၊ အောက်ထပ်တို့ အဲဒါတွေ ခံရတာပေါ့။ အပေါ်ထပ်ကြီးတောင် လူ အဲဒီလောက် မများဘူး။ ကျိုးတဲ့သူတွေ၊ ခြေထောက်ကို စိုက်မိတဲ့လူတွေ။ ခြေထောက်တွေ နှစ်ဖက်လုံး ဖြတ်ရမှာတို့။ သေတာကတော့ ညထိအောင် အလောင်းတွေ ထုတ်ရတယ်တဲ့။ တစ်နေ့ တစ်လောင်း တစ်လောင်းပေါ့။ ဒီနေ့မနက် တစ်လောင်းလောက်ပဲလားလို့။ ဒီနေ့မနက် နှစ်လောင်းတဲ့” 

ငလျင်ဗဟိုချက်နဲ့အနီးဆုံးမှာ တည်ရှိနေတဲ့ စစ်ကိုင်းမြို့ဟာ ပျက်စီးဆုံးရှုံးမှုများပေမယ့် လျှပ်စစ်မီးနဲ့ အင်တာနက်မရရှိတာကြောင့် ငလျှင်လှုပ်ခါစမှာ အဆက်အသွယ်တွေပျက်ပြီး စစ်ကိုင်းမြိုရဲ့ ဒုက္ခကို ကယ်တင်နိုင်ဖို နောက်ကျခဲ့တာလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ပြီးတဲ့နောက် စစ်ကိုင်းတံတားဟောင်းက ပြိုကျသွားခဲ့ပြီး တံတားအသစ်မှာလည်း အနည်းငယ် ရွဲ့စောင်းကာ အောက်ခြေသံဘောင်ချုပ်တန်းတွေလည်း ပြတ်ထွက်ကုန်လို့ တံတားဖြတ်သန်းခွင့်ကိုလည်း ကန့်သတ်ခဲ့ပါတယ်။ စစ်ကိုင်းမြို့ရဲ့ အပျက်အစီး အဆုံးအရှုံးအခြေအနေနဲ့ပတ်သက်ပြီး ပညာသိင်္ဂီသီလရှင် စာသင်တိုက် ပြိုကျရာမှာ မတ်လ ၃၁ ရက်နေ့က လာရောက်ကယ်ဆယ်သူတစ်ဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ ထင်ထားတာထက် ပျက်စီးဆုံးရှုံးမှုက များပါတယ်။ ငါးထပ်ကျောင်းဆောင်ကြီး ပြိုကျသွားတဲ့နောက်မှာ ဆရာလေးတွေ ပိတ်မိနေတယ်ပေါ့နော်။ သူတို လက်လျှော့သွားပြီလို့ ပြောတယ်။ အထဲမှာတော့ ၇ ယောက် ကျန်သေးတယ်ပေါ့နော်။ အဲဒါကို ကယ်ဆယ်ရေးအဖွဲ့တွေ ထပ်ခေါ်ပြီးတော့ ရှင်နိုင်သေးလားဆိုတာကို မကြာခင်မှာ ကျွန်တော်တို့ ရှာဖွေပြီးတော့ ကယ်လို့ရရင် ဆက်ကယ်ပါမယ်။ ဒါပေမဲ့ အခုလတ်တလောမှာတော့ ဘယ်သူ သေဆုံးသွားလို့လည်း မသိဘူး၊ အနံ့အသက်တွေကတော့ ရနေတယ်ဗျ” 

စစ်ကိုင်းတောင်ဟာ ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေရာတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ သာသနာ့နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။ လတ်တလော ငလျင်ဘေးကြောင့် ကျောင်းတိုက်နေ ရဟန်းသံဃာတော်တွေနဲ့ သီလရှင်ဆရာကြီး၊ ဆရာလေးများဟာ နေစရာ ကျောင်းနဲ့ ဆွမ်းဘုဉ်းပေးဖို့ကိုလည်း အခက်အခဲတွေ ဖြစ်လာပါတယ်။

Share:

အင်အား ၇.၇ ပြင်းအားရှိမြေငလျင်လှုပ်ခတ်၍စစ်ကိုင်းတံတားဟောင်းကျိုးကျပြီးရှမ်းပြည်နယ်နဲမန္တလေးမြို့တို့မှအဆောက်အဦအချို့ပြိုကျပျက်စီး




အင်အား ၇.၇ ပြင်းအားရှိမြေငလျင်လှုပ်ခတ်၍စစ်ကိုင်းတံတားဟောင်းကျိုးကျပြီးရှမ်းပြည်နယ်နဲမန္တလေးမြို့တို့မှအဆောက်အဦအချို့ပြိုကျပျက်စီး

===========


အင်အား ၇.၇ ပြင်းအားရှိမြေငလျင်လှုပ်ခတ်၍စစ်ကိုင်းတံတားဟောင်းကျိုးကျပြီးရှမ်းပြည်နယ်နဲမန္တလေးမြို့တို့မှအဆောက်အဦအချို့ပြိုကျပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။


မတ်လ၂၈ရက်ဒေသစံတော်ချိန် နေ့လည် ၁:၂၀ နာရီ တွင် အင်အား ၇.၇ ပြင်းအားရှိ မြေငလျင်စစ်ကိုင်းမြို့အနီးဗဟိုပြု၍စတင် လှုပ်ခတ်ခဲ့ပါတယ်။


၄င်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်းတံတားဟောင်းအပါအဝင် ရှမ်းပြည်နယ်အောင်ပန်းဟိုတယ်လည်းပြိုကျခဲ့ကြောင်းဒေသခံ သတင်းအရင်းအမြစ်များကရုပ်သံနဲ့တကွဖော်ပြပါတယ်။


လက်ရှိမှာ လူထိခိုက်သေဆုံးမှုလည်းရှိနိူင်ပြီး မြန်မာနိုင်ငံနည်းတူထိုင်းနိုင်မှာလည်းလှုပ်ခတ်ခဲ့ကာအဆောက်အဦးပြိုကျပျက်စီးမှုတချို့ရှိခဲ့ပါတယ်။

Share:

(ရေနံချောင်းမြိုနယ်ရှိ ဈေးကျနေတဲ့ အပင်စိုက်ကုန်းကြက်သွန်ခင်းအနီးတွင် တောင်သူတစ်ဦးအားတွေ့ရစဥ်...)

 

(ရေနံချောင်းမြိုနယ်ရှိ ဈေးကျနေတဲ့ အပင်စိုက်ကုန်းကြက်သွန်ခင်းအနီးတွင် တောင်သူတစ်ဦးအားတွေ့ရစဥ်...)


အဆင်မပြေတဲ့ အညာမှာ သီးနှံဈေးတွေ တောက်လျှောက်ကျဆင်းနေပြီး တောင်သူတွေ ပိုပြီးကျပ်တည်းလာ 
ရွှေညာမောင်၊ Radio NUG မတ် ၂၈၊ ၂၀၂၅

လတ်တလော မကွေး၊ မန္တလေး၊ စစ်ကိုင်း စတဲ့ အညာဒေသမှာ ပဲစင်းငုံသီးနှံက စလို့ ကြက်သွန်၊ ကုလားပဲ စတဲ့ သီးနှံတွေမှာ ဈေးတွေ တောက်လျှောက်ကျဆင်းနေပြီး တောင်သူတွေမှာ အရှုံးပေါ်နေကြတာ ဖြစ်ပါတယ်။ ရေနံချောင်းမြို့နယ်မှ ကြက်သွန်စိုက် တောင်သူတစ်ဦးကတော့ အပင်စိုက်ကုန်း ကြက်သွန်တွေ ဈေးကျနေတဲ့ အခြေအနေကို အခုလို ပြောပါတယ်။
“အခုဈေးနဲ့ဆိုရင်တော့ မကာမိဘူး။ ရှုံးတာပေါ့။ ရာသီမကောင်းတော့ ဆေးဝါးကလည်း သုံးရတယ်။ လုပ်အားခကလည်း ကြီးတယ်။ ကုန်တွေကလည်း အထွက်လျော့တယ်။ ကုန်လျှော့တော့၊ ဈေးလျှော့တော့ တောင်သူ ရှုံးတာပေါ့။ ရာသီမကောင်းတာ၊ ဘယ်လို မကောင်းတာလဲ ဆိုတော့ နှင်းတွေ၊ ပြီးခဲ့တဲ့ရက်က နှင်းတွေ တအားကျတော့ ဆေးဝါးက တအားသုံးရတာ၊ နှင်းဆိုးကြီး မိလိုက်တာ တော်တော်ဆိုးသွားတယ်။ အဖျားတွေ ခြောက်ပြီး ဝါကျကုန်တာ” 
လတ်တလောမှာ အပင်စိုက်ကုန်း၊ ကြက်သွန်ဈေးတွေက တစ်ပိဿာကို ကျပ်ထောင့်တစ်ရာ လောက်သာ ရှိပြီး မျိုးဖိုး၊ ထွန်ခ၊ စက်ခ၊ ဒီဇယ်ဖိုး၊ မြေဆီဖိုးနဲ့ အလုပ်သမားခတွေနဲ့ တွက်ကြည့်မယ်ဆိုရင် တောင်သူတွေ အရှုံးပေါ်တဲ့ဈေး ဖြစ်ပါတယ်။
အပင်စိုက်ကုန်း ကြက်သွန်ပေါ်ချိန်မှာပဲ ဧရာဝတီမြစ်အနောက်ဘက်ကမ်းက ကုလားပဲနဲ့အတူ ပဲကြီး၊ ပဲထောပတ်နဲ့ စားတော်ပဲတွေ ပေါ်ချိန်လည်း ဖြစ်ပါတယ်။ တောင်သူအများစု စိုက်ပျိုးကြတဲ့ ကုလားပဲကတော့ မျိုးဈေးက တစ်တင်းကို ကျပ်တစ်သိန်း ကျော်ပေးခဲ့ရပေမယ့်လည်း သီးနှံဈေးကတော့ ကျပ် ခုနစ်သောင်းကျော်သာ ရှိတဲ့အတွက် တောင်သူတွေ စားစရိတ်တောင်မရဘဲ အရှုံးပေါ်ခဲ့ကြတာ ဖြစ်ပါတယ်။ စိုက်ပျိုးစရိတ် ကြီးမြင့်တဲ့အပြင် အခုနှစ်မှာ မိုးများလို့ စိုက်ချိန် နောက်ဆုတ်ခဲ့ရတဲ့အတွက် တစ်ဧက တင်းနှစ်ဆယ်လောက် ထွက်ရှိတဲ့ ကုလားပဲတွေ အထွက်နှုန်းထက်ဝက် ကျဆင်းခဲ့ပါတယ်။ ဒီအခြေအနေကို စကုမြို့နယ်မှ ကုလားပဲ တောင်သူတစ်ဦးက အခုလို ပြောပါတယ်။
“ဒီနှစ် ရှုံးတာပေါ့ အစ်မ။ ဒီနှစ်က အရှုံးဆုံးပဲ။ ဘာနဲ့မှ မတူဘူး။ လုပ်နေကျမို့လို့သာ လုပ်နေရတာ။ အဓိက ဘယ်စရိတ်တွေကြောင့် ဘာကြောင့် ရှုံးရလဲဆိုတော့ စရိတ်တွေက ပေါင်းပြရင်လည်း အများကြီး၊ ရာသီကျတော့လည်း နောက်ကျတယ်။ အလုပ်သမားခရော အကုန်ရှုံးတယ်။ ပဲဈေးက ရှိမှ မရှိတာပဲလေ။ အလုပ်သမားခရော အကုန်ရှုံးတာ” 
ကြက်သွန်၊ ကုလားပဲနဲ့ ပဲစင်းငုံလို ဈေးအတက်အကျရှိတဲ့ သီးနှံတွေအပြင် အရည်အသွေးကောင်း စပါးဖြစ်တဲ့ ဧရာမင်းစပါးတွေလည်း စပါးတင်း တစ်ရာကို သိန်း ၄၀ ကနေ သိန်း ၂၅ အထိ ကျဆင်းနေပြီး ဝယ်သူ မရှိတဲ့အခြေအနေကို ရောက်လာပါတယ်။ စပါးနဲ့ အခြားသီးနှံတွေ ဈေးကျပြီး ဝယ်သူမရှိဖြစ်နေတဲ့ လက်ရှိအခြေအနေကို ပွင့်ဖြူမြို့နယ်မှ  တောင်သူတစ်ဦးက အခုလို သုံးသပ်ပါတယ်။ 
“ကျွန်တော်တို့ စပါးအနေနဲ့ကတော့ ဈေးကွက်ပျောက်နေတယ်။ တောင်သူတွေ စပါးရောင်းချင် တာကို ရောင်းလို့မရဘူး။ ဝယ်တဲ့လူ မရှိဘူး။ ကုန်ချောအဖြစ် ပြန်ပြီးတော့ ထုတ်လုပ်ရောင်းချမယ်ဆိုရင်လည်း ဒေသတိုင်းကို သွားလို့ လာလို့ မရဘူးပေါ့။ ဒေသတိုင်းကို သွားလို့ လာလို့မရတော့ ပြည်တွင်းမှာပဲ တစ်ပတ်လည်နေတော့ မြန်မြန်ဆန်ဆန် ကုန်ချောတွေ မထွက်တော့ တောင်သူတွေမှာ ဈေးကွက်ပျောက်နေတယ်။
စပါးကတော့ ဈေးကွက်ပျောက်နေတယ်။ သို့သော်လည်း ပဲအနေနဲ့ကတော့ ပဲမျိုးစုံ အရောင်းအဝယ်ဖြစ်ပါတယ်။ ဈေးနှုန်းအရတော့ အင်မတန်တော့ နည်းတယ်။ ဒါပေမဲ့ ကျွန်တော်တို့က စိုက်မိပြီးသား သီးနှံကို ခိုင်မာတဲ့ ဈေးကွက်ရှိရင်ပဲ တောင်သူက ဝမ်းသာတယ်ပေါ့နော်။ ဈေးနှုန်း ဆိုတာကတော့ ကာလပေါက်ဈေးအတိုင်း အဆင်ပြေသလို လုပ်နိုင်ပါတယ်။ ဒါပေမဲ့ တချို့ဥစ္စာတွေက ဈေးကွက်ပျောက်သွားတာမျိုးဆိုရင်တော့ သီးနှံတွေက တောင်သူတွေက ဒီသီးနှံတွေ ရောင်းချပြီးမှ သားသမီးတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စတွေကို ဖြေရှင်းနိုင်မှာဖြစ်တဲ့အတွက် ဈေးကွက်မပျောက်အောင် ပိုပြီးတော့ ဆောင်ရွက်စေချင်တာပါ” 
တောင်သူတွေက သီးနှံစိုက်ပျိုးထုတ်လုပ်တဲ့ လုပ်ငန်းကို မိသားစု စိုက်ပျိုးစီးပွားအတွက်အပြင် ဒေသတွင်း စားနပ်ရိက္ခာဖူလုံအောင် အခက်အခဲတွေကြားက စိုက်ပျိုးထုတ်လုပ်နေကြတာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ကတော့ ဒီလုပ်ငန်းအပေါ်မှာ ကုန်စည်စီးဆင်းမှု မြန်ဆန်မှန်ကန်အောင် တစ်စုံတစ်ရာ တာဝန်ယူ စီစဥ်ဆောင်ရွက်တာမရှိဘဲ ထွက်သမျှသီးနှံကနေ နိုင်ငံခြားဝင်ငွေကို လက်ဝါးကြီးအုပ်ရယူနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့် မိုးကြိုနှမ်းသီးနှံ ပြီးရင် ဆက်တိုက်စိုက်ပျိုးသွားမယ့်် စပါး အပါအဝင် မိုးနှမ်း၊ မိုးမြေပဲနဲ့တူ အခြားသီးနှံတွေ ဆက်လက်စိုက်ပျိုးဖို့ တောင်သူတွေမှာ အခက်အခဲဖြစ်လာမှာဖြစ်ပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံမှုကို ထိခိုက်လာစေမှာ ဖြစ်ပါတယ်။
Share:

အကြမ်းဖက်စစ်တပ်ရဲ့ ပေါ်တာကြောင့် ထန်းလုပ်ငန်းကို စွန့်ခွာလာရသည့် ထန်းတောင်သူတစ်ဦးအား တွေ့ရစဥ်




အကြမ်းဖက်စစ်တပ်က ထန်းတောင်သူပါမချန် ပေါ်တာဆွဲလာလို့ ယာနားချိန်မှာ ထန်းမတက်နိုင်ဘဲ  စားဝတ်နေရေး ကျပ်တည်းလာ 

ရွှေညာမောင် (Radio NUG) မတ် ၂၃၊ ၂၀၂၅


ရေနံချောင်းနဲ့‌ ချောက်မြို့နယ်ကြားက လမ်းဘေးဝဲယာမှာ ထန်းတက်နေတဲ့ ထန်းတောင်သူတွေပါ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲလာလို့ ထန်းတွေ ဖြုတ်သိမ်းလာပြီး စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ချောက်မြို့နယ်မှ ထန်းတောင်သူတစ်ဦးက အခုလို ပြောပါတယ်။

“အမြင့်တက်တဲ့သူတွေ ကြောက်တာပေါ့။ ဒီဘက် အာရုံထားရတာ တစ်မျိုး။ ဟိုဥစ္စာ အာရုံထားရတာ တစ်မျိုး။ အဲဒါဆိုတော့ ကောင်းကောင်းလည်းလုပ်ရပါဘူး။ အလုပ်က အာရုံက ဟိုရောက်၊ ဒီ ရောက်နဲ့ အလုပ်လည်း ကောင်းကောင်းမလုပ်ရဘူး။ ခရီးလည်း မပါဘူး။ ဆွဲတော့ ဘယ်သူမှ တော်ရုံ၊ ကားလမ်းဘေးဆို ဖြုတ်တောင်ဖြုတ်နေကုန်ပေါ့။ ကားလမ်းဘေးဆို ဘယ်သူမှ သိပ်မလှီးရဲဘူး။  အရင်ရက်တွေဆို ကားလမ်းဘေး တောက်လျှောက်။ ဆွဲတယ်လေ။ ကျုပ်တို့ ဒီဘက်တွေ နည်းနည်းရွာကျော်မလာလို့။ တော်သေးတယ်” 

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်လောက်က အကြမ်းဖက်စစ်တပ်က တွင်းဖြူရိုးရွာရှိ ထန်းတောင်သူတစ်ဦးကို ထန်းတက်နေရင်း လှမ်းခေါ် ဖမ်းဆီးခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။ မကွေး၊ ရေနံချောင်း၊ ချောက်ကားလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က တောက်လျှောက်သွားလာနေပြီး လမ်းသွား၊ လမ်းလာ လူငယ်၊ လူရွယ်နဲ့ ထန်းတောင်သူပါမကျန် ပေါ်တာဆွဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နဲ့အဝေးက ကျေးရွာတွေမှာ ဈေးသွားဈေးလာကအစ သက်ကြီးရွယ်အို အဘိုးအိုတွေနဲ့ အမျိုးသမီးတွေသာ သွားလာကြရပြီး လမ်းမကြီးတွေကလည်း တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။ ရေနံချောင်းမြို့စွန်မှာ နေထိုင်သူ အဘိုးအိုတစ်ဦးကတော့ ဒေသခံတစ်ဦးအနေနဲ့ လွတ်လပ်အေးချမ်းမှပဲ အဆင်ပြေမယ်လို့ ဆိုပါတယ်။

“ဒေသခံတစ်ဦးအနေနဲ့ကတော့ ပြောပြချင်တာကတော့ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် လုပ်ကိုင်စားချင်တာပေါ့။ လွတ်လွတ်လပ်လပ် နေချင်တယ်။ အေးအေးချမ်းချမ်း လုပ်ကိုင်စားချင်တယ်။ အဲဒါပေါ့၊ ဦးကြီးတို့ကတော့ အဲဒါဆိုရင် အဆင်ပြေမယ် ထင်တာပေါ့” 

အကြမ်းဖက်စစ်တပ်က အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခဲ့တဲ့ စစ်သင်တန်းအပတ်စဥ် ၁၀ ခုမှာ ရေနံချောင်း ဒေသခံတွေ လူတစ်ထောင်လောက်အထိ ပေါ်တာဆွဲခံခဲ့ရပါတယ်။ ဒါကြောင့် မြို့တွင်းမှာလည်း အသွားအလာနည်းပြီး တိတ်ဆိတ်ခြောက်ကပ်နေသလို ကျေးရွာတွေမှာလည်း ကားမြင်ရင်ကို ထွက်ပြေးကြတဲ့အထိ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ 

အခုလို ယာသီးနှံတွေ ရိတ်သိမ်းပြီးချိန်မှာ မိုးကြိုသီးနှံ မစိုက်ပျိုးခင် မိသားစု စားဝတ်နေရေး ဖူလုံဖို့အတွက် ထန်းရာသီကို ဖြတ်သန်းရမှာဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်က ထန်းတောင်သူပါမချန် ပေါ်တာဆွဲနေတဲ့အတွက် မိုးနည်းရေရှားဒေသက ခက်ခဲတဲ့ အညာသူ အညာသားတွေမှာ ဘူးလေးရာ ဖရုံဆင့်

သလို ဒုက္ခတွေနဲ့ ပိုပြီးရင်ဆိုင်လာရတာ ဖြစ်ပါတယ်။


(Photo - အကြမ်းဖက်စစ်တပ်ရဲ့ ပေါာတာကြောင့် ထန်းလုပ်ငန်း ကို စွန့်ခွာလာရသည့် ထန်းတောင်သူတစ်ဦးအား တွေ့ရစဥ် )

Share:

ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာနိုင်ငံက ငတ်မွတ်နေတဲ့ လူဦးရေထက်ဝက်ကို စားနပ်ရိက္ခာအထောက်အပံ့ ရပ်ဆိုင်းမည်ဖြစ်ကြောင်း WFP ကြေညာ


ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာနိုင်ငံက ငတ်မွတ်နေတဲ့ လူဦးရေထက်ဝက်ကို စားနပ်ရိက္ခာအထောက်အပံ့ ရပ်ဆိုင်းမည်ဖြစ်ကြောင်း WFP ကြေညာ

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဥ်ကို လာမယ့် ၂၀၂၅ ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာကနေ မတ်လ ၁၄ ရက် နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်မှာ နေ့စဥ် စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တဲ့ မြန်မာလူဦးရေ ၁၅ သန်းကျော် ရှိနေပြီး မနှစ်က ၁၃.၃ သန်းထက် တိုးလာတာ ဖြစ်ပါတယ်။ 

လတ်တလောမှာတော့ အသက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်အောင်နဲ့ နို့တိုက်မိခင်များ၊ မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်သူ ၃၅၀၀၀ ကိုတော့ အကူအညီများ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် မိုးရာသီ စိုက်ပျိုးချိန်ဖြစ်တဲ့ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကာလတွေမှာ လယ်သမားတွေကအစ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့ရတဲ့ ကာလတွေ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာ ဆိုးဆိုးရွားရွား ပြတ်တောက်မှုကို ခံစားရတဲ့ လူပေါင်း  ၃ သိန်းအတွက် ထောက်ပံ့မှုတွေကို ဦးစားပေးထောက်ပံ့နိုင်ရန် ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခု တည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်” လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။ 

ဒါ့အပြင် တဆက်တည်းမှာလည်း မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် WFP ရဲ့ ဌာနေ ကိုယ်စားလှယ်က နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းနှိုးဆော်ထားပါတယ်။ 

“လက်ရှိမှာ မြန်မာနိုင်ငံတဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန် ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေ ရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသော အခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာ ဖြစ်ပါတယ်” လို့ Mr. Dunford က ပြောကြားထားပါတယ်။

လက်ရှိ ၂၀၂၅ ခုနှစ်အတွက် မြန်မာပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့ ဆက်လက်ပေးအပ်သွားနိုင်ဖို့ WFP ဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်နေပြီး ဒီလိုအပ်ချက်ကြောင့်လည်း အငတ်ဘေးရင်ဆိုင်နေရတဲ့ လူဦးရေ ၁ သန်းကျော်ကို ကုလသမဂ္ဂအနေနဲ့ အထောက်အပံ့မပေးနိုင်တော့တာ ဖြစ်ပါတယ်။ 

အီတလီမှာ အခြေစိုက်တဲ့ WFP ဟာ ပြီးခဲ့တဲ့ ၁၉၇၈ ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စတင်ကာ မြန်မာ့စားနပ်ရိက္ခာအရေးကို အကူအညီပေးခဲ့ပြီး အခုထုတ်ပြန်ချက်မှာလည်း ဘင်္ဂါလီအသိုင်းအဝိုင်းတွေ ပါဝင်တဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ စစ်ဘေးရှောင် လူ ၁ သိန်းကိုပါ ထိခိုက်စေမယ်လို့ ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။

Share: