၂၀၂၅ မတ်လ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ တရားမဝင် ရေလုပ်သား ၂၁ ဦးကို ဖမ်းမိပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းကာ အဖြေတစ်ခု ရရှိရန် မျှော်လင့်တယ်လို့ ဦးခိုင်သုခ ပြောဆို
📌 ၂။ ဖိလစ်ပိုင်သမ္မတဟောင်း Duterteကို ပထမအကြိမ် နိုင်ငံတကာ ရာဇ၀တ်တရားရုံးကြားနာမှု ပြုလုပ်
📌 ၃။ ဘန်ကောက်တွင် ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှုကြောင့် မြန်မာ ၂ဦးအပါအဝင် အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရ
📌 ၄။ ဒီးဘောင်းခူမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းဆင်းပွဲအခမ်းအနား ပြုလုပ်
📌 ၅။ ဖေဖော်ဝါရီလအတွင်း ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ ၂၀ PRF ထုတ်ပြန်
========================
၂၀၂၅ ခုနှစ် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ စတင်ဖွဲ့စည်းခဲ့တဲ့ ၄ နှစ်တာအတွင်း ဖယ်ခုံအင်း အရှေ့ခြမ်း PDF ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
🚩 ၂။ မိုးဗြဲ ခလရ ၄၂၂ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူဒေသခံ (၂)ဦး ဒဏ်ရာရရှိ
🚩 ၃။ မြိုင် အနောက်ပိုင်း လေကြောင်းတိုက်ခိုက် ခံရမှုအတွင်း ကိုရင်တစ်ပါး အပါအဝင် ၃ ဦးသေဆုံး
🚩 ၄။ ပြည်သူအသွင်ယူပြီး သတင်းလာထောက်တဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ် ဖမ်းဆီးရာမှာ သေဆုံး
🚩 ၅။ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံ စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်နဲ့ အလင်းဝင်
🚩 ၆။ ပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား ကျင်းပ
🚩 ၇။ နေပြည်တော် တိုင်းစစ်ဌာန၊ (၉၀၁) တပ်ရင်း မွန်းမံ သင်တန်းဆင်းပွဲ ပြုလုပ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ရခိုင်ရေပိုင်နက်အတွင်း ဝင်ရောက်လာတဲ့ တရားမဝင် ရေလုပ်သား ၂၁ ဦးကို ဖမ်းမိပြီး တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းကာ အဖြေတစ်ခု ရရှိရန် မျှော်လင့်တယ်လို့ ဦးခိုင်သုခ ပြောဆို
မတ် ၁၅
Radio NUG
မတ်လ ၁၅ရက်နေ့တွင် တရားမ၀င် ရေလုပ်သား ၂၁ ဦးကို ရခိုင်ရေပိုင်နက် ရခိုင်ကမ်းရိုးတန်းမှ တစ်ကီလိုမီတာအောက်သာ ဝေးသော နယ်နိမိတ်မျဉ်းမှ ၁၀ ကီလိုမီတာကျော် အကွာတွင် ဖမ်းဆီးခဲ့ကြောင်း ULA/AAပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမှ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ ရေလုပ်သားများသည် ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ သတိပေးချက်များကို သိရှိထားသော်လည်း အဆိုပါ သတိပေးချက်များကို ပြောင်ပြောင်တင်းတင်း လျစ်လျူရှုခဲ့ပြီး တရားမဝင်ငါးဖမ်းလုပ်ငန်းများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းတို့က ဝန်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အိမ်နီးချင်းနှစ်နိုင်ငံကြား အပြုသဘောဆောင်သော ဆက်ဆံရေးကို ထိန်းသိမ်းထားရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ ရေလုပ်သားများကို ပြစ်ဒဏ်မပေးဘဲ ပြန်လွှတ်ပေးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ၏ အကြိမ်ကြိမ်သတိပေးချက်များကြားမှ တရားမဝင် ငါးဖမ်းခြင်းအတွက် ရခိုင်ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်မှုမှာ ပြဿနာတစ်ခုအဖြစ် ULA မှ မှတ်ချက်ပြုထားပြီး ထိုသို့သော လှုပ်ရှားမှုများသည် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်နှစ်နိုင်ငံလုံးရှိ တရားဥပဒေကို လိုက်နာသော ငါးဖမ်းသမားများ၏ အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်လျက်ရှိတယ်လို့ ဦးခိုင်သုခမှ ပြောဆိုထားပါတယ်။
တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ကြား ပူးပေါင်းလုပ်ဆောင်ပြီး ထိရောက်သော အဖြေတစ်ခုရရှိရန် မျှော်လင့်တယ်လို့ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ ဖိလစ်ပိုင်သမ္မတဟောင်း Duterteကို ပထမအကြိမ် နိုင်ငံတကာ ရာဇ၀တ်တရားရုံးကြားနာမှု ပြုလုပ်
မတ် ၁၅
Radio NUG
ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte သည် မနီလာတွင် လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးခံရပြီးနောက် ရက်ပိုင်းအတွင်း ဒူတာတေးကို The Hague ရှိ နိုင်ငံတကာ ရာဇ၀တ်တရားရုံးတွင် မပြသဘဲ တစ်မိုင်ခန့်အကွာအဝေးရှိ ထိန်းသိမ်းရေးစခန်းမှနေပြီး ဗီဒီယိုကွန်ဖရင့်ဖြင့် ကြားနာခဲ့ကြောင်း AP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အဆိုပါကြားနာမှုကို ICC အမျိုးသမီးတရားသူကြီး ၃ ဦးက ဦးဆောင်ခဲ့ပြီး ဒူတာတေးရဲ့ရှေ့နေအဖြစ် သူ့မိတ်ဆွေရင်း ရှေ့နေ ဖြစ်သူ မစ္စတာ Salvador Medialdea က ဆောင်ရွက်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၂၀၁၉ ခုနှစ် မတ် ၁၉ ရက်အတွင်း ဒူတာတေးဟာ ဖိလစ်ပိုင်နိုင်ငံမှာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ တရားစွဲဆိုဖို့ လုံလောက်တဲ့အကြောင်းတရားတွေရှိသလားဆိုတာကို ကနဦးကြားနားတာဖြစ်ပြီး အခုလို နောက်တစ်ကြိမ်အဖြစ် ပြစ်မှုတွေ အတည်ပြုရေးနဲ့ပတ်သက်တဲ့ ကြားနာစစ်ဆေးမှုကို စက်တင်ဘာ ၂၃ ရက်မှာ ပြုလုပ်မယ်လို့ တရားသူကြီးက ပြောကြားထားပါတယ်။
ပြစ်မှုတွေကို အကုန်လုံးဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် အတည်ပြုနိုင်ပြီဆိုရင် အမှုကို ကြားနာစစ်ဆေးရေးရုံးတော်ကို လွှဲပြောင်းမှာဖြစ်ပြီး ရုံးတော်ဟာ လုပ်ထုံးလုပ်နည်းရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ ရုံးတင်စစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
========================
📌📌 ၃။ ဘန်ကောက်တွင် ဆောက်လုပ်ဆဲ မိုးပျံလမ်းမကြီး ပြိုကျမှုကြောင့် မြန်မာ ၂ဦးအပါအဝင် အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရ
မတ် ၁၅
Radio NUG
မတ်လ ၁၅ ရက် မနက်အစောပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖလန်ဆောင်ရှိ ရာမ ၂ လမ်းမကြီးပေါ်မှာ တည်ဆောက်နေတဲ့ မိုးပျံလမ်းမကြီး ပြိုကျမှု ဖြစ်ပွားပြီး မြန်မာ ၂ဦးအပါအဝင် အလုပ်သမား ၅ ဦး သေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရရှိကြောင်း ထိုင်းသတင်းများမှ သိရပါတယ်။
ထိုင်းဝန်ကြီးဌာန သတင်းများအရ အဆိုပါ မတော်တဆ ဖြစ်မှုအတွင်း ထိုင်းလူမျိုး အလုပ်သမား ၂ ဦး၊ မြန်မာနိုင်ငံသား ကိုဇင်ကိုအောင်နဲ့ ကိုနိုင်လင်းအောင်တို့နှင့် ထိုင်းအင်ဂျင်နီယာ ၁ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
========================
📌📌 ၄။ ဒီးဘောင်းခူမြို့နယ်တွင် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းဆင်းပွဲအခမ်းအနား ပြုလုပ်
မတ် ၁၅
Radio NUG
မတ်လ ၁၅ ရက်နေ့တွင် ကရင်နီပြည်နယ် ၊ ဒီးဘောင်းခူမြို့နယ်ရှိ ကျေးရွာတစ်ရွာမှာ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် ကျောင်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။
အဆိုပါ အခမ်းအနားတွင် IEC မြို့နယ်ပညာရေးမှူး ၊ ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် ၊ အုပ်စုပညာရေးကော်မတီဥက္ကဋ္ဌနှင့် ကရင်နီဧည့်သည်ဆေးခန်းတာဝန်ခံတို့က အမှာစကားပြောကြားခဲ့ပြီး ကျောင်းသူ/ကျောင်းသားများက အကများဖြင့် ဖျော်ဖြေခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
" တော်လှန်ရေးဘယ်အချိန်ပြီးမလဲဆိုတာ ခန့်မှန်းလို့မရဘူး။ အဲ့က အသီးအပွင့်တွေက ခင်ဗျားတို့ ကျနော်တို့ရဲ့ အရှေ့မှာ ရောက်နေတဲ့ သားတွေသမီးတွေပဲခံစားရမှာ။ ဒါကြောင့်မို့ ဒါတွေကိုလည်း မိဘတွေနားလည်ပြီးတော့ ကလေးတွေရဲ့ပညာရေးမှာ အားစိုက်ပေးကြပါ " ဟု IEC မြို့နယ်ပညာရေးမှူး ဦးမိုးလွင်ဦး က ပြောကြားခဲ့ပါတယ်။
ထို့နောက် ထူးချွန်ဆုရှိသည့် ကျောင်းသား ၊ ကျောင်းသူများကို ဆုချီးမြှင့်ပြီး စာသင်ဆောင်ဆောက်လုပ်လှူဒါန်းသည့် အလှူရှင်များကို ကျောင်းတာဝန်ခံက ကျေးဇူးတင်စကားပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါကျောင်းတွင် မူကြိုတန်းမှ နဝမတန်းအထိ ကျောင်းသားဦးရေ ၁၀၀ ကျော် ရှိပြီး ဆရာ ၊ ဆရာမ (၁၄) ဦးဖြင့် သင်ကြားနေကာ လာမည့်ပညာသင်နှစ်တွင် အထက်တန်းအဆင့်အထိ ဖွင့်လှစ်နိုင်ရန်အတွက် ကျောင်းဆောင်လိုအပ်ချက်ရှိကြောင်း ကျောင်းတာဝန်ခံက ပြောဆိုထားပါတယ်။
========================
📌📌 ၅။ ဖေဖော်ဝါရီလအတွင်း ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ ၂၀ PRF ထုတ်ပြန်
မတ် ၁၅
Radio NUG
၂၀၂၅ ခုနစ် ဖေဖော်ဝါရီလအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့ (၂၀) ကို PRF မှ ထုတ်ပြန်ပါတယ်။
အဖွဲ့ ၂၀တွင် CSC (Citizen Support Center)၊ We Are One၊ နွေဦးရောင်ခြည်အဖွဲ့၊ OFP FR၊ Spring Myanmar Society (SMS) စတဲ့ အဖွဲ့များပါဝင်ပြီး ခန့်မှန်း အမေရိကန်ဒေါ်လာ ၆၆၃၄၉၂ ခန့် ရရှိခဲ့ပါတယ်။
ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ စတင်ဖွဲ့စည်းခဲ့တဲ့ ၄ နှစ်တာအတွင်း ဖယ်ခုံအင်း အရှေ့ခြမ်း PDF ရဲဘော် ၃၁ ဦး ကျဆုံးခဲ့
မတ်လ ၁၅ ရက်
Radio NUG
ဖယ်ခုံအင်း အရှေ့ခြမ်း PDF စတင်ဖွဲ့စည်းခဲ့တဲ့ ၂၁၂၁၊ မတ်လ ၁၅ ရက်နေ့မှ ၂၀၂၅၊ မတ်လ ၁၅ ရက်နေ့ (ဒီနေ့) အထိ နွေဦးတော်လှန်ရေး တိုက်ပွဲများအတွင်း ရဲဘော် (၃၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်း PDF (အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် - ၁၀၀၆ တပ်ရင်း) ကို ဖယ်ခုံမြို့နယ်က တော်လှန်လူထုများဖြင့် ၂၁၂၁ ခုနှစ် မတ်လ ၁၅ က စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
၂၁၂၁၊ မတ်လ ၁၅ ရက်နေ့မှာ ဖယ်ခုံ စကခ (၇) မှ စစ်ဗိုလ်နဲ့ ရဲမှူး ပူးပေါင်း အရာရှိအဖွဲ့ကို သုတ်သင် ရှင်းလင်းခဲ့ရာမှ စတင်ကာ ယနေ့အထိ ညီနောင် မဟာမိတ်များနှင့်အတူ တိုက်ပွဲဝင်နေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဖယ်ခုံအရှေ့ခြမ်း PDF (ယခု ဖယ်ခုံ - ၁၀၀၆ တပ်ရင်း) ဖွဲ့စည်းခြင်း ၄ နှစ် ပြည့်မှစ၍ ဆက်လက်ပြီး မဟာမိတ် ရဲဘော်ရဲဘက်များနှင့်အတူ အရေးတော်ပုံအောင်တဲ့အထိ တိုက်ပွဲဝင်ကာ တော်လှန်ရေးမှာ အပြောင်မြောက်ဆုံး သမိုင်းများ ရေးထိုးသွားမှာ ဖြစ်ကြောင်း (၄) နှစ်ပြည့် ထုတ်ပြန်ချက်မှာ အသိပေး ဖော်ပြထားပါတယ်။
၄ နှစ်တာ တော်လှန်ရေးကာလ စစ်မှန်သော ဒီမိုကရေစီ ရရှိရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းများနှင့်အတူ ဖယ်ခုံ PDF မှ ကျဆုံးအာဇာနည် တပ်ဖွဲ့ဝင် ၃၁ ဦးကို အမြဲအမှတ်ရ ဦးညွှတ် ဂုဏ်ပြုကာ ယနေ့ရက်စွဲအား မှတ်တမ်းတင်ကြောင်း အသိပေး ထားပါတယ်။
========================
🚩🚩 ၂။ မိုးဗြဲ ခလရ ၄၂၂ တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝါရီကောခူဒေသခံ (၂)ဦး ဒဏ်ရာရရှိ
မတ် ၁၅
Radio NUG
မတ်လ (၁၄)ရက်နေ့ ည (၈)နာရီခွဲ ဝန်းကျင်တွင် ရှမ်း-ကရင်နီ နယ်စပ် မိုးဗြဲအခြေစိုက် ခလရ ၄၂၂ တပ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝါရီကောခူ ဒေသခံ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၁)ဦး ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။
လက်နက်ကြီးကျရောက်မှုကြောင့် အသက် (၃၇)နှစ်အရွယ် အမျိုးသမီး ခြေသလုံးကျိုးပြီး အသက် (၂၁)အရွယ်အမျိုးသား တစ်ဦး ညာနံရိုး ထိမှန် ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို သိရပါတယ်။
စစ်ကောင်စီတပ်က မိုးဗြဲ မြို့ကို ပြန်လည်ရယူရန် အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာပြီး တော်လှန်ရေးတပ်ဖွဲများနှင့် တိုက်ပွဲ ပြင်းထန်နေစဥ်အတွင်း စစ်ကောင်စီဘက်က ဒရုန်းများ၊ လက်နက်ကြီးများ ပစ်ကူပေးနေပြီး မီးလောင်ဗုံးများပါ အသုံးပြုတိုက်ခိုက်သည့်အတွက် နေအိမ် (၁၅)လုံးထက်မနည်း မီးလောင် ပျက်စီးခဲ့ရတယ်လို ရှမ်းတောင် ဗျူဟာ (၁)က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၃။ မြိုင် အနောက်ပိုင်း လေကြောင်းတိုက်ခိုက် ခံရမှုအတွင်း ကိုရင်တစ်ပါး အပါအဝင် ၃ ဦးသေဆုံး
မတ်လ ၁၅ ရက်
Radio NUG
မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်ပိုင်း၊ ဆူးဝင်းရွာ၊ ဝယ်တောင်(တ)ရွာဘုန်းကြီးကျောင်းနဲ့ ဝယ်တောင် (တ)ရွာ မြောက်ပိုင်းကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကိုရင် တစ်ပါး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရခဲ့တယ်လို့ We Love Myaing မှာ ဖော်ပြထားပါတယ်။
မတ်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ စစ်ကောင်စီရဲ့ မကွေးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး၊ မိတ္ထီလာ လေတပ်မှ ဂျက်ဖိုက်တာ တစ်စီး၊ ပေါင်း ၃ စီးဖြင့် မြိုင်မြို့နယ် အနောက်ပိုင်းကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက် ခံရမှုအတွင်း ဆူးဝင်း ကျေးရွာမှ နေအိမ်တစ်လုံး မီးလောင် ပျက်စီးခဲ့ကာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဝယ်တောင် (တ) ရွာ ဘုန်းကြီးကျောင်းပေါ်ကိုလည်း ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ရာ ဘုန်းကြီးကျောင်း မီးလောင်ပြိုကျခဲ့ပြီး အသက် ၃၀ အရွယ် ကိုရင်ကြီး တစ်ပါးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသား ၂ ဦး တို့ သေဆုံးခဲ့ရတဲ့အပြင် ဘုန်းကြီး တစ်ပါး၊ ကိုရင် ၃ ပါး၊ ပြည်သူ ၆ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
ဝယ်တောင် (တ)ရွာ မြောက်ပိုင်းမှာလည်း ပြည်သူ့ နေအိမ် ၄ လုံး မီးလောင်ပျက်စီး ခဲ့ပြီး ပြည်သူ ၇ ဦး ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ ပါသေးတယ်။
========================
🚩🚩 ၄။ ပြည်သူအသွင်ယူပြီး သတင်းလာထောက်တဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးကို ပစ်ခတ် ဖမ်းဆီးရာမှာ သေဆုံး
မတ်လ ၁၅ ရက်
Radio NUG
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျာဉ်ကြီးအုပ်စု၊ ဥယျာဉ်ကြီး ကျေးရွာအနီးကို ပြည်သူအသွင်ယူပြီး သတင်းလာထောက်တဲ့ စစ်ကောင်စီ တပ်ကြပ်ကြီး တစ်ဦးကို ဖမ်းဆီးစစ်ဆေးရာမှာ ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်း ခဲ့ရတယ်လို့ GBK PDF က သတင်းထုတ်ပြန် ထားပါတယ်။
မတ်လ ၁၅ ရက်နေ့ ညနေ ၂ နာရီ ဝန်းကျင်မှာ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) တပ်ခွဲ (၁) ၊ YOMA GBK PDF က လုံခြုံရေးယူ ကင်းစောင့်နေတဲ့ နေရာကို ပလပ်စတစ်ကောက်ဟန်ဆောင်ကာ အသွင်ယူ သတင်းလာထောက်တဲ့ တပ်ကြပ်ကြီး အဆင့်ရှိ ဇေယျာထက် ဆိုသူအား မသင်္ကာ၍ ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးရာမှာ ၎င်းကိုင်ဆောင်တဲ့ ဖုန်းအတွင်းမှ စစ်သင်တန်းဆင်းပုံ၊ စစ်ကောင်စီ ယူနီဖောင်း ဝတ်ကာ လက်နက်ကိုင်ဆောင်ထားတဲ့ ပုံများတွေ့ရှိခဲ့ပြီး စစ်ဆေးနေစဉ်အတွင်း ရဲဘော်တစ်ဦးအား ခုခံထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ ဇေယျာထက် ဆိုသူဟာ ကြို့ပင်ကောက်မြို့နယ်မှ ပြည်သူများကို နိုင်ထက်စီးနင်း ညှင်းဆဲနှိပ်စက်ပြီး အဓမ္မ ဆက်ကြေး ကောက်ခံနေတဲ့ အေးမင်းဦး ရဲ့ တပည့်အရင်းလဲ ဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၅။ မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းထံ စစ်ကောင်စီ တပ်သား ၄ ဦး လက်နက်နဲ့ အလင်းဝင်
မတ်လ ၁၅ ရက်
Radio NUG
အမှတ် ၁ စစ်ဒေသ၊ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ အမှတ် (၄-၁၀) တပ်ရင်း၊ Natogyi People Defence Force (NPDF) ထံကို စစ်ကောင်စီ တပ်သား ၄ ဦး လက်နက် ခဲယမ်းများနဲ့ အလင်းဝင်လာတယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
မတ်လ ဒုတိယပတ် အတွင်းမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် (၅) နဲ့ အပတ်စဉ် (၇) မှာ ပေါ်တာဆွဲ တပ်သားသစ် စုဆောင်းခံထားရတဲ့ ခလရ (၂၅၃) နဲ့ ခလရ (၁၁၃) တို့က စစ်ကောင်စီ တပ်သား ၄ ဦး ဆက်သွယ် အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
အလင်းဝင်တပ်သား ၄ ဦးဟာ တပ်သားစောအောင်မင်းထွန်း၊ တပ်သားဝေယံစိုး၊ တပ်သားသီဟအောင် နဲ့ တပ်သားစိုင်းထွဋ်ခေါင်တို့ ဖြစ်ကြပြီး MA-1 သေနတ် တစ်လက်၊ ကျည်ဘောက် ၃ ဘောက်နှင့် ၅.၅၆ ကျည် ၁၀၀ တောင့်တို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။
အလင်းဝင်တပ်သား ၄ ဦးကို နွေးထွေးစွာ ကြိုဆိုခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကာ ၎င်းတို့ ဆန္ဒအတိုင်း လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထို့အပြင် Natogyi People Defence Force (NPDF)၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့မှ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရတဲ့ ပြည်သူ့ အာဇာနည် သူရဲကောင်းများရဲ့ မိသားစုဝင်များကို ဒုတိယအကြိမ် ထောက်ပံ့ငွေနဲ့ ပစ္စည်းများကို ထောက်ပံ့ဂုဏ်ပြု ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
========================
🚩🚩 ၆။ ပြည်သူ့လွတ်မြောက်ရေးတပ်တော် PLA တည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနား ကျင်းပ
မတ်လ ၁၅ ရက်
Radio NUG
ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ပြန်လည်ဖွဲ့စည်း တည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကို မတ်လ ၁၅ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တယ်လို့ People's Liberation Army - PLA က ထုတ်ပြန်ထားပါတယ်။
အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည် ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အလံတော်အား တပ်မှူး တပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံး ရဲဘော်များအား သေနတ်ပစ်ဖောက် အလေးပြုခြင်း၊ ပြည်သူ့တပ်မတော် သီချင်း သီဆိုခြင်း၊ စစ်ရေးပြ ချီတက်ခြင်း၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ်ကို ချီတက်အလေးပြုခြင်း၊ ခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ထို့နောက် အင်တာနေရှင်နယ် သီချင်းကို သံပြုင်သီဆို အလေးနီပြုကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဗမာပြည် ကွန်မြူနစ် ပါတီရဲ့ တပ်မတော်ဖြစ်တဲ့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - PLA ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်း တည်ထောင်ခဲ့တာ ဖြစ်ပြီး ယနေ့ ၂၀၂၅ မတ်လ ၁၅ ရက် နေ့တွင် ၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
========================
🚩🚩 ၇။ နေပြည်တော် တိုင်းစစ်ဌာန၊ (၉၀၁) တပ်ရင်း မွန်းမံ သင်တန်းဆင်းပွဲ ပြုလုပ်
မတ်လ ၁၅ ရက်
Radio NUG
အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာန၊ စစ်ဗျူဟာ ၁၇၊ တပ်ရင်း (၉၀၁) စခန်းတွင် (၄/၂၀၂၅) မွမ်းမံ သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါ သင်တန်းဆင်းပွဲကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော် တိုင်းစစ်ဌာန၊ စစ်ဦးစီးချုပ် ဗိုလ် လကျာ်၊ ဒု-စစ်ဦးစီးချုပ်/စစ်ရေးချုပ် ဗိုလ် ငွေစိုး၊ စစ်ထောက်ချုပ် ဗိုလ် ဓူဝံ၊ စစ်ဦးစီး အဖွဲ့ဝင် (ကျန်းမာရေး တာဝန်ခံ) ဒေါက်တာ ဂျိုးဇက်၊ တပ်ရင်း (၈၀၄) မှ တပ်ရင်းမှူး နှင့် တာဝန်ရှိသူများ၊ ဒေါက်တာရောစ့်ဘတ်၊ မဟာမိတ် တပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသတွင်း အုပ်ချုပ်ရေး တာဝန်ခံများနဲ့ ရဲဘော်များ တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားတွင် နေပြည်တော်တိုင်း စစ်ဌာန၊ စစ်ဦးစီးချုပ်၊ ဗိုလ်လကျာ် က မိန့်ခွန်း ပြောကြားခြင်း၊ ဒု- စစ်ဦးစီးချုပ်/ စစ်ရေးချုပ်၊ ဗိုလ်ငွေစိုး က NUG ကာကွယ်ရေး ဝန်ကြီးဌာနမှ ပေးပို့တဲ့ သဝဏ်လွှာအား ဖတ်ကြားခြင်း၊ တာဝန်ရှိသူ အသီးသီးက သင်တန်းဆင်း လက်မှတ်နဲ့ ထူးချွန်ဆုရ သင်တန်းသား ရဲဘော်များအား ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment