သာသနာ့အာဇာနည်ရွှေညဝါဆရာတော်ရှင်ပညာသီဟရဲ့ ကြွင်းကျန်ရစ်တဲ့ ပြာအိုးတော်ကို ပင်လယ်ဝ သို့ရေမျောပူဇော်ခဲ့ကြပြီး တစ်နိုင်ငံလုံးရှိ တပည့် ဒကာ၊ ဒကာမများ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ကြ
ကိုမြင့်သူ (Radio NUG) ဇူလိုင် ၁၉၊ ၂၀၂၅
ပြီးခဲ့တဲ့ဇူလိုင်လ ၁၀ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ဆေးကုသမှု ပြည့်စုံစွာမရရှိခဲ့ပဲ ဘဝနတ်ထံပျံလွန်တော်မူခဲ့တဲ့ ရွှေညဝါဆရာတော် အရှင်ပညာသီဟရဲ့ အန္တိမအဂ္ဂိသာဓု ကီဠနပူဇာသဘင်ကိုဇူလိုင်လ ၁၆ရက်နေ့မှာ ကျင်းပခဲ့ပြီး မနေ့က ဇူလိုင်လ ၁၇ ရက်နေ့မှာ ကြွင်းကျန်ရစ် တဲ့ ပြာအိုးတော်ကို ရေမျောပူဇော်ခဲ့တာဖြစ်ပါတယ်။ ဆရာတော်ရဲ့တပည့်ရင်းဖြစ်သူ ဒကာတစ်ဦးက အခု လိုပြောပါတယ်။
“ ဘာနဲ့မှ အစားထိုးလို့မရပါဘူး။ နောက်ပြီးတော့ သစ်တစ်ပင်ကောင်းရင် ငှက်တစ် သောင်းနား တယ်ဆို တာ ဘုန်းဘုန်းကြီးမှ အစစ်လေ။ သူ့ဆွေမျိုးတွေ စောင့်ရှောက်တာရော၊ ဒကာ၊ ဒကာ မတွေကိုစောင့် ရှောက်တာရော၊ မပြည့်စုံတဲ့သူတွေကိုစောင့်ရှောက်တာရော၊ ဘာဘေးအန္တရယ်ပဲ ကြုံကြုံ ဘုန်းဘုန်းက အမြဲတမ်းရှေ့ဆုံးကနေ ထွက်တာလေ။ အဲ့တော့ ဒီဆုံးရှုံးမှုက ဘာနဲ့မှလည်း ကွက်လပ်ဖြည့် လို့ရမှာ မဟုတ်ပါဘူး”
ဆရာတော်ဟာ ကိုရင်ဘဝကထဲက ကောင်းတာကိုလုပ်ဖို့ မှန်တာကိုပြောဖို့ ကိုယ်ကျင့်တရားခိုင်မာတဲ့ သူဖြစ်ပြီး အသက် ၉နှစ်အရွယ်မှာ ကိုရင်ဝတ်ခဲ့ပြီး နောက်ဆုံးအချိန်ထိ သာသနာ့ဘောင်မှာနေထိုင်သွား တဲ့ သာသနာ့အာဇာနည်တစ်ပါးဖြစ်ပါတယ်။ ဒါ့အပြင် လောကုတ္တရာစာပေမှာ နှံ့စပ်ကျွမ်းကျင်သလို လောကီအရေးမှာလည်း ဘုရားသားတော်ပီပီ ကရုဏာကြီးမားတော်မူတဲ့အတွက် အတိဒုက္ခရောက်နေတဲ့ နိုင်ငံသူနိုင်ငံသားတွေကိုကူညီကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။ ရွှေညဝါဆရာတော်ကို နှစ်ပေါင်းများစွာ သိမှီ လိုက်သူဒကာတစ်ဦးက အခုလိုပြောပါတယ်။
“ ဘုန်းဘုန်းက ပရဟိတစိတ်လေ။ သူ့မှာအလှူခံလို့ရတာ သူ့အိတ်ထဲ ထားတာမဟုတ်ဘူး။ သူ့မှာ အကုန်လုံးကိုရေဘေးဆိုလည်းရေဘေး၊ မီးဘေးဆိုလည်းမီးဘေး၊ အကုန်လုံးပါတယ်။ ကျွန်တော်တို့က ဘုန်းဘုန်းသွားတဲ့နောက်ပါတယ်။ စစ်ဘေးဆိုလည်း စစ်ဘေး။ အကုန်လုံးသွားတဲ့နေရာ အားရင်အား သလို လိုက်ပေးတယ်။ ဘုန်းဘုန်းကြီးကတော့ ”
ဆရာတော်ဟာ ဓမ္မဘက်ကနေ အစဥ်ဆက်ရပ် တည်ခဲ့ပြီး မှန်ရာကိုမကြောက် မရွံ့ပြောဆို လုပ်ကိုင်ခဲ့ တဲ့ အတွက် အများပြည်သူရဲ့ယုံကြည်ကိုးစားလေး စားခြင်းကိုနောက်ဆုံးအချိန်ထိ ရရှိခဲ့ပါတယ်။ဆရာတော့် ဈာပနနောက်ဆုံးခရီးကို ဆွေတော်မျိုးတော် တွေအပြင် ရပ်နီးရပ်ဝေးက ဆရာတော့်ကို အပြင်မှာ ဖူးတွေ့ဖူးသူ၊ မဖူးတွေ့ခဲ့ရသူတွေလည်း လာရောက်ခဲ့ကြပြီး ကြက်ပျံမကျစည်ကားခဲ့ပါတယ်။ ဆရာတော့်ကို မြန်မာ့ဆိုင်းဝိုင်းနဲ့ဧရင်ကျူးပူဇော်ခဲ့ ကြပြီး အဲ့ဒီကထွက်လာတဲ့နှဲသံ၊ ဗုံသံစည်သံတွေဟာ ဈာပနပွဲတော်ကို လာရောက်ပူဇော်ကြတဲ့ ပရိသတ် အတွက် ပိုပြီးရွှေရင်စို့စရာဖြစ်လာစေပါတယ်။ ရွှေညဝါဆရာတော်ကို အပြင်မှာ မမြင်ဖူးမသိမှီလိုက်ပေမယ့် ဆရာတော့်သတင်းစကားကြောင့် ဈာပနကို ပဲခူး၊ ဘုရားကြီးကနေနောက်ဆုံးလာရောက်ဖူးမျှော်သူတစ်ဦးကတော့အခုလိုပြောပါတယ်။
“ ဓမ္မနဲ့ အဓမ္မဆိုတဲ့နေရာတော့ကွယ် အများရဲ့ အကျိုးကိုဆောင်တဲ့ပုဂ္ဂိုလ်၊ ပြည်သူတွေအားလုံးအတွက် ပေါ့ ဘာသာရေးရော၊ လူမှုရေးရော၊ ပရဟိတအလုပ်တွေကိုလုပ်တဲ့နေရာတွေမှာ အကျိုးကြီးအောင် ဆောင်ရွက်ပေးတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဦးတို့အတွက် ဆရာတော်ကြီးရဲ့ လုပ်ဆောင်ချက်တွေကိုလေး စားလို့ ယုံကြည်လို့ ဒီလိုလာရတာ။ ခုန ပြောသလို ဒီကျောင်းတိုက်ဆိုတာ အိမ်မက်တောင်မမက်ဖူးဘူး။ ဒီ ကျောင်းတိုက်ဆိုတာ မြေစမ်းခရမ်းပျိုးဆိုသလို စုံစမ်းပြီးတော့လာခဲ့ကြတာ ”
အတိဒုက္ခရောက်နေတဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကို ကူညီကယ်ခဲ့တဲ့ ရွှေညဝါဆရာတော်ရဲ့ ပရဟိတစိတ် ဓာတ်ဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်အာဏာရှင်စိတ်ဓာတ်ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံမှာ ဆူးလေဘုရားလမ်းနဲ့ ဘဏ်လမ်းထောင့်ရှိ နိုင်ငံရေးစင်မြင့်ကနေ ဘာလုပ်ကြမှာ လဲဟေ့ လို့ အသက်၂၂နှစ်အရွယ် ရွှေညဝါဆရာတော်ရဲ့ သတိပေးဟောပြောမှုဟာ နိုင်ငံသူနိုင်ငံသားတွေ အတွက် နိုင်ငံ့အရေးအသိပညာကိုလှုပ်နှိုးနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ရန်ကုန်မြို့လုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂကိုဦးဆောင်ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက် အကြမ်းဖက်စစ်တပ်က ဆရာတော်ကို လိုက်လံဖမ်း ဆီး တာ၊ တရားပွဲတွေပိတ်ပင်တာအပြင် နောက်ဆုံးကိုရင်ဘဝကထဲက စာဝါလိုက်ခဲ့တဲ့ ကြည့်မြင်တိုင်မြို့ နယ် သာဓုကျောင်းတိုက်ကနေထွက်ခွာစေခဲ့ပါတယ်။
ဒီလိုကန့်သတ်ချုပ်ခြယ်တာတွေရှိခဲ့ပေမယ့် ရွှေညဝါ ဆရာတော်ဟာ စစ်အာဏာရှင်ကိုဦးမညွတ်ပဲ မြန်မာ့ဒီမိုကရေစီအရေးအတွက် NLD နဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကိုလိုလားတဲ့ ဆရာတော်ကို ခေတ်အဆက်ဆက်က အကြမ်းဖက် စစ်တပ်က အငြိုးထားခဲ့ပြီး ပြီးခဲ့တဲ့၂၀၂၁ အာဏာသိမ်းတဲ့ရက်မှာပဲ ရွှေညဝါဆရာတော်ကိုဖမ်းဆီးပြီး ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။ ဆရာတော်ရဲ့ အသည်းရောဂါကို ထောင်တွင်းမှာဆေးကုမပေးပဲ ထောင်ကလွှတ် ပေးခဲ့ပေမယ့် နိုင်ငံရပ်ခြားမှာ သွားရောက်ဆေးကုသ ဖို့အ တွက် အကြမ်းဖက်စစ်တပ်က ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဲ့ဒီအသည်းရောဂါနဲ့ပဲ ဆရာတော် ဟာ အရွယ်မတိုင်ခင် သက်တော် ၆၁နှစ် ဝါတော်၄၀အရွယ်မှာ ဘဝနတ်ထံပျံလွန်တော်မူခဲ့ရ တာဖြစ်ပါ တယ်။
ဆရာတော်ရဲ့ နောက်ဆုံးကြွင်းကျန်ရစ်တဲ့ အရိုးပြာအိုးတော်နဲ့ တပည့် ဒကာ၊ ဒကာမအပေါင်းကိုတင် ဆောင်လာတဲ့ သင်္ဘောကြီးဟာ ဈေးကြီးလမ်းဆိပ်ကမ်းကနေ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်တို့ဆုံရာ ပင်လယ်ဝ ကိုစီးဆင်းသွားတဲ့ ရေကြောင်းကို ဦးတည်ထွက်ခွာသွားတာဖြစ်ပါတယ်။
ရွှေညဝါဆရာတော်ရှင်ပညာသီဟ ဘဝနတ်ထံပျံလွန်တော်မူတဲ့ ဆုံးရှုံးမှုက ဘာနဲ့မှ ကွက်လပ်ဖြည့်လို့မရ ဘူးလို့ တပည့်ဒကာ၊ ဒကာမတွေက နှမျောတသ ပြောဆို နေကြပေမယ့်လည်း ဆရာတော်ရဲ့ ပြာအိုးတော် နှစ်လုံးဟာ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်ဆုံရာရေ ပြင်ကျယ်ကနေ ကျယ်ပြောတဲ့ပင်လယ်ဘက်ကို ဦးတည်ပြီး တစ်ရွေ့ရွေ့မျောပါသွားတာကိုနောက်ဆုံးအကြိမ်ဖူးမျှော်ကြရတာဖြစ်ပါတယ်။
No comments:
Post a Comment