ရန်ပုံငွေ အခက်အခဲကြောင့် မြန်မာနိုင်ငံက ငတ်မွတ်နေတဲ့ လူဦးရေထက်ဝက်ကို စားနပ်ရိက္ခာအထောက်အပံ့ ရပ်ဆိုင်းမည်ဖြစ်ကြောင်း WFP ကြေညာ
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လူဦးရေ ၁ သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဥ်ကို လာမယ့် ၂၀၂၅ ဧပြီလကစပြီး ရပ်ဆိုင်းတော့မယ်လို့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာကနေ မတ်လ ၁၄ ရက် နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ သူ့ရဲ့ ထုတ်ပြန်ချက်မှာ နေ့စဥ် စားနပ်ရိက္ခာလိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တဲ့ မြန်မာလူဦးရေ ၁၅ သန်းကျော် ရှိနေပြီး မနှစ်က ၁၃.၃ သန်းထက် တိုးလာတာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ အသက် ၅ နှစ်အောက်ကလေးများ၊ ကိုယ်ဝန်အောင်နဲ့ နို့တိုက်မိခင်များ၊ မသန်စွမ်းသူများ အပါအဝင် ထိခိုက်လွယ်သူ ၃၅၀၀၀ ကိုတော့ အကူအညီများ ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လာမယ့် မိုးရာသီ စိုက်ပျိုးချိန်ဖြစ်တဲ့ ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကာလတွေမှာ လယ်သမားတွေကအစ စားနပ်ရိက္ခာပြတ်လပ်မှု ကြုံတွေ့ရတဲ့ ကာလတွေ ဖြစ်တဲ့အတွက် စားနပ်ရိက္ခာ ဆိုးဆိုးရွားရွား ပြတ်တောက်မှုကို ခံစားရတဲ့ လူပေါင်း ၃ သိန်းအတွက် ထောက်ပံ့မှုတွေကို ဦးစားပေးထောက်ပံ့နိုင်ရန် ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
“အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုတွေဟာ အသက်ရှင်သန်ရေးအတွက် WFP အကူအညီ တစ်ခု တည်းကိုသာ အားထားနေကြရတဲ့ နိုင်ငံတဝန်းက ထိခိုက်လွယ် ရပ်ရွာလူထုတွေအတွက် ပြင်းပြင်းထန်ထန် ဆိုးဆိုးရွားရွား ရိုက်ခတ်နိုင်ပါတယ်” လို့ WFP မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောပါတယ်။
ဒါ့အပြင် တဆက်တည်းမှာလည်း မြန်မာနိုင်ငံကို အကူအညီပေးဖို့အတွက် WFP ရဲ့ ဌာနေ ကိုယ်စားလှယ်က နိုင်ငံတကာအသိုင်းအဝန်းကို တိုက်တွန်းနှိုးဆော်ထားပါတယ်။
“လက်ရှိမှာ မြန်မာနိုင်ငံတဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန် ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေ ရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ အလိုအပ်ဆုံးသော အခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာ ဖြစ်ပါတယ်” လို့ Mr. Dunford က ပြောကြားထားပါတယ်။
လက်ရှိ ၂၀၂၅ ခုနှစ်အတွက် မြန်မာပြည်သူတွေအတွက် အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့ ဆက်လက်ပေးအပ်သွားနိုင်ဖို့ WFP ဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ အရေးတကြီး လိုအပ်နေပြီး ဒီလိုအပ်ချက်ကြောင့်လည်း အငတ်ဘေးရင်ဆိုင်နေရတဲ့ လူဦးရေ ၁ သန်းကျော်ကို ကုလသမဂ္ဂအနေနဲ့ အထောက်အပံ့မပေးနိုင်တော့တာ ဖြစ်ပါတယ်။
အီတလီမှာ အခြေစိုက်တဲ့ WFP ဟာ ပြီးခဲ့တဲ့ ၁၉၇၈ ခုနှစ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စတင်ကာ မြန်မာ့စားနပ်ရိက္ခာအရေးကို အကူအညီပေးခဲ့ပြီး အခုထုတ်ပြန်ချက်မှာလည်း ဘင်္ဂါလီအသိုင်းအဝိုင်းတွေ ပါဝင်တဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ စစ်ဘေးရှောင် လူ ၁ သိန်းကိုပါ ထိခိုက်စေမယ်လို့ ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။
No comments:
Post a Comment