အကြမ်းဖက်စစ်တပ်က ထန်းတောင်သူပါမချန် ပေါ်တာဆွဲလာလို့ ယာနားချိန်မှာ ထန်းမတက်နိုင်ဘဲ စားဝတ်နေရေး ကျပ်တည်းလာ
ရွှေညာမောင် (Radio NUG) မတ် ၂၃၊ ၂၀၂၅
ရေနံချောင်းနဲ့ ချောက်မြို့နယ်ကြားက လမ်းဘေးဝဲယာမှာ ထန်းတက်နေတဲ့ ထန်းတောင်သူတွေပါ အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲလာလို့ ထန်းတွေ ဖြုတ်သိမ်းလာပြီး စားဝတ်နေရေး အကျပ်အတည်းနဲ့ ရင်ဆိုင်လာရတာ ဖြစ်ပါတယ်။ ဒီအခြေအနေကို ချောက်မြို့နယ်မှ ထန်းတောင်သူတစ်ဦးက အခုလို ပြောပါတယ်။
“အမြင့်တက်တဲ့သူတွေ ကြောက်တာပေါ့။ ဒီဘက် အာရုံထားရတာ တစ်မျိုး။ ဟိုဥစ္စာ အာရုံထားရတာ တစ်မျိုး။ အဲဒါဆိုတော့ ကောင်းကောင်းလည်းလုပ်ရပါဘူး။ အလုပ်က အာရုံက ဟိုရောက်၊ ဒီ ရောက်နဲ့ အလုပ်လည်း ကောင်းကောင်းမလုပ်ရဘူး။ ခရီးလည်း မပါဘူး။ ဆွဲတော့ ဘယ်သူမှ တော်ရုံ၊ ကားလမ်းဘေးဆို ဖြုတ်တောင်ဖြုတ်နေကုန်ပေါ့။ ကားလမ်းဘေးဆို ဘယ်သူမှ သိပ်မလှီးရဲဘူး။ အရင်ရက်တွေဆို ကားလမ်းဘေး တောက်လျှောက်။ ဆွဲတယ်လေ။ ကျုပ်တို့ ဒီဘက်တွေ နည်းနည်းရွာကျော်မလာလို့။ တော်သေးတယ်”
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်လောက်က အကြမ်းဖက်စစ်တပ်က တွင်းဖြူရိုးရွာရှိ ထန်းတောင်သူတစ်ဦးကို ထန်းတက်နေရင်း လှမ်းခေါ် ဖမ်းဆီးခဲ့တာ ဖြစ်ပွားခဲ့ပါတယ်။ မကွေး၊ ရေနံချောင်း၊ ချောက်ကားလမ်းတလျှောက်မှာ အကြမ်းဖက်စစ်တပ်က တောက်လျှောက်သွားလာနေပြီး လမ်းသွား၊ လမ်းလာ လူငယ်၊ လူရွယ်နဲ့ ထန်းတောင်သူပါမကျန် ပေါ်တာဆွဲနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မြို့နဲ့အဝေးက ကျေးရွာတွေမှာ ဈေးသွားဈေးလာကအစ သက်ကြီးရွယ်အို အဘိုးအိုတွေနဲ့ အမျိုးသမီးတွေသာ သွားလာကြရပြီး လမ်းမကြီးတွေကလည်း တိတ်ဆိတ်ခြောက်ကပ်လို့ နေပါတယ်။ ရေနံချောင်းမြို့စွန်မှာ နေထိုင်သူ အဘိုးအိုတစ်ဦးကတော့ ဒေသခံတစ်ဦးအနေနဲ့ လွတ်လပ်အေးချမ်းမှပဲ အဆင်ပြေမယ်လို့ ဆိုပါတယ်။
“ဒေသခံတစ်ဦးအနေနဲ့ကတော့ ပြောပြချင်တာကတော့ အေးအေးချမ်းချမ်း လွတ်လွတ်လပ်လပ် လုပ်ကိုင်စားချင်တာပေါ့။ လွတ်လွတ်လပ်လပ် နေချင်တယ်။ အေးအေးချမ်းချမ်း လုပ်ကိုင်စားချင်တယ်။ အဲဒါပေါ့၊ ဦးကြီးတို့ကတော့ အဲဒါဆိုရင် အဆင်ပြေမယ် ထင်တာပေါ့”
အကြမ်းဖက်စစ်တပ်က အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခဲ့တဲ့ စစ်သင်တန်းအပတ်စဥ် ၁၀ ခုမှာ ရေနံချောင်း ဒေသခံတွေ လူတစ်ထောင်လောက်အထိ ပေါ်တာဆွဲခံခဲ့ရပါတယ်။ ဒါကြောင့် မြို့တွင်းမှာလည်း အသွားအလာနည်းပြီး တိတ်ဆိတ်ခြောက်ကပ်နေသလို ကျေးရွာတွေမှာလည်း ကားမြင်ရင်ကို ထွက်ပြေးကြတဲ့အထိ မလုံခြုံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုလို ယာသီးနှံတွေ ရိတ်သိမ်းပြီးချိန်မှာ မိုးကြိုသီးနှံ မစိုက်ပျိုးခင် မိသားစု စားဝတ်နေရေး ဖူလုံဖို့အတွက် ထန်းရာသီကို ဖြတ်သန်းရမှာဖြစ်ပေမယ့် အကြမ်းဖက်စစ်တပ်က ထန်းတောင်သူပါမချန် ပေါ်တာဆွဲနေတဲ့အတွက် မိုးနည်းရေရှားဒေသက ခက်ခဲတဲ့ အညာသူ အညာသားတွေမှာ ဘူးလေးရာ ဖရုံဆင့်
သလို ဒုက္ခတွေနဲ့ ပိုပြီးရင်ဆိုင်လာရတာ ဖြစ်ပါတယ်။
(Photo - အကြမ်းဖက်စစ်တပ်ရဲ့ ပေါာတာကြောင့် ထန်းလုပ်ငန်း ကို စွန့်ခွာလာရသည့် ထန်းတောင်သူတစ်ဦးအား တွေ့ရစဥ် )
No comments:
Post a Comment