၂၀၂၅ ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတရပ် ပြည်သူတရပ်လုံး စုပေါင်းလက်တွဲ ထူထောင်နိုင်မှ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အသက်ခန္ဓာပေးဆပ်မှုနဲ့ ထိုက်တန်မယ်လို့ NUG ပြော
📌 ၂။ စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်ဖို့အရေးကြီးသလို နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ရေး စည်းလုံး ညီညွတ်စွာအကောင်အထည်ဖော်ဖို့ NLD ပါတီ တိုက်တွန်း
📌 ၃။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို မြန်မာပြည်သူတွေနဲ့ထပ်တူ လေးစားအမှတ်ရနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးပြော
📌 ၄။ ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ
========================
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ စစ်တပ်က ပုလောမြို့နယ် မိမ္မမြို့ ရွာတွေကို ဗုံးကြဲတိုက်ခိုက်
🚩 ၂။ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အရပ်သား ၃ ဦး သေဆုံး၊ နန်းမယ်ခုံမြို့နယ်အတွင်း အမျိုးသား (၁) ဦး မိုင်းနင်းမိ သေဆုံး
🚩 ၃။ စစ်ကောင်စီတပ်စခန်းတွေအနီး နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်း သတိပေး
🚩 ၄။ CDF-Matupi B-2 ရုံးချုပ်ဟောင်းကို စစ်ကောင်စီက ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးကြဲ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတရပ် ပြည်သူတရပ်လုံး စုပေါင်းလက်တွဲ ထူထောင်နိုင်မှ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အသက်ခန္ဓာပေးဆပ်မှုနဲ့ ထိုက်တန်မယ်လို့ NUG ပြော
ဇူလိုင် ၁၉ရက်
တန်းတူညီမျှပြီး လွတ်လပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတရပ်ကို တိုင်းရင်းသား ပြည်သူတရပ်လုံး စုပေါင်းလက်တွဲပြီး ဝိုင်းဝန်းထူထောင်နိုင်မှ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အသက်ခန္ဓာပေးဆပ်မှုနဲ့ ထိုက်တန်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက ပြောပါတယ်။
၇၈ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကိုပေးပို့တဲ့ ဂါရဝပြုသဝဏ်လွှာကနေ အမျိုးသားညီညွတ်ရေးအစိုးရက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
ဗြိတိလျှကိုလိုနီလက်အောက်ကနေ တောင်တန်းမြေပြန့်မခွဲခြားဘဲ လွတ်လပ်ရေးအပြီးသတ် ရယူဖို့နဲ့ စစ်ပြီးခေတ်ကာလ နိုင်ငံတော်ပြည်လည်တည်ဆောက်ရေး ဦးဆောင်နေကြတဲ့ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့ တိုင်းရင်းသားခေါင်းဆောင် ဝန်ကြီးတွေအပါအဝင် ခေါင်းဆောင်ကြီး ၈ ဦးဟာ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် စနေနေ့ မနက်ပိုင်းက အတွင်းဝန်များရုံးခန်းမှာ အစည်းအဝေးထိုင်နေစဉ် အာဏာကို ဖြတ်လမ်းက ရယူလို တဲ့ ဂဠုန်ဦးစောနဲ့ အပေါင်းအပါတစုရဲ့ လုပ်ကြံသတ်ဖြတ်တာခံရပြီး ကျဆုံးခဲ့ရပြီး တိုင်းပြည်အနာဂတ်လည်း အမှောင်ဖုံးခဲ့ တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို ကမ္ဘာ့အလယ်မှာ လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတနိုင်ငံအဖြစ် မားမားမတ်မတ် ရပ်တည်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေချိန်မှာ ကျဆုံးခဲ့ရတာလို့ ဆိုပါ တယ်။
ဒီလုပ်ကြံမှုဟာ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ ကံကြမ္မာကို တဆစ်ချိုး ပြောင်းလဲစေခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းကနေ သွေဖည်ကာ အာဏာရှင်စနစ်ဆိုတဲ့ သံသရာထဲ ဆွဲသွင်းခံခဲ့ရတာရဲ့ နိဒါန်းလည်း ဖြစ်ခဲ့တယ်လို့ အသိပေးထားပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အဓိကမျှော်ရည်ချက်ဟာ တိုင်းရင်းသား အားလုံးပါဝင်ပြီး တောင်တန်း မြေပြန့် မခွဲခြား ဘဲ လွတ်လပ်ရေးရရှိရေး၊ အမျိုးသားတန်းတူရေး၊ လုံခြုံနွေးထွေးသောလွတ်လပ်မှု၊တရားမျှတမှုနဲ့ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေ အပြည့်အဝရရှိစေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ်တရပ် တည်ထောင်ရေးဖြစ်တယ်လို့ သိရပါတယ်။
အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မွန်မြတ်တဲ့အိပ်မက်ဟာ ဒီနေ့ထိ အကောင်အထည်မပေါ်သေးဘဲ နှစ်ပေါင်း ၇၀ ကျော် အခုချိန်ထိ စစ်အာဏာရှင်စနစ်ရဲ့ ရက်စက်တဲ့ ဖိနှိပ်မှုအောက်မှာ ဆက်လက် နစ်မွန်းနေဆဲလို့ဆိုထားပါတယ်။
ဒါကြောင့် အာဇာနည်နေ့ရောက်တိုင်း ဂုဏ်ပြုအောက်မေ့ရုံနဲ့မပြီးဘဲ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ အသက်ခန္ဓာ ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့ တန်းတူညီမျှပြီး လွတ်လပ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးတရပ်ဖြစ်ဖို့ တိုင်းရင်းသား ပြည်သူ တရပ်လုံး စုပေါင်းလက်တွဲပြီး ဝိုင်းဝန်းထူထောင်နိုင်မှ မှန်ကန်တဲ့ ဂုဏ်ပြုရာရောက်မယ်လို့ အသိပေးထားပါတယ်။
အခု နွေဦးတော်လှန်ရေးကာလထိ ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်း အသက်၊သွေး၊ချွေး ပေးဆပ် ခဲ့ကြတဲ့ သူရဲကောင်းအာဇာနည်တွေရဲ့ မွန်မြတ်တဲ့ ပေးဆပ် အနစ်နာခံမှုတွေဟာ မျိုးဆက်သစ်တွေအတွက် ထာဝရ မော်ကွန်းအဖြစ် တည်ရှိနေမှာဖြစ်တယ်လို့လည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၂။ စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်ဖို့အရေးကြီးသလို နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ရေး စည်းလုံး ညီညွတ်စွာအကောင်အထည်ဖော်ဖို့ NLD ပါတီ တိုက်တွန်း
ဇူလိုင် ၁၉ရက်
စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်ဖို့အရေးကြီးသလို နိုင်ငံရေးရည်မှန်းချက်တွေ အောင်မြင်ရေး စည်းလုံး ညီညွတ်စွာအကောင်အထည်ဖော်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုက်တွန်းလိုက်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ ပူးပေါင်းကျင်းပတဲ့ ၇၈ ကြိမ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပေးပို့တဲ့ အောက်မေ့ဖွယ်သဝဏ်လွှာကနေ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် အင်အားစုအသီးသီးက လက်တွဲပြီး ခုခံတော်လှန်စစ်တရပ်ကိုဆင်နွှဲခဲ့ရာမှာ ၄ နှစ်ကျော် ကာလအတွင်း နယ်မြေအချို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေဒေသတွေ စစ်ကောင်စီလက်ထဲ ပြန်မရောက်ရေးဟာ အထူး အလေးထားရမယ့်အချက်လို့ အသိပေးထားပါတယ်။
ဒါ့အပြင် စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်အောင်မြင်ရေးဟာ အလွန်အရေးကြီးသလို နိုင်ငံရေးရည်မှန်းချက်တွေပါ တပါးတည်းအောင်မြင်အောင် စည်းလုံး ညီညွတ်စွာနဲ့ ပူးပေါင်းအကောင်အထည်ဖော်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက တိုက်တွန်း နှိုးဆော်ထားပါတယ်။
ထို့အတူ တော်လှန်ရေးနောက်ဆက်တွဲဖြစ်တဲ့ ကျဆုံးသွားတဲ့ အာဇာနည်သူရဲကောင်းတွေ ကိန်းဂဏန်းတခုထိ ရောက်ရှိနေ ပြီဆိုတဲ့အချက်ဟာလည်း တော်လှန်ရေး အမြန်ဆုံး အဆုံးသတ်နိုင်ရေး အချက်ပေးခေါင်းလောင်းသံဖြစ်တယ်လို့ သဝဏ်လွှာက ဆိုထားပါတယ်။
မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သမတ္တကြီး ဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ တိုင်းပြည်တည်ငြိမ်အေးချမ်းရေး လမ်းစတခုဖြစ်တာကြောင့် ပြည်တွင်းပြည်ပမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ အားကောင်းကောင်းနဲ့ တောင်းဆိုကြဖို့လည်း NLD ပါတီက တိုက်တွန်းထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးတွေကို လေးစားတန်ဖိုးထားပြီး ဦးညွတ်အလေးပြုသလို ဒီမိုကရေစီအရေးအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့တဲ့ အာဇာနည် သူရဲကောင်းတွေကိုလည်း ဂုဏ်ပြုတဲ့အနေနဲ့ အလေးပြုတဲ့အကြောင်း NLD ပါတီရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
========================
📌📌 ၃။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို မြန်မာပြည်သူတွေနဲ့ထပ်တူ လေးစားအမှတ်ရနေတယ်လို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးပြော
ဇူလိုင် ၁၉ရက်
ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေကို မြန်မာပြည်သူတွေနဲ့ထပ်တူ လေးစားအမှတ်ရနေတယ်လို့ မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတို့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီနေ့ ဇူလိုင် ၁၉ မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ အမေရိကန်သံရုံးနဲ့ ဗြိတိန်သံရုံးတို့က အသိပေး ထုတ်ပြန်လာတာဖြစ်ပါတယ်။
ဒီနေ့ကျရောက်တဲ့အာဇာနည်နေ့မှာ လွန်ခဲ့တဲ့ ၇၈ နှစ်က မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ကြိုးပမ်းအားထုတ်ရင်း အဆုံးတိုင်စွန့်လွှတ်အနစ်နာခံသွားခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေ ပြီးသော ခေါင်းဆောင် ၉ ဦးကို အမေရိကန်ပြည်ထောင်စုက အောက်မေ့ဂုဏ်ပြုအပ်ပါသည်လို့ ရန်ကုန်မှာ ရှိတဲ့ အမေရိကန်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကျဆုံးလေပြီးသော ခေါင်းဆောင်တွေရဲ့ အမွေအနှစ်တွေဟာ ငြိမ်းချမ်းရေး၊ သွေးစည်း ညီညွတ်ရေးနဲ့ တရားမျှတမှု စတာတွေကို ကြိုးပမ်းအားထုတ်ရာမှာ လူသားအားလုံးအတွက် စိတ်ဓာတ်ခွန်အားတွေ ဆက်လက်ပေးအပ်နေဆဲလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်မှာရှိတဲ့ ဗြိတိသျှသံရုံးကတော့ ပိုမိုကောင်းမွန်တဲ့ မြန်မာနိုင်ငံအနာဂတ်အတွက် ကြိုးပမ်းရာမှာ အသက် စတေးခဲ့ကြသူအားလုံးကို မြန်မာပြည်သူတွေနဲ့ထပ်တူ လေးစားအမှတ်ရနေတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူပေါင်းများစွာ သတ်ဖြတ်ခံရတာတွေဟာလည်း ဝမ်းနည်းဖွယ်ဖြစ်ပြီး လက်သင့်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူကေအစိုးရအနေနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ရည်မှန်းထားတဲ့ ဒီမိုကရေစီနှင့်လွတ်လပ်မှုရရှိရေး မြန်မာပြည်သူ ပြည်သားတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ဗြိတိသျှသံရုံးက အသိပေးထားပါတယ်။
========================
📌📌 ၄။ ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်နေပေမယ့် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ
ဇူလိုင် ၁၉ရက်
ကချင်ပြည်နယ်ထဲက ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေဖြစ်နေတာရှိပေမယ့် ဒီနေ့ ဇူလိုင် ၁၉ မှာကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် လူထုက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ ချီတက်ခဲ့ကြပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက် ဖားကန့်က ဦးဆောင်ပြီး ၇၈ နှစ်မြောက် အာဇာနည်နေ့ထိမ်းအမှတ်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သော အာဇာနည်တွေကို ဦးညွှတ်အလေးပြုခြင်းနဲ့ အကြမ်းဖက်စစ်ကောင်စီက ကျင်းပမယ့် အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
မှော်လှည့်သပိတ်မှာပါဝင်သူတွေက "အာဇာနည်တို့ မျှော်ရည်ချက်၊ ပြည်သူ့အားနဲ့ ရှေ့ချီတက်" ၊ "ဘယ်အာဏာရှင် စနစ်မှ အလိုမရှိ" ၊ "ဖိနှိပ်သူတွေ စည်းလုံးရင်၊ ဖိနှိပ်ခံတွေ တော်လှန်ကြ" စတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
ချီတက်ဆန္ဒပြရာ လမ်းတလျှောက်မှာလည်း "ပြည်သူ့ဘက်ကို မျက်နှာမူပါ၊ ပြည်သူ့ကျိန်စာမစူးပါစေနဲ့" ၊ "တရားမဝင် အတုအယောင် ရွေးကောက်ပွဲ၊ လူထုအားနဲ့ တိုက်ဖျက်ကြဟေ့" လို့ ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြတယ်လို့လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကွန်ရက် ဖားကန့်က အသိပေးထုတ်ပြန်ထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ စစ်တပ်က ပုလောမြို့နယ် မိမ္မမြို့ ရွာတွေကို ဗုံးကြဲတိုက်ခိုက်
ဇူလိုင် ၁၉ရက်
ဒီနေ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် အာဇာနည်နေ့မှာ အကြမ်းဖက်စစ်တပ်ဟာ တနင်္သာရီတိုင်း ပုလောမြို့နယ်က မိမ္မမြို့ ရွာကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီနေ့ မနက် ၁၀ နာရီခွဲဝန်းကျင်မှာ မြိတ်လေတပ်စခန်းကနေတက်လာတဲ့ ဂျက်ဖိုက်တာ တစင်းက ပုလောမြို့နယ် ဇရပ်ဆိပ် ကျေးရွာအုပ်စု မိမ္မမြို့ကျေးရွာအနီးကို ဗုံးကြဲတိုက်ခိုက်ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်းကလည်း ကနဦးရရှိထားတဲ့သတင်းကို ထုတ်ပြန်ထားပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး ခဲ့တယ်လို့ အသိပေးပါတယ်။
လက်ရှိမှာ တိုက်ခိုက်သွားတဲ့ လေယာဉ်အမျိုးအစားကို စိစစ်နေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဆက်လက် ထုတ်ပြန်ပေးမယ်လို့ မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်း သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ပြောထားပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိသလို ဘာ PDF တွေမရှိတဲ့နေရာ အရပ်သားပြည်သူတွေ အေးဆေးစွာ နေထိုင်တဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ဝက်လက်မြိုနယ် အနောက်ခြမ်း ပင်းဇင်းရွာအနီတဝိုက်ကိုလည်း မိတ္ထီလာလေတပ်စခန်းက တက် လာတဲ့ ဂျက်ဖိုက်တာ တစင်းက ဒီနေ့ ဇူလိုင် ၁၉ မနက် ၁၁ နာရီအချိန်မှာ လေကြောင်းတိုက်ခိုက်မှုတကြိမ် ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိထားတဲ့အကြောင်း Wetlet Information Network က ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၂။ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အရပ်သား ၃ ဦး သေဆုံး၊ နန်းမယ်ခုံမြို့နယ်အတွင်း အမျိုးသား (၁) ဦး မိုင်းနင်းမိ သေဆုံး
ဇူလိုင် ၁၉ရက်
ဇူလိုင်လ ၁၈ ရက်၊ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရှမ်း-ကရင်နီ နယ်စပ်ရှိ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် အတွဲလိုက် ပစ်ခတ်ခဲ့ရာ အရပ်သား ၃ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။
ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ကျေးရွာများသည် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့၏ စစ်ကြောင်းထိုးမှုကြောင့် ဇွန်လ ၂ ရက်နေ့မှစ၍ ဒေသခံသောင်းနှင့်ချီ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂ ရက်နေ့တွင် စစ်ကောင်စီက မိုးဗြဲမြို့ကို ဝင်ရောက်ပြီးနောက် ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော် လမ်းမကြီးကို ထိန်းချုပ်ထားသဖြင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ဒေသခံများ ပိတ်မိနေရတယ်လို့ သိရပါတယ်။
ထို့ပြင် ဇူလိုင် (၁၇) ရက်နေ့ နံနက် (၁၀)နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ်အတွင်းရှိ အမျိုးသား (၁) ဦးသည် ဆင်ထိီးတောင်ပေါ်သို့ မျှစ်ရှာထွက်စဥ် မိုင်းနင်းမိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါတောင်ပေါ်တွင် စစ်ကောင်စီတပ် အထိုင်ချခဲ့တဲ့ နေရာဖြစ်ပြီး မိုင်းနင်မိသူကို ဆေးခန်းပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားတယ်လို့ သိရပါတယ်။
========================
🚩🚩 ၃။ စစ်ကောင်စီတပ်စခန်းတွေအနီး နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်း သတိပေး
ဇူလိုင် ၁၉ရက်
တနင်္သာရီတိုင်း မြိတ်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအနေနဲ့ စစ်ရေးအသိ စစ်ရေးသတိနဲ့ နေထိုင်သွားလာကြဖို့ စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာနေရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့ မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်းက သတိပေးချက်တစောင် ဒီနေ့ ဇူလိုင် ၁၉ မှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီတပ်စခန်းတွေနဲ့ ဂိတ်တွေအနီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် သတိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
မြိတ်ခရိုင်အမှတ် - ၁ တပ်ရင်းနဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအပါအဝင် သူတို့ လက်ဝေခံ ထောက်တိုင်တွေကို အရှိန်အဟုန်မြင့် တိုက်ခိုက်သွားမှာ ဖြစ်တာကြောင့် မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်းက မေတ္တာရပ်ခံ တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
မဟာမိတ်ပူးပေါင်းတပ်တွေ စစ်ဆင်ရေးလုပ်ဆောင်နေချိန်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အနီးတဝိုက်ရောက်နေမယ်ဆိုရင် ထိတ်လန့်တုန်လှုပ်ခြင်းမရှိဘဲ ကျည်ကွယ် မျက်ကွယ်နေရာတွေမှာ အကာအကွယ်ယူပြီး တတ်နိုင်သမျှ လုံလုံခြုံခြုံနေထိုင် ကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နေအိမ်တွေမှာလည်း ဗုံးခိုကျင်းတွေ စနစ်တကျတူးထားဖို့ အရေးကြီးစာရွက်စာတမ်းတွေ တန်ဖိုးရှိပစ္စည်းတွေကို သေချာ ထုပ်ပိုးထားကြလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် - ၁ တပ်ရင်းက အကြံပြုထားပါတယ်။
========================
🚩🚩 ၄။ CDF-Matupi B-2 ရုံးချုပ်ဟောင်းကို စစ်ကောင်စီက ၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဗုံးကြဲ
ဇူလိုင် ၁၉ရက်
ယခင် CDF-Matupi B - 2 ရုံးချုပ်ကို စစ်ကောင်စီက ၃ နှစ်ကျော်ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မနေ့ ဇူလိုင် ၁၇က် နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒီတိုက်မှုမှာ ထိခိုက်မှုတွေရှိတယ်လို့ သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုအခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။
မတူပီ CDF နယ်မှာ စစ်တပ်အာဏာသိမ်းချန် ၂၀၂၁ ကစပြီး မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေကလွဲပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုမရှိသလောက် နည်းပါးခဲ့ပြီး အခုတိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် တိုက်ခိုက်မှုလို့ သိရပါတယ်။
အခု စစ်ကောင်စီဘက်က တိုက်ခိုက်ချိန်ဟာ ချင်းညီနောင် CB ဘက်က တီးတိန်မြို့ကို သိမ်းပိုက်ရန်ပြင်ဆင်နေချိန်၊ CNA နဲ့ CNO/CNDF ပဋိပက္ခကြောင့် CNA နဲ့ CB ကြား အချေအတင်ဖြစ်နေချိန်၊ မတူပီမှာရှိတဲ့ CNA လက်အောက်ခံ CDF-Matupi - B2 ကို CB အဖွဲ့ဝင် MRO/CDF-Matupi က ဝင်ရောက်ထိန်းချုပ်ပြီးချိန်နဲ့ တိုက်ဆိုင်နေတယ်လို့ ဒေသတွင်း သတင်းဌာနတခုဖြစ်တဲ့ M2TV Channel မှာ ဖော်ပြထားပါတယ်။
မတူပီမြို့တခုလုံးကို ချင်းညီနောင် CB အဖွဲ့ဝင် MRO/CDF-Matupi က ဇူလိုင် ၁၀ မှာ CNA လက်အောက်ခံ CDF-Matupi B2 ထံကနေ သိမ်းပိုက်ထိန်းချုပ်ခဲ့တာလည်းဖြစ်တယ်လို့ ဆိုထားပါတယ်။
အခုလို စစ်ကောင်စီကင်းစင်နေတဲ့ CBထိန်းချုပ်နယ်ထဲကို ပေါင် ၅၀၀ ဗုံးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခြင်းဟာ တိုက်ဆိုင်မှု တခုတော့မဟုတ်ဘူးလို့ ဝေဖန်မှုတွေလည်းရှိနေတယ်လို့ M2TV Channel က အသိပေးထားပါတယ်။
အခုတင်ပြခဲ့တဲ့ သတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment