၂၀၂၃ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ယနေ့အထိ ပင်လုံကတိကဝတ်ကို အကောင်အထည်မဖော်နိုင်ဖြစ်နေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
📌 ၂။ အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှု မအောင်မြင်သေးဘူးလို့. နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆို
📌 ၃။ ထောင်တွင်းတာဝန်ရှိသူတွေအလှည့်ကျရင် အမှုတွဲအလိုက် ရင်ဆိုင်ဖို့ ပြင်ထားကြရန် NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးသတိပေး
📌 ၄။ "သွေးချင်းချစ်ကြည်အောင်ပွဲဆီသို့" အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးဒေါ်ခင်မမမျိုး ပါ၀င်တက်ရောက်
📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဘုံရည်မှန်းချက်တူ အင်အားစုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်
📌 ၆။ ပုလဲမြို့နယ်က ကျေးရွာပေါင်း ( ၂၀၀ )ကျော်မှာ ၁၇၀ ကျော်ကို ( ပ အ ဖ ) ၊ ( ပ က ဖ ) ဖွဲ့စည်း ထားပြီးဖြစ်
📌 ၇။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် (၁၅) ခုကို မဟာဗျုဟာကျကျတိုက်ခိုက်နိုင်ခဲ့၍ တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၄၄) ဦး သေဆုံးခဲ့
📌 ၈။ မြိုင်မြို့ အနောက်ဘက် ပျူခေါင်းဆောင်နေအိမ်မိုင်းလာရှင်းစဥ် မိုင်းပေါက်ကွဲ၍ စကစတပ်က စကစတပ်က တစ်ဦးသေ၊ နှစ်ဦးထိခိုက်ဒဏ်ရာရ
📌 ၉။ ဘုရားသုံးဆူလူထုသပိတ် နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
📌 ၁၀။ NUGPay အား အသုံးပြု၍ မသမာမှုများ၊ လိမ်လည်မှုများပြုလုပ်နေကြောင်း သံသယ ရှိပါက အတည်ပြုစစ်ဆေးနိုင်
📌 ၁၁။ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမှာ ဒါရိုက်တာ စိန်သီးနှင့် အောင်သော်တို့ ရိုက်ကူးထားသည့် "လွတ်လပ်ခါမှ အမျှဝေမယ်" တော်လှန်ရေး ဇာတ်ကား ရုံပြည့်ရုံလျှံကြည့်ရှုအားပေး
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ယနေ့အထိ ပင်လုံကတိကဝတ်ကို အကောင်အထည်မဖော်နိုင်ဖြစ်နေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို
ဖေဖော်ဝါရီ ၁၂ ရက်
လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ယနေ့အထိ ပင်လုံကတိကဝတ်ကို အကောင်အထည်မဖော်နိုင်ဖြစ်နေရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နွေဦးတော်လှန်ရေး လူထုတိုက်ပွဲ (၂) နှစ်ပြည့် လှုပ်ရှားမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလ ပေးပို့သည့် ဂုဏ်ပြုခွန်အားပေး အမှာစကားမှာ ထည့်သွင်းဆိုပါတယ်။
" ဒီနေ့ဟာဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးများ ပင်လုံစာချုပ် ချုပ်ဆိုပြီး ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် လွတ်လပ်ရေးရယူဖို့ လက်မှတ်ရေးထိုးခဲ့နေ့လည်းဖြစ်ပါတယ်။ လွတ်လပ်မှု၊ တန်းတူညီမျှမှုအတွက် ကတိပြု လက်မှတ်ရေးထိုးခဲ့ကြပေမယ့် လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်အဆက်ဆက်ကြောင့် ယနေ့အထိ ပင်လုံကတိကဝတ်ကို အကောင်အထည်မဖော်နိုင်ဘဲ တိုင်းရင်းသားပြည်သူအပေါင်းဟာ အာဏာချုပ်ကိုင်ထားသူအပေါင်းရဲ့ ဝါးမြိုမှုကို ခံနေရဆဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အာဏာလု စစ်တပ်ကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ဟာ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းတော်လှန်လျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှု မအောင်မြင်သေးဘူးလို့. နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆို
ဖေဖော်ဝါရီ ၁၂ ရက်
အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းမှု မအောင်မြင်သေးဘူးလို့နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၁ ရက် အမေရိကန်နိုင်ငံ နယူးယောက်မြန်မာလူထုတွေ့ဆုံပွဲမှာ ဝန်ကြီးကပြောပါတယ်။
"အကြမ်းဖက်စစ်ကောင်စီဟာ အခုချိန်အထိ အုပ်ချုပ်လို့မရသေးဘူး။ အခုအချိန်အထိ အာဏာသိမ်းတာ မအောင်မြင်သေးဘူး။ ပြောရမယ်ဆိုလို့ရှိရင် နိုင်ငံတကာ စာမျက်နှာမှာလည်း အခုအချိန်အထိ အစိုးရတစ်ရပ်ကိုယ်စားပြုလို့ရတဲ့အနေအထာမျိုးကို မတွေ့ရသလို ပြည်တွင်းမှာဆိုလို့ဆိုရင်လည်း ဖေဖော်ဝါရီ ၁ရက်နေ့ကsilent strikesက သက်သေပေါ့။ ပြည်သူလူထုက ဘယ်လောက်ထိ ဒီစစ်အာဏာသိမ်းမှုကို လက်မခံကြဘူးလဲ။ ငြင်းဆန်ကြသလဲဆိုတာကို အသံတိတ်ပြီး အကျယ်လောင်ဆုံး ထုတ်ဖော်ခဲ့ကြပြီး ဟစ်ကြွေးခဲ့ကြပြီးဖြစ်တယ်"လို့ ဝန်ကြီးကဆိုပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်တဲ့ စစ်တပ်အာဏာလုယူမှု ဟာ ယနေ့အချိန်အထိ တိုင်းပြည် တည်ငြိမ်မှုမရရှိဘဲ တစ်နှစ်ကျော်အတွင်းမှာ စကစတပ်ဖွဲ့ဝင် နှစ်သောင်း ကျော်သေဆုံးခဲ့ပါတယ်။
========================
📌📌 ၃။ ထောင်တွင်းတာဝန်ရှိသူတွေအလှည့်ကျရင် အမှုတွဲအလိုက် ရင်ဆိုင်ဖို့ ပြင်ထားကြရန် NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးသတိပေး
ဖေဖော်ဝါရီ ၁၂
ထောင်တွင်းတာဝန်ရှိသူတွေ အလှည့်ကျရင် အမှုတွဲအလိုက် ရင်ဆိုင်ဖို့ ပြင်ထားကြရန် NUG လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကသတိပေးဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးက အကျဥ်းထောင်နဲ့ပတ်သက်လို့ဆိုခဲ့ပါတယ်။
"ထောင်တွင်းတာဝန်ရှိသူတွေရဲ့ ရာဇဝတ်စာရင်းတွေ တိုးတိုးလာနေပါတယ်။ အလှည့်ကျရင် အမှုတွဲအလိုက် ရင်ဆိုင်ဖို့ ပြင်ထားကြပါ"လို့ဝန်ကြီးကဆိုပါတယ်။
မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို) တွင် ဖေဖော်ဝါရီလ ၃ ရက်နေ့နှင့် ၄ ရက်နေ့များတွင် ဖြစ်ပွားခဲ့သော နိုင်ငံရေးအကျဉ်းသား အမျိုးသမီး အိပ်ဆောင်သို့ ထောင်ဝန်ထမ်းနှင့် စည်းကမ်းထိန်း အကျဉ်းသား အမျိုးသား(၁၅၀)ခန့် ဝင်ရောက် အကြမ်းဖက် ရိုက်နှက်ခဲ့မှုဖြစ်ပွားခဲ့ပါတယ်။ အဆိုပါအကြမ်းဖက်မှုဖြစ်စဥ်တွင် ၁၃ ဦးပြင်းထန်ဒဏ်ရာရခဲ့ပြီး နောက်ဆက်တွဲဖြစ်စဥ်တွင် အမျိုးသမီးနိုင်ငံရေးအကျဥ်းသူ ၇၂ ဦးကို ပြစ်ဒဏ်တိုက်သို့ ပြောင်းရွှေ့ခဲ့ပြီး ထောင်ဝင်စာ တစ်လပိတ်ပင်ခဲ့ပါတယ်။
========================
📌📌 ၄။ "သွေးချင်းချစ်ကြည်အောင်ပွဲဆီသို့" အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးဒေါ်ခင်မမမျိုး ပါ၀င်တက်ရောက်
ဖေဖော်ဝါရီလ ၁၁ ရက်
"သွေးချင်းချစ်ကြည်အောင်ပွဲဆီသို့" အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးဒေါ်ခင်မမမျိုး ပါ၀င်တက်ရောက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ယူကေနိုင်ငံအခြေစိုက် ပြည်ထောင်စုဖွားတိုင်းရင်းသားများမှ စုစည်း၍ ကျင်းပသော "သွေးချင်းချစ်ကြည် အောင်ပွဲဆီသို့" အခမ်းအနားကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် လန်ဒန်မြို့၌ ကျင်းပခဲ့ရာ စီးပွားရးနှင့် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ပါ၀င်တက်ရောက်ခဲ့တယ်လို့ဖော်ပြပါတယ်။
အခမ်းအနားအစီအစဉ်နှင့် တဆက်တည်းတွင် ဖက်ဒရယ်စကားဝိုင်းကိုလည်း ကျင်းပခဲ့ကြရာ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့၀င်များ၊ ယူကေအခြေစိုက် ကချင်တိုင်းရင်းသားခေါင်းဆောင်တို့နှင့်အတူ ပြည်ထောင်စုဖွား တိုင်းရင်းသားများမှ ပါ၀င်ဆွေးနွေးခဲ့ကြပါတယ်။
========================
📌📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဘုံရည်မှန်းချက်တူ အင်အားစုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်
ဖေဖော်ဝါရီ ၁၂
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဘုံရည်မှန်းချက်တူ အင်အားစုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းအားထုတ်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ဖေဖေါ်ဝါရီလ(၁၂) ရက်“(၇၆) နှစ် မြောက်ပင်လုံစာချုပ်ချုပ်ဆိုခြင်းအခမ်းအနား သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပေးပို့သည့်သဝဏ်လွှာ”မှာဖော်ပြပါရှိပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကိုခန့်ငြားထည်ဝါစေခဲ့သော၊ တိုင်းရင်းသားလူမျိုးတို့၏ သွေးစည်း ခိုင်မာခြင်းကို တည်ဆောက်နိုင်ခဲ့သော၊ လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော သမိုင်းဝင်သင်္ကေတသည် ပင်လုံစာချုပ်ပင်ဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ကချင်ကိုယ်စားလှယ်များ၊ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ ရှမ်းပြည်သူ့ ကိုယ်စားလှယ်များနှင့် ချင်းကိုယ်စားလှယ်တို့က နယ်ချဲ့တို့၏ သပ်လျှိုသွေးခွဲမှုများကြားထဲမှ ယုံကြည်မှုကို ရယူတည်ဆောက်နိုင်ခဲ့ပြီး ပင်လုံစာချုပ်ကြီးကို သဘောတူညီလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းကို အလေးအနက်ထား နမူနာရယူရမှာဖြစ်ပါတယ်။ ထိုနမူနာသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိကုန်သော တော်လှန်ရေး အင်အားစုများအားလုံး လိုက်နာ၊ကျင့်ကြံ၊ အားထုတ်သင့်သည့် အရေးကြီးဆုံးသော အောင်မြင်ရေး လမ်းညွှန်ချက်အဖြစ် ခံယူရမှာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တိုင်းရင်းသားလူမျိုးစုများ၏ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဟူသော ကတိပြုချက်ဖြင့် နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီ ၄၈ ပါတီသို့ ဖိတ်ခေါ်စာများ တရားဝင်ပေးပို့ခဲ့သကဲ့သို့ ဗဟိုအလုပ်အမှုဆောင်များ ပါဝင်သော ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး တိုင်းရင်းသားနိုင်ငံရေးပါတီများ ရုံးစိုက်ရာဒေသများအထိ လိုက်လံတွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့သည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ တစ်ရပ်ပေါ်ပေါက်လာရန် ရည်မျှော်ခဲ့ခြင်းဖြစ်ပါတယ်လို့ဆိုပါတယ်။
နွေဦးတော်လှန်ရေးကာလတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ဘုံရည်မှန်းချက်တူ အင်အားစုများအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်လျက်ရှိပြီး စစ်အာဏာရှင်စနစ်ဆိုးကို ဖျက်သိမ်းပြီးနောက်တွင်လည်း အနာဂတ်နိုင်ငံတော်ကို တိုင်းရင်းသားပြည်သူတို့နှင့် စိတ်တူကိုယ်တူ လက်တွဲကာ တည်ဆောက်မည်ဟု စိတ်ပိုင်းဖြတ်ပြီး၊ အကောင်အထည်ဖေါ်ဆောင်မည် ဖြစ်ကြောင်း ကို (၇၆) နှစ်မြောက်ပင်လုံစာချုပ်ချုပ်သည့်နေ့ (ပြည်ထောင်စုနေ့) အခမ်းအနားသို့ ကတိကဝတ်ပြု သဝဏ်လွှာပေးပို့ အပ်ပါတယ်လို့ ဖော်ပြပါတယ်။
========================
📌📌 ၆။ ပုလဲမြို့နယ်က ကျေးရွာပေါင်း ( ၂၀၀ )ကျော်မှာ ၁၇၀ ကျော်ကို ( ပ အ ဖ ) ၊ ( ပ က ဖ ) ဖွဲ့စည်း ထားပြီးဖြစ်
ဖေဖော်ဝါရီ ၁၂
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က ကျေးရွာပေါင်း ( ၂၀၀ )ကျော်မှာ ၁၇၀ ကျော်ကို ( ပ အ ဖ ) ၊ ( ပ က ဖ ) ဖွဲ့စည်း ထားပြီးဖြစ်တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာပုလဲ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဦးဇော်ထက်ကဆိုပါတယ်။
"ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများမှ လစ်လပ်သွားသည့် ရပ်ကျေး ပ အ ဖ ၊ ပ က ဖ များကို ပြင်ဆင် ၊ တိုးချဲ့ ဖွဲ့စည်းခဲ့ပါတယ်။ ကျေးရွာပေါင်း ( ၂၀၀ )ကျော်ရှိပြီး ရွာပေါင်း( ၁၇၀ )ကျော်ကို ရပ်ကျေး ပြည်သူ့အုပ်ချုပ်ရေး ( ပ အ ဖ ) ၊ ရပ်ကျေးပြည်သူ့ကာကွယ်ရေး ( ပ က ဖ ) ဖွဲ့စည်း ထားပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း NUG၏ မူဝါဒနှင့်အညီ ရပ်ကျေး ပအဖ ၊ပကဖ အဖွဲ့များ ဖွဲ့စည်းပေးရုံသာမက ကျေးရွာအတွင်း အကူအညီလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါတယ်။
========================
📌📌 ၇။ စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် (၁၅) ခုကို မဟာဗျုဟာကျကျတိုက်ခိုက်နိုင်ခဲ့၍ တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၄၄) ဦး သေဆုံးခဲ့
စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် (၁၅) ခုကို မဟာဗျုဟာကျကျတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက် ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြအသိပေးပါတယ်။
"၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၈)ရက်နှင့် (၉) ရက်နေ့များက ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်း တပ်များက စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ရေးဆိုင်ရာပစ်မှတ် (၁၅) ခုကို မဟာဗျုဟာကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ တိုက်ပွဲများအတွင်း ရန်သူ့တပ်သား (၄၄) ဦး သေဆုံးခဲ့ပြီး (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ ပြည်သူ့ ကာကွယ်ရေးရဲဘော် (၂) ဦးကျဆုံးခဲ့ကာ (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်"လို့ဖော်ပြပါတယ်။ ရန်သူ့တပ်ထံမှ လက်နက်ငယ်များ၊ ကျည်ဆံများနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကန့်ဘလူခရိုင်တပ်ရင်းများ၊ ကောလင်းခရိုင် တပ်ရင်း များ၊ ရွှေဘိုခရိုင်တပ်ရင်းများ၊ မုံရွာခရိုင်တပ်ရင်းများ၊ စစ်ကိုင်းခရိုင်တပ်ရင်းများ၊ မြင်းခြံခရိုင် တပ်ရင်း များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(မြောင်)၊ (ခင်ဦး)၊ (မုံရွာ)၊ (ကောလင်း)၊ (ကန့်ဘလူ)၊ ပြည်သူ့လုံခြုံရေး အဖွဲ့ (ခင်ဦး)၊ ကျေးရွာ တပ်ပေါင်းစု (Myaung)၊ ရွှေညာမြေတပ်ပေါင်းစု၊ ပုလဲမြို့နယ် တော်လှန်ရေး အင်အားစုများ၊ Chindwin Toe Na Yar PDF၊ Real Hero၊ သခင်ဒေါင်းညို၊ Jungle Hunter revolution Forceနှင့် ဒေသကာကွယ်ရေးအဖွဲ့များက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသ၊ သက်ဆိုင်ရာခရိုင်ကွပ်ကဲရေးအဖွဲ့များ၏ ကွပ်ကဲမှုနှင့် မဟာဗျုဟာကျကျ ဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့ပါတယ်။
========================
📌📌 ၈။ မြိုင်မြို့ အနောက်ဘက် ပျူခေါင်းဆောင်နေအိမ်မိုင်းလာရှင်းစဥ် မိုင်းပေါက်ကွဲ၍ စကစတပ်က စကစတပ်က တစ်ဦးသေ၊ နှစ်ဦးထိခိုက်ဒဏ်ရာရ
ဖေဖော်ဝါရီ ၁၂ ရက်
မကွေးတိုင်း မြိုင်မြို့ အနောက်ဘက် ပျူခေါင်းဆောင်နေအိမ်မိုင်းလာရှင်းစဥ် မိုင်းပေါက်ကွဲ၍ စကစတပ်က စကစတပ်ကတစ်ဦးသေ၊ နှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ရက် မှာ စစ်ရေးသတင်းကို မြိုင်ပကဖက အတည်ပြုဆိုပါတယ်။
"ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ ၀၃:၁၅ အချိန်တွင် မြိုင် ပ. က. ဖ ရင်း ၁ မှ ဗိုလ်မိုက်ခဲ ဦးဆောင်၍ မြိုင်မြို့ အနောက်ဘက် ပျူခေါင်းဆောင် ထိန်းလင်း၏ နေအိမ်တွင် လွန်ခဲ့သော ၂ ရက်ခန့်က မိုင်းထောင်ထားခဲ့ပါတယ်။ ယင်းမိုင်းသည် ဖေဖော်ဝါရီ ၁၂ရက်တွင်ပေါက်ကွဲခဲ့တယ်"လို့ဖော်ပြပါတယ်။
မိုင်းပေါက်ကွဲ၍ မိုင်းလာရှင်းသော စကစတပ်ကတစ်ဦးသေဆုံး၍ ကျန် စကစတပ်က ၁ဦးနဲ့ပျူ၁ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၉။ ဘုရားသုံးဆူလူထုသပိတ် နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ
ဖေဖော်ဝါရီလ၊ ၁၂ ရက်
ဘုရားသုံးဆူလူထုသပိတ် နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်း၍ ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်နေ့ မှာ နဂါးနီစစ်ကြောင်းကအသိပေးဆိုပါတယ်။
"ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် - ၃ လက်အောက်ခံ နဂါးနီစစ်ကြောင်း နှင့် ဘုရားသုံးဆူမြို့လူထုသပိတ် နှင့်အတူ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ယနေ့ ကျရောက်သော ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်"လို့ဆိုပါတယ်။
ဆန္ဒပြရခြင်းရဲ့ ရည်ရွယ်ချက်မှာ " လက်ရှိ ၂၀၂၃ခုနှစ်မှာ နွေဦးတော်လှန်ရေးကို ပိုမိုအားထည့် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားသလို၊ တော်လှန်ရေးအောင်မြင်ပြီးတဲ့ နောက်ပိုင်းမှာလည်း စစ်မှန်တဲ့ ဖက်ဒရယ်မူကို အခြေခံပြီး လူမျိုးပေါင်းစုံ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိမယ့် ဒီမိုကရေစီစနစ်ကို ရောက်ရှိအောင် ကြိုပမ်းရမှာ ဖြစ်ကြောင်း နဂါးနီစစ်ကြောင်းရှိ ရဲဘော်များမှ တိုက်တွန်းထားပါတယ်။
========================
📌📌 ၁၀။ NUGPay အား အသုံးပြု၍ မသမာမှုများ၊ လိမ်လည်မှုများပြုလုပ်နေကြောင်း သံသယ ရှိပါက အတည်ပြုစစ်ဆေးနိုင်
ဖေဖော်ဝါရီ ၁၂
NUGPay အား အသုံးပြု၍ မသမာမှုများ၊ လိမ်လည်မှုများပြုလုပ်နေကြောင်း သံသယ ရှိပါက အတည်ပြုစစ်ဆေးနိုင်တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်မှာ NUG Pay ကနေ အသိပေးဖော်ပြပါတယ်။
"NUGPay အား အသုံးပြု၍ မသမာမှုများ၊ လိမ်လည်မှုများ ပြုလုပ်နေကြောင်း သံသယ ရှိပါက အတည်ပြုစစ်ဆေးနိုင်ရန် NUGPay သို့ ဆက်သွယ်ပါ"လို့ဆိုထားပါတယ်။
သံသယရှိသူများအနေနဲ့ NUG Pay QR coadeနဲ့ ဝက်ဘ်ဆိုက်တို့ အပါအဝင်ကြေညာထားသော မေးလ်လိပ်စာများသို့ မေးမြန်းနိုင်မှာဖြစ်ပါတယ်။ NUG Pay ဟာ စစ်ကောင်စီလက်အောက်က လွတ်ကင်းတဲ့ တစ်ခုတည်းသော ဘဏ္ဍာရေးစနစ်လည်းဖြစ်ပါတယ်။
========================
📌📌 ၁၁။ ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမှာ ဒါရိုက်တာ စိန်သီးနှင့် အောင်သော်တို့ ရိုက်ကူးထားသည့် "လွတ်လပ်ခါမှ အမျှဝေမယ်" တော်လှန်ရေး ဇာတ်ကား ရုံပြည့်ရုံလျှံကြည့်ရှုအားပေး
ဖေဖော်ဝါရီ ၁၂
ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမှာ ဒါရိုက်တာ စိန်သီးနှင့် အောင်သော်တို့ ရိုက်ကူးထားသည့် "လွတ်လပ်ခါမှ အမျှဝေမယ်" တော်လှန်ရေး ဇာတ်ကား ရုံပြည့်ရုံလျှံကြည့်ရှုအားပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၂ တနင်္ဂနွေနေ့ နံနက် ၁၁ နာရီ ၃၀ မီနစ်အချိန် ကိုရိးယားနိုင်ငံ အင်ချွန်းမြို့ ဘူဖြောင်းမြို့နယ်ရုံး ၇ ထပ် ခန်းမဆောင်ကြီးမှာ “လွတ်လပ်ခါမှ အမျှဝေမယ်" ဖြစ်ရပ်မှန် ဇာတ်လမ်းကို ပြသခဲ့တာဖြစ်ပါတယ်။
“လွတ်လပ်ခါမှ အမျှဝေမယ်" ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခမ်းအနားဖြင့် ပြသခဲ့တာဖြစ်ပြီးတော့ တောင်ကိုရီးယားရောက် မြန်မာအများစုလာရောက်ကြည့်ရှုခဲ့ပါတယ်။
အဆိုပါ တော်လှန်ရေး ရုပ်ရှင်ကို မြန်မာ့ ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေး အဖွဲ့ပေါင်းချုပ်နှင့် ဂယောင်နမ် နိုင်ငံခြားသားများ ကူညီရေစင်တာတို့ ပူးပေါင်း ပြသလျက်ရှိပြီး ရုပ်ရှင်ပြပွဲမှ ရလာတဲ့ ရန်ပုံငွေကို MODနဲ့ CMD အနုပညာရှင်များအား ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment